အခန်း (၁၆၈) - မင်းက စာမတတ်တဲ့ ကျေးလက်အမျိုးသမီးပဲ
ထိုအချိန်တွင် အမေကျိုးသည် လောင်တနှင့် လောင်အာ့တို့၏ စာလေ့လာနိုင်စွမ်းသည် သူတို့၏မိခင်နှင့် တူသည်ဟု လုံးဝယုံကြည်သွားခဲ့သည်။
ကျိုးမိသားစုတွင် ပညာလေ့လာသင်ကြားရန်အတွက် မျိုးရိုးဗီဇ မရှိခဲ့ပါဘူး။
ဥပမာအားဖြင့် ဒုတိယမရီး၏ကလေးဖြစ်သူ ကျိုးရှပင်။ သူ၏ ပညာရေးစွမ်းဆောင်ရည်သည် တကယ့်ကို ပျမ်းမျှလောက်သာ ရှိသည်။
ပြီးလျှင် ဒါက သူ့ကို သင်ပေးနေသည့် လောင်အာ့၏ အကူအညီကြောင့်သာ ဖြစ်သည်။ ထိုကဲ့သို့မဟုတ်ပါက သူ့အဆင့်က ဘယ်လောက်ထိ ဆိုးရွားမယ်ဆိုတာ ပြောဖို့မလိုတော့ပါဘူး။ ကျောင်းမှ ပြန်ရောက်လာလျှင်လည်း စာကျက်နေသည်ကို ဘယ်တော့မှ မမြင်တွေ့ရသလို အမြဲတမ်း ဆော့ကစားနေခဲ့သည်။ သူ့အမေသည် သူ့နောက်က လိုက်ဖမ်းရင်း ပိုက်ဆံ ဖြုန်းတီးနေသည့် အကြောင်းနှင့် နောက်နောင် အတန်းတက်ခွင့်မရရင် စာလေ့လာစရာ မလိုတော့ဘူးဟု အော်ဟစ်ပြောဆိုနေခဲ့သည်။
ယခုအချိန်တွင် အတန်းတစ်တန်း ဆက်တက်ရန်အတွက် သတ်မှတ်ထားသော အမှတ်ကို ရရှိရန် လိုအပ်သည်။ မဟုတ်ပါက ထိုအတန်းတွင် နောက်တစ်နှစ် ထပ်နေရမည်။
ကျိုးရှသည် အတန်းပြန်တက်ရသည့်အထိတော့ အမှတ်မလျော့ပေ။ သို့တိုင် သူသည် လောင်အာ့ကဲ့သို့ အမှတ်ပြည့်ရရှိရန်မှာ မဖြစ်နိုင်ပေ။
လင်းချင်းဟယ်သည် နွေရာသီစပါးရိတ်သိမ်းချိန်အထိ သူမ၏လေ့လာမှုကို နှောင့်နှေးခြင်း မရှိခဲ့ပေ။
ဒါပေမယ့် ပြောရမယ်ဆိုလျှင် သူမသည် မူလတန်းနှင့် အလယ်တန်းကျောင်းတို့၏ ပြဋ္ဌာန်းစာအုပ်များကို နှံ့နှံ့စပ်စပ် လေ့လာခဲ့ပြီး ၎င်းတို့ကို သေချာသဘောပေါက် နားလည်နေပြီ ဖြစ်သည်။ အထက်တန်း ပထမနှစ်စာကိုလည်း အများစု လေ့လာပြီးမြောက်သွားပြီ။ အထက်တန်းဒုတိယနှစ်နှင့် အထက်ကိုတော့ သူမ မလေ့လာရသေးဘူး။ အနာဂါတ်မှာ အချိန်တစ်ခုခု ရလာမည်ဖြစ်၍ သူမ ဖြည်းဖြည်းချင်း အချိန်ယူ လေ့လာနိုင်သည်။
နွေရာသီ ရိတ်သိမ်းချိန်သည် အလွန်အလုပ်များသည်။ လင်းချင်းဟယ်သည် စာများကို ပြန်လည် လေ့လာသုံးသပ်နေသော်လည်း ကျိုးချင်းပိုင်အား ဂရုစိုက်ပေးရန် အာရုံစူးစိုက်ထားဆဲပင်။
နွေရာသီ ရိတ်သိမ်းချိန်ကို စတင်သည့်အချိန်မှစပြီး လင်းချင်းဟယ်သည် နေ့တိုင်း နောက်ထပ် နွားနို့တစ်ပုလင်းကို ထပ်မံမှာယူခဲ့သည်။ မနက်ခင်း အလုပ်မသွားခင် သူနှင့် အဖေကျိုးတို့ စားသွားရန်အတွက် နွားနို့မန်ထိုကို ပြုလုပ်ပေးခဲ့သည်။
တစ်နေ့လျှင် အရသာရှိသော ထမင်းသုံးနပ်အပြင် နေ့လည်ခင်းတွင်လည်း ပဲတီစိမ်းယာဂု တစ်ပန်းကန် ပါသေးသည်။
ထိုကဲ့သို့သော အစားအသောက်များဖြင့် ဒီပင်ပန်းနွမ်းနယ်ဖွယ်ရာ နွေရာသီရိတ်သိမ်းမှုကို ယခုနှစ်တွင် ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့သည်။
သို့သော် အချို့လူများသည် အပူလျှပ်ခြင်းကို ခံစားကြရသည်။ အကြီးဆုံးမရီး၏ သမီးဖြစ်သူ တာ့နီက အပူလျှပ်သွားခဲ့သည်။ လင်းချင်းဟယ်က သူမကို ဆေးအချို့ ပေးခဲ့သည်။ အကြီးဆုံးမရီးက သူမကို ပိုက်ဆံပေးချင်ပေမယ့် လင်းချင်းဟယ်က လက်မခံခဲ့ပေ။
တာ့နီအကြောင်း ပြောရလျှင် သူမသည် မငယ်တော့ပေ။ မကြာသေးမီက အကြီးဆုံးမရီးသည် တာ့နီအတွက် အိမ်ထောင်ဖက်ဖြစ်နိုင်သည့် အလားအလာရှိသူများကို ကူညီစစ်ဆေးပေးခဲ့ကြောင်း အမေကျိုး ပြောနေသည်ကို လင်းချင်းဟယ် ကြားခဲ့ရသည်။
ဒါပေမယ့် တွက်ချက်ကြည့်လျှင် တာ့နီသည် ဒီနှစ်တွင် ဆယ့်ခြောက်နှစ် ပြည့်ပြီ။ ဤခေတ်၏ အိမ်ထောင်စောပြုသော သတ်မှတ်ချက်စံနှုန်းအရ တစ်စုံတစ်ယောက်သည် အသက်ဆယ့်ခြောက်နှစ်တွင် အိမ်ထောင်ဖက်ကို အမှန်ပင် စတင်ရှာဖွေနိုင်သည်။
ပြီးလျှင် အရင်ဆုံး စေ့စပ်ထားနိုင်သည်။ ထို့နောက် လက်ထပ်ရန် အကောင်းဆုံးအချိန် ဖြစ်သည့် အသက်ဆယ့်ရှစ်နှစ် ပြည့်သည်အထိ စောင့်ဆိုင်းရမည်။
အလုပ်တစ်ခုခု သို့မဟုတ် တစ်စုံတစ်ခုအား ကူညီပေးရန် သားမက်လောင်း၏ မိသားစုဝင်တွေကို ရံဖန်ရံခါ လာရောက်ခွင့်ပေးထားသည်။
သေချာတာပေါ့… ဒါက ကျေးလက်တောရွာမှာ ဖြစ်ရိုးဖြစ်စဉ် တစ်ခုပင်။ အနာဂါတ် ယောက္ခမက နှုတ်က ဘာမှမပြောပေမယ့် သားမက်လောင်းသည် သူ့သဘောအတိုင်း ကူညီရန် လာရောက်လိမ့်မည်။
နွေစပါး ရိတ်သိမ်းပြီးနောက်တွင် အကြီးဆုံးမရီးဖြစ်သူသည် ရွေးချယ်မှုကို ပြုလုပ်ပြီးသွားပြီ ဖြစ်သည်။
ထိုသူက သူတို့၏ရွာထဲကပဲ ဖြစ်သည်။ ဝမ်မိသားစုမှ လူတစ်ယောက် ဖြစ်သည်။
ကျိုးကျားရွာ၏ အများစုသည် ကျိုးမျိုးနွယ်ဝင်များ ဖြစ်သော်လည်း ၎င်းတို့အနက် သုံးပုံတစ်ပုံသည် မတူညီသော မျိုးရိုးနာမည်များ ဖြစ်ကြသည်။
ကျိုးတာ့နီ၏ ရွေးချယ်ထားသော အိမ်ထောင်ဖက်သည် သူမထက် အသက်တစ်နှစ်ကြီးသည်။ ယခုနှစ်တွင် သူသည် အသက် ဆယ့်ခုနစ်နှစ်သာ ရှိသေးသည်။ သူ့အရပ်အမြင့်သည် သာမာန်လောက်သာ ဖြစ်ပြီး ၅ပေ ၅လက်မထက် မကျော်နိုင်ပေ။ သို့တိုင် ဝမ်မိသားစုသည် အလွန်ကောင်းမွန်သော အိမ်ထောင်စုဖြစ်သည်။
ညီအစ်ကို နှစ်ယောက်သာ ရှိသည့်အတွက် သိပ်အများကြီး မဟုတ်ပေ။ အနည်းဆုံးတော့ လက်ထပ်ပြီးလျှင် သူတို့သည် သေးငယ်သော ဘေးအဆောင်တွင် အမှီအခိုကင်းမဲ့စွာ သူတို့ဘာသာသူတို့ နေနိုင်သည်။
မိသားစုနှစ်စုသည် တစ်ဦးနှင့်တစ်ဦး သီးသန့်ဆက်သွယ်ထားသော်လည်း ကျန်သူများကိုတော့ အပေါ်ယံလောက်သာ ပြောထားသည်။
ထို့အပြင် အခုချိန်တွင် ကလေးတွေက ငယ်သေးသည်။ သူတို့သည် အခုကတည်းက ပြောထားကြပြီး ကလေးတွေ အရွယ်ရောက်လာသည့်အထိ စောင့်ပြီးမှ ဒါကို ဆွေးနွေးကြမည်။
ဒီနည်းလမ်းသည် အခုခေတ်အချိန်တွင် တော်တော် ရေပန်းစားနေသည်။
လင်းချင်းဟယ်သည် ဒီလိုကိစ္စမျိုးအတွက် စောလွန်းသေးသည်ဟု ခံစားမိသည်။ ဆယ့်ခြောက်နှစ်မှာ အလယ်တန်းကျောင်း တက်နေတုန်းပင်။ သို့တိုင် သူမ ဘာမှမပြောခဲ့ပါဘူး။
နောက်ဆုံးတော့ သူမက သူ့သမီး မဟုတ်ပေ။ အကြီးဆုံးမရီး၏ သမီးသာ ဖြစ်သည်။ သူမ(လင်းချင်းဟယ်)ကို အသာထား ယောက္ခမဖြစ်သူ အမေကျိုးပင်လျှင် ဝင်စွက်ဖက်ပိုင်ခွင့် မရှိပေ။
အကြီးဆုံးမရီးတွင် အမြင်ကောင်းလေး ရှိသည်။ သူမရွေးချယ်ထားသောသူက အံ့သြချီးကျူးစရာကောင်းသည်။
နွေရာသီ ရိတ်သိမ်းပြီးနောက် ကောက်ပဲသီးနှံများကို ဝေငှခဲ့သည်။
ယခင်နှစ်များအတိုင်းပင် လင်းချင်းဟယ်သည် တတိယမောင်လေးလင်းကို ကူညီရန် ညွှန်ကြားခဲ့သည်။ သူ့ဘက်တွင် စားစရာအပိုများ စုဆောင်းနိုင်ရန်အတွက် သူမသည် တတိယမောင်လေးလင်းကို ခေါ်ထားသည်။
ကျိုးချင်းပိုင် မဝတ်တော့သည့် အဝတ်နှစ်ထည်ကိုလည်း သူမက သူ့ကို ပေးလိုက်သည်။
၎င်းက အဝတ်ဟောင်းဖြစ်သော်လည်း ချုပ်ဖာရာ လေးငါးနေရာသာ ရှိသည့်အတွက် အခြေအနေ ကောင်းပါသေးသည်။
တတိယမောင်လေးလင်းသည် သူ့ဘက်ခြမ်းတွင် တော်တော်များများ စုဆောင်းထားသည်။ လင်းချင်းဟယ်ဘက်ခြမ်းက အစားအသောက် ဖြန့်ဝေခြင်းတွင် ပိုလို့တောင် ရလိုက်သေးသည်။ အမေကျိုးက ထိုအကြောင်းကို သိနေသဖြင့် တွန့်ဆုတ်ဝန်လေးနေခြင်း မရှိပေ။ သူမ လွန်လွန်ကဲကဲ မလုပ်သရွေ့ ဘယ်သူမှ သံသယဖြစ်မှာ မဟုတ်ဘူး။
ဤတစ်ကြိမ် ကောက်ပဲသီးနှံများကို စုဆောင်းပြီးနောက် လင်းချင်းဟယ်သည် ရပ်ရွာ၏ အလယ်တန်းကျောင်း သင်္ချာဆရာ/မ စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် သွားရောက်ခဲ့သည်။
ဆန်ကုန်မြေလေး ချန်ရှန်းကလည်း ယခုတစ်ကြိမ် စာမေးပွဲတွင် ပါဝင်ဖြေဆိုရန် ဖြစ်လာခဲ့သည်။
ကျိုးချင်းပိုင်က လင်းချင်းဟယ်အား ခေါ်ဆောင်လာသည်ကို မြင်သောအခါ ချန်ရှန်းလည်း ထိတ်လန့်သွားသည်။ သူသည် လင်းချင်းဟယ်ကို ရည်မှန်းထားသော်လည်း ပြီးခဲ့သောအခေါက်က သူသည် လင်းချင်းဟယ်၏ မလေးမစား လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။
နောက်ပိုင်း၌ လင်းချင်းဟယ်တွင် ထိုကဲ့သို့သော ရည်ရွယ်ချက် လုံးဝမရှိသည်ကို မြင်လိုက်ရသဖြင့် စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။ လင်းချင်းဟယ်သည် တကယ့်ပင် ချောမောလှပပေသည်။ သို့သော် ရိုးရိုးသားသားပြောရလျှင် ချန်ရှန်းသည် ကျိုးချင်းပိုင်၏ စောင့်ကြည့်မှုအောက်မှာ လှုပ်ရှားမှု သေးသေးလေးတောင် မလုပ်ဝံ့ပါဘူး။
အခြားသူများကလည်း လင်းချင်းဟယ်ကို သတိထားမိကြသည်။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ နှစ်ယောက်စလုံးကို လူသိများကြသည်။
အထူးသဖြင့် လင်းချင်းဟယ်ကိုပင်။ ဆယ်မိုင်အတွင်း ရွာရှစ်ရွာရှိ လူတိုင်းသည် ဤအသုံးအဖြုန်းကြီး လက်ဖွာသော ဇနီး၏ ဂုဏ်သတင်းကို ကြားဖူးကြလေသည်။ သူမ ရောက်လာလိမ့်မည်ဟု သူတို့တွေ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြဘူး။
“ အဟမ်း “ ရပ်ရွာ၏ ကျောင်းအုပ်ကြီးလည်း အံ့သြသွားသည်။ ကျိုးချင်းပိုင်သည် သူ့ဇနီးကို ဆရာဝင်ခွင့် စာမေးပွဲဖြေဆိုရန် တကယ် ခေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ချောင်းတစ်ချက်ဟန့်လိုက်ပြီးနောက် သူက ပြောလိုက်သည်။ “အချိန်နာရီဝက် လိုသေးတယ်။ အထဲက ဆရာ/မတွေ စာမေးပွဲမေးခွန်းကို ကူးလို့ ပြီးတော့မယ်။ ဒီတစ်ခါ ငါတို့တွေ အတော်ဆုံးကို ရွေးချယ်မယ်။ ပထမနဲ့ ဒုတိယရတဲ့သူကိုပဲ လက်ခံမယ်။ ပထမရတဲ့သူက တရားဝင်ဆရာ/မ ဖြစ်လာမယ်။ မင်းတို့အားလုံး တရားဝင်ဆရာ/မရဲ့ အကျိုးခံစားခွင့်ကို ကောင်းကောင်းသိမယ်လို့ ယုံကြည်တယ်။ ဒုတိယရတဲ့သူကတော့ လစာ ခြောက်ယွမ်နဲ့ အလုပ်မှတ် သုံးမှတ်ရပြီး အစားထိုးသင်ပေးရမယ်။”
ဒါက မမျှော်လင့်ထားသောအရာပင်။ ကနဦး၌ သူတို့သည် တစ်နေရာတည်းသာ ရှိမည်ဟု တွေးထင်ခဲ့ကြပြီး နောက်ထပ် အစားထိုးဆရာ/မ တစ်ယောက်ကိုပါ ခေါ်ယူလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။
လင်းချင်းဟယ်သည် ပိုပြီး စိတ်သက်သာရာရသွားသည်။ သူမက ပထမနေရာကို မရနိုင်ရင်တောင် ဒုတိယနေရာကိုတော့ ရနိုင်သည်။
ကျိုးချင်းပိုင်က ချက်ချင်း မပြန်သွားပေ။ လင်းချင်းဟယ်နှင့်အတူ စောင့်ဆိုင်းရန် သူမ၏နောက်တွင် ရပ်နေခဲ့သည်။
မကြာမီပင် စာမေးပွဲမေးခွန်းစာရွက်များ အဆင်သင့် ဖြစ်နေပြီ။ လင်းချင်းဟယ် အပါအဝင် စုစုပေါင်း ဆယ့်ရှစ်ယောက်က စာမေးပွဲ ဖြေဆိုကြမည် ဖြစ်သည်။
သူတို့အားလုံး စာသင်ခန်းထဲသို့ ဝင်သွားကြပြီး မေးခွန်းများကို စတင်ဖြေဆိုကြသည်။
စာမေးပွဲမေးခွန်းစာရွက် နှစ်စုံရှိသည်။ သင်္ချာဆရာ/မများကို ခေါ်ယူခြင်း ဖြစ်သော်လည်း တရုတ်စာပေ မေးခွန်းစာရွက်လည်း ပါရှိသည်။
အဘယ်ကြောင့်ဆိုသော် အစားထိုးရန် ယာယီလိုအပ်လာပါက အခြားဆရာ/မများနေရာတွင် အစားထိုးရမည် ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ တရုတ်စာပေဆိုင်ရာ ပညာဗဟုသုတများ ရှိရမည်။
လင်းချင်းဟယ်သည် လုံးဝ တုံ့ဆိုင်းမနေပါဘူး။ မေးခွန်းစာရွက်ကို အကြမ်းဖျဉ်း တစ်ချက်ကြည့်ပြီးနောက် လုံးဝမခက်ခဲကြောင်း သူမ တွေ့လိုက်ရသည်။ အဲဒါတွေအားလုံးက အခြေခံတွေပါပဲ။ အနည်းငယ် နက်နက်နဲနဲ မေးထားရင်တောင် လောင်တကို သူမ မေးသည့်မေးခွန်းများလောက် မခက်ခဲချေ။
လင်းချင်းဟယ်သည် နာရီဝက်အတွင်း သင်္ချာမေးခွန်းစာရွက်ကို ဖြေဆိုပြီးသွားခဲ့သည်။ ထို့နောက် သူမသည် အချိန်သိပ်မယူရမည့် တရုတ်စာပေမေးခွန်းစာရွက်ကို ဆက်လက်ဖြေဆိုခဲ့သည်။
စာလုံးရေ ၅၀၀ ပါသော စာစီစာကုံးကို ရေးသားရန် လိုအပ်သောကြောင့် ထိုအတွက်သာ အချိန်အနည်းငယ် ယူခဲ့ရသည်။ စာစီစာကုံး၏ ခေါင်းစဉ်က “တိုးတက်ပြောင်းလဲလာခြင်း“ ဖြစ်သည်။
“တိုးတက်ပြောင်းလဲလာခြင်း” ကဲ့သို့သော စာစီစာကုံး ခေါင်းစဉ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဘယ်အကြောင်းအရာကို ရေးသားရမယ်မှန်း သိသာထင်ရှားပါသည်။
လင်းချင်းဟယ်သည် အနာဂါတ် ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို သိသော်လည်း ထိုအကြောင်းကို သူမ မရေးသားဝံ့ပေ။ ယင်းအစား တိုးတက်မှု၏ အဓိကအကြောင်းအရာကိုသာ ရေးသားခဲ့သည်။ သူမသည် လူတွေ၏ဘဝ ပိုမို ကောင်းမွန်လာသည့်အကြောင်းအား ရေးဖွဲ့ခဲ့သည်။ ဇာတ်အိမ်တစ်ခုလုံးသည် ထိုအကြောင်းအရာအပေါ်ကိုပဲ ဗဟိုပြုထားသည်။ ဇာတ်ကြောင်းဖြစ်စဉ်သည် အလွန်ချောမွေ့ပြီး ဆွဲဆောင်မှုရှိသည်။
ထို့ကြောင့် သင်္ချာမှာသာမက တရုတ်စာပေမှာပါ အမှတ်ပြည့်ရခဲ့သည်။ အမှားအယွင်း လုံးဝမရှိပေ။
အလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးသည် သူမ၏ရလဒ်ကြောင့် အလွန်အံ့သြသွားသည်။
“မဖြစ်နိုင်ဘူး…! ဒါ လုံးဝမဖြစ်နိုင်ဘူး…! မင်းက စာမတတ်တဲ့ ကျေးလက်အမျိုးသမီးလေ။ ဒီလောက် အမှတ်မြင့်မြင့်ကို ဘယ်လိုလုပ် ရနိုင်မှာလဲ။” ထိုရမှတ်ကို ကြားပြီးနောက် တတိယတန်းစား အမျိုးသား ပညာတတ်လူငယ်သည် ၎င်းကို လက်မခံနိုင်သဖြင့် ချက်ချင်း သံသယများ ဖြစ်ပေါ်လာသည်။
ထိုအပြုအမူသည် လင်းချင်းဟယ်နှင့် ရပ်ရွာ၏ အလယ်တန်းကျောင်းကလူတွေက လိမ်ညာလှည့်စားနေသယောင် ထင်မြင်စေသည်။