အခန်း (၁၇၆) - သားတစ်ယောက်ရခြင်း
ကျိုးချင်းပိုင်က ယခုနှစ် ဆောင်းဦးရိတ်သိမ်းမှု၌ ကံကောင်းခဲ့သည်။ ဆောင်းဦးရိတ်သိမ်းမှု ရက်အနည်းငယ်အတွင်း ကျိုးချင်းပိုင်က ဆူဖြိုးသော တောယုန်တစ်ကောင်ကိုလည်း ဖမ်းမိခဲ့၏။
ထိုတောယုန်က ကျင်းအနည်းငယ်ခန့်လေးပြီး ထုတ်လုပ်ရေးအသင်းထဲရှိလူတိုင်းကို အားကျသွားစေ၏။
လွန်ခဲ့သည့် နှစ်နှစ် သုံးနှစ်တွင် ကျိုးချင်းပိုင်က ဆောင်းဦးရိတ်သိမ်းမှုတိုင်း၌ ယုန်တစ်ကောင် ဖမ်းမိခဲ့သည်။ သူက အတော်လေး အရည်အချင်းရှိသည်ဟု ဆိုရမှာပဲ ဖြစ်သည်။
ကျန်သည့်အဖွဲ့ရှိ လူအချို့ကလည်း ယုန်များ ဖမ်းမိကြသော်လည်း ရိုးရိုးသားသား ပြောရလျှင် ကျိုးချင်းပိုင်ကဲ့သို့ နှစ်တိုင်း တစ်ကောင်မဖမ်းမိချေ။
ဆူဖြိုးသောယုန်ကို အိမ်သယ်လာပြီးနောက် ကျိုးချင်းပိုင်က ကိုင်လိုက်၏။ ပြီးနောက် လင်းချင်းဟယ်က ၎င်းကိုယူကာ နှပ်လိုက်တော့သည်။
ယခုနှစ်ယုန်က အတော်လေး ကြီးသည်။ ယုန်သားနှပ်နှင့် အာလူးကိုရောမွှေလိုက်၏။ မွှေးရနံ့က သင်းပျံလွန်းလေရာ ရနံ့များ ရှူရှိုက်မိစေပြီး ထမင်းနှစ်ပန်းကန်လောက် ကုန်စေ၏။
သို့သော် ကျိုးချင်းပိုင်၏ ယခုနှစ်ကံက ယခင်နှစ်ထက်ပိုကောင်းသည်။ ဆောင်းဦးရိတ်သိမ်းမှုအလယ်၌ ကျိုးချင်းပိုင်က နောက်ထပ်တစ်ကောင် ဖမ်းမိသည်။ ယင်းကလည်း ဆူဖြိုးသည့်အကောင်ဖြစ်သည်။
အရှေ့တစ်ခုကို မေ့ထားပြီး ယခုယုန်က မိသားစုအတွက် ထားရမည်။
ထိုအကောင်အတွက် လင်းချင်းဟယ်က အာလူးနှင့်ရောနှပ်ပြီးနောက် အကြီးဆုံးမရီး၊ ဒုတိယမရီးနှင့် တတိယမရီး၏ မိသားစုဆီသို့ တစ်ပန်းကန်စီ ပေးခဲ့၏။
အများစုက အာလူးများ ပါတာဖြစ်၏။ ယုန်သားက သိပ်မပါပေ။ အသားစများသာ ပါ၏။ ဟင်းချိုများစွာလည်း ရှိသေးကာ တွဲဖက်စားသောက်ရန် အလွန်အရသာရှိသည်။
ဒုတိယမရီးနှင့် လင်းချင်းဟယ်၏ ဆက်ဆံရေးက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်သည်။ သို့သော် လင်းချင်းဟယ်က ဒုတိယအစ်ကိုပေါ် အမြင်ကောင်း ရှိသည်။
ထို့ကြောင့် ဒုတိယမရီးကို ဟင်း မပေးချင်သော်ငြား ဒုတိယအစ်ကိုကို စိတ်ထဲရှိတာကြောင့် မျှဝေပေးနိုင်တာပဲ ဖြစ်သည်။ ထို့အပြင် ယင်းက ဘာမှမဟုတ်ပေ။ ဟင်းတစ်ပန်းကန်သာ ဖြစ်၏။ အာလူးအများစုသာပါတာသည်။ ယုန်သားက ငါးဖတ်ခြောက်ဖတ်ခန့်သာ ပါ၏။
အာလူးများကတောင် အင်မတန် အရသာရှိနေသည်။ သူတို့က စေးကပ်ပြီး အဆီများ၏။ ကောင်းကောင်း နှပ်ထားပြီး ဆီများ၏။ ယုန်သားအရသာက အပြည့်အဝ ပါနေလေရာ စားချင်စိတ်ကို ဖြစ်စေ၏။
“စတုတ္ထအဒေါ်က ဘာကြောင့်ဒီလောက်နည်းနည်းလေးပဲယူလာတာလဲ။ သူတို့က ယုန်အကြီးကြီး ဖမ်းမိပြီး သမီးတို့မိသားစုကတော့ အသားနည်းနည်းလေးပဲစားရတယ်” ကျိုးလျိုနီက ပြောလိုက်၏။
ကျိုးစန်းနီက သူမကို သတိပေးလိုက်သည်။
“စတုတ္ထဒေါ်လေးက ဒါကို ပေးဖို့ ဆန္ဒရှိတာကို နင်က အထင်သေးတယ်ပေါ့။ ပထမဒေါ်လေးနဲ့ တတိယဒေါ်လေးတို့လည်း ရကြတယ်။ ဒါဆို တစ်ယောက်တည်း ဘယ်လိုလုပ် ခွဲဝေနိုင်မှာလဲ”
“နင့်စားစရာကို ငါစားနေတာမှ မဟုတ်တာ။ ဒီတော့ဘာကြောင့်အေးဆေးမနေနိုင်ရတာလဲ” ကျိုးလျိုနီက ပြန်ပြောလိုက်၏။
“နည်းတယ်ထင်ရင်မစားနဲ့ပေါ့။ ငါ့ကိုပေး” ကျိုးရှောက်က ပြော၏။
“တွေးတောင်မတွေးနဲ့” ကျိုးလျိုနီက ချက်ချင်းပင် သူမဝေစုကို ယူလိုက်၏။
ဒုတိယမရီးက ကြည့်သာကြည့်နေ၏။ သူမက ဟင်းကိုမထိဘဲ ဆိတ်ဆိတ်သာနေလေ၏။
ဒုတိယအစ်ကိုကမူ အချိန်ဖြုန်းမနေတော့ပေ။ ဆာလောင်နေသည့် ဝံပုလွေတစ်ကောင်ပမာ အားရပါးရစားတော့၏။ တစ်နေကုန်အလုပ်လုပ်ပြီး မွန်းတည့်ချိန်တွင် ပန်ကိတ်တချို့သာ စားခဲ့ရပြီးနောက် သူက ဗိုက်ဆာနေပြီဖြစ်ကာ အစာအိမ်က ဆန္ဒပြနေတာကြာပြီဖြစ်သည်။ အခြားကိစ္စများကို သူမည်ကဲ့သို့တွေးနိုင်တော့မည်နည်း။
ဒုတိယအစ်ကိုက လေရှူထုတ်လိုက်ကာ မှတ်ချက်ချလိုက်သည်။ “ဒီယုန်သားက တကယ်အရသာရှိတာပဲ”
“အဖေ စတုတ္ထဦးလေးလိုမျိုး ယုန်တစ်ကောင် ဘာကြောင့်မဖမ်းတာလဲ” ကျိုးရှောက်က သူ၏အဖေကို မေးလိုက်၏။
“ယုန်တွေက ဖမ်းဖို့ဒီလောက်လွယ်တယ်ပေါ့” ဒုတိယအစ်ကိုပြန်ပြောလိုက်၏။
ယုန်များ၏ အရှိန်ဖြင့် လောင်စစ်ကဲ့သို့ လေ့ကျင့်ပြီးသားလူသာလျှင် တိတိကျကျ ဖမ်းနိုင်မှာ ဖြစ်သည်။ ကျန်သည့်သူများအတွက် ဖမ်းရန်မည်ကဲ့သို့လွယ်မည်နည်း။
ဤယုန်သားက အမှန်တကယ် အရသာရှိသည်ဟု ဆိုရမှာပဲ ဖြစ်သည်။ သို့သော် များများစားစား မပါဘဲ မိသားစုတစ်စုကို အသားစအနည်းငယ်သာ ရသည်။ အစ်ကိုကြီးနှင့် တတိယအစ်ကိုတို့ကလည်း စားသောက်ကြသည်။ အသားအနည်းငယ်သာပါသော်ငြား ဘယ်သူကမှ အထင်သေးရိပ် မပြပေ။
အကြီးဆုံးမရီးနှင့် တတိယမရီးတို့က လင်းချင်းဟယ်ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်သည်။
လင်းချင်းဟယ်က ဘာမှမပြောခဲ့ပေ။ အစ်ကိုကြီးနှင့် တတိယအစ်ကိုအတွက် ပဲနီလေးဟင်းချို အချို့ကိုသာ ချက်ရန်ပြောလိုက်၏။
လင်းချင်းဟယ်က တစ်ရက်လျှင်တစ်ကြိမ် ပဲဟင်းချိုချက်ရန် တိုက်တွန်းထား၏။
ဟင်းရည်ပျစ်သည့်အချက်ကို မဆိုထားနှင့် ဟင်းရည်၏အရသာက အပူဒဏ်ကို အမြဲတမ်း တိုက်ထုတ်ပေး၏။
ဤကဲ့သို့ အေးခဲလှသည့် ဆောင်းဦးရာသီက လူအများကို တောင့်တင်းစေလိမ့်မည်။
“နောင်ကျ ဆောင်းဦးရိတ်သိမ်းမှုမှာ ဒီဆောင်းဦးရိတ်သိမ်းမှုလိုမျိုး ယုန်တစ်ကောင်ဖမ်းမိမယ်ဆိုရင် စားဖို့အတွက် ကျွန်မတို့ကြက်တွေရဲ့ဥစားပြီး သိမ်းထားလို့ရတယ်” လင်းချင်းဟယ်က ရယ်မောပြီးပြန်ပြောလိုက်သည်။
အစက သူမသည် ယခုနှစ်ဆောင်းဦး၌ ကြက်တစ်ကောင်သတ်ရန် စီစဉ်ထားပြီး အမေကျိုးနှင့် သဘောတူညီချက် ယူပြီးသား ဖြစ်၏။ ယင်းက အမေကျိုးကို ရင်နာစေ၏။ အမေကျိုးက အမှန်တကယ် စိတ်ဓာတ်ကျနေလေသည်။ ကြက်မက ကြက်ဥများ ရံဖန်ရံခါ ဥနေသောကြောင့် အဘယ်ကြောင့် သတ်ရမည်နည်း။ လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ခန္ဓာကိုယ်ကို အာဟာရ ဖြည့်ပေးချင်သည်။ ထို့ကြောင့် သူမက ဘာမှမပြောခဲ့ပေ။
သို့သော် ယခုမူ ၎င်းကို သတ်စရာမလိုတော့ပေ။ ယုန်နှစ်ကောင်ဖြင့် သူက အာဟာရ မပြည့်မှာတော့ မဟုတ်ပေ။
ကျိုးချင်းပိုင်က ဖြေပေးလိုက်၏။ “ကိုယ် ကြည့်ထားလိုက်မယ်”
လင်းချင်းဟယ်က ပြုံးလိုက်၏။ ယုန်များကိုဖမ်းရတာခက်ခဲသည်။ ဆောင်းဦးရိတ်သိမ်းကာလ၌ ယုန်များ ပေါ်ထွက်လာသော်ငြား မဖမ်းမိကြပေ။
တတိယယောက်မလင်းက ဆောင်းဦးရိတ်သိမ်းမှု၏ အောက်တိုဘာလ၌ မီးဖွားတော့သည်။ စတုတ္ထမြောက်ကလေးက နောက်ဆုံးတွင် သားတစ်ယောက်ဖြစ်လာ၏။
လင်းချင်းဟယ်က သွားရောက်လည်ပတ်သည့်အချိန်တွင် ဝက်ခြေထောက်နှစ်ခုနှင့် ဝက်သားကျင်းတစ်ဝက်ခန့် သယ်လာရုံသာမက ကြက်ဥဆယ်လုံးနှင့် အဝတ်အစား ကူပွန်နှစ်ခုလည်း သယ်လာသည်။
“ဒီနှစ်ဆောင်းဦးရိတ်သိမ်းမှုပြီးသွားရင် မြို့ကနေ အဝတ်စားတချို့ယူဖို့ မောင်လေးကို ခိုင်းလိုက်ပေါ့။ ပြီးရင် တူမလေးတွေအတွက် အဝတ်အစားအသစ်ချုပ်” လင်းချင်းဟယ်က ပြောလိုက်သည်။
ဆရာမတစ်ယောက်ဖြစ်လာချိန်မှစပြီး သူမသည်လည်း အဝတ်အစားနှင့် အစားအသောက် ကူပွန်များရလာသည်။ အစားအသောက်လက်မှတ်များ ရလာသည်။ ထိုအကျိုးခံစားခွင့်က ထိပ်တန်းဖြစ်ကြောင်း ဆိုနိုင်ပေ၏။ ထိုပညာတတ်လူငယ်လေးများက ဤရာထူးလိုချင်နေတာ အံ့ဩစရာမရှိပေ။
“တတိယယောက်မ အစ်မ ဒီတစ်ခေါက်အများကြီးသယ်လာတာပဲ” တတိယယောက်မလင်းက မှတ်ချက်ချလိုက်၏။
“များတယ်လား။ ညီမအတွက် ဝက်လက်လည်းနှပ်ပေးမယ်လေ။ သွားတဲ့အချိန်ကျ ကျက်လောက်ရောပေါ့။ နှပ်ထားတာက အခုအချိန်မှာ ညီစားဖို့အတွက် အသင့်တော်ဆုံးပဲ” လင်းချင်းဟယ်က ပြောလိုက်၏။
တတိယယောက်မလင်းက လာကူစရာမလိုအပ်ချေ။ အကြောင်းမှာ တတိယမောင်လေး၏ အကြီးဆုံးသမီးက အသက်ခုနစ်နှစ်ရှိနေပြီဖြစ်သောကြောင့်ဖြစ်သည်။
တိုင်းပြည်မှ အသက်ခုနစ်နှစ်အရွယ်သည် မီးဖိုချောင်နှင့် အသားကျနေပြီဖြစ်ကာ အိမ်ထဲရှိ အရာအားလုံးကိုလည်း ကိုင်တွယ်နိုင်၏။
ထို့ကြောင့် လင်းချင်းဟယ်က ပစ္စည်းများကို ပေးပြီးနောက် ဝက်လက်နှင့်မြေပဲကို နှပ်တော့၏။ ကျန်သည့်အသားများကို သူတို့အတွက် ချန်ထားလိုက်၏။ သိပ်ဝင်ပါဖို့ရာ ရည်ရွယ်ချက် မရှိပေ။
ယခုခေတ်တွင် သူမသယ်လာသည့်ပစ္စည်းများက အတော်များနေပြီဖြစ်၏။
တတိယယောက်မလင်းနှင့် စကားအတန်ငယ်ပြောပြီးနောက် လင်းချင်းဟယ်က ကြာကြာမနေတော့ပေ။ ဝက်လက်နှင့် မြေပဲ ကျက်ခါနီးချိန်တွင် တူမလေးကို မှာပြီးနောက် ပြန်လာတော့၏။
လင်းချင်းဟယ်ပြန်သွားချိန်၌ မောင်လေးလင်းက ရှိမနေပေ။ ညနေစောင်းအိမ်ပြန်ရောက်လာသည့် အချိန်ကျမှ သူ၏အစ်မလာကြောင်းကြားလိုက်ရသည်။ ထို့ထက်ပိုသည်က ပစ္စည်းများစွာလည်း ဝယ်လာ၏။
“တတိယအစ်မက အခုဆို သူ့ရဲ့ယောက္ခမတွေနဲ့အတူစားနေတာ။ ဘာကြောင့်ဒီလောက် ပစ္စည်းအများကြီးသယ်လာရတာလဲ” တတိယယောက်မလင်းက ပြောသည်။
“အဆင်ပြေပါတယ်။ ကိုယ့်အစ်မက အခုဆို ဆရာမတစ်ယောက်ဖြစ်နေပြီ။ သူလစာရတယ်လေ”
တတိယမောင်လေးလင်းက အာမခံပြီးနောက်ဆက်ပြောလိုက်သည်။ “အချိန်ရရင် ရစ်ငှက်ရှိမရှိ သွားကြည့်ကြည့်မယ်။ ရှိရင် အစ်မအတွက် ယူသွားလိုက်မယ်လေ”
“ဟုတ်တယ်။ တတိယအစ်မအတွက် ခက်ခဲအောင်လုပ်လို့မရဘူး” တတိယယောက်မလင်းက ပြန်ပြောလိုက်၏။
သူမက လင်းချင်းဟယ်ကို အမှန်တကယ် ကျေးဇူးတင်၏။ သူမ မီးဖွားပြီးကာလအတွက် ပစ္စည်းများစွာကို သယ်လာပေးသည်။ ထိုဆက်ဆံရေးကို ထိန်းသိမ်းထားချင်၏။ တတိယအစ်မကလည်း နောင်တွင် ကူညီပေးချင်မှာပဲဖြစ်သည်။
ထို့ကြောင့် အမြဲတမ်း လက်ဆောင်ပေးနေရသည့်သူက တတိယယောက်မ မဖြစ်ချင်ပေ။ အိမ်တွင် ပစ္စည်းကောင်းများ ရလာလျှင်ပို့ပေးမှာဖြစ်၏။ သိပ်မများသော်ငြား ပစ္စည်းပို့ပေးသည်ဟု သတ်မှတ်လို့ရမည် မဟုတ်ပါလော။
“ဒါနဲ့ တတိယအစ်မက ရှင့်ကို ဒီနှစ်စားစရာတွေ ထပ်မဝယ်ဖို့ပြောထားတယ်။ ဂျုံကျင်းသုံးဆယ်ဆို လုံလောက်ပြီတဲ့” တတိယယောက်မလင်းကပြောလိုက်၏။
“ဟုတ်ပြီလေ” တတိယမောင်လေးလင်းက သဘောတူလိုက်သည်။