အခန်း ၁၆၇
Viewers 43k

အခန်း (၁၆၇) - စာသင်ပေးချင်တယ်


မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သူမသည် အဖေကျိုးနှင့် အမေကျိုးတို့ကို ထမင်းလာစားရန် မခေါ်လိုက်ပေ။ လင်းချင်းဟယ်သည် ထမင်းဟင်းများကို ထမင်းဗူးထဲ ထည့်ပြီး လောင်တကို သွားပို့ခိုင်းလိုက်သည်။ 


မကြာခင်မှာပဲ မိသားစုတွေ အိပ်ရာထ၊ သွားတိုက်ပြီး မနက်စာစားကြသည်။ 


မနက်စာ စားပြီးနောက် ကျိုးချင်းပိုင်သည် မိုးကာအင်္ကျီကို ဝတ်ကာ ဝက်နှင့်ကြက်များကို အစာကျွေးရန် အိမ်နောက်ဖေးသို့ သွားလိုက်သည်။ ထို့နောက် သူသည် ပေါက်ပြားတစ်လက်နှင့် ထွက်သွားသည်။ မိုးက တော်တော်ကြီးသည့်အတွက် လယ်ကွင်းထဲကရေတွေ စီးထွက်နိုင်လား မစီးထွက်နိုင်ဘူးလားဆိုတာကို သူ သွားစစ်ဆေးရမည်။ 


လယ်ကွင်းထဲတွင် အလုပ်လုပ်စရာ မရှိသော်လည်း ဤကဲ့သို့ လယ်ကင်းလှည့်ဖို့ကိုတော့ လိုအပ်သေးသည်။ 


လင်းချင်းဟယ်သည် ယခုအချိန်တွင် စားသောက်ရန် ရာသီဥတုကို မှီခိုအားထားနေရသော ပြည်သူများ မည်ကဲ့သို့ ပင်ပန်းခက်ခဲစွာ နေရသည်ကို မြည်တမ်းနေခဲ့သည်။ 


“အဖေက အပင်ပန်းခံရတယ်။” လောင်စန်းကလည်း မှတ်ချက်ပြုသည်။ 


ဒါက ခက်ခဲကြမ်းတမ်းသည်။ ဒီလိုမိုးသည်းချိန်မှာ အပြင်ထွက်ရသည် မဟုတ်ပါလား။ 


“ဟုတ်တယ်… နင်တို့တွေ အလုပ်ရရင် ဒီလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ဘူး။” လင်းချင်းဟယ်က ပြောသည်။ “လောင်တ… လောင်အာ့… နင်တို့ ဘယ်လိုထင်လဲ။”


လောင်တနှင့် လောင်အာ့ နှစ်ယောက်လုံးက သဘောတူကြသည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်သည် စာလေ့လာရန် ပြင်ဆင်လိုက်ကြသည်။ 


လင်းချင်းဟယ်သည် မပြီးသေးသော အဝတ်အထည်များကို ဆက်လက်ချုပ်လုပ်နေသည်။ 


မကြာမီ ကျိုးချင်းပိုင်သည် ပြန်ရောက်လာသည်။ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ နောက်ပြီး ဒီရက်ပိုင်းအတွင်း မိုးရွာမယ်ဆိုတာ သိထားသဖြင့် သီးနှံများကို ရေလောင်းစရာ မလိုတော့ပေ။ ထို့ကြောင့် လုပ်စရာအများကြီး မရှိပါဘူး။ 


“ကျွန်မ ရှင့်အတွက် အင်္ကျီအသစ် နှစ်ထည် ချုပ်ပေးနေတာ။ အဟောင်းတွေကိုတော့ ကျွန်မမောင်လေး အချိန်အားလို့ အလည်လာတဲ့အခါ သူ့ကို ပေးလိုက်မယ်လေ။” လင်းချင်းဟယ်က ခွင့်တောင်းသည်။ 


“ကိုယ့်အတွက် ချုပ်ပေးစရာမလိုပါဘူး။ မင်းအတွက်ပဲ နှစ်စုံ ချုပ်လိုက်ပါ။” ကျိုးချင်းပိုင်က ပြောသည်။ 


လင်းချင်းဟယ်က ပြုံးရယ်ရင်း ပြန်ဖြေသည်။ “ကျွန်မအဝတ်တွေက ရှင်တို့ရဲ့အဝတ်တွေလို မပျက်စီးသေးဘူး။”


ထိုအကြောင်းပြောရလျှင် သူမ ဒီကို ရောက်လာကတည်းက အဝတ်အစားအများကြီးကို မချုပ်ခဲ့ဘူး။ အများစုမှာ မူလပိုင်ရှင်၏ ရှိရင်းစွဲအဝတ်အစားများသာ ဖြစ်သည်။ သို့တိုင် ၎င်းတို့အားလုံးသည် အခြေအနေကောင်းနေသေးသည်။ ဒါ့အပြင် သူမ၏ အဝတ်အစားများသည် ဟောင်းနွမ်းစုတ်ပြတ်မနေသည့်အတွက် အသစ်လဲရန် မလိုအပ်ပါဘူး။ 


ကျိုးချင်းပိုင်သည် သူ့ဇနီးကို စိုက်ကြည့်နေသည်။ 


ရွာကလူတွေ သူ့ဇနီးအပေါ် မကောင်းသည့် ထင်မြင်ယူဆချက်များ ရှိနေမှန်း သူ သိသည်။ သူမကို ဘယ်လိုနေထိုင်ရမယ်မှန်း မသိဘူးလို့ သူတို့က ပြောကြသည်။ တကယ်တော့ သူမ သိတယ် မသိဘူးဆိုတာ သူ ကောင်းကောင်း သိသည်။ 


ပုံမှန်အားဖြင့် ပစ္စည်းကောင်းများအားလုံးကို သူနှင့် ကလေးတွေအတွက် ဖယ်ထားပေးသည်။ သူမအတွက်ကတော့ သူမသည် အခြေအနေနှင့် လိုက်လျောညီထွေအောင် အမြဲပြုလုပ်သည်။ 


ကျိုးချင်းပိုင်သည် ချိုမြိန်လှပသော စကားများကို ပြောတတ်သူ မဟုတ်ပေ။ သူ့စိတ်နှလုံးထဲ၌ သူမသည် ဤမိသားစုအတွက် မည်မျှပေးဆပ်ထားသည်ကို သိနေသည်။ သူမကြောင့်သာ မိသားစုသည် ယခုလို တက်ကြွလန်းဆန်းနိုင်ကြခြင်း ဖြစ်သည်။ 


“ကျွန်မကို ဘာလို့ ဒီလိုကြည့်နေရတာလဲ။” လင်းချင်းဟယ်သည် ကော်လာနေရာကို ချုပ်နေရင်း သူ့ကို လှမ်းကြည့်လိုက်သည်။ သူမအား စိုက်ကြည့်နေတာကို မြင်သောအခါ အံ့အားတကြီးဖြင့် မေးလိုက်သည်။ 


“မင်းအတွက်လည်း နှစ်စုံချုပ်လိုက်။” ကျိုးချင်းပိုင်သည် သူမကို အာရုံစိုက်ကာ ကြည့်နေရင်း ပြောလိုက်သည်။ 


“ဟုတ်ပါပြီ… ချုပ်လိုက်မယ်။” လင်းချင်းဟယ်သည် တခစ်ခစ်ရယ်ပြီး အဝတ်အစားများကို ဆက်ချုပ်နေသည်။ 


တစ်ယောက်က အဝတ်အစားများကို ချုပ်နေစဉ် နောက်တစ်ယောက်က သူမ အဝတ်အစားချုပ်နေသည်ကို ကြည့်နေသည်။ ၎င်းက လုံးဝ ငြီးငွေ့စရာ မကောင်းပေ။ 


“ဒီနှစ် လောင်တရဲ့ဆွယ်တာအင်္ကျီကို ဖြေပြီး ပြန်ထိုးဖို့လိုတယ်။ ဒီကလေးက ရှင်နဲ့တူတယ်။ သူက အနာဂါတ်မှာ သေချာပေါက် အရပ်ရှည်တဲ့သူ ဖြစ်လာလိမ့်မယ်။” လင်းချင်းဟယ်က စကားအမျှင်မပြတ် ပြောနေသည်။ 


“ကိုယ့်ကိုယ်ကို အပင်ပန်းမခံပါနဲ့။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။ 


“မပင်ပန်းပါဘူး။ အိမ်မှာ အမြဲတမ်း လုပ်စရာ တစ်ခုခုရှိတယ်လေ။” လင်းချင်းဟယ်က ပြောသည်။ 


အားလပ်ချိန်တွင် သူမသည် တရုတ်စာ၊ သင်္ချာနှင့် အင်္ဂလိပ်စာများကို လေ့လာသင်ယူနိုင်သော်လည်း အိမ်ရှိ လုပ်သင့်လုပ်ထိုက်သော အလုပ်အားလုံးကို သူမ လုပ်ရမည်။ မဟုတ်လျှင် သူမ၏စိတ်ထဲတွင် တထင့်ထင့်ဖြင့် ကသိကအောက် ဖြစ်နေလိမ့်မည်။ 


“စကားမစပ်… ရပ်ရွာက အလယ်တန်းကျောင်းမှာ ဆရာ/ ဆရာမ အသစ်ခေါ်လား။ ကျွန်မ စာသင်ပေးချင်တယ်။” လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းလိုက်သည်။ 


ကျိုးချင်းပိုင်သည် အံ့သြသွားသည်။ “စာသင်ပေးချင်တာလား။” 


“အဆင်မပြေလို့လား။” လင်းချင်းဟယ်က သူ့ကို တစ်ချက် လှမ်းကြည့်လိုက်သည်။


“အဲ့လိုမဟုတ်ပါဘူး။ မင်း စာသင်ပေးချင်ရင် စာမေးပွဲဖြေရမယ်။” ကျိုးချင်းပိုင်က သူ့ဇနီးကို ကြည့်ရင်း ပြောလိုက်သည်။ 


သူ့ဇနီးမှာ ဒီလိုအတွေးမျိုး ရှိလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ သူမ၏လက်ရေးနှင့် စာအရေးအသားက တကယ့်ကို ကြည့်ကောင်းနေသည်ကို သူ မြင်ဖူးသည်။ ဒီသင်ကြားရေးဆိုသည်မှာ လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ပေ။ 


“စာမေးပွဲတွေ ဖြေရတာ ပြဿနာမဟုတ်ပါဘူး။ ပြီးတော့ အခုဆိုရင် အလုပ်သမား၊ တောင်သူလယ်သမားနဲ့ စစ်သားတက္ကသိုလ် ဖွင့်လှစ်လိုက်တော့ ပညာရေးကို ပိုပြီး အလေးထားလာကြလိမ့်မယ်။ ရပ်ရွာရဲ့ အလယ်တန်းကျောင်းက အဲဒါကို ပိုအာရုံစိုက်သင့်တယ်။” လင်းချင်းဟယ်က ပြောသည်။ 


သူမ ဒီတိုင်းပဲ ထိုင်စောင့်ရုံနဲ့ မဖြစ်သေးဘူးလို့ သူမ ခံစားရသည်။ 


နှစ်အနည်းငယ် ကျန်နေသေးသည်။ သူမသည် အချိန်ကုန်ဆုံးရန် တစ်ခုခုကို ရှာရတော့မည်။ 


ဥပမာအားဖြင့်… ဒီသင်ကြားရေး အသက်မွေးဝမ်းကြောင်းပညာရပ်ပင်။ အရင်က စာမသင်ပြဖူးပေမယ့် ဒါက မခက်လောက်ပါဘူး။ အလယ်တန်းကျောင်းသား/သူတွေကို သင်ကြားပေးရုံသာ ဖြစ်သည်။ 


သူမ စကားပြောသည့်ပုံစံအရ ကျိုးချင်းပိုင်သည် သူမတွင် ထိုအတွေးများ အမှန်တကယ် ရှိနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့် သူသည် ခဏတုံ့ဆိုင်းနေပြီးမှ ပြောလိုက်သည်။ “ဒါဆို ကိုယ် ရပ်ရွာအကြီးအကဲကို မေးကြည့်လိုက်မယ်။”


“အခုလောလောဆယ် ထားလိုက်ပါဦး။ မိုးအရမ်းသည်းနေတယ်။” လင်းချင်းဟယ်သည် သူ ချက်ချင်း ထွက်သွားတော့မည်ကို မြင်သောအခါ လှမ်းတားလိုက်သည်။ 


“ရတယ်။” ကျိုးချင်းပိုင်သည် ခေါင်းယမ်းလိုက်ပြီး မိုးကာအင်္ကျီကို ဝတ်ကာ စက်ဘီးစီးပြီး ကျောင်းအုပ်ကြီးကို ရှာရန် ရပ်ရွာအဖွဲ့အစည်းထံသို့ သွားလိုက်သည်။ 


ရပ်ရွာ၏ အလယ်တန်းကျောင်း ကျောင်းအုပ်ကြီးသည် ကျိုးချင်းပိုင်ကို ကောင်းကောင်းသိသည်။ ကျိုးချင်းပိုင်သည် ယခင်က ရပ်ရွာအုပ်စုတွင် အလယ်တန်းကျောင်း တက်ခဲ့ဖူးသည်။ 


“နောက်နှစ်စာသင်နှစ်အတွက် အလယ်တန်းကျောင်းက သင်္ချာဆရာ/မအသစ် ခေါ်မှာတော့ သေချာတယ်။ ဒါပေမယ့် မင်းမိန်းမက စာသင်ပြတတ်လို့လား။” အလယ်တန်းကျောင်းအုပ်ကြီးက အံ့သြသွားသည်။ 


လင်းချင်းဟယ် ပြောသည့်အတိုင်းပင် အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သား တက္ကသိုလ်သည် ကျောင်းသား/သူအသစ်များကို ခေါ်ယူစုဆောင်းနေသည်။ ကျဆင်းနေသည့် ပညာရေးသည် တဖြည်းဖြည်း ပြန်လည်ရှင်သန်လာသောကြောင့် သင်္ချာဆရာ/မတစ်ဦးကို ထပ်မံခေါ်ယူရန် လိုအပ်လာခြင်း ဖြစ်သည်။ 


ပထမဆုံးရွေးချယ်မှုမှာ ကျေးလက်တွင် လာရောက်နေထိုင်ကြသော မြို့ပြပညာတတ်လူငယ်များထဲမှ ရွေးချယ်ခေါ်ယူရန် ဖြစ်သည်။ 


“ကျွန်တော့်မိန်းမ လုပ်နိုင်ပါတယ်။” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။ 


သူ့ဇနီးသည်က ဘယ်လောက်တောင် အပင်ပန်းခံ ကြိုးစားတယ်ဆိုတာ သူ သိသည်။ လောင်တကို ပေးထားသော မေးခွန်းများကို သူ တွေ့မြင်ခဲ့ပြီး ၎င်းတို့က ခက်ခဲသောမေးခွန်းတွေ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ 


ဇနီးဖြစ်သူ၏ ပညာအရည်အချင်းသည် အထက်တန်းကျောင်းအဆင့်ထိ ရောက်ရမည်ဟု သူ ခံစားမိသည်။ သူမသည် ထိုမြို့ပြပညာတတ်လူငယ်များထက် ပိုဆိုးရွားလိမ့်မည် မဟုတ်ပေ။ 


အလယ်တန်းကျောင်းအုပ်ကြီးသည် သူ့စိတ်ထဲတွင် ပြောလိုက်မိသည်။ ‘ မင်းက မင်းမိန်းမရဲ့ ပြုစားခြင်း ခံနေရပြီလို့တော့ မပြောနဲ့နော် ‘ 


“ဒီနွေရာသီ ရိတ်သိမ်းချိန်ပြီးရင် စာမေးပွဲ ကျင်းပမယ်။ မေးခွန်းတွေကို တစ်နေရာတည်းမှာ ချက်ချင်းထုတ်ပြီး ချက်ချင်းဖြေရမှာမို့ ဘယ်သူမှ လိမ်ညာလို့မရဘူး။ မင်းမိန်းမက ကျောင်းဆရာမဖြစ်ချင်ရင် အဲအချိန်မှာ လာပြီး ဖြေကြည့်လေ။” အလယ်တန်းကျောင်းအုပ်ကြီးက မငြင်းပယ်ဘဲ ထိုအတိုင်း ပြောလိုက်သည်။ 


ဒါဆို သူမ မဖြေနိုင်လျှင်လည်း ဘယ်သူ့ကိုမှ အပြစ်မတင်နိုင်တော့ဘူး။ သေချာတာပေါ့… ကျိုးချင်းပိုင်ကိုလည်း သူ ရှင်းပြနိုင်သည်။ 


ကျိုးချင်းပိုင်သည် ထိုအကြောင်း ပြောပြရန် ပြန်လာခဲ့သည်။ 


လင်းချင်းဟယ်သည် အလွန်ဝမ်းသာသွားပြီး အလောတကြီး မေးသည်။ “လစာက ဘယ်လောက်လဲ။”


ကျိုးချင်းပိုင်က ထိုအကြောင်းကို သိသည်။ တစ်ယောက်ယောက်က သင်ကြားရေးဘက်သို့ သွားလျှင် အလုပ်ရမှတ်များကို ရရှိနိုင်သည်။ အလုပ်မှတ်ငါးမှတ်ကို ရမည်။ ထို့အပြင် လစာလည်း ရသေးသည်။ တစ်လလျှင် ၁၃ ယွမ် ရနိုင်သည်။ ကူပွန်များကိုတော့ အခြေအနေအရ လက်ခံရရှိနိုင်သည်။ 


အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သားတက္ကသိုလ်ကို ပြန်လည်ထူထောင်ပြီးနောက် ရပ်ရွာ၏ အလယ်တန်းကျောင်းများနှင့် ခရိုင်အထက်တန်းကျောင်း နှစ်ခုလုံးကို သတိရှိရှိ လေ့ကျင့်သင်ကြားပေးခဲ့သည်။ နိုင်ငံတော်၏ တောင်းဆိုလိုအပ်ချက်များကို တုံ့ပြန်ပေးနိုင်မည့် အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သားတက္ကသိုလ် ကျောင်းသား/သူများကို မွေးထုတ်ပေးနိုင်ခဲ့လျှင် ဘယ်လောက် ဂုဏ်ကျက်သရေ ရှိလိမ့်မည်နည်း။ 


ထိုကိစ္စကို အတည်မပြုရသေးပါဘူး။ ထိုအကြောင်းသာ ပျံ့နှံ့သွားလျှင် လှောင်ပြောင်ရယ်မောစရာ ဖြစ်လာမည်မှာ သေချာပါသည်။ အဘယ်ကြောင့်ဆိုသော် ဒီရပ်ရွာမှာ လင်းချင်းဟယ် စာသင်ပြတော့မည့် အကြောင်းက ဟာသတစ်ခုပင်။ 


ထို့ကြောင့် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဘာမှမပြောရန် ပြောထားသည်။ အဖေကျိုးနှင့် အမေကျိုးတို့ကိုတောင် မပြောထားပေ။


လင်းချင်းဟယ်သည် မြို့ပြပညာတတ်လူငယ်များ၏ စွမ်းဆောင်ရည် အတိုင်းအတာကို မသိသည့်အပြင် သင်္ချာဆရာ/မအတွက် ရာထူးက တစ်ခုတည်းသာ ရှိသည့်အတွက် လင်းချင်းဟယ်သည် လုံးဝစိတ်ချလက်ချ မနေရဲပါဘူး။ တခြား ပညာတတ်လူငယ်တွေ ဘယ်လောက်တော်လဲ ဘယ်သူသိနိုင်မည်နည်း။ 


နောက်ပိုင်းကာလတွင် လင်းချင်းဟယ်သည် မူလတန်းနှင့် အလယ်တန်းကျောင်းသာမက အထက်တန်းကျောင်း၏ ပြဋ္ဌာန်းစာအုပ်များကိုတောင် စနစ်တကျ ထပ်မံလေ့လာခဲ့သည်။ သူမသည် နွေစပါးရိတ်သိမ်းပြီးချိန်တွင် ကျင်းပမည့် ရပ်ရွာ၏ အလယ်တန်းကျောင်းဆရာ/မ စာမေးပွဲကို စောင့်ဆိုင်းနေခဲ့သည်။ 


လင်းချင်းဟယ်၏ ကြိုးစားအားထုတ်မှုကို အမေကျိုးက မြင်သည်။ 


လုပ်စရာဝေယျာဝစ္စများကို ပြီးမြောက်အောင် လုပ်ဆောင်ချိန်ကလွဲလျှင် စတုတ္ထ၏ဇနီးသည် စာအုပ်တစ်အုပ်ကို အမြဲကိုင်ဆောင်ထားသည်။ 


မျှော်လင့်ထားသည့်အတိုင်းပင် အမေကျိုးက မေးသည်။ သူမ ဘာကြောင့် ရုတ်တရတ် လုံလစိုက်ကြိုးစားနေရသနည်း။ 


လင်းချင်းဟယ်သည် ခါတိုင်းလို လောင်တကို သင်ပေးလိုသဖြင့် လေ့လာနေခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ နောက်နှစ်စာသင်နှစ်ရောက်လျှင် သူက ငါးတန်း တက်ရတော့မည်။ သူမ မကြိုးစားလျှင် သူ့ကို ဘယ်လိုသင်ပေးနိုင်မည်နည်း။ 


အမေကျိုးသည် လောင်တကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။ ကျောင်းကဆရာ/မတွေက သူ့အမေပေးခဲ့သော မေးခွန်းများကို လိုက်မမီနိုင်ဘူးလို့ လောင်တက ပြောခဲ့သည်။