အခန်း (၁၈၇) - အသားဘန်းမုန့်ပြုလုပ်ခြင်း
ရက်တွေ ကြာလာသည်နှင့်အမျှ ဒီနှစ်ကုန်မှာ အသားတွေ ဖြန့်ဖြူးပေးမယ့်အချိန်ကို ရောက်လာခဲ့သည်။
မိသားစုမှာ မွေးထားတဲ့ ဝဖြိုးဖြိုး ဝက်နှစ်ကောင်ကိုလည်း နံနက်စောစောတွင် အသင်းသို့ အပ်နှံခဲ့ပြီး ဖြစ်သည်။
မနက်စာ စားသောက်ပြီးနောက် လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည် ဝက်ပေါ်တာကို သွားကြည့်ချင်နေကြသည်။
စုချန်လေးသည်လည်း နောက်သို့ လိုက်ပါသွားချင်နေခဲ့သည်။
“မရဘူး၊ မင်း အရမ်းငယ်နေသေးတယ်။ ဝက်ပေါ်တဲ့မြင်ကွင်းမျိုး မင်းကြည့်ဖို့ မသင့်သေးဘူး။” လောစန်းလေးက သူ့ကို ချော့ပြောသည်။
“ကျွန်တော် မကြောက်ပါဘူး။” စုချန်လေးက ပြောသည်။
သူ့အစ်ကိုတွေနှင့် မကြာခဏ ဆိုသလို ရောနှောနေထိုင်တာ ဖြစ်သောကြောင့် သူ့ရဲ့ ဘာသာစကားစွမ်းရည်မှာ အတော်လေး တိုးတက်လာခဲ့သည်။
“မင်း ဒါကို မြင်ပြီးရင် အိမ်မက်ဆိုးတွေ မက်လိမ့်မယ်။” လောင်အာ့သည်လည်း ဝင်ပြောခဲ့သည်။
“ကျွန်တော် မကြောက်ဘူး။” စုချန်လေးက သူ့စကားကို ဆက်လက်ထိန်းသိမ်းထားသည်။
ဒါပေမယ့် အဆုံး၌ စုချန်လေးက အရမ်းငယ်သေးသည့်အတွက် ဝက်ပေါ်တာကို လိုက်ကြည့်ခွင့် မရခဲ့ပါဘူး။ သူ အသက်နည်းနည်းကြီးလာသည့်အချိန်မှ လိုက်ကြည့်ခွင့်ရနိုင်လိမ့်မည်။
သို့ရာတွင် ဝက်ပေါ်တာကို လိုက်ကြည့်ခွင့်ရကြသည့် ကလေးတွေသည်လည်း ဝက်ကို သတ်သောအခါတွင် ကျိုးချင်းပိုင်က သူတို့ရဲ့မျက်လုံးတွေကို ဖုံးကွယ်ထားခဲ့သည်။ လောင်တသည် လောင်စန်းရဲ့ မျက်လုံးကို အုပ်ထားပေးသည်။
လောင်အာ့ကတော့ သူ့မျက်လုံးတွေကို တစ်ဝက်လောက် ဖုံးကာထားပြီး သူ့တစ်ကိုယ်လုံး အနည်းငယ် တင်းမာသွားသည်။
ဝက်တွေကို တစ်ကောင်ပြီး တစ်ကောင် အမဲဖြတ်ခဲ့ကြသည်။
ယခုနှစ်အတွင်း ဝက် ၃ကောင် ပေါ်ခဲ့သည်။ အိမ်ထောင်စုတိုင်း အသားဝေစု အများကြီး ရခဲ့သည်။ သို့သော် ကျိုးချင်းပိုင်ရဲ့ မိသားစုက မွေးမြူထားသော ဝက်နှစ်ကောင်ရဲ့ အသားကို ပိုမို လိုချင်ကြသည်။ ကျိုးချင်းပိုင်တို့အိမ်က ဝက်တွေဟာ တကယ့်ကို ဝဖြိုးသည်။ အဆီတွေ ပေါကြွယ်ဝပြီး သန်မာကြသည်။
လင်းချင်းဟယ်သည် ယမန်နှစ်ထက် ယခုနှစ်တွင် အသား သုံးကျင်း ပိုရရှိသည်။ ဆရာမတစ်ယောက်အနေနဲ့ သူမမှာ အလုပ်မှတ်တွေ ရရှိထားသည်။ ဒါပေါ့၊ ဝက်အကြီးကြီးနှစ်ကောင်ကို မွေးမြူထားရာမှ အလုပ်မှတ်တွေလည်း ရရှိခဲ့ပါသေးသည်။
ဝက်ခေါင်း တစ်ခေါင်း၊ ဝက်နံရိုး ခုနစ်ကျင်း ရှစ်ကျင်း၊ အရိုးအကြီးကြီးတွေ ဒါတွေအားလုံးက သူမပုံမှန် တောင်းဆိုထားတဲ့ အရာတွေပင် ဖြစ်သည်။
ထို့အပြင် ဝက်အူမကြီး၊ အူသိမ်၊ ဝက်အစာအိမ်တို့ကိုလည်း မထားရစ်ခဲ့ပေ။
ကျန်တာတွေကတော့ အဆီများတဲ့အသားတွေ ဖြစ်သည်။ လင်းချင်းဟယ်က အဆီများတဲ့အသား ခုနစ်ကျင်း ရရှိခဲ့တာကြောင့် လူအများရဲ့ မျက်ဝန်းကို မနာလိုစိတ်ကြောင့် နီရဲသွားစေခဲ့ပေမယ့် ဘယ်သူမှ ဘာမှ မပြောကြပါဘူး။
သူတို့မှာ အဲ့လို တောင်းဆိုနိုင်တဲ့ စွမ်းရည်ရှိရင် သူတို့လည်း လိုချင်ကြမှာပဲ။
လင်းချင်းဟယ်သည် အစပိုင်းတွင် ဝက်နံရိုးတွေနှင့် အရိုးခပ်ကြီးကြီးတွေကို ရရှိခဲ့တာကြောင့် ဝက်ဗိုက်သားတွေနှင့် အဆီနည်းအသားတို့ကိုပါ တောင်းဆိုခဲ့သည်။ ယင်းတို့သည် တတိယတန်းစားအသားတွေဖြစ်ကြပြီး တန်ဖိုးအနည်းဆုံး ဖြစ်သည်။
အဆီနည်းအသားကိုလည်း တတိယတန်းစားအသားအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဝက်ဗိုက်သားကို ဒုတိယတန်းစားအသားအဖြစ် သတ်မှတ်ခဲ့ကြသည်။ ပထမတန်းစားအသားသည် သဘာဝအားဖြင့် အဆီများသည့်အသား ဖြစ်သည်။ လူတိုင်းက အဆီများသည့်အသားကို အကောင်းဆုံးအသားလို့ သတ်မှတ်ကြသည်။
ထိုအရာများကိုပါ ပေါင်းထည့်လိုက်လျှင် အသား ကျင်း ၃၀ခန့် ရရှိခဲ့သည်။
ဒါပေါ့၊ ဒီဝေစုထဲတွင် အဖေကျိုးရဲ့ ဝေစုလည်း သေချာပေါက် ပါဝင်နေသောကြောင့်ပင် ဖြစ်သည်။
ဒါတောင်မှ အသားတွေ အများကြီး အိမ်ပြန်သယ်လာနိုင်သောကြောင့် လူတိုင်းရဲ့ မနာလိုစိတ်တွေကို နှိုးဆွနိုင်နေသေးတုန်းပင်။
ဒါပေမယ့် တစ်ခါတစ်လေတော့ မနာလို မဖြစ်ပဲ ဘယ်နေနိုင်ပါ့မလဲ။
အရင်ကတော့ လူတိုင်းက ကျိုးချင်းပိုင်ရဲ့ မိသားစုအပေါ် အကောင်းမြင်စိတ် သိပ်မရှိကြဘူး။
‘အရှေ့သို့ စီးဆင်းသည့်မြစ်၊ အနှစ်သုံးဆယ်၊ အနောက်သို့ စီးဆင်းသည့်မြစ်၊ အနှစ်သုံးဆယ်’ ဆိုသည့် စကားဟာ အလိမ်အညာစကားတစ်ခုတော့ မဟုတ်ပေ။
သူတို့မိသားစုမှာ အခုဆို အလုပ်ရမှတ် ဘယ်လောက်တောင် ရှိမလဲ။
ဝက်နှစ်ကောင်ကိုလည်း အလုပ်မှတ်အဖြစ် ရေတွက်နိုင်သည့်အပြင် မြေသြဇာအဖြစ် အသုံးပြု၍ရသော ဝက်ချေးမှလည်း အလုပ်မှတ် ရရှိပါသေးသည်။ ကျိုးချင်းပိုင်သည် အလုပ်မှတ် ၁၀မှတ် ရရှိပြီး အဖေကျိုးသည် အလုပ်မှတ် ၈မှတ် ရရှိခဲ့သည်။ လင်းချင်းဟယ်သည်လည်း အလုပ်မှတ် ၅မှတ် ရရှိသည်။ အလုပ်မှတ် ၅မှတ်အပြင် လတိုင်း လစာအဖြစ် ၁၃ယွမ် ရရှိသည်။ ထို့အပြင် ရိက္ခာကူပွန်နှင့် အထည်ကူပွန်ကဲ့သို့သော ထောက်ပံ့ရေးရာ ပစ္စည်းတွေလည်း ရရှိပါသေးသည်။
လောင်တနှင့် လောင်အာ့တို့က အခုဆို ကြီးပြင်းလာခဲ့ပြီ။ သူတို့ ကျောင်းကနေ ပြန်လာတာနဲ့ ဝက်စာမြက်တွေ စုဆောင်းပြီး အဖွဲ့သို့ အပ်နှံခဲ့ရာကနေ အလုပ်မှတ် ၁မှတ်၊ ၂မှတ်လောက် ရနိုင်သည်။
အမေကျိုးသည် ယခုနှစ် ပထမနှစ်ဝက်တွင် ကျိုးရှောင်မိန် ကလေးပို့ပေးမည့် အချိန်ကို စောင့်ဆိုင်းနေရသည့်အချိန် အတောအတွင်းတွင် လယ်ကွင်းထဲ မဆင်းခဲ့သော်လည်း ဝက်စာမြက်များကို စုဆောင်းခဲ့သေးသည်။ စုချန်းလေးကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပြီး အခုဆို စုချန်းလေး နည်းနည်းကြီးလာတော့ လောင်စန်းလေးနောက်သို့ အမြီးလေးသဖွယ် အမြဲလိုက်ပါလေ့ရှိသည်။ သူ့ကို ဂရုစိုက်ပေးဖို့ သိပ်မလိုတော့ဘူး။ ဒါ့ကြောင့် သူမသည် အလုပ်မှတ် များများရရှိအောင် ရှာဖွေနိုင်ခဲ့သည်။
ဒါ့ကြောင့် သူတို့ဟာ ဒီနှစ်မှာ အသားတွေ အများကြီး ခွဲဝေရရှိခဲ့သည်။
အကြီးဆုံးမရီးသည် ယခုနှစ်တွင် အသား ၄ကျင်း ရရှိခဲ့သည်။ ဒုတိယမရီးသည်လည်း ထို့အတူပါပဲ။ တတိယမရီးရဲ့ ဝေစုကတော့ ပိုနည်းသည်၊ အသား ၃ကျင်းခန့်သာ ရရှိခဲ့သည်။
ဒါကိုတော့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ သူမဟာ ဒီနှစ်တွင် ကိုယ်ဝန်ဆောင်နေခဲ့ရတာ ဖြစ်သည်။ ပထမနှစ်ဝက်တွင်သာ အလုပ်လုပ်နိုင်ခဲ့ပြီး နောက်ပိုင်းတွင် သူမရဲ့ ခန္ဓာကိုယ်သာ ဆက်လက် စောင့်ရှောက်ခဲ့ရသည်။
ဒါပေါ့၊ မီးနေချိန်ကာလအတွင်း သူမ ကောင်းကောင်း စားသောက်ခဲ့ရသည်။
စုတာ့လင်းက ဒီလိုအချိန်မျိုးတွင် ဘယ်တော့မှ မတွန့်တိုခဲ့ဘူး။ သူ ရောက်လာတိုင်း ကြက်ဥ ဒါမှမဟုတ် အသားတစ်ပိုင်းတို့ ငါးတို့ကို ယူလာပေးသည်။ အဲ့တာကြောင့် တတိယမရီးသည် ကောင်းကောင်း စားသောက်ရသည်။
“တစ်ရွာလုံးက မိန်းမတွေ အခုလို သူမလောက် ဂရုစိုက် မခံရဘူး။” ဝမ်လင့်က ဤသို့ ပြောခဲ့တာ ဖြစ်သည်။
လောင်မားရဲ့ မိသားစုတွင် နောက်ဆုံး ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကြောင့် ဝမ်လင်းဟာ အချိန်အတော်ကြာ အရှက်ကွဲခဲ့ရသည်။ ယောက္ခမဖြစ်သူက အပြင်ဖက်ကို ဘယ်လိုပဲ သတင်းလွှင့်ခဲ့ လွှင့်ခဲ့ အဖြစ်မှန်က ဘာလဲဆိုတာကို သူမ နှလုံးသားထဲတွင် သိရှိနေခဲ့သည်။
တစ်ခါက မြစ်ထဲမှာ ရေချိုးနေရင်း သူ့မတ်လေးရဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ခဲ့ဖူးသည်။ နောက်ကျောမှ မြင်လိုက်ရသည့် မတ်လေးရဲ့ တင်ပါးသည် သူမခင်ပွန်းသည်ထက် ပိုတောင့်တာကို တွေ့လိုက်ရတာကြောင့် သူမက မတ်ဖြစ်သူကို ဖြားယောင်းသွေးဆောင်ခဲ့သည်။
နောက်တော့ ဒီအတိုင်းပဲ သူတို့ တစ်ယောက်နှင့်တစ်ယောက် အတူ လူးလိမ့်ခဲ့ကြသည်။
ဒါပေမယ့် နောက်ဆုံးမှာတော့ လူတိုင်းက သူတို့ရဲ့ အမွှေးအတောင်တွေကို သူတို့ ပိုချစ်ကြသည်။
အမျိုးသမီးတွေ အနေနဲ့တောင် ဝမ်လင်းရဲ့ အခက်အခဲကို နားလည်ပေးနိုင်စွမ်း မရှိပေ။ နောက်ဆုံးတွင် ဝမ်လင်းက မတ်ဖြစ်သူထံမှ မျိုးစေ့ကို ချေးငှားယူတယ်ဆိုသည့် အပြောဖြင့် ဒီအဖြစ်အပျက်ကို ပြီးဆုံးသွားစေခဲ့သော်လည်း ဒါက ဂုဏ်ယူစရာကိစ္စ မဟုတ်ပေ။
ဥပမာအားဖြင့်၊ မတိုင်ခင်က သူမနှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သော ဒုတိယမရီးသည် ယခု သူမနှင့် လုံးဝ အဆက်အဆံ မရှိတော့ပေ။
အခြားသူတွေသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ ဘယ်သူမှ ဝမ်လင်းရဲ့ စကားကို အရေးရာလုပ်ပြီး ပြန်မပြောကြဘူး။
ဆန့်ကျင်ဖက်အနေဖြင့်၊ ရွာရှိ ပျင်းရိသော အမျိုးသားတွေကတော့ ဝမ်လင်းနှင့် သီးသန့်တွေ့ဆုံဖို့ ချိန်းဆိုခဲ့ကြတွေ ရှိခဲ့သည်။ အဲ့ဒီအဖြစ်တွေဟာ ဘယ်တော့မှ လစ်လပ်သွားခြင်း မရှိခဲ့ဘူး။ ဝမ်လင်းသည် ဤအရာအတွက် အတော်လေး ဂုဏ်ယူမိသော်လည်း အပေါ်ယံတွင် ရည်မွန်သော အပြုအမူဖြင့် ငြင်းဆန်ခဲ့သည်။
ဒါက ငြင်းဆိုမှု အစစ်အမှန်လား အတုအယောင်လား ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။
ဝမ်လင်းသည် သူမရဲ့ အပြောကို ဘယ်သူမှ ပြန်လည်ဖြေဆိုခြင်း မရှိကြသဖြင့် မကျေမနပ်ဖြစ်စွာ ဆူပုတ်သွားသည်။ ဒါ့ကြောင့် သူမ ယောက္ခမနောက်သို့ လိုက်ပါရင်း သူမတို့မိသားစုရဲ့ အသားဝေစုကို ခွဲဝေယူပြီး အိမ်ပြန်သွားခဲ့သည်။
လက်ရှိတွင် ဝမ်လင်းနှင့် ဆက်ဆံရေး မကောင်းသူအချို့လည်း ရှိနေကြပြီး သူမ ထွက်သွားသောအခါ သူတို့ အတင်းစပြောကြသည်။
“လောင်မားရဲ့မိသားစုက သူတို့ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ‘ချေးငှားတယ်’ ဆိုတဲ့ နည်းလမ်းကို အသုံးပြုလိုက်တယ် ဆိုတာ ဘယ်သူ မသိလို့လဲ။”
“ဟုတ်ပါ့ဟယ်။ သူ မနေ့တုန်းက ဝမ်လင်းကို ကျိုးမိသားစုက ကျိုးဟဲနဲ့အတူတူ တွဲပြီး တွေခဲ့တယ်။ သူတို့ တစ်ယောက်ကို တစ်ယောက် အဓိပ္ပါယ်ပါပါ ကြည့်နေကြတာ။”
“တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမက မကောာင်းတဲ့မိန်းမမှန်း တန်းသိနိုင်တယ်။ ဝမ်လင်း မိခင်ဖက်မိသားစုက သူမရဲ့ အကြီးဆုံးအစ်မမှာလည်း ပြဿနာတစ်ခု တက်သွားသေးတယ် နင်တို့ မကြားကြဘူးလား။ ဒါ့အပြင်၊ သူတို့ကို နေရာမှာတင် ပက်ပင်း မိသွားကြတာနော်။”
“အိုး... ဘုရားရေ၊ နောက်ထပ် ဘာဆက်ဖြစ်သွားလဲ။”
“အဲ့တာပြီး ဘာဆက်ဖြစ်လဲဆိုတော့....”
"..."
ဝမ်လင်းရဲ့ ပုတ်လို့ ပေါ်သည့် သတင်းတွေ ပျံ့နှံ့ပြီးနောက်တွင်ပင် စိတ်ကြီးဝင်ဆဲ ဝင်နေမြဲ ဖြစ်သည်ကို ကြည့်မရသည့် တစ်စုံတစ်ယောက်က ဘယ်အချိန်ကာလက ဖြစ်ပျက်ခဲ့မှန်းမသိသည့် ဝမ်လင်းရဲ့ အကြီးဆုံးအစ်မ ဝမ်စွေ့ရဲ့ အတိတ်က အချစ်ဇာတ်ရှုပ်ကို ဖြန့်ခဲ့သည်။
“စန်းနီအမေ၊ နောင်မှာ ဝမ်လင်းနဲ့ အဆက်အဆံ မလုပ်နဲ့တော့။ တကယ် ရှက်ဖို့ကောင်းတယ်။” အကြီးဆုံးမရီးက အဲ့ဒီအကြောင်းကိုကြားတော့ ဒုတိယမရီးကို ပြောသည်။
သူတို့သာ အတူမနေထိုင်ဘူးဆိုရင် အကြီးဆုံးမရီးက သူမကို သတိပေးမှာ မဟုတ်ဘူး။
အိမ်ထောင်စုခွဲနေသော်လည်း အားလုံးက တစ်ခြံတည်း အတူတူ နေထိုင်ကြတာ ဖြစ်သည်။ အရင်ကတော့ ဝမ်လင်းသည် ဒုတိယမရီးနှင့် စကားပြောဖို့ မကြာခဏ လာလေ့ရှိသည်။
ဒုတိယမရီးသည်လည်း ရွာထဲတွင် ပျံ့နှံ့နေတဲ့ သတင်းအကြောင်းကို သိသည်။ ထုံးစံအတိုင်း သူမသည်လည်း အရမ်းရှက်နေတာ ဖြစ်တာကြောင့် “ကျွန်မ သူမနဲ့ လုံးဝ မဆက်သွယ်တော့ဘူး” လို့ ပြန်ဖြေသည်။
ယောက္ခမမိသားစုပဲဖြစ်ဖြစ်၊ မိခင်ဖက်မိသားစုပဲဖြစ်ဖြစ် မိသားစုထဲရှိ လူတိုင်းက မျက်နှာပျက် အရှက်ရတယ်လို့ ခံစားနေရသည်။ ဖောက်ပြန်တဲ့သူမှတပါး အကုန်လုံး ရှက်ရွံ့နေကြသည်။
ဝမ်လင်းသည် ရှက်ရွံ့တာမျိုး လုံးဝ မဖြစ်ခဲ့ပေ။ ဒါ့အပြင်၊ သူမသည် ရွာရှိ လူပျိုသိုးကြီးတွေနှင့် မရှင်းမလင်းသော ဆက်ဆံရေးမျိုးပင် ရှိနေခဲ့သေးသည်။ သူမသည် နောင်တဆိုသည့် စကားလုံးကို ဘာမှန်းပင် သိမည့်ပုံမပေါ်ပေ။
အကြီးဆုံးမရီးသည် ဒုတိယမရီးရဲ့ တုံ့ပြန်မှုကို မြင်ပြီး ဒီအကြောင်းကို ဒီအတိုင်းသာ ထားလိုက်တော့သည်။
အသားခွဲဝေပြီးနောက် လူတိုင်း အရသာရှိသော ဟင်းလျာများကို စတင် ပြုလုပ်ကြတော့သည်။
ရွာထဲရှိ အကြောင်းအရာများနှင့် ပတ်သက်၍ လင်းချင်းဟယ်သည် မကြားသလိုပင်။ သူမသည် အမေကျိုးက ဒီသတင်းများကို ပြန်လည်ဖောက်သည်ချရင်တောင်မှ လင်းချင်းဟယ်က ဒီအကြောင်းတွေကို အရေးမစိုက်ဘူး။
သူမသည် ဘန်းမုန့်တွေကို ပြုလုပ်ရန် ကျိုးချင်းပိုင်၊ လောင်တ၊ လောင်အာ့၊ လောင်စန်းနှင့် စုချန်လေးတို့ကို ခေါ်လိုက်သည်။
ဒီနှစ်မှာတော့ သူမတို့ ခွဲဝေရရှိသည့် အဆီများသည့် အသားများကို လှီးဖြတ်ပြီး အဆီထုတ်ခဲ့ရာ ဝက်ဆီ ၃ဗူးခန့် ရရှိခဲ့သည်။ ဆီ ၃ဗူး ဖယ်ပြီးလျှင်ပင် ဝက်ဆီဖတ်တွေ အများကြီး ရရှိခဲ့သည်။
ဒါ့ကြောင့် ဒီဝက်ဆီဖတ်တွေကို ခုတ်ထစ်ပြီး ဂေါ်ဖီထုပ်နှင့် အသီးအရွက်ချဥ်တွေဖြင့် ရောနှယ်သာ ဘန်းမုန့်အစာအဖြစ် ပြုလုပ်ခဲ့ပြီး အသားဘန်းမုန့် ပြုလုပ်ခဲ့သည်။
အရသာ နှစ်မျိုး ပြုလုပ်ခဲ့သည်။
တစ်မျိုးက ဝက်ဆီဖတ်နှင့် ဂေါ်ဖီထုပ် အစာသွပ်ဖြစ်ပြီး နောက်တစ်မျိုးက ဝက်ဆီဖတ်နှင့် အသီးအရွက်ချဥ် အစာသွပ် ဖြစ်သည်။ ဘယ်အစာသွပ်နဲ့ ပြုလုပ်ထားတဲ့ ဘန်းမုန့်ပဲဖြစ်ဖြစ် အရမ်းအရသာရှိသည်။