အခန်း ၁၈၆
Viewers 43k

အခန်း (၁၈၆) - တရုတ်ဆီးသီးနှင့် ကျောက်ပွင့်မှိုစွပ်ပြုတ်


လောင်စန်းလေးသည် အဖျားအရှင်းပျောက်ရန် နှစ်ရက်ကြာခဲ့သည်။


ဒီကလေးက လွန်ခဲ့သည့် နှစ်ရက်ကလောက် စွမ်းအင် သိပ်မရှိတော့ဘူး။ ကံကောင်းထောက်မစွာဖြင့်၊ လင်းချင်းဟယ်မှာ နေရာလွတ်ထဲတွင် သိမ်းဆည်းထားည့် ကလေးတွေအတွက် အထူးသီးသန့် အဖျားပျောက်ဆေး အကူအညီဖြင့် သူ့ကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်ခဲ့သည်။ ဒါ့ကြောင့် အန္တရာယ်မများခဲ့တာ အံ့သြစရာပါပင်။


ကလေးတစ်ယောက်ရဲ့ အဖျားရောဂါကို လျှော့တွက်ထားလို့ မရပါဘူး။ အရွယ်ရောက်ပြီးသူတောင်မှ အဖျားကြီးလျှင် ရူးသွားနိုင်တာ၊ ဒီလို ကလေးသေးသေးလေးဆို စကားထဲပင် ထည့်ပြောစရာ မလိုပေ။


ခန္ဓာကိုယ် နေပြန်ကောင်းလာတာနဲ့ လောင်စန်းလေးဟာ ငြိမ်ပြီး ထိုင်မနေနိုင်တော့ပေ။ သူက ပြေးလွှား ခုန်ပေါက် ကစားချင်နေပြီ။


လင်းချင်းဟယ်က သူ့ကို မတားတော့ဘူး။


လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ကလေးလေးသည် သူ့အမေက သူ့ကို ဂရုမစိုက်ဘူး သူ့ကို မချစ်ဘူးလို့ အမြဲထင်ခဲ့ပေမယ့် သူ အဖျားဝင်တော့ သူ့အမေက သူ့ကို ဘယ်လောက် ချစ်မှန်း နောက်ဆုံး၌ နားလည်သဘောပေါက်သွားခဲ့သည်။


သူမက သူ စားချင်သမျှ ချက်ပြုတ်ကျွေးမွေးသလို သူ့ကို အနွေးခုတင်ပေါ်မှာ အိပ်ခိုင်းပြီး ညတိုင်း သူ့ကို ပုံပြောပြသည်။ အရမ်း စိတ်ကျေနပ်ဖို့ ကောင်းလှသည်။


နှစ်ရက်တာ မိခင်ရဲ့ ချစ်ခြင်းမေတ္တာကို ခံစားခဲ့ရသော လောင်စန်းလေးသည် နေပြန်ကောင်းပြီးနောက် အရင်လို တက်ကြွလန်းဆန်းနေတော့သည်။


ဒီနေ့ရက်ဟာ လာဘနေ့ရက် ဖြစ်သည်။


လင်းချင်းဟယ်သည် လာဘယာဂုချက်ပြုတ်ရန် စောစောထသည်။


ကျိုးချင်းပိုင်က ပြောသည်၊ “နောက်ကျ ကိုယ့်ရဲဘော်နဲ့တွေ့ဖို့ ကိုယ်နဲ့အတူ လိုက်ခဲ့ပါလား။”


လွန်ခဲ့သည့် ရက်အနည်းငယ်က နှင်းများ ကျဆင်းနေခဲ့သည်။ နောက်ဆုံး၌ ဒီနေ့ဟာ ရှားရှားပါးပါး နေသာပြီး ကြည်လင်တဲ့နေ့ဖြစ်သည်။


“ကောင်းပြီလေ။” လင်းချင်းဟယ်သည် ကျိုးချင်းပိုင်က သူမကို အမြဲတမ်း သူ့ရဲဘော်တွေနှင့် မိတ်ဆက်ပေးချင်နေမှန်း သိသည်။ ဒါ့အပြင်၊ ရဲဌာနရှိ သူ့ရဲဘော်တစ်ဦးသည်လည်း အလွန်ခိုင်မာသော ကွန်ရက်ကောင်းတစ်ခု ပိုင်ဆိုင်ထားသည်။


ဒါနဲ့ လင်မယားနှစ်ယောက်သား အပြင်ထွက်လာခဲ့ကြသည်။ သူတို့နှင့်အတူ လောင်စန်းလေးကိုပါ ခေါ်သွားခဲ့သည်။ လောင်တနှင့် လောင်အာ့တို့ကတော့ မပါခဲ့ဘူး။


ဝက်ဝံပေါက်လေး လောင်စန်းလေးက သူ့မိဘတွေ သူ့ကို အရမ်းချစ်တယ်လို့ ခံစားရပြန်သည်။ သူလေး အရမ်းပျော်နေလေသည်။


“ဒီလောက်ကြီး ရယ်မနေနဲ့ဦး။ လေအေးတွေက မင်းဗိုက်ကို ပြည့်စေပြီးတော့ မင်းဗိုက်ကို မအီမသာ ဖြစ်စေလိမ့်မယ်။” လင်းချင်းဟယ်က ပြောသည်။ 


“အမေ၊ နောက်ကျရင် သားအတွက် ထန်ဟူလုတွေ ဝယ်ကျွေးရမယ်နော်။” လောင်စန်းလေးက တောင်းဆိုလာသည်။


“နင်တို့ညီအစ်ကိုတွေအတွက် နှစ်ချောင်း ဝယ်ပေးမယ်၊ အမေတို့ အိမ်ပြန်ရောက်တဲ့အခါကျမှ နင်တို့ညီအစ်ကိုတွေ ညီတူမျှတူ ဝေမျှစားလို့ ရနိုင်မယ်။” လင်းချင်းဟယ်က ပြောသည်။ 


“ဟုတ်ကဲ့” လောင်စန်းက ခေါင်းညိတ်သည်။


လောင်တနှင့် လောင်အာ့တို့သည် သူတို့ မလိုက်လာရသော်လည်း ဒါကို စိတ်ထဲ မထားပေ။ လွန်ခဲ့သည့် နှစ်ရက်အတွင်း လောင်စန်းလေး ဖျားနာနေမကောင်း ဖြစ်နေခဲ့တာကို သူတို့အားလုံး သိကြသည်။ သူ့ကို အလည်အပတ်ခရီးခေါ်သွားတာ ဘာမှ မမှားပါဘူး။


သူတို့ ခရိုင်မြို့သို့ ရောက်သောအခါ လင်မယားနှစ်ယောက်သား လောင်စန်းနှင့်အတူ ရဲဌာနသို့ သွားရောက်ခဲ့ကြသည်။


သူတို့ကျေးလက်မှာ အထူးလက်ဆောင်ပစ္စည်းတွေ ယူလာစရာ မရှိဘူး။ လင်းချင်းဟယ်က ငရုတ်ဆော့စ်တစ်ပုလင်း ယူလာခဲ့သည်။


ငရုတ်ဆော့စ်တစ်ပုလင်းသည် တစ်ကျင်းခန့် အလေးချိန် ရှိပြီး အရမ်း အရသာရှိသည်။ အစပ်ကြိုက်နှစ်သက်သူ ကျိုးချင်းပိုင်သည် ဒါကို အရမ်းကြိုက်နှစ်သက်သည်။


သူ့ရဲဘော်ရဲ့ အရသာခံအာရုံက သူနှင့်တူသည်။ မျှော်လင့်ထားသည့်အတိုင်း သူ့ရဲဘော်ကလည်း အတော်ကြိုက်နှစ်သက်လေသည်။


ဗျူရိုတွင် တစ်နာရီကျော်ကြာ ထိုင်ပြီးနောက် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့သည် လောင်စန်းလေးနှင့်အတူ ထွက်ခွာလာခဲ့ကြသည်။ သူ့ရဲဘော်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ အပြင်သို့ လိုက်ပို့ပေးခဲ့ပြီး နောင်အခါတွင်လည်း လာရောက်လည်ပတ်ကြရန် ဖိတ်ခေါ်ခဲ့သည်။


ကျိုးချင်းပိုင်က သဘောတူလိုက်သည်။ ထို့နောက် အိမ်တွင် လိုအပ်သည့် ပစ္စည်းပစ္စယများကို ဝယ်ယူရန် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းသို့ ဇနီးသည်အား လိုက်ပို့ပေးခဲ့သည်။

 

လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းသို့ ဦးဆုံး သွားနှင့်ခိုင်းခဲ့သည်။ သူမကတော့ မှောင်ခိုစျေးကွက်ကို သွားခဲ့သည်။ ယခု သူမသည် ကျိုးချင်းပိုင်ကို အရာအားလုံး ဝန်ခံပြောဆိုခဲ့ပြီးဖြစ်၍ သူမနောက်သို့ ကျိုးချင်းပိုင် လိုက်ပါလာဖို့ တကယ် မလိုအပ်ပေ။ စခန်းတွင်းရှိ အကောင်းဆုံးခွေးဆိုရင်တောင်မှ သူ့ဇနီးသည်ထံမှ သံသယဖြစ်ဖွယ် သက်သေအထောက်အထားကို ရှာဖွေနိုင်မယ့် အခွင့်အရေးတောင် မရှိနိုင်ဘူး။


တစ်ယောက်ယောက်က တစ်ကြိမ်လောက် တွေ့လျှင်ပင် သူမက ဒီအလုပ်ကို ထပ်မလုပ်တော့ဘူးလို့ ပြောထားသည့်အတွက် သူမက သေချာပေါက် သူမလက်ကို သန့်ရှင်းအောင် လုပ်ထားလိမ့်မည်။


နေရာလွတ်လို့ခေါ်တဲ့ အရာတစ်ခုရှိနေတော့ ဘယ်သူက ဒါကို ရှာတွေ့နိုင်ပါ့မလဲ။


ကျိုးချင်းပိုင်က သူ့ခေါင်းကို ကူကယ်ရာမဲ့စွာ ခါယမ်းလိုက်သည်။


လင်းချင်းဟယ်ဘက်တွင် သူမမှာ ကျန်ရှိနေသေးသော ပစ္စည်းများ ဖယ်ထုတ်လိုက်သည်။ သူမသည် မှောင်ခိုစျေးကွက်မှ ကြက်ဥနှစ်ခြင်းကို ဝယ်ယူခဲ့ပြီး ခန့်မှန်းခြေအားဖြင့် တစ်ကျင်းခန့်ကို ရှန်းယွီထံ ယူဆောင်သွားခဲ့ပြီး လက်ဆောင်ပေးခဲ့သည်။


ရှန်းယွီသည် သမီးမိန်းကလေးတစ်ဦး မွေးဖွားခဲ့သည်။


အစောပိုင်းက သူမသည် ကျိုးချင်းပိုင်နှင့် ဗျူရိုသို့ လိုက်ပါသွားသောအခါက ရှန်းယွီရဲ့ ခင်ပွန်းသည် ချန်ကျဲနှင့် တွေ့ဆုံမိပြီး ချန်ကျဲက ဒီသတင်းအား သူတို့ကို ပြောခဲ့သည်။


တကယ်လို့ သူမ မသိရင် ဘာမှ မဖြစ်ဘူး။ အခု သူမ ဒီသတင်းကို သိသွားပြီးဆိုတော့ တစ်ခုခု ယူသွားပေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်းယွီသည် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းမှာ လုပ်ကိုင်နေတာ ဖြစ်ပြီး တခြားနေရာတွေမှာ ဝယ်လို့မရနိုင်တဲ့ ပစ္စည်းတော်တော်များများကို သူမထံမှာ ဝယ်လို့ရနိုင်သောကြောင့် ဖြစ်သည်။


သူမသည် မီးတွင်းကာလမှာ ရှိနေသေးကြောင်း သိလိုက်ရသဖြင့် ကြက်ဥအချို့ကို လက်ဆောင်အဖြစ် ယူဆောင်လာပေးသည်မှာ အလွန်အတွေးအခေါ်ရှိသော အပြူအမူတစ်ရပ်လို့ ဆိုနိုင်ပေသည်။


သေချာပေါက် ရှန်းယွီသည် သူမ ရောက်လာတာကို မြင်မြင်ချင်းမှာပင် အရမ်းဝမ်းသာသွားခဲ့သည်၊ “အစ်မ၊ ကျွန်မကို လာတွေ့ရုံနဲ့တင် လုံလောက်ပါပြီ။ ဘာဖြစ်လို့ ကျွန်မအတွက် ကြက်ဥတွေ အများကြီး ယူလာရတာလဲ။ အဲ့တာတွေ ပြန်ယူသွားပြီး ကျွန်မတူလေးတွေကိုပဲ ကျွေးလိုက်စမ်းပါ၊ အစ်မရေ။”


“ငါ ဒါတွေကို နင့်အတွက် ယူလာတာ၊ သိမ်းထားလိုက်စမ်းပါအေ။” လင်းချင်းဟယ်က အပြုံးလေးဖြင့် ပြောလိုက်သည်။ ထို့နောက် ကလေးမလေးကို တစ်ဖန်ကြည့်ကာ ပြောသည်၊ “လောင်တတို့အဖေ ဒီကလေးမလေးကိုမြင်ရင် အရမ်း မနာလို ဖြစ်လိမ့်မယ်။ သူက အမြဲတမ်း သမီးမိန်းကလေး လိုချင်နေခဲ့တာ။”


ရှန်းယွီက သူမနှုတ်ခမ်းလေးကို စုဝိုင်းကာ ခပ်ဖွဖွ ရယ်မောခဲ့သည်။ အမှန်တိုင်းပြောရရင်၊ သူမနှင့် သူမခင်ပွန်းသည်ကပါ မိန်းကလေးတွေထက် ယောကျာ်းလေးတွေက ပိုအရေးပါတယ်လို့ မသတ်မှတ်သည့်အတွက် သမီးမိန်းကလေး မွေးထားတာ ဘာမှ မခံစားရပါဘူး။


သူမရဲ့ ယောက္ခမဖြစ်သူကတော့ နည်းနည်း ပူညံပူညံ လုပ်နေတုန်းပါပဲ။ ဒါပေမယ့် သူတို့နှင့် အတူမနေတာ ဖြစ်သည့်အတွက် သူမရဲ့ စကားတွေကို ဒီဖက်နားဝင် ဟိုဖက်နားထွက်သာ သတ်မှတ်ထားသည်။


“ရာသီဥတုက အေးတော့ ကလေးအနှီးတွေ ခြောက်သွေ့ဖို့ မလွယ်ကူဘူး။ အိမ်မှာ ကျောက်မီးသွေးရော အလုံအလောက် ရှိရဲ့လား။ ငါ ဝယ်လို့ ရနိုင်မယ့် တစ်ယောက်ယောက်ကို သိတယ်။ တကယ်လို့ ကျောက်မီးသွေး မလုံလောက်ဘူးဆိုရင်၊ အဲ့မှာ သွားမေးကြည့်ပေါ့၊ အစ်မ နင့်ကို လိပ်စာ ပေးခဲ့မယ်။ နင် ချန်ကျဲကို သွားဝယ်ခိုင်းလို့ရတယ်။” လင်းချင်းဟယ်က ပြောသည်။


“အစ်မ၊ နင်က အရမ်းစဥ်းစားတတ်တာပဲ။ ချန်ကျဲ ပြန်လာတော့ ကျောက်မီးသွေး နည်းနည်းပါလာတော့ အိမ်မှာ လုံလောက်ပါတယ်။” ရှန်းယွီက အပြုံးဖြင့် စကားဆိုသည်။


“အဲ့တာဆို ကောင်းတယ်။” လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ငါးဟင်းရည်များများသောက်ဖို့ တိုက်တွန်းခဲ့သည်။ ကျန်တာကတော့ ဘာမှ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ သူမ ကြက်ဥတွေ ပေးခဲ့ပြီးနောက် ပြန်လာခဲ့သည်။


“အမေ၊ ဘယ်က ပြန်လာတာလဲ။ အဖေနဲ့ သား အမေ့ကို ဒီမှာ စောင့်နေတာ ကြာပြီ။” လောင်စန်းက ပြောသည်။


“ကျွန်မ ရှန်းယွီရဲ့အိမ်ကို ခဏသွားလည်နေတာ။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ရှင်းပြသည်။


ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။ သူလည်း ဒီအကြောင်းကို သိသည်။ သူက ချန်ကျဲ လင်းချင်းဟယ်ကို သူ့ဇနီးသည် ကလေးမီးဖွားသည့်အကြောင်း ပြောနေတာကို ကြားလိုက်ရသည်။ ဒါကို သိလိုက်ရသဖြင့် ကျင့်ဝတ်တစ်ခုခု ပြသမှ ကောင်းမည်လေ။


လင်းချင်းဟယ်က ဒီသားအဖနှစ်ယောက် ဘာမှ မဝယ်ယူရသေးတာကို သတိပြုမိလိုက်သောကြောင့် ကောင်တာသို့ သူမကိုယ်တိုင် သွားရောက် မေးမြန်းကြည့်ခဲ့သည်။ သူမ မေးလိုက်သည်နှင့် ဒီနှစ်အတွင်း ကျောက်ပွင့်မှိုတွေကိုပင် ရရှိနေပြီဖြစ်ကြောင်း သူမ သိလိုက်ရသည်။


ဒါက ရေဓာတ်ကြွယ်ဝတဲ့ ထုတ်ကုန်ကောင်းတစ်ခုပင်။


လင်းချင်းဟယ်က လုံးဝ မတွန့်မဆုတ်ပဲ ကျောက်ပွင့်မှို ကျင်းတစ်ဝက် ချက်ချင်း ဝယ်ယူခဲ့သည်။ ထို့နောက် ထန်ဟူလုနှစ်ချောင်း ဝယ်ယူခဲ့သည်။ တခြားအရာတွေကို နည်းနည်းလောက် လျှောက်ကြည့်ပြီး လိုအပ်တာတွေကို ဝယ်ယူခဲ့ပြီး မလိုအပ်တာတွေကိုတော့ မဝယ်ယူခဲပေ။ သို့သော သူမသည် ကွာစေ့အချို့နှင့် တော်ဖီအချို့ကိုတော့ ဝယ်ယူလာခဲ့သည်။ နှစ်သစ်ကူး ပထမနေ့တွင် လာရောက်မည့် ဧည့်သည်များကို ဧည့်ခံဖို့အတွက် ဖြစ်လေသည်။


နို့မှုန့် ဝယ်စရာ မလိုသေးဘူး။ အိမ်မှာ တစ်အိတ် ကျန်သေးသည်။ နို့မှုန့် တစ်ဗူးလည်း ကျန်နေသေးသည်။ ဒါတွေကို သောက်လို့ ရသည်။


ဝယ်စရာရှိတာ အကုန် ဝယ်ယူပြီးနောက် မိသားစုသုံးယောက်သား အိမ်ပြန်လာခဲ့ကြသည်။


လင်းချင်းဟယ် အိမ်ပြန်ရောက်ရောက်ချင်းမှာပင် သူမသည် ထန်ဟူလုတွေကို လောင်စန်းတို့ ညီအစ်ကိုသုံးယောက်အား ပေးခဲ့သည်။ သူတို့အချင်းချင်း ဝေမျှစားသောက်လိမ့်မည်။ ဒါပေါ့၊ စုချန်လေးသည်လည်း ဝေစုတစ်ခု ရရှိခဲ့သည်။


လင်းချင်းဟယ်သည် ကျောက်ပွင့်မှိုကို ရေစိမ်လိုက်သည်။


တရုတ်ဆီးသီးနှင့် ကျောက်ပွင့်မှိုစွပ်ပြုတ် ချက်ရမည်။ ဒီလို နှင်းတွေ အရမ်းကျတဲ့ နေ့ရက်တွေမျိုးမှာ နှလုံးနှင့် အဆုတ်အတွက် ဒီထက် ပိုပြီး အာဟာရရှိနိုင်မည့် အရာ ရှိပါတော့မလား။


အထူးသဖြင့် အိမ်မှာ အနွေးကုတင်ကို အမြဲမပြတ် အပူပေးထားရသည့် အခါမျိုးမှာ ဖြစ်လေသည်။ အရမ်းခြောက်သွေ့လွန်းသည်။ အတွင်းမီးကို အနိုင်ယူဖို့ စွပ်ပြုတ်အချို့ သောက်သုံးတာ ပိုကောင်းသည်။


သို့သော် အဓိက အစားအသောက်ကိုတော့ မေ့ထားလို့ မရပေ။


ကြာစွယ်နှင့် ဝက်နံရိုးစွပ်ပြုတ်၊ ပဲနှင့် ဝက်ဗိုက်သားဟင်းလျာနှင့် ပဲပေါက်စီတို့ ဖြစ်ကြသည်။


အဲ့ဒီအကြောင်းကို ပြောရရင်၊ အစ်မမိန်က ကြာစွယ်တွေ ပို့ပေးလိုက်တာ ဖြစ်သည်။ မနေ့က သူမ အသား သွားယူသည့်အချိန်တုန်းက အစ်မမိန်က သူမကို ကြာစွယ်တွေ ပေးလိုက်သည်။ သိပ်တော့ အများကြီး မဟုတ်ပေမယ့် အနေတော်လောက်တော့ ရှိသည်။


ကြာစွယ်တွေကို လှီးပြီး ကြော်သည့်အခါ အရမ်းအရသာရှိသည်။ သို့သော် လင်းချင်းဟယ်သည် ကြာစွယ်တွေကို စွပ်ပြုတ်ချက်တာကို ပိုကြိုက်နှစ်သက်သည်။ ဝက်နံရိုးပါ ထည့်သွင်းလိုက်တော့ ကြာစွယ်နှင့် ဝက်နံရိုးစွပ်ပြုတ် ဖြစ်လာခဲ့သည်။ အဲ့ဒီအပြင် စွပ်ပြုတ်ထဲကို ထောင်းထားသည့် မြေပဲလက်တစ်ဆုပ်စာလောက် ဖြူးထည့်လိုက်တော့ အရသာက အထူးကောင်းမွန်သွားခဲ့သည်။


ကလေးတွေရဲ့ အဖိုးအဖွားတွေ ရောက်လာတော့ သူတို့တစ်မိသားစုလုံး ဝိုင်းဖွဲ့စားသောက်ခဲ့ကြသည်။


နှင်းတွေကျတဲ့နေ့ရက်တွေမှာ အစားအသောက်တွေက အကန့်အသတ် ရှိကြသည်။ များသောအားဖြင့် ချက်ပြုတ်လေ့ရှိသော ဟင်းလျာများမှာ ဂေါ်ဖီထုတ် သို့မဟုတ် မုန်လာဥနီတို့နှင့် သက်ဆိုင်သော ဟင်းလျာတွေသာ ဖြစ်ကြသည်။ ဒါပေါ့၊ ပဲ၊ ရေညှိခြောက်၊ မှိုခြောက် ပန်းခြောက်တို့ မှိုတို့လည်း ရှိပါသေးသည်။ သို့တိုင် နွေရာသီလောက်တော့ ဟင်းလျာတွေ မစုံလင်ကြပါဘူး။ နွေရာသီ အချိန်အခါမှာဆို ဟင်းလျာတွေ ပေါများလှသည်။

 

ဒါကြောင့် ဒီကြာစွယ်က ဘယ်လောက် နာမည်ကြီးမလဲ ဆိုတာ သင် တွေးတောကြည့်နိုင်ပါတယ်။


အပြင်မှာ နှင်းတွေ ကျဆင်းမြဲ ကျဆင်းနေသည့်အချိန်တွင် တစ်မိသားစုလုံး ပျော်ရွှင်စွာ ဝိုင်းဖွဲ့စားသောက်နေခဲ့ကြသည်။