အခန်း ၁၆၉
Viewers 43k

အခန်း (၁၆၉) - ရပ်ရွာ၏ အလယ်တန်းပြ ဆရာမ 


“ရှင်က အလုပ်သမတွေအပေါ် မြေရှင်ပဒေသရာဇ်ဆိုင်ရာ ခွဲခြားဆက်ဆံခြင်းနဲ့ တိုက်ခိုက်ချင်နေတာလား။ ကောင်းကင်တစ်ခြမ်းကို အမျိုးသမီးတွေလည်း ထောက်ပံ့ပေးနေတယ်ဆိုတဲ့ ခေါင်းဆောင်ရဲ့ ဟောပြောချက်ကို သဘောမတူတာတော့ မဟုတ်ပါဘူးနော်။” 


လင်းချင်းဟယ်သည် လုံးဝတုံ့ဆိုင်းခြင်း မရှိဘဲ ထိုပညာတတ်လူငယ်ကို ချက်ချင်း မျက်လုံးစွေကာ ကြည့်လိုက်သည်။ 


ဒေါသထွက်နေသော ပညာတတ်လူငယ်လေးသည် ခေါင်းပေါ်သို့ ရေအေးများလောင်းချခံရသလို ခံစားလိုက်ရပြီး “မဟုတ်ဘူး… အလုပ်သမတွေကို ခွဲခြားဆက်ဆံတာ မဟုတ်ဘူး။ ခေါင်းဆောင်ရဲ့ ဟောပြောချက်ကိုလည်း လေးစားတယ်။ ဒါပေမယ့် မင်းကို အလုပ်လုပ်နေတဲ့အမျိုးသမီးလို့ ယူဆလို့ ရလို့လား။ မင်း လယ်ထဲ အလုပ်ဆင်းဖူးလို့လား။” 


နောက်ဆုံးတွင် သူသည် လင်းချင်းဟယ်ကို သရော်သောအကြည့်ဖြင့် စေ့စေ့ကြည့်လိုက်သည်။ 


“နင်ရဲ့အသိတရားက တကယ်ကို ဘာနဲ့မှ မတူညီဘူး။ ငါ လယ်ထဲကို မသွားတာနဲ့ ငါက အလုပ်လုပ်နေတဲ့သူ မဟုတ်တော့ဘူးလား။ နင်ရဲ့စိတ်နဲ့ အသိတရားက အဲလောက်ထိပဲ အကန့်အသတ်ရှိနေတယ်။ အိမ်အတွင်းနဲ့ အပြင်က အရာအားလုံးကို ငါက ဂရုစိုက်ပြီး အသင်းအဖွဲ့ရဲ့ အထွက်နှုန်းတိုးဖို့ စိုးရိမ်စရာမလိုအောင် ငါ့ယောကျ်ားကို လယ်ထဲ အလုပ်ဆင်းစေတယ်။ ဘယ်လိုလုပ် ငါက အလုပ်မလုပ်တဲ့သူ ဖြစ်ရမှာလဲ။” 


“ငါ့မိသားစုက အသင်းအဖွဲ့အတွက် ဝက်နှစ်ကောင် မွေးထားတယ်။ ငါတို့ရွာထဲ သွားပြီး မေးကြည့်လိုက်စမ်းပါ… ဘယ်သူရဲ့ဝက်ကများ ငါတို့ဝက်လောက် ဝဖြိုးနေလို့လဲ။ ငါက အလုပ်လုပ်တဲ့သူ မဟုတ်ဘူးလား။”


“ငါ့မှာ သားသုံးယောက် ရှိတယ်။ အခု သူတို့အားလုံး ကျန်းမာသန်စွမ်းပြီး အနာဂါတ်မှာ တိုင်းပြည်အတွက် အကျိုးပြုလိမ့်မယ်။ ငါက အားလပ်ချိန်တွေမှာ ကြိုးကြိုးစားစား လေ့လာပြီး တိုးတက်အောင် လုပ်ခဲ့တာ။ ငါက အလုပ်လုပ်နေတဲ့ အမျိုးသမီး မဟုတ်သေးဘူးလား။” 


“မြို့ထဲမှာ အလုပ်သွားလုပ်တဲ့သူတွေက လယ်မလုပ်တဲ့သူတွေ နင့်မျက်လုံးထဲမှာ သူတို့ကကော အလုပ်မလုပ်တဲ့ မိန်းမတွေ မဟုတ်ဘူးလား။” 


လင်းချင်းဟယ်က လှောင်ရယ်ကာ ပြောလိုက်သည်။ 


“မင်း…မင်းက ယုတ္တိဗေဒ သဘောတရားနဲ့ အတင်းအကျပ် ပြောနေတာ။” မျက်နှာနီရဲနေသော ပညာတတ်လူငယ်က ဒေါသတကြီး ပြောလိုက်သည်။ 


“ငါက အမှန်အတိုင်း ပြောနေတာ။ နင့်အမြင်မှာ လယ်ထဲဆင်း အလုပ်လုပ်တဲ့ အမျိုးသမီးတွေကိုမှ ကျေးလက်အမျိုးသမီးလို့ ပြောချင်တာလား။ နင် အလုပ်လုပ်တဲ့ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံရဲတယ်ပေါ့လေ။ ခေါင်းဆောင်တွေကိုယ်တိုင်က အသိအမှတ်ပြုထားတဲ့ အလုပ်လုပ်တဲ့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံရဲတယ်။ နင်ရဲ့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ ကျောင်းသား/သူတွေကို စာလာသင်ပေးဖို့ ထိုက်တန်လို့လား။ နောက်ပြီး နင်ရဲ့ စာမေးပွဲရလဒ်က ၅၀ ရာနှုန်းလောက်ပဲ ရှိတာ။ ကျောင်းသား/သူတွေကို စာသင်ပေးဖို့ မျက်နှာပြောင်တိုက်ရဲသေးတယ်ပေါ့။” လင်းချင်းဟယ်က မညှာမတာ လှောင်ပြောင်လိုက်သည်။ 


သို့သော် သူမသည်လည်း ဝမ်းနည်းငိုကျွေးနေခဲ့သည်။ 


ဒီလို ရိုးရှင်းသော စာမေးပွဲမေးခွန်းဖြင့် သူသည် တကယ်ပင် ဒီလောက်အမှတ်သာ ရခဲ့သည်။ ထို့အပြင် ထိုသို့သောရမှတ်သည် အမှန်တကယ်ပင် တတိယအဆင့်သို့ ရောက်ရှိနေသည်။ 


ဒုတိယနေရာက ဘာသာရပ်နှစ်ခုလုံးကို အောင်မြင်ခဲ့သော ချန်ရှန်း ဖြစ်နေသည်။ 


ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်ပြီးနောက်တွင် တက္ကသိုလ်ဝင်ခွင့်ရပြီး မိမိကိုယ်ပိုင် အရည်အချင်းဖြင့် မြို့သို့ ပြန်လာသော အနီးပတ်ဝန်းကျင်ရှိ တစ်ခုတည်းသော ပညာတတ်လူငယ်များအတွက် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။ 


မှန်ပေသည်… သူသည် ဘာသာရပ်နှစ်ခုစလုံးတွင် သူမ၏ ပြီးပြည့်စုံသော ရမှတ်တွေလို ရနိုင်ရန်မှာ အလှမ်းဝေးကွာနေပါသေးသည်။ 


“ကျောင်းအုပ်ကြီး… စာမေးပွဲမေးခွန်းတွေ ကြိုတင် ပေါက်ကြားနေတယ်လို့ ကျွန်တော် သံသယဖြစ်မိတယ်။ ဒီလောက်ခက်ခဲတဲ့ စာမေးပွဲမှာ သူမက ဘယ်လိုလုပ် ပြီးပြည့်စုံတဲ့ ရမှတ်ကို ရနိုင်မှာလဲ။” ပညာတတ်လူငယ်က မေးကြောတင်း အံကြိတ်ကာ ပြောလိုက်သည်။ 


“အဓိပ္ပါယ်မရှိတာ… ဒီစာမေးပွဲမေးခွန်းစာရွက်တွေကို ဒီမနက်မှ အချိန်ပိုဆင်းပြီး စောစောကပဲ ကူးလို့ပြီးသွားတာ။” ရပ်ရွာ အငယ်တန်း အထက်တန်းကျောင်းမှ ဆရာ/မများက မကျေမနပ်ဖြစ်ကာ ချက်ချင်း ကန့်ကွက်ကြသည်။ 


အမှန်မှာ တစ်စုံတစ်ဦးက ထိုသို့သော စာမေးပွဲမေးခွန်းများအပေါ်တွင် အမှတ်ပြည့် အမှန်တကယ် ရသွားကြောင်း တွေ့လိုက်ရသည့်အတွက် သူတို့သည်လည်း အလွန် အံ့အားသင့်သွားခဲ့ကြသည်။ 


အားလပ်ချိန်တွင် သူမကိုယ်တိုင် ကြိုးစားလေ့လာခဲ့ကြောင်း လင်းချင်းဟယ် ပြောနေသည်ကို အခုလေးတင် သူတို့ ကြားလိုက်ရသည်။ သို့တိုင် စာမေးပွဲတွင် အမှတ်ပြည့် ရနိုင်ခဲ့သည်မှာ မယုံနိုင်စရာပင်။ 


“ရပ်ရွာ အလယ်တန်းကျောင်းရဲ့ ဂုဏ်သိက္ခာကို ယုံမှားသံသယ ဖြစ်နေတာလား။” အလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးလည်း တအံ့တသြဖြစ်သွားသည်။ သူသည် ပညာတတ်လူငယ်ကို မကျေမနပ်ဖြင့် စိုက်ကြည့်နေမိသည်။ 


“ဒါက မဖြစ်နိုင်ဘူး… လုံးဝ မဖြစ်နိုင်ဘူး။” ပညာတတ်လူငယ်သည် အံကြိတ်ကာ သွားကြားထဲကအသံဖြင့် ပြောလိုက်သည်။


ကျိုးချင်းပိုင်သည် မျက်မှောင်ကြုတ်သွားသည်။ သူက တစ်ခုခုပြောချင်သော်လည်း လင်းချင်းဟယ်က တားလိုက်သည်။ သူမသည် ထိုအမည်မသိ ပညာတတ်လူငယ်လေးအား လှောင်ရယ်လိုက်ရင်း “ငါက ဘာလို့ ဒီအမှတ် မရနိုင်ရမှာလဲ။ ငါ့ကို နင့်လိုမျိုးလို့ ထင်နေတာလား။ နင် သင်ယူခဲ့ရသမျှကို ကျောင်းကို ပြန်ပေးလိုက်တော့။ ပြီးတော့ တခြားသူတွေကို တိုးတက်ခွင့်မပေးနိုင်ဘူးလား။ ကျောင်းအုပ်ကြီး… ကျွန်မ အခု ဒီမှာရှိနေတယ်။ မေးစရာရှိရင် ဘယ်သူမဆို ကျွန်မကို တိုက်ရိုက် မေးခွင့်ပေးလိုက်ပါ။ ကျွန်မရဲ့ အဖြေလွှာစာရွက်ကိုလည်း သူတို့ကို ကြည့်ခွင့်ပေးလိုက်ပါ။”


“ဟုတ်သားပဲ… အဖြေလွှာစာရွက်ကို ယူလာခဲ့။” နောက်ဆုံးတော့ ကျောင်းအုပ်ကြီးက သတိရသွားသည်။ 


ဆရာမများထဲမှ တစ်ယောက်က ကျောင်းအုပ်ကြီးထံသို့ လင်းချင်းဟယ်၏ အဖြေလွှာစာရွက်အား လှမ်းပေးလိုက်ပြီး လင်းချင်းဟယ်ကို နှစ်လိုဖွယ် ပြုံးပြလိုက်သည်။ 


သူမ၏ဦးနှောက်အား မနည်းဖျစ်ညှစ်ပြီး မေးခွန်းကောင်းကောင်းကို ထုတ်ထားခြင်း ဖြစ်သဖြင့် လင်းချင်းဟယ်က လုံးဝမလှည့်စားထားဘူးဆိုတာ သူမ ယုံကြည်သည်။ 


ထိုအကြောင်းကို ဒုတိယလူတောင် မသိနိုင်ပါဘူး။ 


ထို့အပြင် လင်းချင်းဟယ်မှလွဲ၍ အခြားမည်သူမျှ ဖြေဆိုနိုင်ခြင်း မရှိပေ။ 


လင်းချင်းဟယ်၏ လက်ရေးလည်း ရှိသေးသည်။ သပ်သပ်ရပ်ရပ်ဖြင့် လှပသေသပ်စွာ ရေးသားထားသည်။ ကြိုးကြိုးစားစား လေ့လာအားထုတ်ထားသူမှန်း မြင်သူတိုင်း သိနိုင်သည်။ 


ဒါက သက်သေပြရန် မလုံလောက်သေးဘူးလား။ 


ကျောင်းအုပ်ကြီးသည် အဖြေလွှာနှစ်ရွက် အထူးသဖြင့် တရုတ်စာပေစာစီစာကုံးအား စစ်ဆေးခဲ့သည်။ ထို့နောက် သူသည် လင်းချင်းဟယ်ဘက်သို့ လှည့်ကာ “ဒါတွေကို မင်းကိုယ်တိုင် လေ့လာသင်ယူခဲ့တာလား။”


“ကျွန်မ အမျိုးသားချင်းပိုင်က နည်းနည်း သင်ပေးပါတယ်။ ကျန်တဲ့အချိန်တွေမှာ ပျင်းပျင်းနဲ့ အိမ်မှာနေပြီး လေ့လာခဲ့တာပါ။” လင်းချင်းဟယ်က ရှက်ရွံ့သော အပြုံးလေးဖြင့် ပြန်ဖြေသည်။ 


ကျိုးချင်းပိုင်သည် သူ့ဇနီးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ 


လင်းချင်းဟယ်က သူ့ကို ချစ်ရိပ်စွန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။ 


ထို့ကြောင့် ကျိုးချင်းပိုင်က ဘာမှမပြောတော့ဘဲ သူ့မိသားစုကို ကာကွယ်လိုက်သည်။ 


“ချင်းပိုင်က ကောင်းချီးပေးခံရတာပဲ။” ကျောင်းအုပ်ကြီးနှင့် အဖေကျိုးတို့သည် တစ်ယောက်နှင့် တစ်ယောက် ကောင်းကောင်းသိကျွမ်းကြသည်။ သူသည် ကျိုးချင်းပိုင်ကို သူ့တူလေးအဖြစ် ဆက်ဆံလေ့ရှိသောကြောင့် သဘောကျသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။ 


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ဂုဏ်ယူစွာ လှမ်းကြည့်နေသည်။ ကျိုးချင်းပိုင်က သူ့ဇနီးဆီ လှမ်းကြည့်နေသော အကြည့်ကလည်း ဒီထပ်ပိုပြီး မသိမ်မွေ့နိုင်တော့ပေ။ 


သူတို့နှစ်ယောက် အပြန်အလှန် ကြည့်နေကြစဉ် ကျောင်းအုပ်ကြီးက လင်းချင်းဟယ်၏ အဖြေလွှာစာရွက်များကို ဝေမျှပြီးနေပြီ “ကောင်းပြီ… မင်းတို့ကိုယ်တိုင် ကြည့်လို့ရတယ်။ လက်ရေးပဲဖြစ်ဖြစ် အဖြေပဲဖြစ်ဖြစ် မင်းတို့ဖြေထားတာနဲ့ နှိုင်းယှဉ်ကြည့်လိုက်ကြပါဦး။”


လင်းချင်းဟယ်၏ အဖြေလွှာစာရွက်များသည် ပညာတတ်လူငယ်များကြားတွင် အဆင့်ဆင့် ပျံ့နှံ့သွားခဲ့သည်။ အခန်းထဲရှိ မည်သူမှ လင်းချင်းဟယ်၏ ကျက်သရေရှိလှသော စကားလုံးများနှင့် မနှိုင်းယှဉ်နိုင်ပေ။ 


ချန်ရှန်း၏ လက်ရေးလက်သားက တော်တော့်ကို ကောင်းမွန်သော်လည်း ကောင်းသည်ဆိုရုံသာ ထူးကဲပြောင်မြောက်လှသည် မဟုတ်ပေ။ 


လင်းချင်းဟယ်၏ အဖြေလွှာစာရွက်နှစ်ရွက်ပေါ်တွင် စုတ်ချက်များသည် အလွန်ရှင်းလင်းပြီး သပ်ရပ်နေသည်။ 


“ငါ သင်္ချာနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောတော့ဘူး။ နင်တို့ ဒီလိုမျိုး တွက်ကြည့်လို့ရတယ်။ ငါရဲ့အကြမ်းစာရွက်က ဒီမှာ။ တွက်နည်းအဆင့်ဆင့်ကို ကြည့်ချင်ရင် ဒါကို ယူကြည့်လို့ရတယ်။” လင်းချင်းဟယ်သည် သူမ၏ ဘောင်းဘီအိတ်ကပ်ထဲမှ အကြမ်းစာရွက်ကို ထုတ်ယူလိုက်သည်။ စာမေးပွဲအတွက် အကြမ်းစာရွက်က အမြဲရှိသည်။ 


“ဘာသာစကားအတွက်ကတော့ စဉ်းစားပြီး ရေးသားထားသရွေ့ အားလုံးကို အခုချက်ချင်း ပြန်ရွတ်ပြနိုင်တယ်။ အဲဒါကို သေသေချာချာ မှတ်မိနေတာမို့ နင်တို့တွေ ဆန္ဒရှိရင် စမ်းကြည့်လို့ရတယ်။” လင်းချင်းဟယ်က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။ 


မယုံကြည်နိုင်သေးသော ပညာတတ်လူငယ်လေးသည် ကြိုတင်မပြောဘဲ သူမအား ရှည်လျားသော စာစီစာကုံးကို ရွတ်ဆိုပြရန် ချက်ချင်းပင် တွန်းအားပေးလိုက်သည်။ 


လင်းချင်းဟယ်သည် သူမပါးစပ်ကို ဖွင့်ပြီး ရွတ်ဆိုပြလိုက်သည်။ 


သူမသည် ဤရှည်လျားသော စာစီစာကုံးကို စကားလုံးတစ်လုံးမှ မလွတ်ဘဲ ရွတ်ဆိုပြခဲ့သည်။ 


ကျောင်းအုပ်ကြီးနှင့် ဆရာ/မအနည်းစုသည် လင်းချင်းဟယ်ကို သဘောကျလေးစားစွာဖြင့် ကြည့်နေကြသည်။ 


ရှုံးနိမ့်မှုကို ဝန်ခံလိုစိတ်မရှိသေးသည့် အခြားသော ပညာတတ်အမျိုးသမီးငယ်များစွာလည်း ရှိခဲ့သည်။ လင်းချင်းဟယ်သည် ရွတ်ဆိုနေသည့်တစ်လျှောက်လုံး မဆိုင်းငံ့ခဲ့ပေ။ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်တိုက် ရွတ်ဆိုသွားခဲ့သည်။ 


စာငါးပုဒ်ပြီးသွားသောအခါ ပညာတတ် အမျိုးသားလူငယ်များပင် စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ကြသည်။


လင်းချင်းဟယ်၏ စကားသံသည် ထစ်ထစ် ငေါ့ငေါ့ လုံးဝမရှိဘဲ ကြည်လင်ပြတ်သားလှသည်။ သူမ၏ စာလုံးများကလည်း ယဉ်ကျေးသိမ်မွေ့ပြီး ကျက်သရေတင့်တယ်သည်။ တစ်ချက်ကြည့်ရုံဖြင့် သူမသည် အလွန် ဗဟုသုတ ကြွယ်ဝသည်ဟု ပြောနိုင်သည်။ ဒါ့အပြင် အကြမ်းစာရွက်ပေါ်ရှိ ပုစ္ဆာဖြေရှင်းနည်းကလည်း ထူးခြားနှစ်သက်စရာ ကောင်းသည်။ 


လင်းချင်းဟယ်အပေါ် ကျရောက်နေသော ချန်ရှန်း၏အကြည့်များသည် ပို၍ပင် တောက်ပလာသည်။ ဒီအမျိုးသမီးမှာ ဒီလိုမျိုး မသိရသေးသည့် တစ်ဘက်ခြမ်း ရှိနေလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။ 


လူတစ်ကိုယ်လုံး ထွန်းလင်းတောက်ပနေသလိုပင်။ 


ထိုသိုဖြင့် လင်းချင်းဟယ်သည် ရပ်ရွာ၏ အလယ်တန်းကျောင်းတွင် သင်္ချာဆရာမ ဖြစ်လာခဲ့သည်။ 


သို့သော်လည်း အတန်းများကို တရားဝင် မဖွင့်သေးပေ။ အခုက နွေရာသီကျောင်းပိတ်ရက် ဖြစ်သည်။ စက်တင်ဘာလ ၁ ရက်နေ့မတိုင်မီအထိ သင်ခန်းစာများကို တရားဝင် စတင်လိမ့်မည် မဟုတ်ပေ။ 


လစာကိုလည်း ထိုအချိန်မှသာ တွက်ချက်မည် ဖြစ်သည်။ 


အလယ်တန်း ဒုတိယနှစ်နှင့် တတိယနှစ်အတွက် ဆရာ/မများ ရှိနေပြီးသား ဖြစ်သည့်အတွက် သူမက အလယ်တန်း ပထမနှစ်ကို သင်ကြားပေးရမည်။ 


ဒါပေမယ့် အဲဒါတွေက အရေးမကြီးပါဘူး။ 


အရေးကြီးသည်မှာ လင်းချင်းဟယ်တွင် အလုပ်ရှိလာပြီ ဖြစ်သည်။ 


နောင်တွင် သူမအား ရွာထဲတွင် အပျင်းဆုံး အမျိုးသမီးဟု မည်သူကများ ခေါ်ဝံ့သေးသလဲ ဒါမှမဟုတ် ကျိုးချင်းပိုင်သည် သူမကို လက်ထပ်ခဲ့ခြင်းကြောင့် တစ်သက်တာ ကံဆိုးမိုးမှောင်ကျရသည်ဟု ပြောဝံ့ကြသေးလား စောင့်ကြည့်ကြသေးတာပေါ့……။