အခန်း ၁၆၆
Viewers 43k

အခန်း (၁၆၆) - မိုးရွာသောနေ့ရက်များ 


စတုတ္ထချွေးမသည် သူမ( အမေကျိုး )၏သားအငယ်ဆုံးအကြောင်း ပြောလိုက်သည့်အခါတိုင်း သူမ၏မျက်နှာက တောက်ပနေသည်ကို အမေကျိုး ခံစားမိလိုက်သည်။ 


ဒါ့အပြင် စတုတ္ထ၏ဇနီး အခု ပိုကောင်းလာရသည့်အကြောင်းရင်းက ပြန်လာပြီးနောက် သူမသားငယ်က ထိန်းကွပ်ပေးခဲ့လို့ မဟုတ်ပေဘူးလား။ 


သူမသည် အမှန်တကယ်ပင် ထိန်းမရနိုင်အောင် ဖြစ်ခဲ့သည်။ 


ဒါပေမယ့် အဲဒါအားလုံး အတိတ် ဖြစ်သွားပြီ နောက်ထပ် ပြောစရာမလိုတော့ဘူး။ အနာဂါတ်မှာ ပိုကောင်းအောင် ပြောင်းလဲလျှင်ပင် လုံလောက်နေပါပြီ။ 


သို့တိုင် အမေကျိုးသည် စတုတ္ထ၏ဇနီးရဲ့အခြေအနေမှ မိသားစုတစ်ခုအတွက် ယောကျ်ားတစ်ယောက်၏ အရေးပါမှုကို သိမြင်ခဲ့သည်။ 


ချင်းပိုင် ပြန်လာပြီးနောက် ဘာမှမလုပ်သော်လည်း သူသည် သူ့ဇနီးကို ပြောင်းလဲနိုင်ခဲ့သည်။ ယခုဆိုလျှင် သူသည် သူ့ဇနီးကို ပိုကောင်းသည်ထက်ကောင်းအောင် ပြုလုပ်ခဲ့ပြီး သက်ကြီးဝါကြီးနှစ်ဦးကိုလည်း ရာနှုန်းပြည့် ရိုသေကိုင်းရှိုှုင်းသူ ဖြစ်လာစေခဲ့သည်။ 


ညဘက်တွင် သူတို့သည် ခေါက်ဆွဲကို ကြက်ဥနှင့် ပဲပိစပ်အနှစ်ရောကာ စားကြမည်။ 


လင်းချင်းဟယ်သည် သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ခဲ့သည်။ ပန်းကန်လုံးတစ်ဝက်လောက်သာ စားပြီး ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့ နှစ်ယောက်လုံးအတွက် ခေါက်ဆွဲပန်းကန်လုံးကြီး တစ်ပန်းကန်စီ ပြင်ဆင်ပေးခဲ့သည်။ 


“လောင်တရဲ့အမေက စားတာ အရမ်းနည်းတယ်။” ညစာစားနေစဉ် အမေကျိုးက မှတ်ချက်ပေးသည်။ 


“မဟုတ်ပါဘူး။ ကျွန်မက ဒီလောက်ပဲ စားနိုင်တာ။” လင်းချင်းဟယ်က စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။ 


အစားစားတိုင်း သူမသည် ၆၀ ရာနှုန်းလောက်သာ ပြည့်ဝအောင် စားသည်။ သူမသည် ကြီးလေးသော အလုပ်များကို လုပ်စရာမလိုသောကြောင့် အစာချေဖျက်နှုန်းက မြန်ဆန်မည် မဟုတ်ပေ။ 


သို့သော် အမေကျိုး၏အမြင်အရ သူမ စားသည်မှာ နည်းလွန်းလှသည်။ ဒါပေမယ့် ရက်အတော်ကြာပြီးနောက်မှာတော့ သူမသည် အစာစားချိန်တိုင်း အများကြီး မစားဘူးဆိုတာကို အမေကျိုး သတိထားမိလိုက်သည်။ 


ထို့ကြောင့် သူမ သုံးဖြုန်းပြီး အသားနှင့် ကြက်ဥများကို မကြာခဏ ပြန်ဝယ်လာသည့်အခါတွင် အစားအသောက်များ၏ ၉၀ ရာနှုန်းသည် သူမသားနှင့် မြေးများ၏ ဗိုက်ထဲသို့သာ ရောက်သွားသည်။ သူမက ၁၀ ရာနှုန်းလောက်သာ စားသုံးသည်။ 


မကျေနပ်စရာအကြောင်း ရှိနိုင်ပါ့ဦးမလား။ 


သူမသည် သူတို့၏ယောကျ်ားနှင့် ကလေးများအား ဂရုမစိုက်ဘဲ သူတို့ဘာသာ အားရကျေနပ်အောင် စားသောက်နေသည့် အမျိုးသမီးအချို့နှင့် မတူပေ။ 


ကျိုးချင်းပိုင်က ဘာမှမပြောပေ။ သူသည် သူ့ဇနီးအတွက် နှစ်လုတ်စာမျှသော ခေါက်ဆွဲများကို ရိုးရိုးရှင်းရှင်းပင် ခပ်ထည့်ပေးလိုက်သည်။ လင်းချင်းဟယ်က အံ့အားသင့်သွားပြီး သူ့ကို မကျေနပ်သောအကြည့်ဖြင့် ကြည့်ကာ ရေရွတ်ပြောလိုက်သည်။ “ရှင့်ဘာသာ စားပါ“ 


“ပိုစားလိုက်ဦး။” ကျိုးချင်းပိုင်က ဆိုသည်။ 


“အမေ… သားလည်း ပေးမယ်။” လောင်အာ့က အသံစာစာဖြင့် ထပြောသည်။ 


“သားကောပဲ။” လောင်စန်းက နောက်မှ လိုက်ပြောသည်။ 


“အမေ… ပန်းကန်ကို ဒီဘက်တိုးပေးခဲ့… သား အမေ့အတွက် ထည့်ပေးမယ်။” လောင်တက ခေါက်ဆွဲများကို ညှပ်ယူသွားပြီးပြီဖြစ်ကာ ပန်းကန်လုံးကို လှမ်းပေးရန် သူမကို ပြောလိုက်သည်။ 


လင်းချင်းဟယ်က သူတို့ကို ငြင်းပယ်လိုက်ပြီး “နင်တို့အားလုံး ကိုယ့်ဘာသာ စားကြ။ ဒီခေါက်ဆွဲနည်းနည်းလေးကို ငါ့ကို ပေးချင်တယ်ပေါ့။ ဒီလောက်မလွယ်ဘူး။ ဒီခေါက်ဆွဲကို နင်တို့အတွက် ငါ လုပ်ပေးထားတာ။ နင်တို့ကြီးလာရင် ဒီထက်ပိုကောင်းတာ တစ်ခုခု ငါ့ကို ပေးနိုင်တယ်။“ 


ညီအစ်ကိုသုံးယောက်သည် ပျော်ရွှင်မြူးထူးစွာ ကတိပေးကြသည်။ 


တစ်မိသားစုလုံးသည် နေ့လည်စာကို ပျော်ပျော်ရွှင်ရွှင် စားကြသည်။ 


တစ်နာရီကျော်ကြာ အနားယူပြီးနောက် ကျိုးချင်းပိုင်သည် အလုပ်သို့ ပြန်သွားလိုက်သည်။ 


“လောင်တ… ကျောင်းဆင်းရင် လောင်အာ့နဲ့အတူ ဝက်စာသွားစုဆောင်းဖို့ သတိရနော်။” လောင်တ ကျောင်းသို့သွားမည့်အချိန်တွင် လင်းချင်းဟယ်က လှမ်းပြောလိုက်သည်။ 


“သား သိပါတယ်။” လောင်တက လက်ခံသည်။ 


လောင်အာ့ကလည်း ခေါင်းညိတ်ပြသည်။ ညီအစ်ကိုနှစ်ယောက်သည် တခြားသူများနှင့် သဘောတူ ညှိနှိုင်းထားပြီးကြပြီ။ 


ဒီအချိန်တွင် ကျောင်းသူ/သားများသည် စာသင်ပြီးသောအခါ အလုပ်အမှတ်နှင့် လဲလှယ်နိုင်ရန်အတွက် ဝက်စာများကို ရှာဖွေစုဆောင်းကြသည်။ ၎င်းက အများကြီး မဟုတ်ပေမယ့် အနည်းငယ်ကလည်း ထည့်တွက်နိုင်ပြီး နောက်ပိုင်းတွင် စားစရာဝေစုကို ရနိုင်သည်။ ဒါတွေအားလုံးက စားစရာတွေပင်။ 


လင်းချင်းဟယ်က သူတို့ကို လွှတ်လိုက်ပြီး ညီအစ်ကိုတွေကို ကျောင်းသွားခိုင်းလိုက်သည်။ 


သူမ၏ သင်ကြားရေးနည်းလမ်းက အမြဲတမ်း ဒီလိုပင်။ လောင်စန်းက ငယ်သေးသည့်အတွက် ပျော်ပျော်နေသင့်သည်။ ဒါပေမယ့် အသက်ကြီးလာသည်နှင့်အမျှ သူသည်လည်း ဝက်စာများကို သွားရောက်ရှာဖွေစုဆောင်းရမည်။ 


ယောကျာ်းလေးတွေကို သိမ်မွေ့နူးညံ့စွာ ပြုစုပျိုးထောင်လို့ မရပါဘူး။ 


သို့သော်လည်း လင်းချင်းဟယ်၏ သင်ကြားရေးနည်းစနစ်သည် ကလေးများကို အလိုလိုက် ဖျက်ဆီးနေသည်ဟု တစ်ရွာလုံးက ယုံကြည်ကြသည်။ 


အမေကျိုးပင်လျှင် စတုတ္ထ၏ဇနီးက ကလေးတွေကို တုန်နေအောင်ချစ်ပြီး သူမယောကျ်ားကို ဂရုစိုက်ရန် သိသည်ဟု ခံစားမိသည်။


မကြာမီပင် နွားနို့ဖြန့်ဖြူးရေးစခန်းက နွားနို့များကို ပြန်လည် စတင်ပို့ဆောင်သည်။ 


မနှစ်ကနှင့် အတူတူပင်။ ဒီနှစ်မှာလည်း လောင်စန်းသည် နွားနို့စစ်စစ်ကို သောက်သုံးရန် မနှစ်သက်သေးသဖြင့် လင်းချင်းဟယ်က သူ့အတွက် သကြားနည်းနည်း ထည့်ပေးလိုက်သည်။ 


မနှစ်က သူတို့သည် နွားနို့သောက်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ နွားနို့ လာပို့ခြင်း ရပ်သွားရင်တောင်မှ သူမက နို့မှုန့်ကို ဝယ်ခဲ့သည်။ သူမသည် ရှန်းယွီကို ကြိုတင်အကြောင်းကြားပြီး နှစ်ထုပ်ကို ဖယ်ထားပေးရန် အကူအညီတောင်းခဲ့သည်။ 


ထို့ကြောင့် ပုံမှန်အားဖြင့် နွားနို့သည် ဘယ်တော့မှ ပြတ်လပ်သွားခြင်း မရှိပေ။ 


ရိုးရိုးသားသားပြောရလျှင် လောင်တသည် နွားနို့ကို သောက်သည့်အတွက် သူ၏ ကြံ့ခိုင်ကြီးထွားနှုန်းသည် အထွတ်အထိပ်ကို ရောက်နေပြီဖြစ်ကြောင်း သိသာထင်ရှားလာသည်။ 


ဤအသက်အရွယ်တွင် ယောကျ်ားလေးများသည် အသက်ဆယ့်ရှစ်နှစ် သို့မဟုတ် ဆယ့်ကိုးနှစ်အထိ ကြီးထွားဖွံ့ဖြိုးလာမည် ဖြစ်သည်။ ဒီအာဟာရသည် သေချာပေါက် မရှိမဖြစ် လိုအပ်ပေသည်။ 


အိမ်ရှိစားစရာသည် ရွာထဲတွင် ပထမတန်းစား ဖြစ်သည်ဟု ယူဆနိုင်သော်လည်း လင်းချင်းဟယ်က မလုံလောက်သေးဟု ခံစားမိနေဆဲပင်။ ထို့ကြောင့် ဒီနွားနို့က မရှိမဖြစ် ဖြစ်သည်။ 


လောင်တက နွားနို့ သောက်ရတာ ကြိုက်သည်။ သူသည် ကြီးမားသော မန်ထိုသုံးလုံးနှင့် တွဲဖက်ပြီး နွားနို့တစ်ခွက်ကို ပျော်ရွှင်စွာ စားသောက်ခဲ့သည်။ 


လောင်အာ့သည် အခုဆိုလျှင် သောက်နေကျဖြစ်သွား၍ မဆိုးဘူးလို့ ခံစားမိသည်။ 


ကလေးလေး လောင်စန်းတစ်ယောက်တည်းသာ နွားနို့ချိုချိုကို ကြိုက်နှစ်သက်သည်။ လင်းချင်းဟယ်ကလည်း သူ့ကို မတားပါဘူး။ အချိုအနည်းငယ် ထည့်ပေးရုံနဲ့ လုံလောက်ပြီ။ 


လင်းချင်းဟယ်သည် အိမ်မှာ ကျန်ရှိနေသည့်အစများကို ထုတ်ယူပြီး လောင်တအတွက် နွေရာသီအဝတ်အစားအသစ်များကို စလုပ်သည်။ 


မနှစ်ကဝတ်စုံကို ဝတ်လို့ အဆင်မပြေတော့ဘူး။ သူမသည် ၎င်းကို လောင်အာ့ထံ ပေးလိုက်ပြီး လောင်တအတွက် အဝတ်အစားအသစ်များ ပြုလုပ်ပေးမည် ဖြစ်သည်။ ထို့နောက် သူမသည် လောင်အာ့အား ဆောင်းရာသီတွင် သူ့အတွက် အသစ်တစ်ထည် ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သည်။ မဟုတ်လျှင် ဒီကလေးက ပျော်ရွှင်မှာ မဟုတ်ဘူး။ 


သူတို့သည် အမှန်တကယ်ပင် သူမကြောင့် အနည်းငယ် အလိုလိုက်ခံရပြီး ဆိုးသွမ်းချင်သလို ဖြစ်လာကြသည်။ 


လောင်တအတွက်ပဲတင် မဟုတ်ပါဘူး။ ကျိုးချင်းပိုင်သည်လည်း အဝတ်အစားအသစ်များ လိုအပ်နေပြီ။ 


ကျိုးချင်းပိုင်တွင် အစားထိုးလဲဝတ်စရာ သုံးစုံလေးစုံ ရှိသော်လည်း အဝတ်အစားတွေက အတော်လေး ပျက်စီးနေပြီ။ လင်းချင်းဟယ်သည် နောက်ထပ် အကောင်းစားနှစ်စုံပြုလုပ်ရန် စီစဉ်ခဲ့သည်။ 


အဝတ်ဟောင်းများကိုမူ မောင်လေးဖြစ်သူထံ ပေးလိုက်မည်။ 


မျက်စိတစ်မှိတ်အတွင်းမှာပင် မေလသို့ ရောက်ရှိသွားသည်။ 


မကြာသေးမီက ရာသီဥတုသည် အနည်းငယ် ဆိုးရွားလာသည်။ အရမ်းအုံ့မှိုင်းနေသည်။ ကောင်းကင်ကို မော့ကြည့်လိုက်တာနဲ့ မိုးသည်းထန်စွာ ရွာသွန်းတော့မယ်ဆိုတာ သိသာပါသည်။ 


လင်းချင်းဟယ်သည် သစ်နံကိုင်းရွက်များကို မီးရှို့ပြီး အိမ်အတွင်းနှင့် အပြင်ရှိအရာအားလုံးကို မှိုင်းတိုက်လိုက်သည်။ အထူးသဖြင့် အိမ်နောက်ဖေးရှိ ဝက်ခြံနှင့် ကြက်ခြံတို့ကိုပင်။ 


မှိုင်းတိုက်ပြီး သိပ်မကြာခင်မှာပဲ မိုးရွာလာသည်။ ထိုနေ့ည သန်းခေါင်အချိန်တိတိမှာ မိုးရွာလာခြင်း ဖြစ်သည်။ 


အစောပိုင်းတွင် မိုးဖွဲဖွဲလေးသာ ရွာပြီး နောက်ပိုင်းတွင် သည်းထန်စွာ ရွာသွန်းခဲ့သည်။ 


“ဒီမိုးက သုံးလေးရက်လောက် ကြာမယ် ထင်တယ်။” လင်းချင်းဟယ်က ပြောသည်။ 


မိုးက ရက်အတော်ကြာအောင် သည်းနေခဲ့သည်။ မိုးဖွဲဖွဲလေးကျသည့် ရွာသွန်းမှုမျိုး မဟုတ်ပေ။ 


ကျိုးချင်းပိုင်သည် ပြတင်းပေါက်များကို ပိတ်လိုက်သည်။ သူသည် ဘာကိုမှဂရုမစိုက်ပေ။ နွေစပါး ရိတ်သိမ်းရန် အချိန်က တော်တော်လိုနေသေးသဖြင့် သူ စိတ်မပူပါဘူး။ 


မိုးသည်းထန်စွာ ရွာနေသဖြင့် မနက်ဖြန် အလုပ်သွားစရာမလိုပေ။ လင်းချင်းဟယ်အတွက်ကတော့ ကျိုးချင်းပိုင်ကို ငြင်းဆိုရန် အကြောင်းပြချက် ရှာမတွေ့သဖြင့် လင်မယားနှစ်ယောက်စလုံး အလုပ်များနေကြသည်။ 


“လူဆိုးကောင်” လင်းချင်းဟယ်သည် ကျိုးချင်းပိုင်၏ရင်ခွင်ထဲတွင် ထွေးပွေ့ခံထားရသည်။ သူမသည် သူ့ကို ဖွဖွလေး တစ်ချက် ရိုက်လိုက်သည်။ 


ကျိုးချင်းပိုင်က ရယ်မောလိုက်သည်။ သူသည် သူ့ဇနီးကို ပွေ့ဖက်ရင်း ကျေနပ်နေဆဲ ဖြစ်သည်။ 


မိုးရွာတဲ့ညတွေက နည်းနည်းအေးပြီး အိပ်လို့ကောင်းသည်။ လင်မယားနှစ်ယောက်သည် ခုနစ်နာရီကျော်သည့်အထိ အိပ်ကြသည်။ ကောင်လေးတွေက နိုးနေပြီ ဖြစ်ပေမယ့် သူတို့မိဘတွေကို မနှောင့်ယှက်ကြဘူး။ 


မိုးတွေ အရမ်းရွာနေသဖြင့် လောင်တနှင့် လောင်အာ့တို့သည် ကျောင်းသွားတက်စရာ မလိုတော့ပေ။ 


ထိုကဲ့သို့ပင် ဖြစ်သည်။ မိုးသည်းထန်စွာ ရွာနေသောကြောင့် ကျောင်းသွားရန် မလိုပါဘူး။ ဒါကို လူတိုင်း သိထားကြသည်။ 


လင်းချင်းဟယ် နိုးလာသောအခါ ကျိုးချင်းပိုင်က အိပ်ပျော်နေဆဲပင်။ ဒါပေမယ့် သူမ လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် ကျိုးချင်းပိုင်သည် နိုးလာသည်။ 


ဒါက နှစ်ပေါင်းများစွာကြာအောင် အလေ့အကျင့် ဖြစ်ခဲ့ပြီး တစ်သက်လုံး ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။ 


“ပြန်အိပ်လိုက်ဦး။ ကျွန်မ ထမင်းသွားချက်လိုက်ဦးမယ်။” လင်းချင်းဟယ်က သူ့ပါးကို နမ်းလိုက်ပြီး ပြောလိုက်သည်။


ဒီလူက သူမမျက်လုံးထဲ ကြည့်ကောင်းလှသည်။ အလုပ်ကြောင့် သူ့အသားအရည်က ကြေးဝါရောင် ဖြစ်နေပေမယ့်လည်း သူမကို ဆွဲဆောင်နိုင်စွမ်း ရှိနေဆဲပင်။ 


ကျိုးချင်းပိုင်က သူမကို ပွေ့ဖက်လိုက်ပြီး ဘာမှမပြောပေ။ သူမကို ဒီလိုမျိုး မထွက်သွားစေချင်ဘူး ဆိုတာ သိသာပါသည်။ 


လင်းချင်းဟယ်သည် သူ့ဆန္ဒအတိုင်း သူ့ရင်ခွင်ထဲ မှီနေလိုက်သည်။ အချိန်အတော်ကြာအောင် ခိုဝင်မှီတွယ်ပူးကပ်နေပြီးမှ လင်းချင်းဟယ်က ထသွားလိုက်သည်။ 


မိုးသည်းစွာရွာနေသော်လည်း နွားနို့ပို့သူသည် နွားနို့ကို အချိန်မီ ပို့ပေးခဲ့သည်။ 


လောင်တသည် နွားနို့ကို အထဲသို့ ယူထားပြီးသား ဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ်သည် မန်ထိုကို ပေါင်းပြီး နွားနို့ကို ကျိုလိုက်သည်။ ပြီးလျှင် ဂေါ်ဖီနည်းနည်းနှင့် ကြက်သွန်မြိတ်ရောကာ ကြက်ဥခေါက်ကြော်ကို ကြော်လိုက်သည်။