အခန်း (၁၈၅) - လောင်စန်းလေး ဖျားနေပြီ
လင်းချင်းဟယ်သည် သူမသားလေးတွေကို ချစ်မြတ်နိုးသော်လည်း သူမသည် ချစ်ခြင်းကြောင့် မျက်လုံးစုံမှိတ်နေပေးမည့်သူ မဟုတ်ပေ။
ဥပမာအားဖြင့် ဒီခြေအိတ်တွေက နွေးထွေးနေသေးသောကြောင့် သူတို့ကို ဆက်လက် ဝတ်ဆင်လို့ ရပါသေးသည်။ ဒီကောင်စုတ်လေးက ဆိုးသွမ်းချင်သလို ပြုမူတာက အသုံးမဝင်ပေ။
ယခုလက်ရှိခေတ်အခြေအနေသည် နောင်လာနောင်သားတွေနှင့် မယှဥ်နိုင်သည်ကို သိထားရပေမည်။ နောင်လာနောင်သား မျိုးဆက်သစ်တွေက ဒီလိုအရာတွေကို ဝယ်ယူတာ ပုံမှန်ဖြစ်ပေမယ့် ယခုခေတ်အခြေအနေအရ ချွေတာဖို့ လိုအပ်နေသေးပေသည်။
အရင်းအမြစ်တွေကို ရရှိဖို့ တကယ့်ကို ကန့်သတ်ချက် များလွန်းသည်။
“သားတို့မိသားစုက ခြေအိတ်တွေ မဝယ်နိုင်လောက်တဲ့အထိ ဆင်းရဲသွားပြီလား။” ခြေအိတ်အသစ် ပြုလုပ်ရန် သို့မဟုတ် ခြေအိတ်အသစ် ဝယ်ပေးရန် မိခင်ဖြစ်သူက အမှန်တကယ် သဘောမတူကြောင်းကို တွေ့လိုက်ရသဖြင့် လောင်စန်းက ပြောလိုက်သည်။
“အမေတို့က တကယ်ဆင်းရဲတယ်။ တကယ်တော့၊ နင်တို့ကောင်လေးတွေကို ပြုစုပျိုးထောင်ရတာ တကယ် မလွယ်ဘူး။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။
လောင်စန်းက တုံ့ပြန်ပြောဆိုသည်။ “အမေ၊ အမေ သားကို လှည့်စားနေတာ။ အမေ အဖေ့အတွက်ကျ အတွင်းခံအသစ်တစ်ထည် ချုပ်ပေးနေတာကို သား မျက်မြင် တွေ့ခဲ့ဖူးတယ်။”
လောင်စန်းလေးက သူ့မိခင်ကို အပြစ်တင်နေတဲ့ မျက်လုံးတွေနှင့် ကြည့်ရှုခဲ့ပြီး သူ့အကြည့်တွေက ‘အဖေ့ကိုပဲ မျက်နှာသာပေးပြီး သားကိုကျ မျက်နှာသာ မပေးဘူးပေါ့လေ’ လို့ ဖော်ပြနေသလိုပင်။
လင်းချင်းဟယ် အနည်းငယ် ရှက်ရွံ့သွားသည်။ ထို့နောက် သူမက ခေါင်းညိတ်လိုက်ပြီး “နင့်အဖေက အသစ်တစ်ထည် လိုအပ်နေလို့လေ။”
“အမေ၊ သားကို ချော့မပြောနဲ့။ သား အားလုံး မြင်တယ်။ အဖေ့ရဲ့ အတွင်းခံတွေက အရမ်း သစ်လွင်နေသေးတယ်၊ ဖာထေးထားတာ တစ်ခုမှ မရှိဘူး။” လောင်စန်းလေးက ထောက်ပြသည်။
အခု သူတို့ ကြီးပြင်းလာပြီ ဖြစ်လို့ သူတို့ကို အရူးလုပ်ဖို့ရာ မလွယ်ကူတော့ပေ။
“ဒါဆို နင် ဘာလိုချင်လဲ။” လင်းချင်းဟယ်က ပြောသည်။
“အမေ၊ အမေ သားအတွက် ခြေအိတ် အသစ်တစ်စုံ လုပ်ပေးလို့ ရတယ်လေ။” လောင်စန်းက ထပ်ပြောသည်။
လင်းချင်းဟယ်က ငြင်းပယ်သည်၊ “နောက်နှစ်အထိ စောင့်ဦး။ ငါ နင့်အစ်ကိုတွေကို အသစ်တစ်စုံ လုပ်ပေးတဲ့အခါကျ အတူတူ လုပ်ပေးမယ်။ နင် ဒီတစ်နှစ်တော့ ဒါကို ဆက်ဝတ်လိုက်ပါဦး။”
“သား မဝတ်ချင်ဘူး။” လောင်စန်းက ပြောသည်။
“ဒါကို နင် မဝတ်ချင်ဘူးဆိုရင်၊ နင့်ခြေထောက်တွေ နံလိမ့်မယ်။” လင်းချင်းဟယ်က သူမလက်ကို ဝှေ့ယမ်းရင်း ပြောသည်။
လောင်စန်းလေးက ဒေါသတကြီး အော်ဟစ်လိုက်သည်၊ “အမေ၊ အမေက သားကို လုံးဝ မချစ်ဘူး။ အမေက အဖေ့ကိုပဲ ပိုချစ်နေတာ။”
“ဒါက ငါ့နှလုံးသားကို နာကျင်စေတယ်။” လင်းချင်းဟယ်က တုံ့ပြန်ပြောလိုက်သည်၊ “ဒါပေမယ့် နင် ပြောတာ မှန်တယ်။ နင့်အဖေကို ငါ ချစ်တယ်။ နင်တို့ ညီအစ်ကိုတွေ အားလုံး ရွံ့ထဲမှာ ကြီးပြင်းလာကြတာပဲ။ ငါက ဘယ်သူ့ကို ပိုသာလို့လဲ။”
လောင်စန်းလေးသည် သူ့အခန်းထဲ ပြေးဝင်သွားပြီး သူ့အစ်ကိုအကြီးဆုံးနှင့် ဒုတိယအစ်ကိုတို့ကို သွားတိုင်ခဲ့သည်။
လောင်တက အဝေးသို့ လှမ်းကြည့်ရင်း “အမေက အဖေ့ကို အချစ်ဆုံးဆိုတာ မင်း အခုမှ သိတာလား။ အမေက အဖေ လိုချင်သမျှ အရာအားလုံးကို အမြဲ ပေးလိမ့်မယ်။ အဖေမှာ ရှိသမျှ ငါတို့မှာ မရှိနိုင်ဘူး။ မင်း အဖေနဲ့ ဘယ်လိုလုပ်ပြီး နှိုင်းယှဥ်ဝံ့တာလဲ။”
“ဟုတ်တယ်။ အမေက အဖေ့ကို ဆန်ပြုတ်ဆိုလည်း ခွံမကျွေးရုံတမယ်ပဲ။ အမေက အဖေ့ကိုဆို အစားများများ ပိုစားခိုင်းတယ်။ အမေက ငါတို့ကို ဂရုမစိုက်ဘူး။ ငါတို့ စားချင်စား၊ မစားချင်ဘူးဆိုရင် ထွက်သွားဆိုပြီး ကြည့်နေတာ။” လောင်အာ့က ထို့သို့ ပြောသည်။
လောင်စန်းသည် အစတုန်းက သူ့အစ်ကိုနှစ်ယောက်ကို သူ့ဖက်က စစ်ကူအနေဖြင့် ပါဝင်ရန် သွေးဆောင်ချင်ခဲ့တာ ဖြစ်သည်။ သူ့အစ်ကိုနှစ်ယောက်က သူ အရင်က သတိမထားမိတဲ့အရာတွေကို ပြောပြလာလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
“လောင်စန်း၊ ဒါကို ဆက်ဝတ်နေစမ်းပါ။ အမေက မင်းအတွက် ဒီခြေအိတ်ကို ဖာထေးပေးနေတာကိုပဲ ကျေနပ်လိုက်ပါ။ နောက်ဆုံးတစ်ခေါက်က ငါ အမေ့ကို အိတ်ကပ်ချုပ်ပေးဖို့ ပြောခဲ့တယ်။ အမေ အဖေ့အတွက် အဝတ်အစားတွေ ချုပ်ပေးပြီးတဲ့အချိန်အထိ စောင့်လိုက်ရတယ်။ အဖေ့ရဲ့ အဝတ်အစားတွေ ချုပ်ပြီးသွားတော့မှ အမေက ငါ့အတွက် ချုပ်ပေးခဲ့တာ။” ကျိုးလောင်တက သူ့ညီလေးကို ပုခုံးပုတ်ပေးရင်း ပြောလိုက်သည်။
လောင်စန်းက ပြောသည်၊ “ကျွန်တော်က မိသားစုထဲမှာ အငယ်ဆုံးလေ။”
သူက မိသားစုထဲတွင် အငယ်ဆုံး ကလေး ဖြစ်သည်။ သူက အချစ်ခံရဆုံး တစ်ယောက် ဖြစ်သင့်သည် မဟုတ်ပါလား။ အဖေက အသက်ကြီးနေပြီ၊ ဘာကြောင့် အဖေ့ကို ဒီလောက် ချစ်နေရသေးတာလဲ။
“အငယ်ဆုံးဖြစ်လည်း အသုံးမဝင်ဘူး။ ငါတို့မိသားစုက တခြားသူတွေရဲ့ စံချိန်စံနှုန်းကို အတုမယူဘူး။” လောင်အာ့က သူ့လက်ကို ဝှေ့ယမ်းရင်း ပြောသည်။
“အမေက ကျွန်တော့်ကို မချစ်တော့ဘူး။” လောင်စန်းလေး ငိုချင်လာသည်။
လောင်တနှင့် လောင်အာ့က သူ့ကို အရေးအရာ မလုပ်တော့ဘူး။ ဒီနေ့ သူတို့အမေက ခက်ခဲတဲ့ မေးခွန်းတွေ ပေးထားခဲ့သည်။ အဲ့တာတွေကို မဖြေရှင်းရသေးသည့်အတွက် သူတို့နှစ်ယောက်စလုံး အသေအလဲ တွက်ချက်နေရသည်။
အထီးကျန်ပြီး ကူကယ်ရာမဲ့နေသော လောင်စန်းလေးသည် သူ့အဖိုးအဖွားအိမ်သို့ ပြေးသွားခဲ့သည်။
သူက သူ့အဖွားဖြစ်သူကို ရင်ဖွင့်ခဲ့သည်။
အမေကျိုးသည် နားထောင်ပြီး ရယ်ချင်လာခဲ့သည်။ စတုတ္ထရဲ့ ဇနီးသည်က စတုတ္ထလေးကို အရာရာထက် ရှေ့တန်းတင်ထားပုံရတာကိုလည်း သူမ မျက်မြင်ပါပင်။ ကလေးတွေအတွက်ကတော့ တကယ့်ကို လွတ်လွတ်လပ်လပ် ပြုစုစောင့်ရှောက်ပေးခဲ့တာ ဖြစ်သည်။
ဒါပေါ့၊ သင်ကြားသင့်သည်များကိုလည်း လစ်လပ်ထားခဲ့တာမျိုး မဟုတ်ပေ။
“နင့်အဖေက အလုပ်လုပ်ရတော့ အဝတ်အစားတွေ အများကြီး ပိုကုန်တာ သဘာဝပဲ။ ငါတို့ ဒီနှစ်မှာ အဝတ်အထည်ကူပွန်တွေ အများကြီး ထုတ်ထားသေးတယ်။ အဝတ်အစားအသစ်တွေ အမြဲဝတ်ရတာ သိပ်အဆင်မပြေဘူး။” အမေကျိုးက ရှင်းပြသည်။
“သားက အမြဲတမ်း အသစ်မဝတ်ပါဘူး။ ဒီအထည်ဆို သား ဝတ်နေတာ အတော် ကြာပါပြီ။” လောင်စန်းက ရှင်းပြပြီး ဆက်ပြောပြသည်၊ “အိမ်မှာ အထည် ရှားပါးနေတာ မဟုတ်ဘူး။ အမေက အဖေ့အတွက် သိမ်းထားတာ။”
“နင့်အမေက နင့်အဖေ လယ်ထဲဆင်းပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ရတာကို သနားလို့ နင့်အဖေအတွက် သက်တောင့်သက်သာရှိမယ့် အဝတ်အစားလေးတွေ ချုပ်ပေးချင်တာပါ။ သားလည်း သိတတ်လိမ္မာရမယ်နော်။ ဒီလို အသေးအဖွဲ ကိစ္စလေးတွေအတွက် စိတ်ထဲမထားနဲ့။” အမေကျိုးက ချော့ပြောသည်။
လောင်စန်းက သိပ်မယုံကြည်သေးပေ။ လောင်စန်းလေးက စုချန်လေးနှင့်အတူ ကစားဖို့ ထွက်သွားခဲ့သည်။
အိမ်၌ လင်းချင်းဟယ်သည် ခြေအိတ်အသစ်ချုပ်ပေးဖို့ ငြင်းပယ်ခဲ့ပေမယ့် သူလေးကို တရုတ်နှစ်သစ်ကူးရောက်ရင် နှစ်သစ်ကူးလက်ဆောင်အဖြစ် ပေးဖို့ စဥ်းစားထားပြီးသား ဖြစ်သည်။
ကျိုးချင်းပိုင်ရဲ့ ပါးစပ်ထောင့်စွန်းတွေဟာ ကွေးညွှတ်နေခဲ့သည်။ သူ့သားတွေ အကုန်လုံး သူမက သူ့အပေါ် ဘက်လိုက်သည်ဟု ပြောကြသည်။ သူလည်း အဲ့ဒီလို ခံစားရတယ်။
ဒါတောင်မှ သူ့စိတ်ခံစားချက် ကောင်းမွန်နေပြီး သဘောကျသည်။
“ရှင်က ရယ်နေသေးတယ်။ ရှင့်သားတွေက ကိုင်တွယ်ရ သိပ်ခက်ခဲတယ်။” လင်းချင်းဟယ်က မကျေမနပ် ပြောသည်။
“သူတို့ကို ကိုင်တွယ်ဖို့ခက်ရင် ရိုက်လိုက်ပေါ့။” ကျိုးချင်းပိုင်က ပြောသည်။
“အဲ့ဒီအဆင့်ကိုတော့ မရောက်သေးပါဘူး။ ခြေအိတ်အသစ်တစ်စုံလောက် လိုချင်နေရုံပါပဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
အိမ်မှာ ဘုရင်တစ်ပါးလို ပြုမူပြီး အရုပ်တွေကို အတင်းပူဆာတတ်သည့် နောင်လာနောက်သား မျိုးဆက်သစ် ကလေးတွေနှင့် နှိုင်းစာလျှင် လောင်စန်းလေးရဲ့ ခြေအိတ်အသစ် လိုချင်တဲ့ ဆန္ဒက ရိုးရှင်းလွန်းပါသည်။
“ကိုယ့်အတွက် အတွင်းဝတ်တွေ အများကြီး ချုပ်ပေးဖို့ မလိုပါဘူး။” ကျိုးချင်းပိုင်က ဤသို့ ပြောလိုက်သည့်အခါ သူ့မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ရှိနေခဲ့သည်။
သူ့မှာ အတွင်းဝတ်တွေ စုစုပေါင်း ငါးထည်တောင် ရှိသည်။ ဒါတွေအားလုံးက လုံးဝ အသစ်အတိုင်းပါပဲ။
လင်းချင်းဟယ်က အနည်းငယ် ရှက်ရွံ့သွားပြီး ပြောသည်၊ “ကျွန်မ ရှင့်အတွက် ချုပ်ပေးရင် ရှင် ဝတ်လိုက်ပေါ့၊ ဘာတွေ စကားများနေတာလဲ။”
ဒါ့အပြင်၊ အတွင်းဝတ် ငါးစုံက သိပ်များနေလို့လား။ ဒါက လုံးဝ မများပါဘူး။
လင်းချင်းဟယ်သည် နှစ်ရက်အတွင်း ခြေအိတ်အသစ်တွေ ချုပ်လုပ်ခဲ့သည်။ ဒါကို ချုပ်လုပ်ရတာ အခက်အခဲ မရှိဘူး။ အိမ်မှာ နောက်ဆုံး ကျန်တဲ့ အထည်စကို အသုံးပြုခဲ့ပြီးပြီ။ သူမ ခြေအိတ်တွေကို ချုပ်ပြီးသွားသော်လည်း ဘေးမှာသာ ဖယ်ထားခဲ့သည်။ သူမသည် ဒီခြေအိတ်တွေကို လောင်စန်းထံ တန်းမပေးခဲ့ချေ။
ပြဿနာရှာတာနဲ့ တစ်ခုခု မရနိုင်ဘူးဆိုတာ ဒီကလေးလည်း သိဖို့ ကောင်းပါပြီ။ ဒီလိုမှမဟုတ်ရင် တစ်စုံတစ်ယောက်က သူ့ကို မပေးတဲ့အခါ ပြဿနာရှာတတ်တဲ့ အလေ့အကျင့်ကို လွယ်လွယ်ကူကူ အစပျိုးမိရာ ရောက်သွားပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်ရက်က လောင်စန်းလေးသည် အနည်းငယ် ပုန်ကန်ချင်လာခဲ့သည်။ သူက ထမင်းစားနေစဥ် စကားမပြောပေ။
ညဖက် အိပ်ရာဝင်ချိန်မှာတောင် သူ့အမေဆီ မလာတော့ဘူး။
လင်းချင်းဟယ်ကလည်း သူ့ကို ဒီအတိုင်း လွှတ်ထားလိုက်သည်။ နောက်ဆုံး၌ လောင်စန်းလေးဟာ သည်းမခံနိုင်တော့ပဲ ညနက်သန်းခေါင်မှာ အခန်းတံခါးကို အပြေးလာခေါက်ရင်း ငိုကြွေးတော့သည်။ သူက သူ့အမေကို သူ့ကို မချစ်တော့ဘူးလားလို့ မေးသည်။
ဒီနေ့က အရမ်းအေးသည်။ လင်းချင်းဟယ်သည် အိပ်ရာမှ အမြန်ဆင်းဖို့ လုပ်သည်။
ကျိုးချင်းပိုင်က သူမကို တားမြစ်ပြီး လောင်စန်းကို သွားခေါ်ဖို့ အနွေးခုတင်ပေါ်မှ ဆင်းသွားခဲ့သည်။ လင်းချင်းဟယ်သည် ရေနွေးတစ်ခွက်ကို အမြန်လောင်းထည့်ခဲ့ပြီး ဒီကောင်စုတ်လေး သောက်ရန် အအေးခံခဲ့သည်။
ကောင်စုတ်လေးသည် ရက်အနည်းငယ်ကြာအောင် ဒုက္ခခံပြီးနောက် သူ့ကို မည်သူမျှ ဂရုမစိုက်သည်ကို မြင်တွေ့လိုက်ရသည်။
ဒါပေမယ့် သူ အဖေ၊ အမေတို့နှင့်အတူ အိပ်စက်တဲ့အခါ အဖေနှင့် အမေက သူ့ကို ဖက်ထားပေးသဖြင့် နည်းနည်းပျော်ရွှင်မိသည်။ သို့ရာတွင် သူ ညသန်းခေါင်ယံမှာ အဖျားတက်လာခဲ့သည်။
ဒီကောင်စုတ်လေးက အအေးမိခဲသည်။ သူ့ခန္ဓာကိုယ်က နွားတစ်ကောင်လို သန်မာသည်။ အခု သူ တကယ်ပဲ ဖျားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။
လင်းချင်းဟယ်က ကလေး အဖျားသောက်ဆေးကို ချက်ချင်း တိုက်ကျွေးခဲ့သည်။ သူမသည် ကျိုးချင်းပိုင်ကို ဒါက ဘာလဲ ဆိုတာကိုပင် မရှင်းပြတော့ပဲ လုပ်ခဲ့သည်။
“ဒါက ချိုတယ်။ အမေ၊ အမေ သားကို စွပ်ပြုတ်ချို ခိုးတိုက်နေတာလား။” လောင်စန်းက အိပ်ချင်မူးတူးဖြင့် မေးသည်။
“အင်း၊ အမေ နင့်ကိုပဲ တိုက်တာ။ နင့်အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုအတွက် မပါဘူး။” လင်းချင်းဟယ်က နှစ်သိမ့်ပေးလိုက်သည်။
“ဟီးဟီး...” လောင်စန်းလေးက ဝမ်းသာအားရ တခစ်ခစ် ရယ်နေရင်း “ဒါပေမယ့် ရှိနေသေးရင် အစ်ကိုကြီးနဲ့ ဒုတိယအစ်ကိုကိုလည်း ပေးလိုက်ပါဦး။” လို့ ပြောလိုက်သေးသည်။
“အိုကေ၊ အမေ သူတို့ကို မနက်ဖြန်ကျရင် တိုက်လိုက်ပါ့မယ်။” လင်းချင်းဟယ်က ချော့မြူလိုက်သည်။
ခဏကြာတော့ လောင်စန်းလေး အိပ်ပျော်သွားသည်။ သို့သော် လင်းချင်းဟယ်ကတော့ စိတ်ချလက်ချ မအိပ်ဝံ့သေးပေ။ ကျိုးချင်းပိုင်လည်း ထိုနည်း၎င်းကောင်းပါပဲ။ လင်မယားနှစ်ယောက်စလုံး ညဥ့်နက်တဲ့အထိ အလုပ်ရှုပ်နေကြသည်။ လောင်စန်းလေး အဖျားကျသွားတဲ့အခါမှ စိတ်သက်သာရာ ရသွားကြသည်။
“ကျွန်မ ကိုင်တွယ်ပုံ မှားနေပုံပဲ။” လင်းချင်းဟယ်က အိပ်ရာပေါ် လဲလျောင်းရင်း အပြစ်ရှိစွာ ပြောလိုက်သည်။
တကယ်တော့ သူမအတွက် ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ရတာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူမသည် ကိုယ်တိုင်ကိုယ်ကျ ကလေး မမွေးခဲ့ဖူးပေ။ သူမမှာ တကယ့်ကို အတွေ့အကြုံ မရှိဘူး။ လောင်စန်းတစ်ယောက် ညည့်နက်သန်းခေါင်မှာ စိတ်လိုလက်ရ အပြင်ထွက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ဘူး။
“သူ အဆင်ပြေပါတယ်။” ကျိုးချင်းပိုင်က နှစ်သိမ့်ပေးသည်။
လင်းချင်းဟယ် ပင်ပန်းနေပြီ။ သူမရင်ခွင်ထဲတွင် လောင်စန်းလေးကို ထွေးပွေ့ထားရင်း အိပ်စက်ခဲ့သည်။
နောက်တစ်နေ့ လောင်စန်းတစ်ယောက် အိပ်ရာနိုးတော့ သူ့ခန္ဓာကိုယ်မှာ ခွန်အားတွေ အများကြီး မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သို့ရာတွင် သူလေးက သူ့မိခင်ရဲ့ ရင်ခွင်ထဲမှာ အိပ်နေရကြောင်းကို တွေ့လိုက်ရသဖြင့် လောင်စန်းတစ်ယောက် စိတ်ကျေနပ်သွားသည်။