အခန်း ၁၉၀
Viewers 38k

အခန်း (၁၉၀) – မြန်မြန် အိမ်ပြောင်းနိုင်လေ၊ ပိုကောင်းလေပဲ


သမီးလေးယောက်ကို အိမ်ထောင်ချပေးပြီးသည့် အမျိုးသမီးချိုင်သည် အမေကျိုးရဲ့ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သဘောပေါက်သည်။


သူမ သမီးလေးက အိမ်ထောင်ပြုဖို့ သင့်တော်တဲ့ အရွယ် ရှိပြီ ဖြစ်သည်။ အမျိုးသမီးချိုင်သည် ဒီအငယ်ဆုံးသမီးလေးကို လက်ထပ်ပြီး အဝေးကို လွှတ်ဖို့ မလိုလားပေ။ ထို့ကြောင့် သူမသည် သူမတို့ရွာရှိ လူတိုင်းကို ပြောစရာ မလိုအောင် သေချာစစ်ဆေးကြည့်ခဲ့သည်။


ကျိုးတုန်းသည် အမျိုးသမီးချိုင်ရဲ့ သမက်လောင်း ရွေးချယ်ခံစာရင်းတွင် ပါဝင်ခဲ့သည်။


အမေကျိုးက အရိပ်အမြွတ်ပြောဆိုနေတာကို ရပ်တန့်လိုက်သည်။ ဒါကို ရည်ညွှန်းပြောဆိုပြီး‌နောက် သူမသည် အခြားသော အတင်းအဖျင်းများကို ပြောင်းလဲပြောဆိုခဲ့သည်။ နောက်တော့ သူမ အိမ်ပြန်လာခဲ့သည်။


အမျိုးသမီးချိုင်က ဒီအကြောင်ကို သူ့ခင်ပွန်းထံ ဖောက်သည်ချသည်။


“ရှင် ပြောကြည့်၊ အမျိုးသမီးကျိုးရဲ့ ဒီအကြောင်းကို ဘာလို့ လာပြောတာ ဖြစ်မလဲ။” အမျိုးသမီးချိုင်က မေးသည်။


“ကျိုးတုန်းက ကျိုးချင်းပိုင်တို့ မိသားစုနဲ့ ဆက်ဆံရေး ကောင်းတယ်။ အဲ့ဒီဖက်က ကျိုးတုန်းကို ကူညီပေးတာ ဖြစ်နိုင်တယ်။ ငါတို့သမီးက ကျိုးတုန်းနဲ့ လက်ထပ်မယ်ဆိုရင် နောင်အနာဂတ်မှာ ကူညီထောက်ပံ့မှုတွေ ရလာလိမ့်မယ်။ ကျိုးတုန်းဆို ပါ့မိန်ကို အနိုင်ကျင့်မှာ စိတ်ပူစရာ မလိုဘူး။ ကိုယ်တော့ ဒါက စိတ်ကူးကောင်းလို့ထင်တယ်။” လူအိုကြီးချိုင်က ပြောသည်။


အမျိုးသမီးချိုင်က ပြုံးရယ်ပြီး “ပါ့မိန်ကို အနိုင်ကျင့်မှာ စိတ်ပူစရာ မလိုဘူးလား။ နောင်အနာဂတ် ကိစ္စဆိုတာ ကျိန်းသေပေါက် ပြောနိုင်ပါ့မလား။ အရံအစီအစဥ်ထားဖို့ရော မလိုလောက်ဘူးလား။”


“ငါတို့အားလုံး တစ်ရွာတည်းမှာ နေတာပဲ။ ဘာကို အရံအစီအစဥ်တွေ လိုအပ်မှာလဲ။ ပါ့မိန်က စိတ်ထားနူးညံ့တယ်။ ကျိုးတုန်းကလည်း လူကောင်းပဲ၊ သူ ပါ့မိန်ကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ ငါတို့ စဥ်းစားလို့ရတယ်။” လူအိုကြီးချိုင်က ပြောသည်။


အိမ်ထောင်ရေးကိစ္စ ဆွေးနွေးတဲ့အခါ အကြောက်ဆုံးအရာက တစ်ဖက်သတ် အရမ်း စိတ်အားထက်သန်နေတာပဲ ဖြစ်သည်။ နှစ်ဦးနှစ်ဖက်စလုံးက စိတ်အားထက်သန်နေရင် စီစဥ်စရာရှိတာတွေ အရမ်းမြန်လိမ့်မည်။


နှစ်ရက်အကြာတွင် အမျိုးသမီးချိုင်က အမေကျိုးနှင့် ဒီကိစ္စကို ဆွေးနွေးခဲ့သည်။ သူတို့က လူငယ်နှစ်ယောက် အနီးအနားမြို့ထဲ လျှောက်လည်ဖို့ အချိန်နည်းနည်းလောက် ပေးသင့်လား။


အမေကျိုးက ပြုံးရယ်ရင်း ပြောသည်၊ “ငါ သူတို့ကို အိမ်က စက်ဘီး ငှားပေးလို့ ရတယ်။ ကျိုးတုန်းက စက်ဘီး ဘယ်လိုစီးရတယ် ဆိုတာကို သိပါ့မလားတော့ မသိဘူး။”


“ဒါဆို ကောင်းလိုက်တာ၊ ဒီကိစ္စ ပြေလည်သွားရင်တော့ ငါ နင့်ကို စာအိတ်နီ ပေးမှာ ဖြစ်တော့မယ်၊ ညီအစ်မရေ။” အမျိုးသမီးချိုင်က ပြုံးရယ်ရင်း ပြောသည်။


အမေကျိုးသည် အမျိုးသမီးချိုင်ထက် ငယ်ပေမယ့် အောင်သွယ်တော်တစ်ယောက်အနေနဲ့ စာအိတ်နီ လက်ခံရခြင်းမှာ ကောင်းမွန်သည့်ကိစ္စ ဖြစ်သောကြောင့် အမေကျိုးက မငြင်းဆန်ခဲ့ပေ။


ထို့နောက် အမေကျိုးသည် လင်းချင်းဟယ်အား ဒီသတင်းကို ပြောကြားခဲ့သည်။


လင်းချင်းဟယ်က စက်ဘီးကို တွန်းထုတ်သွားသည်။ ကျိုးတုန်းက စက်ဘီး မစီးတတ်ဘူး။ ဒါက စက်ဘီး စီးတတ်ရုံပဲ မဟုတ်ပါလား။ အရွယ်ရောက်ပြီး လူတစ်ယောက်အတွက် စက်ဘီးသင်ပေးဖို့ သိပ် မခက်ခဲဘူး မဟုတ်ပါလား။


သူက နေ့တစ်ဝက်အတွင်း လမ်းပေါ် စီးနိုင်သွားလိမ့်မည်။


အစတုန်းက ကျိုးတုန်းသည် နောက်နေ့တွင် ချိုင်ပါ့မိန်ကို စက်ဘီးဖြင့် မြို့ပေါ် ခေါ်ဆောင်သွားချင်ပေမယ့် သူ့မှာ စက်ဘီးနင်းသည့် အတွေ့အကြုံ သိပ်မရှိသဖြင့် ချိုင်ပါ့မိန်ကို တင်ပြီး စက်ဘီးမှောက်မှာကို စိုးရိမ်ခဲ့သည်။


ဒါ့ကြောင့် သူက နောက်ထပ် တစ်ရက် ထပ်မံ လေ့ကျင့်ခဲ့သည်။ ထို့နောက် သူဟာ ချိုင်ပါ့မိန်ကို စက်ဘီးဖြင့် မြို့ပေါ် ခေါ်သွားခဲ့သည်။


နှစ်ယောက်စလုံး တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြသည်။ သူတို့ကို ဘယ်သူမှ မတွေ့ဘူး။ ပထမလတွင် နွေဦးထွန်ယက်ခြင်းကို တရားဝင် မစတင်သေးသည်မို့ ချိုင်မိသားစုက ပျော်စရာကောင်းသည့် ပွဲတစ်ခုကို ကျင်းပခဲ့သည်။


ချိုင်ပါ့မိန်သည် ကျိုးတုန်းနှင့် လက်ထပ်တော့မည် ဖြစ်သည်။


ယင်းကြောင့် ရွာသူရွာသား အများအပြား အံ့အားသင့်ခဲ့ရသည်။


မိသားစုနှစ်စုသည် ဒီကိစ္စကို တိုးတိုးတိတ်တိတ် လုပ်ဆောင်ခဲ့ကြသောကြောင့် မည်သူမျှ ဒီသတင်းကို မသိခဲ့ရပေ။ ရုတ်တရတ် ပျော်စရာကောင်းသည့် ပွဲတစ်ခု ကျင်းပတော့မည် ဆို‌တော့ လူတိုင်း အံ့အားသင့်ခဲ့ကြသည်။


အံ့အားသင့်သွားပြီးနောက်တွင် ချိုင်ပါ့မိန်ကို သဘောကျနေကြသော ရွာရှိ လူအချို့က ကျိုးတုန်းကို အကျင့်မကောင်းဘူးလို့ ကြိမ်းမောင်းခဲ့ကြသည်။


ဒါက တကယ့်ကို အကြံအစည် ကြီးမားတဲ့ လူတစ်ယောက် ဖြစ်လေသည်။ တကယ်တော့ သူတို့က ဒါကို အရင်က သတိမပြုမိခဲ့ကြဘူး။ တကယ်တော့ သူက ချိုင်ပါ့မိန်ကို ဘယ်သူ့ကိုမှ အသိမပေးပဲ ချိတ်ဆက်ခဲ့တာ ဖြစ်သည်။


ချိုင်မိသားစုက ရွာမှာ အလွန်ကောင်းမွန်သော မိသားစုဖြစ်သည်။ သူတို့သည် ရွာတွင် အသန့်ရှင်းဆုံး နောက်ခံရှိသည့် မိသားစုတွေထဲမှ တစ်ခုဖြစ်ပြီး သူတို့ရဲ့ နာမည်ဂုဏ်သတင်းက အရမ်းကောင်းသည်။


ထို့အပြင် လူကြီးတွေရော လူငယ်တွေပါ အားလုံး အလုပ်ကြိုးစားပြီး စွမ်းဆောင်နိုင်ကြသည်။ သူတို့သည် ကြီးမားသော အိမ်ထောင်စု တစ်ခု ဖြစ်သည်မှာ ထင်ရှားသည်။ ချိုင်ပါ့မိန် အိမ်ထောင်ကျပြီး နောင်အနာဂတ်မှာ ပြဿနာတစ်ခုခု ကြုံတွေ့ခဲ့ရင် သူတို့က ဝိုင်းဝန်းဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပါလား။


သူတို့သားတွေနှင့် မအောင်သွယ်ခင်မှာ ကျိုးတုန်းက ဒီအခွင့်အရေးကို ဖြတ်လုသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ။


အခြားသူတွေကတော့ ချိုင်မိသားစုက လိမ္မာပါးနပ်တယ်လို့ ယူဆကြသည်။


ကျိုးတုန်းက သူ့ကို ကျောထောက်နောက်ခံပေးမယ့်သူ မရှိသလို ချိုင်ပါ့မိန်ကိုလည်း အနိုင်ကျင့်မှာ မဟုတ်ဘူး ဆိုတဲ့ အချက်ကို ရှင်းရှင်းလင်းလင်း ပစ်မှတ်ထားကြကာ အဲ့ဒါကြောင့် ဒီလက်ထပ်ပွဲကို သဘောတူလိုက်ကြတာ ဖြစ်သည်။


သို့သော် မည်သို့ပင်ဖြစ်ပါစေ ကျိုးတုန်းနှင့် ချိုင်ပါ့မိန်တို့ရဲ့ လက်ထပ်ပွဲကို နွေဦးထွန်ယက်ခြင်း မစတင်မီ ကျင်းပပြီးဆုံးသွားခဲ့သည်။


သူတို့က မင်္ဂလာပွဲကို သိပ်ကြီးကြီးကျယ်ကျယ် မလုပ်ခဲ့ကြဘူး။ စားပွဲ နှစ်လုံး ခင်းကျင်းပြီး အကြီးအကဲတွေကို ဖိတ်ကြားလိုက်ရုံနဲ့ ပြီးစီးသွားခဲ့သည်။


ကျိုးချင်းပိုင်သည်လည်း မင်္ဂလာပွဲကို တက်ရောက်ခဲ့ပေမယ့် လင်းချင်းဟယ်ကတော့ မတက်ရောက်ခဲ့ဘူး။ သူမက ကျိုးချင်းပိုင် တက်ရောက်ရင် လုံလောက်ပြီလို့ ထင်ခဲ့ပေမယ့် ကျိုးတုန်းတို့မောင်နှမနှစ်ယောက်က သူမကို လူကိုယ်တိုင် လာရောက်ဖိတ်ခေါ်ခဲ့သည်။


ဒီလိုမျိုး ဖြစ်လာပြီးတာနဲ့ အမေကျိုးဟာ ကျိုးတုန်းထံမှ စာအိတ်နီနှင့် ကြက်တစ်ကောင်ကို လက်ခံရရှိခဲ့သည်။


ဒါက အောင်သွယ်တော်ကို ပေးတဲ့ လက်ဆောင်မို့ အမေကျိုးလည်း မငြင်းပယ်ပဲ လက်ခံခဲ့သည်။


ကျိုးတုန်းနှင့် ကျိုးရှီတို့ရဲ့ လက်ရှိဘဝဟာ အရင်ကလို မခက်ခဲပါဘူး။ မောင်နှမနှစ်ယောက်စလုံး အလွန်ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်ထားကြသည်။ အခုဆို ကြင်နာတတ်တဲ့ ဇနီးဖြစ်သူ ချိုင်ပါ့မိန်က သူတို့မိသားစုထဲကို ဝင်ရောက်လာပြီဖြစ်လို့ နောင်အနာဂတ်မှာ ပိုကောင်းလာလိမ့်မည်။


လင်းချင်းဟယ်သည် ပထမလ ၂၀ရက်နေ့တွင် ကျောင်းတွေ စတင်ဖွင့်လှစ်နေပြီ ဖြစ်သောကြောင့် ဒါကို သိပ်အလေးမထားတော့ပေ။


ဒီလူကြီး ကျိုးချင်းပိုင်က သူမကို ငဲ့ညှာပြီး သူမအတွက် ထမင်းကူချက်ပေးသည်။ ဒီလူကြီးကို ယုန်တွေ ငှက်တွေကို အမဲလိုက်ခိုင်းတာပဲ ကောင်းပေသည်။ သို့သော် အချက်အပြုတ်ဟာ သူ့အတွက် အလွန်တရာ ကြီးကျယ်ခမ်းနားသော အလုပ်တစ်ခု ဖြစ်လေသည်။


အများဆုံး သူက ဖက်ထုပ်တွေကိုသာ ပြုလုပ်ပေးနိုင်သည်။


လင်းချင်းဟယ်သည် အလုပ်ကနေ ပြန်လာတဲ့အချိန်မှာ အိမ်မှာ စားသောက်ဖို့ကို ချက်ပြုတ်ပြင်ဆင်ရသည်။ အမေကျိုးက ချက်ပြုတ်စရာ ရှိတာတွေကို အစစ အရာရာ ပြင်ဆင်ထားပြီးသား ဖြစ်သည်။ လင်းချင်းဟယ်က ဟင်းလျာတွေကို ချက်ပြုတ်ရုံသာ လိုအပ်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် နွေဦးသို့ ရောက်ရှိခဲ့ပြီ။


သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို သူတို့အိမ်နောက်ဖေးတွင် စိုက်ပျိုးခဲ့သည်။ နွေရာသီတစ်ခုလုံးစာအတွက်၊ သူတို့သည် သူတို့ကိုယ်ပိုင်မြေတွင် ရှိသည့် ဒီဟင်းသီးဟင်းရွက်စိုက်ခင်းကို အားကိုးရပေမည်။

 

ဒုတိယအစ်မဖက်တွင် ဒီအချိန်ကျမှ သူတို့က အုတ်အိမ်ဆောက်ကြသည်။ ဒါက အချိန်အခါမဟုတ် ဆောက်တယ်လို့ ဆိုနိုင်သည်။


လူတိုင်းသည် နွေဦးထွန်ယက်ခြင်းနဲ့ အလုပ်ရှုပ်နေကြသည်မို့ သူမကို ဘယ်လို ကူညီပေးနိုင်ပါ့မလဲ။


သို့သော် ဒီတစ်ခါတွင် ဒုတိယအစ်မသည် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည်။ လူတိုင်း အလုပ်များနေရင်တောင်မှ သူမသည် ဒီအုတ်အိမ်ကြီးကို ရအောင် ဆောက်လုပ်နေဆဲ ဖြစ်သည်။


သူမသည် ရွာတွင် နာမည်ကောင်းနှင့် ကျော်ကြားသည်။ သူမရဲ့ ဇွဲလုံ့လကြောင့် လူတိုင်းက အလုပ်ပိုကြိုးစားကြသည်။


သူတို့ အလုပ်ကနေ နာရီဝက် တစ်နာရီလောက် အနားယူပြီး သူမကို ကူညီပေးကြသည်။


ဒုတိယယောက်ဖက အိမ်ကို ရောက်လာခဲ့သည်။


သူက ကျိုးချင်းပိုင်ကို အုတ်ခဲတွေရအောင် အကူအညီတောင်းဖို့ ဒီကို ရောက်လာခဲ့သည်။


ကျိုးချင်းပိုင်က အလုပ်ဆင်းရပြီး လင်းချင်းဟယ်က ကျောင်းသွားရသည်။ သူတို့နှစ်ယောက်စလုံး အိမ်မှာ မရှိကြပေ။ အမေကျိုးသည် စုရွှင်းလေးကို ထိန်းကျောင်းနေရသည်။ စုချန်လေးကတော့ သူ့အစ်ကိုဖြစ်သူ လောင်စန်းရဲ့နောက်သို့ အမြီးလေးလို လိုက်ပါသွားခဲ့သည်။


“နင်တို့ ဒီအချိန်ကို ဘယ်လို ရွေးရမှန်း တကယ်သိနေတာပဲ။ ဒီအချိန်ဆို လူတိုင်း အလုပ်များကြတယ်။ ဒီအချိန်မှာ နင်တို့အတွက် ဘယ်လိုလုပ်ပြီး ရှာပေးနိုင်မှာလဲ။ ချင်းပိုင်က အားလပ်မယ့်အချိန်တောင် အရမ်းရှားတယ်။” အမေကျိုးက မကျေမနပ် မှတ်ချက်ချသည်။


ဒုတိယယောက်ဖက အလွန်ရှက်ရွံ့စွာ ပြောသည်၊ “ဒီတစ်ခါပါပဲ။ ချင်းပိုင်ကို ကျွန်တော် နောက်တစ်ခါ လာမရှာတော့ပါဘူး။” 


အိမ်မှာ ဆက်ဆံရေးက တကယ် တင်းမာခဲ့သည်။ ဒုတိယအစ်မ သာမက၊ ဒုတိယယောက်ဖသည်လည်း သူတို့ ထိုအိမ်မှာ ကြာကြာ မနေချင်တော့ဘူး။


ဒါ့ကြောင့် ဒီလိုအချိန်မျိုးမှာတောင် သူတို့ အိမ်ဆောက်ချင်ခဲ့တာ ဖြစ်သည်။


တကယ်တော့ နှင်းတွေ အရည်ပျော်သွားချိန်ကစလို့ သူတို့ အဲ့ဒီမှာ ဆောင်လုပ်ရေး စလုပ်ခဲ့သည်။ အခုဆို အများစုက ပြီးစီးသွားခဲ့ပြီ။ တချို့အပိုင်းတွေပဲ ကျန်တော့တယ်။ လူတိုင်းက အလုပ်များနေကြတယ်ဆိုတော့ နည်းနည်း အချိန်ယူနေရတယ်။ မဟုတ်ရင် တစ်လအတွင်း ဆောက်နိုင်လိမ့်မည်။


နောက်ဆုံးတော့ ဒါက အိမ်အကြီးကြီး ဆောက်လုပ်တာမျိုး မဟုတ်ဘူး။


“နင် အိမ်ကို အရင်ပြန်နှင့်။ ချင်းပိုင် ပြန်ရောက်တာနဲ့ ငါ ဒီအကြောင်းကို ပြောလိုက်မယ်။” အမေကျိုးက ပြောသည်။


ဤသို့ဖြင့် ဒုတိယယောက်ဖက အိမ်ကို အရင်ပြန်သွားနှင့်သည်။


ကျိုးချင်းပိုင်က အလုပ်ဆင်းလာတော့ အမေကျိုးက သူ့ကို ဒီအကြောင်း ပြောပြလိုက်သည်။ အမေကျိုးသည် ဒီအကြောင်းကို အတော်လေး ပြောချင်စိတ် ကုန်ခမ်းနေခဲ့ပြီ ဖြစ်သည်။ “ဒီတစ်နှစ်လေးကိုတောင် သည်းမခံနိုင်ကြတော့ဘူး။ ငါတို့ ပိုက်ဆံချေးပေးပြီးတာနဲ့ သူတို့က ချက်ချင်း အိမ်ဆောက်ဖို့ လုပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။”


“သူတို့ အခြေအနေက တော်တော်ဆိုးလို့နေမယ်။ သူတို့ သည်းမခံနိုင်တာက သာမာန်ပါပဲ။ ဒါ့အပြင်၊ သူတို့ မြန်မြန် ပြောင်းရွှေ့တာ ပိုကောင်းတယ်၊ မဟုတ်ရင် သူတို့ နောက်တစ်ခါ တကယ်ပဲ ဓားထိုးခံရနိုင်တယ်။” လင်းချင်းဟယ်က ဒီအကြောင်းကိုကြားတော့ မကန့်ကွက်ခဲ့ဘူး။


“ကျွန်တော် ဒီနှစ်ရက်အတွင်း မအားသေးဘူး။ သဘက်ခါလောက်ကျရင် ကျွန်တော် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေ သွားဝယ်ရဖို့ ရှိတယ်။ ကျွန်တော် သူ့ကို လှည်းနဲ့ ခေါ်သွားလို့ ရတယ်။” ကျိုးချင်းပိုင်က ပြောသည်။


“ကောင်းပြီ။ သူ လာတဲ့အခါကျ ငါ သူ့ကို ပြောလိုက်မယ်။” အမေကျိုးက ခေါင်းညိတ်သည်။


နောက်တစ်နေ့ ဒုတိယယောက်ဖ ထပ်ရောက်လာပြန်သည်။ အမေကျိုးက စကားကို အမှန်အတိုင်း ပြောလိုက်သည်။ ဒုတိယယောက်ဖက ဒါကို ကြားတော့ အရမ်းဝမ်းသာသွားပြီး “ကျွန်တော် ချင်းပိုင် ဒုက္ခပေးမိသလို ဖြစ်သွားပြီ။” လို့ ဆိုသည်။

 

“ဒါက ပြဿနာမရှိဘူး။ ငါတို့က တစ်မိသားစုတည်းပဲ။ အနာဂတ်မှာ နင်တို့ ပြောင်း‌ရွှေ့ပြီးရင် ပိုအဆင်ပြေလာလိမ့်မယ်။ နင့်မိဘတွေက တကယ်ပဲ ဘက်လိုက်လွန်းပါတယ်အေ။ မင်းတို့ စောစောပြောင်းရွှေ့နိုင်လေ၊ ပိုကောင်းလေပဲ။” အမေကျိုးက ပြန်ဖြေသည်။