အခန်း (၁၇၄) - ညသန်းခေါင်ယံအချိန်တွင်
လင်းချင်းဟယ်၏ လုပ်ခလစာတွင် အလုပ်မှတ်နှင့် လစာဆယ့်သုံးယွမ်လည်း ပါဝင်၏။ တစ်ရွာလုံးတွင် သူမတို့မိသားစုဘဝက မဆိုးနိုင်တော့ပေ။ ထို့ထက်ပိုသည်က လင်းချင်းဟယ်သည် သူမကိုယ်တိုင် ဆရာမတစ်ယောက် ဖြစ်လာချိန်မှစပြီး အပေါ်ယံတွင် သူမဝင်ငွေက သိသာလာကာ အစပိုင်း နို့သုံးပုလင်းမှာရာမှ လေးပုလင်းဖြစ်သွား၏။
အဖေကျိုးနှင့် အမေကျိုးကတော့ ဝေစုမရပေ။ နောက်ထပ်တစ်ပုလင်းက ကျိုးချင်းပိုင်အတွက် ဖြစ်၏။ ကျိုးချင်းပိုင်က ၎င်းကိုသောက်ရန် မစီစဉ်ထားပေ။ သူက သူမကိုယ်တိုင်သောက်ရန် တိုက်တွန်းသော်ငြား လင်းချင်းဟယ်က သဘောမတူခဲ့ပေ။
သူ့ခန္ဓာကိုယ်က ယခုအချိန်တွင် ပြဿနာမရှိတော့သော်ငြား လင်းချင်းဟယ်က သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့သည်ကို ဘယ်တော့မှမမေ့နိုင်ပေ။
ထို့အပြင် ဤလူက နှုတ်နည်းသည့်သူဖြစ်သည်။ သူ မသက်မသာဖြစ်လျှင်တောင် ဘာမှပြောမှာ မဟုတ်ပေ။ လင်းချင်းဟယ်က သူ့ကိုကောင်းကောင်းသိသည်။
သူမသည် ရံဖန်ရံခါ၌ သူ့ကို အလုပ်မှတ် ခုနစ်မှတ် ရှစ်မှတ်သာယူရန် တိုက်တွန်းခဲ့သော်ငြား သူက ဘယ်တော့မှ နားမထောင်ခဲ့ပေ။ ထို့ကြောင့် လင်းချင်းဟယ်က သူ့ကို တစ်နေ့လျှင်သုံးနပ် သင့်တော်အောင် ကျွေးနေတာဖြစ်၏။ သူနာကျင်မှုခံစားနေရမှာကို သူမစိုးရိမ်မိသည်။
သူတို့အသက်ကြီးလာချိန်၌ နေ့ရက်ကောင်းများလည်း ရောက်လာလိမ့်မည်။ သူ့ကို ကောင်းမွန်သည့် ဘဝမျိုးမှာ သက်တောင့်သက်သာ နေထိုင်ရတာမျိုးကို မလွဲချော်စေချင်ပေ။
အဖေကျိုးနှင့် အမေကျိုးအတွက်မူ သူမစိတ်ထဲ မထားတော့ချေ။ သူမက မဝယ်ချင်တာမဟုတ်ဘဲ သူမဝယ်ခဲ့လျှင် ထိုလူနှစ်ယောက် သဘောမတွေ့လောက်ပေ။ သူမက သူတို့ထံမှ ခွင့်ပြုချက် ယူရန်လိုအပ်၏။ ထို့ကြောင့် လင်းချင်းဟယ်က သူတို့နှစ်ယောက်အတွက် နို့ပုလင်း ဝယ်မည့်အကြောင်း ထည့်တောင်မပြောခဲ့ပေ။ ထို့ကြောင့် သူမသည် ကျိုးချင်းပိုင်အတွက် တစ်ပုလင်းသာ မှာခဲ့တာဖြစ်၏။ သူမက အလုပ်မသွားခင် သူသောက်တာကို ကြည့်သည်။
ကျိုးချင်းပိုင်ကလည်း ကူကယ်ရာမဲ့နေလေ၏။ တစ်ဖက်တွင်မူ အမေကျိုးက သူမရင်ထဲ၌ ကြည်နူးနေသည်။ အကြောင်းမှာ စတုတ္ထလေး၏ဇနီးက သူမ၏အငယ်ဆုံးသားကို ဂရုစိုက်နေတာကို မြင်လိုက်သောကြောင့်ဖြစ်၏။ မိခင်တစ်ယောက်ဖြစ်သော သူမထက်ပိုပြီး အာရုံစိုက်သည်။
ထို့အပြင် ယင်းက စတုတ္ထလေး၏ဇနီးရထားသည့် ပိုက်ဆံများလည်း ဖြစ်သည်။ ထို့ကြောင့် အဖေကျိုးနှင့် အမေကျိုးက ဘာမှမပြောတော့ပေ။
ကျိုးချင်းပိုင်ကလည်း သူ့သားများနည်းတူ တူညီသည့်ဆက်ဆံမှုကိုရရှိပြီး နေ့တိုင်း နို့တစ်ပုလင်းသောက်ရ၏။ ရွာသားများတောင် ၎င်းကိုသိသည်။
သို့သော် ကျိုးချင်းပိုင်၏ ကြေးနီရောင် အသားအရေနှင့် တောက်ပသော မျက်ဝန်းများကို မြင်တွေ့သည့်အချိန်၌ သူတို့အားကျတော့သည်။ အချို့သော ဇနီးမယားများက ဗျစ်တောက်ဗျစ်တောက်ပြော၏။ သူတို့က ထိုအပိုင်း၌ ကျိုးချင်းပိုင်၏ စွမ်းဆောင်ရည်ကိုလည်း နှစ်ကိုယ်ကြားပြောကြားပြီး သူတို့ကိုယ်တိုင် တွေ့ကြုံချင်သည့်ပမာ ရံဖန်ရံခါ၌ လင်းချင်းဟယ်ကို အားကျနေကြသည်။
အားကျခံနေရသော လင်းချင်းဟယ်ကမူ အားကျခံနေရကြောင်း မသိပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူမက ကျိုးချင်းပိုင်ကို နှိမ့်နှိမ့်ချချနေရန်သာ တောင်းဆိုခဲ့သည်။ အထူးသဖြင့် သင့်တင့်မျှတအောင်နေရန် ပြောဆိုခဲ့သည်။
အထူးသဖြင့် နှစ်စဉ်ဆောင်းရာသီရိတ်သိမ်းမှုက မျက်တောင်တစ်ခတ်အချိန်အတွင်း ရောက်ရှိလာ၏။ လကုန်လျှင် ရိတ်သိမ်းမှုက စတင်တော့မည်။ ထိုအချိန်ရောက်လျှင် အင်မတန် အလုပ်များမည်။ ကျောင်းကလည်း ခဏပိတ်ထားမှာ ဖြစ်သည်။ ပုံမှန်ဆို မနက်ခင်း၌ အတန်းများ ရှိပြီး နေ့လယ်၌နားကာ အလုပ်မှတ်ရယူရန်အတွက် ဆောင်းရာသီရိတ်သိမ်းမှု၌ ပါဝင်ကြ၏။
မူလတန်းကျောင်းဖြစ်စေ၊ အလယ်တန်းကျောင်းဖြစ်စေ ထိုအတိုင်းသာဖြစ်သည်။
ဆောင်းရိတ်သိမ်းမှုကာလ၌ မည်သည့်အရာကမှ ဆောင်းရိတ်သိမ်းမှုလောက် အရေးမပါပေ။ ယခုအချိန်မှစကာ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အာဟာရဖြည့်ပေးဖို့သာ စိတ်ထဲထားတော့သည်။
နောက်နေ့နံနက်၌ သူမက အသားယူရန်အတွက် အစ်မမိန်ဆီ သွားရမည်။ ကျန်သည့်သူများပါ ထပ်ပေါင်းလိုက်ရာ ဝက်ဗိုက်သား နှစ်ကျင်း မှာခဲ့သည်။
သူမ၏သိုလှောင်နေရာအတွင်းရှိ အသားများအတွက်မူ စားရန်သိပ်မကျန်တော့ပေ။ ကျိုးချင်းပိုင်နှင့် အဖေကျိုးက လောင်တ၊ လောင်အာ့တို့နှင့် အတူပြန်လာ၏။ သူတို့ ခြေလက်သန့်စင်ပြီးနောက် တစ်မိသားစုလုံးက အတူစားသောက်ကြရန် စုဝေးကြတော့သည်။
ခရမ်းချဉ်သီးနှင့် ကြက်ဥမွှေကြော်က အဓိကဟင်းလျာဖြစ်သည်။ စွပ်ပြုတ်ထဲ ဆန်ထည့်ထားပြီး ချိုချိုချဉ်ချဉ်အရသာရှိ၏။ ယင်းက အံ့ဩဖွယ်ကောင်းသည့်အရသာဖြစ်သည်။
ခဝဲသီးနှင့် အရိုးစွပ်ပြုတ်လည်း သောက်စရာရှိသေးသည်။ အရသာကောင်းလှပေ၏။ တစ်မိသားစုလုံးက အလွန် စိတ်ကျေနပ်နေကြသည်။
“အဖေ အမေ ပြန်တဲ့အချိန်ကျ အဖေတို့အတွက် ပြင်ဆင်ပေးထားတဲ့ ရတနာရှစ်ပါးဆန်ပြုတ်ကို သောက်ဖို့သတိရဦးနော်” လင်းချင်းဟယ်ကပြောလိုက်၏။
သူမသည် ယနေ့၌ ရတနာရှစ်ပါးဆန်ပြုတ်ချက်ထားသည်။ တစ်ယောက်လျှင် တစ်ပန်းကန်သာရမည်။
“ဟုတ်ပြီ” အဖေကျိုးက ပြန်ပြောလိုက်၏။
စားသောက်ပြီးနောက် သူတို့မိသားစုပြန်သွားသည်။ အမေကျိုးက မနေခဲ့ပေ။ သူမက စုချွင်းလေးကို ချီကာ အဖေကျိုးနှင့်အတူ ရတနာရှစ်ပါးဆန်ပြုတ်သေတ္တာကို သယ်သွား၏။
စုချန်လေးက သူတို့အိမ်တွင်နေရစ်၏။ သူက ယခုဆိုဝမ်းကွဲသုံးယောက်နှင့်အတူ စားသောက်နေထိုင်နေပြီ ဖြစ်သည်။
အကောင်ပေါက်လေးသည် စားသောက်ပြီး လုံးလာတော့၏။ ပြောရမည်ဆိုလျှင် သူက ဆိုးဆိုးရွားရွား ဆက်ဆံမခံရပေ။
“မနက်ဖြန်က မြို့ပေါ်မှာ ပဲဆီသွားဝယ်မလို့။ ရှင်စားချင်တာ ရှိသေးလား” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို မေးလိုက်၏။
“မင်းအတွက်မင်း လိမ်းစရာခရင်လေးဝယ်ဦး” ကျိုးချင်းပိုင်ကလည်း ပြန်ပြောလိုက်၏။
သူ့အတွက်ဝယ်စရာမရှိပေ။
လင်းချင်းဟယ်က ရယ်မောလိုက်သည်။ “နေ့တိုင်းကျွန်မအတွက် ဝယ်ထားတဲ့ခရင်ကိုလိမ်းတယ်”
သူမသည် အသားအရေကိုဂရုစိုက်ရန်အတွက် ထုတ်ကုန်တချို့လည်း သယ်လာသည်။ အမြောက်အမြား ကျန်သေး၏။ လိမ်းဖို့ခရင်ကမူ ၎င်းကိုအသုံးမပြုချေ။
ကျိုးချင်းပိုင်က မေးလိုက်၏။ “ဒီည ရေကူးမလား”
သူက ရေကူးရတာကို နှစ်ခြိုက်၏။ သို့သော် သူ့ဇနီးက နေ့လယ်တွင် သွားခွင့်မပေးပေ။
သူက ဘောင်းဘီတစ်ထည်သာကျန်တော့သည်အထိ ချွတ်လိုက်၏။ ထို့အပြင် သူရေထဲရောက်သည့်အချိန်၌ အားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရ၏။ လင်းချင်းဟယ်က မသင့်တော်သည့်အတွေးများရှိနေသော ရွာထဲရှိ အမျိုးသမီးအချို့ကို အမြတ်မထုတ်စေချင်ပေ။
ပြောရမည်ဆိုလျှင် ကျိုးချင်းပိုင်က ညအချိန်တွင်ရေကူးရ၏။
“ရှင့်ဖာသာရှင်သွား” လင်းချင်းဟယ်က ပြောလိုက်သည်။ ထိုသို့ပြောလိုက်သည့်တိုင် သူမက ညဖက်ကိုးနာရီထိုးချိန်တွင် ကျိုးချင်းပိုင်နှင့်အတူ မြစ်ဆိပ်သို့ သွားသည်။ ညနက်လုနီးပါး ဖြစ်သောကြောင့် အိမ်ရှိကလေးများက အိပ်ပျော်နေကြပြီဖြစ်သည်။
သို့သော် ထို့သို့တိုင် လင်းချင်းဟယ်က ဝတ်စုံပြည့်ဝတ်ပြီးရေထဲသို့ဆင်းသေး၏။ သူမအတွက် ရေစိမ်တာက လုံလောက်နေပြီဖြစ်သည်။ သို့သော် ကျိုးချင်းပိုင်က ရေသွားကူးသေးသည်။ ပြီးနောက် သူမကိုသယ်လာပြီး မြစ်ဘေး၌ ဆော့ကစားနေကြတော့သည်။ ယင်းကို လူအများ မြင်ခဲ့လျှင် ဆိုးရွားလွန်းသည့်အပြုအမူဟု ဆိုကြမှာပဲဖြစ်သည်။
သူတို့ အမှန်တကယ် ဘာမှမလုပ်ခဲ့ပေ။ စုံတွဲနှစ်ယောက်ရေထဲတွင် ပူးကပ်နေခြင်းသာဖြစ်၏။
သူတို့လင်မယားက နာရီဝက်ကျော်နေခဲ့ပြီးနောက် လင်းချင်းဟယ်က အဝတ်အစားများ လဲရန်အတွက် ထပ်ပုန်းလိုက်ပြန်သည်။ ပြီးနောက် ကျိုးချင်းပိုင်နှင့်အတူ အိမ်ပြန်လာ၏။
လမ်းတဝက်တွင် သူတို့က သစ်တောလေးထဲကနေ မကြားသင့်သော အသံတစ်သံကို ကြားလိုက်ရသည်။
“တစ်ယောက်ယောက်က...” လင်းချင်းဟယ်က မျက်လုံးပြူးကာ တီးတိုးပြောလိုက်၏။
ကျိုးချင်းပိုင်က ညလယ်ခေါင်တွင် ထိုကဲ့သို့အသံမျိုးကို မထင်ထားတာ သိသာသည်။ သူက ပြောလိုက်သည်။ "သွားကြမယ်" သူက ဝင်မပါချင်တာ သိသာ၏။
“မရဘူး။ ဘယ်သူလဲဆိုတာ မြင်ချင်တယ်” လင်းချင်းဟယ်က ချက်ချင်းတုန့်ပြန်လိုက်၏။ သူမက မည်သူဆိုတာ သိချင်တာပဲ ဖြစ်၏။ သို့မှသာ သတိထားနိုင်မည်ဖြစ်သည်။ ထိုပုံစံကိုမြင်သောအခါ ကျိုးချင်းပိုင်က ခိုးကြောင်ခိုးဝှက် ခေါ်သွား၏။ ကျိုးချင်းပိုင်က ဦးစွာကြည့်ပြီးနောက် သူ့ဇနီး၏မျက်လုံးကို ချက်ချင်း ပိတ်လိုက်တော့သည်။
လင်းချင်းဟယ်က မမြင်ရသေးခင် ကျိုးချင်းပိုင်က သူမကိုဆွဲထုတ်လာ၏။
ဖြစ်ရပ်နေရာနှင့်ခပ်ဝေးဝေးသို့ရောက်ပြီးနောက် လင်းချင်းဟယ်က မေးလိုက်တော့၏။
“ချင်းပိုင် သူတို့က ဘယ်သူတွေလဲ”
ယင်းက တကယ်မတရားပေ။ သူက သူမကိုတစ်ချက်တောင်ကြည့်ခွင့်မပေးပေ။ သူကမူ ကြည့်ခဲ့၏။
“လောင်မားရဲ့တတိယဇနီးနဲ့ လောင်မားရဲ့စတုတ္ထသား” ကျိုးချင်းပိုင်က ပြောလိုက်၏။
“ဟမ်” လင်းချင်းဟယ်ကထိတ်လန့်သွားသည်။
စန်းမား၏ဇနီး မည်သူမှန်း သူမသိသည်။ ယင်းက ဝမ်လင်းဖြစ်ပြီး ဒုတိယမရီးနှင့် အလွန်ဆက်ဆံရေး ကောင်းသည့်သူဖြစ်၏။ သူမအကြောင်း မကြာခဏ အတင်းတုပ်သူဖြစ်သည်။ သူက မတ်နှင့် အမှန်တကယ် ဖောက်ပြန်နေသည်လော။ ထိုအကြောင်းကိုပြောရလျှင် လောင်စစ်မားက ယခုနှစ်တွင် အသက်နှစ်ဆယ်ပြည့်ပြီး ဖြစ်သည်။ သူက လက်ထပ်ရမည့်အရွယ် ရောက်နေပြီ။ ဝမ်လင်းကမူ အသက်နှစ်ဆယ့်ခုနစ်နှစ်၊ အသက်နှစ်ဆယ့်ရှစ်နှစ်ရောက်နေပြီဖြစ်၏။
နှစ်ယောက်လုံးက အတင့်ရဲလွန်းသည်။ ဤကာလအတွင်း သူတို့က ထိုသို့ပြုလုပ်ရဲ၏။ သူတို့ ဝေဖန်ခံရပေမည်။
တန်ကြေးက ကြီးမားလွန်းသည်။
လင်းချင်းဟယ်က ဝမ်လင်းကို မကြိုက်သည့်တိုင် ခေတ်မီပညာရေးအရ သူမ၏အောက်ခြေစည်းကို ချိုးဖြတ်ခွင့်မပေးပေ။ ထိုသို့တိုင် ဤအရေးကိစ္စကိုသိသည့်အချိန်၌ လင်းချင်းဟယ်က မသိသည့်ပမာ မပြုမူနိုင်ချေ။