အခန်း ၁၇၀
Viewers 38k

အခန်း (၁၇၀) - စတုတ္ထ၏ ကံကောင်းမှုကို မနာလိုဖြစ်ကြခြင်း


ရပ်ရွာ၏ အလယ်တန်းကျောင်းတွင် ပထမနှစ်ကလေးများကို စာသင်ပေးရမည့် ဆရာမဖြစ်သွားသော လင်းချင်းဟယ်၏ အောင်မြင်မှုသည် မကြာမီပင် ရွာအနှံ့ ပျံ့နှံ့သွားခဲ့သည်။ 


၎င်းက ကျိုးကျားရွာ တစ်ရွာလုံးကို အုတ်အော်သောင်းတင်း ဂယက်ရိုက်သွားစေသည်။ 


ဘာ… 


ကျိုးချင်းပိုင်ရဲ့ အသုံးအဖြုန်းကြီး လက်ဖွာတဲ့ ဇနီးသည်က အလယ်တန်းကျောင်းမှာ ပထမနှစ် သင်္ချာဆရာမ ဖြစ်သွားတယ် ဟုတ်လား။ 


ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒါက သတင်းအမှားကြီး ဖြစ်ရမယ်။ ကောလဟာလတစ်ခုပဲနေမှာ…! 


ရွာထဲကလူတွေ မဆိုထားနဲ့ ကျိုးအိမ်ရှိ တခြားမိသားစုဝင်တွေတောင် ထိုသတင်းကို ကြားသောအခါ အလွန်အံ့အားသင့်သွားကြသည်။ 


လင်းချင်းဟယ်တစ်ယောက် တစ်ကိုယ်တည်း သီးသန့်စာလေလာ့နေသည်ကို တွေ့မြင်ဖူးထားသဖြင့် တတိယမရီးသည် ထိုကိစ္စကို ကောင်းကောင်းမွန်မွန် လက်ခံနိုင်ခဲ့သည်။ ထို့အပြင် သူမ၏ လက်ရေးက အထူးလှပကောင်းမွန်လှသည်။ 


သူတို့၏အိမ်စာများကို စတုတ္ထအဒေါ်က သင်ကြားပြသပေးကြောင်း တာ့နီနှင့် အခြားသူများထံမှ အကြီးဆုံးမရီးဖြစ်သူက ကြားသိခဲ့ရသည်။ တတိယမရီးဖြစ်သူနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ထိုအကြောင်းကို လက်ခံရန် မခဲယဉ်းကြောင်း တွေ့ရှိခဲ့သည်။ 


ဒုတိယမရီးကတော့ ထိုသို့မလုပ်နိုင်ခဲ့ပေ။ သူမသည် ထိုကိစ္စအား လုံးဝ လက်မခံနိုင်အောင် ဖြစ်နေခဲ့သည်။ 


ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘာလို့လဲ။ လင်းချင်းဟယ်၏ပုံစံအတိုင်းဆိုလျှင် သူမကို ရပ်ရွာ၏ အလယ်တန်းကျောင်းမှာ ပထမနှစ် သင်္ချာဆရာမအဖြစ် မည်သို့ လက်ခံနိုင်မည်နည်း။ 


ဒီလိုလူမျိုးကို တကယ် သင်ကြားခွင့်ပေးရအောင် ရပ်ရွာအသိုင်းအဝိုင်းထဲမှာ မည်သူ တစ်ဦးတစ်ယောက်မှ မကျန်ရှိတော့လို့လား။ 


“နင်ရဲ့ စတုတ္ထမတ်က သူ့အဆက်အသွယ်ကို သုံးလိုက်တယ်လို့ နင် ထင်လား။” သူမနှင့် ဆက်ဆံရေး ကောင်းမွန်သော ဝမ်လင်းက မနေနိုင်ဘဲ မေးလိုက်သည်။ 


ဒုတိယမရီးက ဘာမှမပြောပေ။ 


“ဆယ်ယောက်မှာ ကိုးယောက်လောက်က အဲလိုဖြစ်မယ်လို့ ငါ ထင်တယ်။ သူမပုံစံနဲ့ နင်ရဲ့စတုတ္ထမတ်ကြောင့်သာ မဟုတ်ရင် ရပ်ရွာရဲ့ အလယ်တန်းကျောင်းမှာ သင်ကြားခွင့် ရလိုက်မှာမဟုတ်ဘူး။ ငါတို့ရဲ့ အသင်းအဖွဲ့ မူလတန်းကျောင်းမှာတောင် သူမကို မလိုချင်ဘူး။” ဝမ်လင်းက ပြောသည်။ 


နောက်ဆုံးတွင် ဒုတိယမရီးသည် ဒီတိုင်းမနေနိုင်တော့ဘဲ ပြန်ပြောလိုက်သည်။ “ဒါက စတုတ္ထမတ်ရဲ့ အဆက်အသွယ်ကြောင့် ဆိုတာ လောင်းကြေးထပ်စရာ မလိုအောင် ငါ ခန့်မှန်းနိုင်တယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ပညာတတ်လူငယ် တော်တော်များများလည်း ဒီရာထူးအတွက် လျှောက်ထားကြတယ်လို့ ကြားတယ်။ တကယ်လို့ သူမသာ အဆက်အသွယ်ကို သုံးခဲ့တယ်ဆိုရင် ဒီကိစ္စက ဒီနေရာမှာပဲ ရပ်သွားမှာ မဟုတ်ဘူး။”


ပညာတတ်လူငယ်များသည် ယခင်က အခက်အခဲများ ရှိခဲ့သဖြင့် နောက်ပိုင်းတွင် စုပေါင်းပြီး ပညာတတ်လူငယ်ကော်မတီဟု ခေါ်သော အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့သည်။ မတရားမှု တစ်စုံတစ်ရာ ရှိခဲ့ပါက ပညာတတ်လူငယ်ကော်မတီသည် မြို့တွင်းသို့ သွားရောက်သတင်းပို့နိုင်သည်။ ထိုအချိန်တွင် လူထုအသိုင်းအဝိုင်း တစ်ခုလုံးက အကျိုးဆက်ကို ခံစားကြရမည် ဖြစ်သည်။ 


ထိုပညာတတ်လူငယ်များသည် ဆင်းရဲခက်ခဲမှုများကို ကျင့်သားမရသေးသဖြင့် ဤသင်ကြားရေးရာထူးနေရာအား အချိန်အတော်ကြာကတည်းက ပစ်မှတ်ထားခဲ့ကြသည်။ 


အသင်းအဖွဲ့၏ မူလတန်းကျောင်းတွင်ဖြစ်စေ ရပ်ရွာ၏ အလယ်တန်းကျောင်းတွင်ဖြစ်စေ လစ်လပ်နေရာတစ်ခု ပေါ်လာသည်နှင့် သူတို့၏မျက်လုံးများသည် အသားကို ကြည့်နေသော ဝံပုလွေ၏မျက်လုံးများနှင့် တူလာသည်။ 


ဆရာ/မတစ်ယောက် ဖြစ်ရသည်မှာ ဘယ်လောက်တောင် ကောင်းလိုက်သနည်း။ 


သူတို့သည် လေ သို့မဟုတ် နေရောင်ခြည်နှင့် မထိတွေ့ရဘဲ အလုပ်ရမှတ်များ ရနိုင်သည်။ အထူးသဖြင့် ရပ်ရွာ အလယ်တန်းကျောင်းတွင်ပင်။ တစ်လကို ဆယ်ယွမ်ထက် ပိုရနိုင်သည်ဟု ကြားရသည်။ ဒီထက် ပိုကောင်းသောအလုပ် ရှိပါဦးမလား။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ အဆက်အသွယ်ကို မှီခိုအားကိုးထားလျှင် အသုံးမဝင်ပါဘူး။ ထိုပညာတတ် လူငယ်တွေက ဘယ်တော့မှ လက်ခံသဘောတူမှာ မဟုတ်ဘူး။ 


ထိုအကြောင်းကို ကြားသောအခါ ဝမ်လင်၏မျက်လုံးများက တောက်ပသွားပြီး “တကယ်လို့ ဒါက ပြဿနာဖြစ်လာရင် ဒီကိစ္စက သေးသေးလေး မဟုတ်ဘူး။ သူမ ထောင်ကျသွားမှာလား။”


ဒုတိယမရီးသည်လည်း လင်းချင်းဟယ် ဖမ်းဆီးခံရပြီး ကောင်းကောင်း သင်ခန်းစာပေးခံရရန် စောင့်မျှော်နေသည်။ ဒါမှသာ နေ့တိုင်းလိုလို လွန်လွန်ကဲကဲ အထိန်းအကွပ်မဲ့သော အပြုအမှုများကို မလုပ်မိစေရန် သူမကို အသိပေးပေလိမ့်မည်။ 


ထို့ကြောင့် သူမသည် စောင့်ဆိုင်းပြီးရင်း စောင့်ဆိုင်းနေပေမယ့် ဘာမှမဖြစ်လာခဲ့ပေ။ 


ပညာတတ်လူငယ်တွေက ရုတ်ရုတ်သဲသဲ မလုပ်ဘဲ ရက်ပေါင်းများစွာ ကုန်လွန်သွားခဲ့ပြီ။ 


“အမေ… ပညာတတ်လူငယ်တွေက ပြဿနာမရှာကြဘူးလား။” နောက်ဆုံးတော့ ငါးရက် ကျော်လွန်သွားပြီးနောက်တွင် ဒုတိယမရီးသည် ဒီတိုင်းထိုင်မနေနိုင်တော့ဘဲ အမေကျိုးကို မေးလိုက်သည်။ 


ဒီလောက်ရက်တွေအများကြီး ကျော်လွန်သွားခဲ့ပြီး ဘာသတင်းမှ မကြားရပေ။ ဒါက တကယ့်ကို စိတ်ရှုပ်စေသည်။ 


ထိုစကားကို ကြားသောအခါ အမေကျိုးက မျက်မှောင်ကြုတ်သွားပြီး ပြန်ဖြေလိုက်သည်။ “ပညာတတ်လူငယ်တွေက ဘာကြောင့် ပြဿနာရှာရမှာလဲ။”


“လောင်တရဲ့အမေက စတုတ္ထမတ်ရဲ့ အဆက်အသွယ်ကို အသုံးပြုပြီး ရပ်ရွာရဲ့ အလယ်တန်းကျောင်းမှာ ဆရာမဖြစ်လာတဲ့ ကိစ္စလေ။” ဒုတိယမရီးက ပြန်ဖြေသည်။ 


“စန်းနီအမေ… နင် ဘာတွေပြောနေတာလဲ။ လောင်တရဲ့အမေက သူမအရည်အချင်းကြောင့် အလုပ်ဝင်ခွင့်ရခဲ့တာ။” အကြီးဆုံးမရီးက ထိုစကားအား ကြားသောအခါ ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။ 


“ဟုတ်တယ်… ငါတို့အားလုံး ဒီအကြောင်း လူချင်းတွေ့ပြီး မေးပြီးသွားပြီ။ လောင်တရဲ့အမေက မေးခွန်းနှစ်စောင်စလုံးကို အမှတ်ပြည့်ရခဲ့တာ။ ပညာတတ်လူငယ်တွေတောင် သူမကို အနိုင်မယူနိုင်ကြဘူး။ သူမရဲ့အရည်အချင်းနဲ့ အလုပ်ဝင်ခွင့်ရလာတာ။ ဘယ်လိုလုပ် စတုတ္ထမတ်ရဲ့ အဆယ်အသွယ်ကို အသုံးပြုတယ်လို့ ပြောလာရတာလဲ။” တတိယမရီးကလည်း မျက်မှောင်ကြုတ်သွားသည်။ 


သူမ၏ကိုယ်ဝန်သည် နေ့စေ့လစေ့ ဖြစ်နေပြီး မွေးဖွားရန် နီးကပ်နေပြီ။ 


အမေကျိုးသည် ထိုစကားကို ကြားသောအခါ အခြေအနေကို အနီးစပ်ဆုံး နားလည်သဘောပေါက်သွားသည်။ သူမသည် ဒုတိယချွေးမကို လှောင်ပြောင်သရော်ရင်း “ဒီရက်တွေမှာ ပညာတတ်လူငယ်ကော်မတီက ငါတို့ရဲ့ကျိုးအိမ်ဆီ လာပြီး ပြဿနာလာရှာမှာကို နင်က စောင့်မျှော်နေတာလား။”


ထိုအခါမှ ဒုတိယမရီးသည် အလျင်အမြန် ပြန်ဖြေသည်။ “အမေ… အဲလိုမဟုတ်ပါဘူး…” 


“အဲလိုမဟုတ်ရင် နင်က ဘာကိုဆိုလိုချင်တာလဲ။ ရွာသူရွာသားတွေက စတုတ္ထရဲ့ဇနီးကို ချီးကျူးဂုဏ်ပြုနေချိန်မှာ နင်ကတော့ မကောင်းတာကို စောင့်မျှော်နေတယ်။ ရှရှက အဲဒီကို အိမ်စာလုပ်ဖို့ သွားလိုက်တိုင်း အရသာရှိတဲ့ စားစရာတစ်ခုခုရှိနေရင် စတုတ္ထရဲ့ဇနီးက သူ့ကို အမြဲတမ်း ဝေစုပေးခဲ့တယ်။ သူက အဲနေရာကနေ အရသာရှိတဲ့ စားစရာတွေ အများကြီး စားသောက်ခဲ့ပြီး နင်က စတုတ္ထရဲ့ဇနီးကို ပြဿနာဖြစ်စေချင်တာလား။” အမေကျိုးက သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ 


ဒုတိယမရီးသည် ဖြူရော်သွေးဆုတ်သွားပြီး ပြန်ဖြေသည်။ “အမေ… ကျွန်မအကြောင်းကို မပြောပါနဲ့ဦး။ အဲ့အကြောင်းကိုပဲ အရင်ပြောရအောင်ပါ။ သူမက တခြားသူတွေကို လှည့်စားနိုင်ပေမယ့် ကျွန်မတို့မိသားစုကို လှည့်စားနိုင်မလား။ သူမကို လက်လွှတ်ခိုင်းလိုက်ပါ။ ပညာတတ်လူငယ်ကော်မတီက ရုတ်ရုတ်သဲသဲ လုပ်လာရင် ပေါ့သေးသေးမဟုတ်ဘူး။ သူမနှင့်အတူ ကျိုးမိသားစုဝင်အားလုံး အရှက်ကွဲရလိမ့်မယ်။”


“နင်တော့ ရူးနေပြီထင်တယ်။” အမေကျိုးက ဘွင်းဘွင်းရှင်းရှင်း ပြောလိုက်သည်။ “ဘာလို့ လက်လွှတ်ပေးရမှာလဲ။ စတုတ္ထ၏ဇနီးရဲ့ ရမှတ်တွေက သူမအရည်အချင်းအပေါ် မူတည်ပြီး ရခဲ့တာ။ နင့်မှာက အရည်အချင်းမရှိဘူး အဲဒါကြောင့် စတုတ္ထရဲ့ဇနီးကိုလည်း အရည်အချင်းရှိလာဖို့ မလိုလားဘူးမလား။ စတုတ္ထရဲ့ဇနီးက သင်ကြားရေးနယ်ပယ်ထဲ လျှောက်လှမ်းဖို့ ဘာကြောင့် ချင်းပိုင်းရဲ့ အဆက်အသွယ်ကို လိုအပ်မှာလဲ။ ချင်းပိုင်က အလယ်တန်းကျောင်းမှာ ဘယ်လိုလုပ် အဆက်အသွယ်တွေ ရှိမှာလဲ။”


“စာမေးပွဲမှာ လူတွေ အများကြီး စောင့်ကြည့်နေကြပြီး ဆရာ/မတွေက မနက်အစောကြီးမှာမှ မေးခွန်းတွေ ထုတ်တယ်လို့ ကြားတယ်။ ဘယ်သူမှ ကြိုတင်မသိနိုင်ဘူး။” အကြီးဆုံးမရီးက ထောက်ပြသည်။ 


“ဒါ့အပြင် ဘာသာရပ်နှစ်ခုစလုံးကို အောင်ခဲ့တဲ့ ချန်ရှန်းလို့ခေါ်တဲ့ ကောင်လေးကလွဲပြီး ကျန်တဲ့ ပညာတတ်လူငယ်တွေက မအောင်ခဲ့ဘူး။ လောင်တရဲ့အမေက အမှတ်ပြည့် ရခဲ့တာ။ ဆရာ/မတွေ အကုန်လုံးက လက်ခံယုံကြည်တယ်လို့ ပြောတယ်။” တတိယမရီးက အေးအေးဆေးဆေး ဆက်ပြောသည်။ 


“အဲဒီ ပညာတတ်လူငယ်တွေက အစပိုင်းမှာ မယုံကြဘူး။ သူတို့တွေက မေးခွန်းတွေ မေးပြီး လောင်တအမေကို ဘယ်သူမှ မယှဉ်နိုင်ခဲ့ဘူးလို့ ကြားတယ်။” အကြီးဆုံးမရီးက ဆက်ပြောသည်။ 


“သူတို့အားလုံး ဒီရာထူးကို ရည်မှန်းထားကြတယ်။ လောင်တအမေကို သူတို့တွေ အနိုင်ယူနိုင်ရင် ဘာလို့ ရက်ပေါင်းများစွာကြာအောင် စောင့်နေမှာလဲ။” တတိယမရီးက ပြောသည်။ 


ဒုတိယမရီးသည် မှင်တက်သွားရသည်။ 


“နင်က အဲဒီ ‘မာ’ မိသားစုရဲ့ အမျိုးသမီးနဲ့ တစ်နေကုန်နေ နေလိုက်။ နင်လည်း သူမလို ဦးနှောက်မရှိ ဖြစ်တော့မယ်။” အမေကျိုးက ဒုတိယမရီးကို ဝေဖန်လိုက်သည်။ 


ဒုတိယမရီးသည် ရှက်လွန်းသဖြင့် လှည့်ထွက်ကာ ငိုကျွေးရန် အခန်းထဲသို့ ပြန်သွားခဲ့သည်။ 


သူမ၏ စိတ်ထဲတွင် မတရားသလို ခံစားလိုက်ရသည်။ ဒုတိယအစ်ကို ပြန်ရောက်လာသောအခါ ဒေါသမျက်နှာဖြင့် မေးသည်။ “ဘာဖြစ်တာလဲ… မင်းကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ။” 


သူအနေဖြင့် ဒီလိုမေးမြန်းရန် မမျှော်လင့်ထားပါဘူး။ ကျိုးမိသားစုဘက်ခြမ်းတွင် အကြီးဆုံးမရီးဖြစ်ဖြစ် တတိယမရီးဖြစ်ဖြစ် သူတို့က ပြဿနာရှာမည် မဟုတ်ပေ။ ဘယ်သူမှ သူမကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ 


“ရှင် ပြောကြည့်… လောင်တအမေက သူမကိုယ်ပိုင် အရည်အချင်းနဲ့ အလုပ်ရသွားတာလား။” ဒုတိယမရီးက မျက်ရည်များကို သုတ်ရင်း မေးလိုက်သည်။ 


အခုချိန်ထိ ဒီအချက်ကို သူမ မယုံနိုင်သေးဘူး။ 


ဒုတိယအစ်ကိုသည် စိတ်ရှုပ်ထွေးစွာဖြင့် “အဲဒါက ပြောစရာမလိုဘူးမလား။ သူမရဲ့ကိုယ်ပိုင် အစွမ်းအစနဲ့ ဒီပညာတတ်လူငယ်တွေကို မဖိနှိပ်နိုင်ရင် ပညာတတ်လူငယ်ကော်မတီက သေချာပေါက် ပြဿနာ ရှာကြလိမ့်မယ်။”


အမှန်တော့ ဒုတိယအစ်ကိုသည် တကယ့်ကို မနာလိုဖြစ်ခဲ့သည်။ စတုတ္ထ၏ ကံကောင်းမှုကို မနာလိုမိသည်။


ပိုက်ဆံမစုတတ်သော ဇနီးမယားတစ်ယောက်နှင့် လက်ထပ်ခဲ့ရသည်ဟု သူ ထင်ခဲ့သည်။ ဒါကြောင့် သူတို့တွေ ကောင်းကောင်းနေခဲ့ရင်တောင် ဒုတိယအစ်ကိုက မနာလိုမဖြစ်ပေ။ 


နောက်ဆုံးတော့ ဘဝဆိုတာ တစ်နေ့တာကိစ္စ မဟုတ်ပေ။ မိသားစုက ပိုက်ဆံကို စုဆောင်းထားရမည်။ 


ပိုက်ဆံ မစုဆောင်းနိုင်လျှင် အနာဂါတ်မှာ ဘာလုပ်နိုင်မည်နည်း။ 


သို့သော် စတုတ္ထ၏ဇနီးသည် ဘာမှသိပ်မစဉ်းစားဘဲ လယ်ကွင်းထဲတောင် မသွားပေ။ 


ဒါပေမယ့် သူမ လယ်ကွင်းထဲသို့ မသွားရသည့် အကြောင်းအရင်းက ဒီအကြောင်းကြောင့်ဆိုတာ ဘယ်သူသိမှာလဲ။ 


သူမသည် သူမ၏အချိန်များကို စာလေ့လာခြင်းတွင် လုံးလုံးလျားလျား ပေးအပ်မြှုပ်နှံထားသည်။ စာလေ့လာနေခြင်းကြောင့် အလုပ်မသွားနိုင်ပေ။ လေးစားစရာကောင်းသည့် အချက်ကတော့ စတုတ္ထ၏ဇနီးသည် နှစ်ပေါင်းများစွာ ကြာသည့်အထိ စကားတစ်ခွန်းမှ မပေါက်ကြားခဲ့ခြင်းပင်။