အခန်း (၁၈၉) - အောင်သွယ်ခြင်း
ဒုတိယအစ်မရဲ့ အကြောင်းကိစ္စကို ဘေးဖယ်ထားရင် လူအားလုံး ပျော်စရာကောင်းတဲ့ တရုတ်နှစ်သစ်ကူးကို ပိုင်ဆိုင်နေကြတုန်းပါပဲ။
ဒီနှစ်မှာတော့ လောင်စန်းက ခြေအိတ်အသစ် တစ်စုံ ရရှိခဲ့သည်။ သူ့စိတ်ခံစားချက်က ကောင်းကင်ပေါ်ကို ပျံတက်တော့မယ့်အတိုင်း ခံစားနေရသည်။ သူက ဒီခြေအိတ်တွေကို လိုချင်နေတာ ကြာပြီ၊ ဒါပေမယ့် သူ့မိခင်ဖြစ်သူက အဲ့တာတွေကို ပေးချင်စိတ် မရှိဘူး။
မထင်မှတ်ပဲ သူမသည် သူ့အတွက် ခြေအိတ်တွေကို ပြုလုပ်ပေးခဲ့ပြီး သိမ်းဆည်းထားခဲ့သည်။
လင်းချင်းဟယ်က ဒီကောင်လေးကို နောက်တစ်ကြိမ် သင်ပေးဖို့ အခွင့်အရေး ရယူခဲ့ပြီး ဝုန်းဒိုင်းကြဲဆူပူလိုက်တိုင်း လိုချင်တဲ့အရာတွေ ပေးမှာ မဟုတ်ဘူးဆိုတာကို သိစေခဲ့တယ်။ သူတို့ကို ပေးသင့်တဲ့ အချိန်မှာ ပေးလိမ့်မည် ဖြစ်သည်။
နှစ်သစ်ကူး ဒုတိယနေ့တွင် ဒုတိယအစ်မ အိမ်ပြန်လာခဲ့သည့်အတွက် သူတို့တစ်မိသားစုလုံး နှစ်သစ်ကူး တတိယမြောက်နေ့တွင်မှ မြို့ပေါ် တက်ခဲ့ကြသည်။
ဒီနှစ်မှာတော့ လောင်တရဲ့ အရပ်ရှည်နှုန်းက နည်းနည်းမြန်လာတဲ့အတွက် လင်းချင်းဟယ်က ကျိုးအိမ်ဟောင်းမှ နောက်ထပ် စက်ဘီးတစ်စီးကို ထပ်ငှားခဲ့ရသည်။ ကျိုးချင်းပိုင်က လောင်တနှင့် လောင်အာတို့ကို တင်နင်းပြီး လင်းချင်းဟယ်က လောင်စန်းလေးကို တင်နင်းခဲ့သည်။
စက်ဘီးနှစ်စီးနှင့် တစ်မိသားစုလုံး မြို့ပေါ်သို့ ပျော်ရွှင်စွာ ချီတက်လာခဲ့ကြသည်။
နှစ်သစ်ကူးအချိန်ကာလတွင် သူမတို့ မိသားစု၏ ဓလေ့ထုံးစံအရ နှစ်စဥ်နှစ်တိုင်း မြို့ပေါ်တက်ပြီး လည်ပတ်ကြသည်။ ဒီဓလေ့နှင့် ပတ်သက်၍ ရွာသူရွာသားတွေက ခေါင်းယမ်းကာ လင်းချင်းဟယ်က ဘယ်လို နေထိုင်ရမှန်းကို မသိကြောင်း မှတ်ချက်ချလေ့ရှိသည်။
ဒါပေမယ့် လင်းချင်းဟယ်ကနေ ဆရာမလင်းအဖြစ်သို့ အဆင့်မြင့်တင်ပြီးနောက် လူတိုင်းမှာ မတူညီသော သဘောထားများ ရှိလာကြသည်။
အမျိုးသားတွေက ကျိုးချင်းပိုင်ကို မနာလိုကြသည်။ ကလေးတွေက လောင်တတို့ညီအစ်ကိုတွေကို မနာလိုကြသည်။
ဒါကို ဘဝလို့ခေါ်တယ်။ ဘဝဆိုတာ ဒီလိုမျိုး နေထိုင်သင့်တယ်။
သူတို့မိသားစုဟာ တစ်နေကုန် ပျော်ခဲ့ကြသည်။ သူတို့ဟာ ဓာတ်ပုံတွေရိုက်၊ စားသောက်ဆိုင်တွေမှာ သွားစား၊ သွားလာလည်ပတ်သင့်တဲ့နေရာတွေကို သွားလာလည်ပတ်ပြီး ရုပ်ရှင်တွေလည်း ကြည့်ခဲ့ကြတယ်၊ ပြီးတော့ သူတို့ အိမ်ပြန်လာခဲ့ကြသည်။
“အမေ၊ အရင်က ဓာတ်ပုံတွေ ဘယ်မှာလဲ။ အမေ သားဆီ ယူလာပြပါလား။ သား သူတို့ကို ပြန်ကြည့်ချင်တယ်။” လောင်အာ့က အိမ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် ပြောလိုက်သည်။
နှစ်သစ်ကူးပြီးတော့ ဒီကလေးက ရှစ်နှစ်ပြည့်တော့မယ်။
လင်းချင်းဟယ်သည် သူမ ဒီကို ပထမဆုံး ကူးပြောင်းရောက်ရှိလာချိန်ကို မှတ်မိနေသေးသည်၊ လောင်အာ့က သုံးနှစ်သားလေးသာ ဖြစ်ပေမယ့် တစ်နှစ်သားအရွယ်လောက်လို့ပဲ ထင်ခဲ့ရသည်။
သူတင် မကဘူး။ လောင်တသည်လည်း ထိုနည်းလည်းကောင်းပါပဲ။ သူသည် ထိုအချိန်က လက်ရှိ လောင်စန်းလေးထက် ပိုသေးငယ်သည်။
လောင်စန်းသည် နှစ်သစ်ကူးပြီးနောက် ခြောက်နှစ်အရွယ်သို့ ရောက်ရှိလာပြီ ဖြစ်သော်လည်း သူ့အစ်ကိုအကြီးဆုံး သူ့အရွယ်တုန်းက သူလေးက အနည်းငယ် အရပ်ပိုရှည်သည်။
လောင်စန်းလေး အသက်ငယ်ရွယ်စဥ်အချိန်မှာမှ သူမ ကူးပြောင်းရောက်ရှိလာတာကိုတော့ ဘာမှ မတတ်နိုင်ပေ။ ထိုအချိန်မှစ၍ အာဟာရ ရှိတာတွေ မှီဝဲရရှိခဲ့သောကြောင့် သူလေးဟာ သဘာဝအတိုင်း လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
ဒါပေါ့၊ အခု လောင်တ့ဟာလည်း အရမ်ပုနေတာတော့ မဟုတ်ပါဘူး။
လင်းချင်းဟယ်သည် ကလေးတွေကို အရင်က ဓာတ်ပုံတွေကို ထုတ်ပေးခဲ့သည်။ ညီအစ်ကိုတွေ ဝိုင်းဖွဲ့ပြီး ဓာတ်ပုံတွေကို ကြည့်ရှုနေခဲ့ကြသည်။
“ကျွန်တော် အရင်တုန်းက ဒီလို ပုံမျိုးလား။” စစဦးဆုံး ဓာတ်ပုံရိုက်တုန်းက လောင်စန်းဟာ ၂နှစ်သား အရွယ်လေးသာ ဖြစ်သည်။ ထိုနှစ်က လင်းချင်းဟယ် ဒီကို ရောက်ရှိခဲ့တဲ့ ပထမဆုံးနှစ် ဖြစ်သည်။ သူလည်း မြို့ပေါ်ကို ပါလာတာမို့ သဘာဝအတိုင်း သူ့အတွက် ဓာတ်ပုံတစ်ပုံလည်း ရိုက်ခဲ့သည်။
ဓာတ်ပုံဟောင်းတွေ ကြည့်ရှုတာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ညီအစ်ကိုတစ်သိုက်ဟာ ဒီဓာတ်ပုံကို စိတ်ဝင်တစား ကြည့်ရှုနေခဲ့ကြသည်။ သူတို့ ဒါကို ကြည့်ရှုချိန်တိုင်း၊ ‘ငါ အရင်က ဒီလိုပုံမျိုးပါလား’ လို့ ပြောမိကြသည်။
ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ ရောက်ရှိလာသောအခါတွင် သူတို့တွေ ဝိုင်းဖွဲ့ပြီး ဓာတ်ပုံတွေကို ကြည့်ရှုခဲ့ကြသည်။
ကျိုးရှောင်မိန်က ဒါကို မယုံနိုင်ပေ။ နှစ်စဥ် မဖြစ်မနေ ဓာတ်ပုံရိုက်ကူးတာက တကယ့်ကို ဇိမ်ခံတာမျိုး ဖြစ်သည်။
ဒီအချိန်ကာလတွင် ဓာတ်ပုံရိုက်တာ စျေးမပေါပေ။ တစ်ချိန်တည်းမှာ ဓာတ်ပုံတွေ အများကြီး ရိုက်ကူးရင် ကုန်ကျစရိတ် ယွမ် ဒါဇင်နဲ့ချီ ကုန်ကျသည်။
ဒါက စုတာ့လင်းရဲ့ ဝင်ငွေ တစ်လစာနီးပါးလောက် ကုန်ကျသည်။
လင်းချင်းဟယ်သည် ဘာကိုမှ ဂရုမစိုက်ပေ။ ဒါက တစ်နှစ်မှ တစ်ကြိမ်သာ ကုန်ကျတာ ဖြစ်သည်။ ဒါက ယွမ် ဒါဇင်အနည်းငယ်လောက်ပဲ မဟုတ်လား၊ ဘာဖြစ်လို့ သူမ ဒီလောက်လေးတောင် မသုံးနိုင်ရမှာလဲ။
ဘဝသည် ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် လက်ဖက်ရည်ကြမ်းတို့ ရှိရုံဖြင့်ပင် နေထိုင်နိုင်လိမ့်မည် မဟုတ်ပေ။ တစ်ခါတစ်ရံမှာ အိမ်မှာ ပျော်ရွှင်မှုတွေ တိုးပွားစေဖို့ ဓလေ့တစ်ခုလည်း လိုအပ်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၁၉၇၄ ခုနှစ် နွေဦးပွဲတော်ကြီး ပြီးသွားခဲ့ပါပြီ။
ဆောင်းစပါးနှင့် နွေဦးထွန်ယက်ခြင်း မပြုလုပ်မီ၊ ဤအချိန်သည် လယ်သမားများအတွက် တစ်နှစ်တာ အလုပ်အရှုပ်ဆုံးအချိန်ဖြစ်ပြီး လူအများက လက်ထပ်မည့်နေ့ရက်တွေကို ရွေးချယ်ကြသည်။
ပထမလ၏ ဆယ့်ငါးရက်မြောက်နေ့တွင် လင်းချင်းဟယ်သည် နံနက်စာအတွက် ကောက်ညှင်းပေါင်းတစ်အိုး ချက်ပြုတ်ခဲ့သည်။
ကောက်ညှင်းတွေကို အဆုပ် အဆုပ်လိုက်လေးတွေ လုပ်ပြီး နှမ်းထောင်း မြေပဲထောင်းတွေနှင့် တွဲဖက်စားသုံးတော့ ကောင်လေးတွေ အကြိုက်ပဲပေါ့။ လင်းချင်းဟယ်သည် သေလောက်အောင် ပျင်းရိနေခဲ့သည်။ သူမတွင် ရွေးချယ်စရာ မရှိပေ။ သူမသည် တစ်နေကုန် စာဖတ်ရန် မဖြစ်နိုင်ပေ။ သူမသည် စိတ်ပျော်စရာ လုပ်သည့်အနေနဲ့ စားသောက်ဖို့ အရသာရှိတဲ့ အစားအစာတွေကို ဖန်တီးပေးခဲ့သည်။
ကျိုးရှီသည် အသက် ဆယ့်ခြောက်နှစ်သို့ ဝင်လာခဲ့ပြီ။
အနည်းငယ် ရှက်ရွံ့နေသော်လည်း ကျိုးရှီသည် သူမအစ်ကိုဖြစ်သူ ကျိုးတုန်းရဲ့ အိမ်ထောင်ရေးကိစ္စအကြောင်းကို အကျဥ်းချုံး ပြောပြခဲ့သည်။
ပြောရရင် သူမရဲ့ အစ်ကိုကြီး ကျိုးတုန်းဟာ ဒီနှစ်ဆို အသက် ၂၀ရှိပြီ ဖြစ်သည်။
ကျေးလက်ဒေသများတွင် ပုံမှန်အားဖြင့် ဒီအသက်အရွယ်လောက်ဆို အိမ်ထောင်ပြုကြသည်။ ကျိုးတုန်းကတော့ အခုထိ အိမ်ထောင်မပြုရသေးပေ။
ကျိုးရှီအတွက် အလျင်လိုစရာ မလိုသေးပေ။ ယခုနှစ်သစ်ကူးပြီးနောက် သူမသည် အသက် ၁၅နှစ်သာ ရှိသေးသော်လည်း အစ်ကိုဖြစ်သူက အသက် ၂၀ ရှိပြီမို့ အိမ်ထောင်ပြုဖို့ အလျင်လိုနေခဲ့ပြီ ဖြစ်သည်။
“အရင်ဆုံး ပြန်သွားလိုက်ဦး။ နောက်မှ ငါ အမေ့ဆီသွာပြီး သူမနဲ့ သေချာတိုင်ပင်ခဲ့မယ်။ ငါတို့ နင့်အစ်ကိုကြီးအတွက် သင့်တော်တဲ့တစ်ယောက်လောက် သေချာရွေးပေးမယ်။” လင်းချင်းဟယ်က ကျိုးရှီကို အာမခံလိုက်သည်။
ကျိုးရှီသည် နှုတ်ခမ်းလေးတွေ ကွေးညွှတ်သွားပြီး ပြုံးပျော်သွားကာ “ကျေးဇူးပါ၊ အန်တီ”
ကျိုးတုန်းနှင့် ကျိုးရှီတို့ မွေးချင်းမောင်နှမသည် သူမတို့ မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်။ ကျိုးတုန်းရဲ့ အခြေအနေသည် အမှန်တကယ် ကောင်းမွန်သော်လည်း သူတို့ကို ကူညီပေးရန် အရွယ်ရောက်ပြီး လူကြီး မရှိပေ။
တစ်ခုတည်းသော အားနည်းချက်မှာ သူတို့အိမ်တွင် လူဦးရေ နည်းပါးသောကြောင့် ဖြစ်သည်။
မျိုးနွယ်စုတွင် အခြားဦးလေးတွေ ရှိသော်လည်း အနည်းငယ် ဝေးကွာကြသည်။ ဒါ့ကြောင့် သူတို့ကို တစ်ဦးတည်းသော မိသားစုဝင်တွေအဖြစ် မှတ်ယူကြသည်။
ကျေးလက်ဒေသတွင် ရှောင်ရှားမှု အရှိဆုံးက ဥတစ်လုံး မိသားစုများကိုပင် ဖြစ်သည်။ အကြောင်းကိစ္စ တစ်ခုခုဖြစ်ရင် အကူအညီ တောင်းစရာမရှိ တစ်ဦးတည်း ကူကယ်ရာမဲ့ ဖြစ်ပြီး အကူအညီတောင်းစရာ ဘယ်သူမှ မရှိကြဘူး။
ယေဘုယျအားဖြင့် အခြေအနေကောင်းသည့် မိန်းကလေးတွေဟာ ဒီအချက်ကို အထင်အမြင်သေးကြသည်။ အခြေအနေဆိုးရွားသည့်သူတွေကျ ကျိုးတုန်းက သူတို့ကို သဘောကျမှာ မဟုတ်ဘူး။
ကျိုးတုန်းအတွက် ဒါက ပုံမှန်ပါပဲ။
ကျိုးတုန်းက ရုပ်ရည်ကြည့်ကောင်းပြီး အလုပ်ကြိုးစားတယ်၊ လုံလရှိတယ်။ သူ့အတွက် အခြေအနေဆိုးရွားတဲ့လူမျိုးနှင့် လက်ထပ်ဖို့ မလိုဘူး။
အမေကျိုး ညစာစားဖို့ ရောက်လာတဲ့အခါမှာ လင်းချင်းဟယ်က သူမကို ဒီအကြောင်း ပြောပြလိုက်သည်။
အမေကျိုးက ဒါကို ကြားတော့ တခစ်ခစ်ရယ်ကာ “တကယ်တော့၊ ငါ့မှာ သဘောတွေ့နေတဲ့ တစ်ယောက် ရှိတယ်။”
“ဘယ် မိသားစုကလဲ။” လင်းချင်းဟယ်က မေးသည်။
အမေကျိုးက ပြန်ဖြေသည်၊ “ချိုင်အိမ်ဟောင်းက၊ ငါတို့ကျိုးအိမ်ဟောင်းဘေးက ချိုင်မိသားစုကို ပြောတာလေ။”
“ချိုင်မိသားစုရဲ့ အခြေအနေက အတော်လေး ကောင်းတယ်။ အဒေါ်ချိုင်က သမီးမိန်းကလေးချည်း ၅ယောက် မွေးခဲ့ပေမယ့် သား ၃ယောက်လည်း ရှိတယ်။ သူတို့မိသားစုက ကြီးတယ်။ သူတို့ ကျိုးတုန်းကို လက်ခံနိုင်ပါ့မလား။” လင်းချင်းဟယ်က ခဏလောက် စဥ်းစားပြီးနောက် ပြောလိုက်သည်။
ဒီခေတ်ဒီအခါမှာ ကလေးတွေ အများကြီး မွေးတာ တကယ့်ကို သာမန်ပါပဲ။ သူမက ကျိုးတုန်းကို နှိမ့်ချပြောဆိုတာ မဟုတ်ဘူး။ ချိုင်မိသားစုရဲ့ အခြေအနေက တကယ့်ကို ကောင်းမွန်လှသည်။ လွန်ခဲ့သော နှစ်အနည်းငယ် ကြုံတွေ့ရသော အငတ်ဘေးတွင်ပင် ချိုင်မိသားစုမှ ကလေးတစ်ဦးမျှ မဆုံးရှုံးခဲ့ပါဘူး။ သူတို့က ထိုဒုက္ခဘေးမှ လွတ်မြောက်နိုင်ခဲ့ကြသည်။
ခက်ခဲသောနှစ်များကို ဖြတ်သန်းပြီးနောက် ချိုင်မိသားစုသည် အထူးစည်းလုံးသည်။
ဒါ့အပြင်၊ သူတို့မှာ ညီအစ်ကို မောင်နှမတွေ အများကြီး ရှိသည်။ ပြောရရင် သူတို့က ကျိုးကျားရွာမှာ အခြားမျိုးရိုးနာမည်ဖြင့် နေထိုင်ကြသည့်သူတွေ ဖြစ်ပေမယ့် သူတို့ကို ဘယ်သူမှ အနိုင်ကျင့်ဝံ့ခြင်း မရှိပေ။
ယခုအချိန်တွင် ချိုင်မိသားစုမှာ ချိုင်ပါ့မိန်ဆိုသည့် သမီးတစ်ယောက်သာ ကျန်တော့သည်။
ရှေ့က ညီအစ်မတွေအားလုံး အိမ်ထောင်ကျကုန်ပြီ ဖြစ်သည်။ အစ်ကိုသုံးယောက်ကလည်း အိမ်ထောင်ကျပြီး ဖြစ်သည်။ သူတို့မိသားစုတွင် အိမ်ထောင်မရှိသူ တစ်ဦးတည်းသာ ကျန်တော့သည်။
သူမ သိတာကို မြင်တော့ အမေကျိုးက ပြုံးပြီး ပြောသည်၊ “ကျိုးတုန်းက လူဖြောင့်လူမှန်ပဲ။ သူက အလုပ်လုပ်ချင်စိတ်လည်း ရှိတယ်၊ ဘာဖြစ်လို့ သူတို့က ကျိုးတုန်းကို မကြိုက်ကြမှာလဲ။ သူက ဥတစ်လုံး မိသားစုက ဖြစ်ပေမယ့် သူက ကျိုးဘိုးဘွားတွေကနေ ဆင်းသက်လာတဲ့ ကျိုးမျိုးနွယ်ပဲ။ ဘာပဲ ပြောပြော၊ သူ့မျိုးရိုးက ကျိုးပဲ။ ဒါ့အပြင်၊ ချိုင့်ပါ့မိန်က ရိုးသားတယ်။ သူ့အမေက သူမကို လက်ထပ်ပြီး အဝေးကို လွှတ်ရင် သူမ အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေတာ။”
လင်းချင်းဟယ်က ဒါကို နားလည်သွားပြီး ပြုံးသည်၊ “ဒါဆိုရင်၊ ဒါက မကောင်းတဲ့ ရွေးချယ်မှုမျိုး မဟုတ်ဘူးလေ။”
ချိုင်မိသားစုဖက်က ချိုင်ပါ့မိန် အနိုင်ကျင့်ခံရမှာကို စိုးရိမ်တယ်။ ကျိုးတုန်းအနေဖြင့် သူက သူမကို အနိုင်မကျင့်မှာ သေချာသည်။
ရှေ့က မွေးချင်းမောင်နှမ ၇ယောက်လုံး အိမ်ထောင်ကျကုန်ကြပြီ။ ဒါဆို ချိုင်မိသားစုမှာ မိသားစုဝင်တွေ ဘယ်လောက်များများ ရှိနိုင်မည်နည်း။ သူတို့သည် ချိုင်ပါ့မိန်ကို အခြားမိသားစုကြီးတွေနှင့် လက်ထပ်ပေးဖို့ မလိုအပ်ပေ။
သူမသာ ကျိုးတုန်းနှင့် လက်ထပ်ပါက သူမသည် အကြီးဆုံးယောင်းမဖြစ်ပြီး မိသားစုအကြီးအကဲ ဖြစ်လာနိုင်သည်။ ဒါက ဘယ်လောက် ကောင်းလိုက်သလဲ။
“ငါ ဒီအကြောင်းကို နောက်ကျ အမျိုးသမီးချိုင်ကို တီးခေါက်ကြည့်လိုက်မယ်။” အမေကျိုးက ပျော်ရွှင်စွာ စီစဥ်ခဲ့သည်။
ချိုင်ပါ့မိန်နှင့် ကျိုးတုန်းဟာ လိုက်ဖက်ညီသည်။ မဟုတ်ပါက အမေကျိုးသည် အောင်သွယ်တော်လုပ်ဖို့ စိတ်ဝင်စားမည် မဟုတ်ပေ။ သူမ အမျိုးသမီးချိုင် ပြောတာကို ကြားဖူးတယ်။ အဲ့ဒီတော့ ဒါကို ဆွေးနွေးလို့ ရနိုင်လိမ့်မည်။
ချိုင်ပါ့မိန်သည် အသက် ၁၉နှစ် ရှိပြီ ဖြစ်သည်။ အခု လက်ထပ်သင့်တဲ့ အချိန် ရောက်နေပြီလို့ ပြောလို့ရသည်။
ညစာ စားပြီးနောက် အမေကျိုးသည် အမျိုးသမီးချိုင်ကို သွားရှာခဲ့ပြီး စကားစမြည် ပြောဆိုနေရင်း အမေကျိုးသည် ကျိုးတုန်းက အသက် သိပ်မငယ်တော့ဘူးလို့ ပြောလိုက်သည်။
ဒါက အမျိုးသမီးချိုင်ကို တစ်ဖက်လှည့််ဖြင့် အချက်ပြတာလို့ ယူဆနိုင်သည်။