အခန်း (၁၉၁) – အရပ်ရှည်လာတော့ ကြွက်တက်ခြင်း
အမေကျိုးသည် သူမသည်လည်း စတုတ္ထလေးကို ပိုပြီး အလေးပေးတယ်ဆိုတာကို သတိပြုမိခဲ့သည်။ ဒါပေမယ့် သူမရဲ့ သားလေးယောက်ကြား သူမရဲ့ ဘက်လိုက်မှုဟာ သိပ်မများခဲ့ပါဘူး။ မဟုတ်ရင် တခြားသူတွေက ဘယ်လိုလုပ်ပြီး ဒီအတိုင်း နေနိုင်ကြမှာလဲ။
အခု ညီအစ်ကိုတွေကြားက ဆက်ဆံရေး ဘယ်လောက် ကောင်းမွန်နေလဲ ဆိုတာကို ကြည့်တော့ သူမ အရမ်းဘက်လိုက်တာမျိုး မရှိဘူး ဆိုတာ သက်သေပြနေတာပဲ မဟုတ်ပါလား။
ဒုတိယယောက်ဖက အနေခက်သည့် အပြုံးဖြင့် တုံ့ပြန်သည်။ သူက ပိုက်ဆံပေးပြီးတာနဲ့ ပြန်သွားခဲ့သည်။
နှစ်ရက်အကြာတွင် ကျိုးချင်းပိုင်က အဖွဲ့ကိုယ်စား ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးဝယ်ဖို့ မြို့တက်သွားခဲ့သည်။ ထို့နောက် သူက အုတ်တစ်စီးတိုက် သယ်ယူလာခဲ့ပြီး ဒုတိယယောက်ဖထံ ပေးပို့ခဲ့သည်။
ထိုအုတ်တစ်စီးတိုက်က ဒုတိယယောက်ဖကို စိတ်သက်သာရာ ရစေနိုင်သည်။ ညဖက်တွင်ပင် သူက အိမ်အသစ် ဆောက်နေသည့် နေရာမှာ ကင်းစောင့်နေခဲ့သည်။ အုတ်နှင့် အုတ်ကြွပ်များကို လာရောက်ခိုးယူမည့်သူများ ရှိနေမှာကို စိုးရွံ့သောကြောင့် ဖြစ်သည်။
ဒါက အမှန်တရားပါပဲ။ အုတ်နှင့် အုတ်ကြွပ်တွေကို ဒီခေတ်ဒီအခါတွင် ရရှိဖို့ မလွယ်ကူပေ။ အကယ်၍ ကျိုးချင်းပိုင်လို ဗျူရိုက လူတွေနှင့် အဆက်အသွယ် မရှိလျှင် ဤကဲ့သို့သော အုတ်တစ်စီးတိုက်ကို ဘယ်လိုလုပ်ပြီး ရရှိနိုင်ပါ့မလဲ။
ဒါက ရှားပါးသည်။ သူတို့မှာ ပိုက်ဆံ ရှိရင်တောင် ဝယ်ယူရရှိဖို့ မလွယ်ကူဘူး။
ပြီးတော့ ဝယ်နိုင်တဲ့သူ ရှိရင်တောင် ဒီလို လှည်းတစ်စီးတိုက် ရရှိဖို့ မဖြစ်နိုင်ဘူး။
ဒီလိုမှ မဟုတ်ရင် အခုအချိန်မှာ အိမ်ယာရှားပါးမှု ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ။
ဒုတိယယောက်ဖသည် ကျိုးချင်းပိုင်ကျေးဇူးကြောင့် အိမ်ကို အမြန်ပြောင်းရွှေ့နိုင်တော့မည် ဖြစ်သည်။ နောက်ထပ် လိုအပ်တာကိုတော့ အရေးပေါ် အသုံးပြုရန်အတွက် မျိုးနွယ်စုဦးလေးဖြစ်သူထံမှ ချေးယူခဲ့သည်။
ဒီအကြောင်းပြောရရင် သူက လူမှုဆက်ဆံရေး တကယ်ကောင်းသည်။ သူ့အစ်ကိုကြီးက ချေးငှားတယ်ဆိုရင် ဒီအကြောင်းကို စဥ်းစားစရာတောင် မလိုဘူး တန်းပြီး ငြင်းပယ်မှာပဲ ဖြစ်သည်။
ဟုတ်ပါတယ်၊ ဒုတိယအစ်မသည်လည်း ဒါကို ကူညီပေးခဲ့သည်။
ဒုတိယအစ်မရဲ့ စတုတ္ထမောင်လေးက အရည်အချင်းရှိသူ ဖြစ်တယ် ဆိုတာကို ဘယ်သူက မသိကြလို့လဲ။
သူက စစ်တပ်မှ အငြိမ်းစားယူခဲ့သည့်တိုင် ကျေးရွာတွင် ထင်ရှားသော လူတစ်ယောက်အဖြစ် ရှိနေဆဲ ဖြစ်သည်။ ထုတ်လုပ်ရေးအဖွဲ့ကိုယ်စား စပါးရိတ်သိမ်းမှုကို အစီရင်ခံခြင်း သို့မဟုတ် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးတို့ကို ဝယ်ယူခြင်း ဖြစ်စေ သူက အမြဲတမ်း ပါဝင်ရလေ့ ရှိသည်။
ထို့ကြောင့် သူတို့သည် အနည်းနှင့် အများ ဆိုသလို သူနှင့် ဆက်သွယ်ရန် ဆန္ဒရှိခဲ့ကြသည်။
ဥပမာအားဖြင့်၊ ကျိုးချင်းပိုင်သည် ယခုတစ်ခါမှာ အုတ်တစ်စီးတိုက် သယ်ဆောင်လာတာကို မြင်လိုက်ရသောအခါ အားလုံးရဲ့ မျက်လုံးတွေဟာ အနည်းငယ် တောက်ပလာခဲ့သည်။
တခြားသူတွေ အကြောင်းကိုပင် မပြောနဲ့ဦး။ ဒုတိယယောက်ဖရဲ့ ဘက်လိုက်လွန်းသော မိဘများပင် တဖျစ်တောက်တောက်ပြောဆိုမိကြသည်။
မည်သို့ပင်ဆိုစေကာမူ၊ ဒုတိယယောက်ဖနှင့် ဒုတိယအစ်မတို့၏ အုတ်အိမ်သည် ဒီအုတ်တစ်စီးတိုက်ကြောင့် တစ်လခွဲအတွင်း ဆောက်လုပ်ပြီးစီးသွားခဲ့သည်။
မိသားစုဝင် ၇ယောက် ရှိသော မိသားစုတစ်စုသည် အိမ်ပြောင်းရွှေ့ရန် နေ့ရက်ကောင်းတစ်ခုကို ရွေးချယ်ရန်ပင် တစ်စက္ကန့်မျှ မတွေးတောပဲ ပြောင်းရွှေ့နေထိုင်ခဲ့သည်။
ပြောင်းရွှေ့ပြီးနောက် သူတို့မှာ ပျောက်ဆုံးနေသော ပစ္စည်းတွေ အများအပြား ရှိနေသေးသည်။ ပျောက်သွားတာက အရေးမကြီးဘူး။ သူတို့မှာ အိုးတစ်လုံးတည်းနဲ့ ချက်ပြုတ်ရရင်တောင် ဟိုအိမ်မှာ ဒေါသထွက်ပြီး နေရတာထက် ပိုကောင်းပါသည်။
ဒီတစ်ခါ အိမ်ခွဲနေထိုင်တာက အမြဲတမ်း ရိုးသားကြင်နာတတ်တဲ့ ဒုတိယအစ်မကိုပင် ရှားရှားပါးပါး အမုန်းတရားတွေ ဆုပ်ကိုင်ထားစေအောင် ဆိုးရွားခဲ့တာကြောင့် ဖြစ်သည်။
အတိတ်က အမုန်းတရားတွေလည်း အများကြီး ပါဝင်သည်။ သူမ မီးနေချိန်ကာလအတွင်း ညှင်းပန်းနှိပ်စက်မှုတွေနှင့် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးတွေ မရေမတွက်နိုင်လောက်အောင် ကြုံတွေ့ခဲ့ရသည်။
သို့ရာတွင် ဒုတိယအစ်မသည် ဒါတွေကို ဘာမှ ပြန်မပြောခဲ့ပေ၊ သူမက ဒီအကြောင်းတွေ စကားတစ်ခွန်းမှ မဟခဲ့ပေမယ့် အခုချိန်ကစပြီး သူမမှာ သူမမိဘရဲ့ မိသားစုတွေပဲ ရှိတော့မည်။ ယောက္ခမမိသားစု လုံးဝ မရှိတော့ဘူး။
ရွာရှိ အမျိုးသမီးအချို့က သူမကို အရမ်းမနာလိုဖြစ်ကြပေမယ့် ချဥ်တူးခါးသီးတဲ့စကားတွေကို ဘာမှ မပြောကြပါဘူး။ သူတို့အားလုံးက သူမကို အခက်အခဲတွေ ပြီးဆုံးပြီး နောင်အနာဂတ်မှာ ပျော်ရွှင်မှုတွေ ရရှိလာပါစေလို့ ဆုမွန်ကောင်း တောင်းပေးကြသည်။
ဆန့်ကျင်ဖက်အားဖြင့် ရွာရှိလူကြီးအချို့က ဒုတိယအစ်မတို့က မိသားစု ခွဲထွက်သွားပြီး လူကြီးတွေက သားအကြီးဆုံးကို ရွေးချယ်တာကို ကြည့်ပြီး ခေါင်းခါလိုက်ကြသည်။
သူတို့သည် ကြင်နာတတ်သော ဒုတိယသားနှင့် ချွေးမကို အကာအကွယ် ပေးရမည့်အစား တစ်ကိုယ်ကောင်းဆန်သော သားအကြီးဆုံးနှင့် ချွေးမတို့ဖက် ရပ်တည်ပေးခဲ့သည်။
အခု သူတို့ သွားလာလှုပ်ရှားနိုင်တော့ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမယ့် နောင်အနာဂတ် သူတို့ အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ သားအကြီးဆုံးလင်မယားက သူတို့ကို တကယ်ပဲ ကြည့်ရှုစောင့်ရှောက်ပေးလိမ့်မယ်လို့ သူတို့ တကယ် ထင်နေတာလား။
သူတို့အိမ်တံခါးရှေ့မှာ ပုံနေတဲ့ နှင်းတွေကို လှည်းကျင်းရဦးမှာ ဖြစ်တာကြောင့် ဒီအကြောင်းကို ဆက်ပြောဖို့ ပျင်းသည်။
ဒုတိယအစ်မက အလွန်ယဥ်ကျေးသည်။ သူမက ရွာထဲကနေ ကြက်ဥတစ်ခြင်း ချေးငှားပြီး မိဘအိမ် သယ်လာခဲ့သည်။ သူမ မိခင်ဖက်ရှိ မွေးချင်းတွေကို ကျေးဇူးတင်ရှိကြောင်း ပြသသည့်အနေဖြင့် ပေးခဲ့တာ ဖြစ်ပြီး အိမ်ထောင်စုတိုင်း ကြက်ဥ ၂ကျင်းစီ ရရှိခဲ့သည်။
မိဘမောင်ဖွားတွေက အရေးမကြီးပေမယ့် ယောင်းမတွေကိုတော့ ယဥ်ကျေးမှု ပြသရမှာပဲ ဖြစ်သည်။
ညီအစ်ကိုမောင်နှမတွေက အတူတူ ကြီးပြင်းလာကြတာ ဖြစ်လို့ သိပ်ဂရုမစိုက်ကြပေမယ့် ယောင်းမတွေကတော့ မတူဘူး။ အကန့်တစ်ခုတော့ ရှိတာကြောင့် သဘာဝအတိုင်း သူမ ယဥ်ကျေးပျူငှာမှုကို ပြသရမည်။
အကြွေးတင်နေတဲ့ငွေကို တဖြည်းဖြည်း ပြန်ဆပ်နိုင်သည်။ သူမ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဒါကို ကျေအောင် ပြန်ဆပ်မှာပဲ ဖြစ်သည်။
ဒုတိယမရီးတောင်မှ ပြုံးပြီး ဒုတိယအစ်မက အရမ်းယဥ်ကျေးလွန်းတယ်လို့ ဆိုသည်။
လင်းချင်းဟယ်က ပြောစရာ စကား သိပ်မရှိဘူး။ လင်းချင်းဟယ်သည် ဒုတိယအစ်မအတွက် ဝက်သား တစ်ကျင်းခန့် ပြန်ပေးလိုက်သည်။
ဒုတိယအစ်မက မငြင်းပယ်နိုင်ပဲ အိမ်ပြန်ယူသွားရုံသာ တတ်နိုင်ခဲ့သည်။
အိမ်အပြန်လမ်းမှာ သူမ စိတ်ခံစားချက်တွေ ရောထွေးနေခဲ့သည်။ စတုတ္ထရဲ့ ဇနီးသည်က ယခင်က သူမအပေါ် လုံးဝ အလေးမထားခဲ့ပေ။ ဒါပေမယ့် အခု စတုတ္ထလေး ပြန်လာတော့ သူမက ဇနီးမယားတစ်ယောက်နဲ့ ပိုပိုတူလာခဲ့သည်။ နောက်တစ်နှစ် နှစ်သစ်ကူးကျရင် သူတို့ထံ သူမကလေးတွေကို ခေါ်လာရမည်။
လင်းချင်းဟယ်က အများကြီး သိပ်မတွေးဘူး။ ကျိုးချင်းပိုင်ရဲ့ အစ်မ ဖြစ်တာကြောင့် သူမက ယဥ်ကျေးသိမ်မွေ့စွာ ပြုမူလိုက်တာပဲ ဖြစ်သည်။
သူမသည် မုန့်နယ်လက်စကြီး ဖြစ်နေသည်။ ဒီနေ့ သူမတို့ ပန်ကိတ် လုပ်စားကြမည်။ စွပ်ပြုတ်ကတော့ အရိုးစွပ်ပြုတ်ပဲ ဖြစ်သည်။ သူမသည် ဒီအရိုးတွေကို ပြုတ်ထားတာ ကြာပြီ။ စွပ်ပြုတ်အရည်က ပျစ်နှစ်ပြီး အဖြူရောင်သန်းနေသည်။ အနံ့ကလည်း အရမ်းမွှေးသည်။ စွပ်ပြုတ်ဟင်းရည်ပန်းကန်ထဲ ကြက်သွန်မြိတ် လက်တစ်ဆုပ်စာလောက် ဖြူးထည့်လိုက်ရင် အရသာက ပိုပြီး ပြီးပြည့်စုံလာလိမ့်မည်။
ဒီပန်ကိတ်တွေက ဒီစွပ်ပြုတ်နဲ့ အရမ်းလိုက်ဖက်သည်။
သူမ မနေ့တုန်းက ခရိုင်မြို့ပေါ် တက်တုန်းက ကြက်ဥ သုံးခြင်း ဝယ်ပြီး ပြန်လာခဲ့သည်။ ဒီနေ့ ဒုတိယအစ်မ ကြက်ဥ နှစ်ကျင်း ယူဆောင်လာပေးသည်။ ဒါ့ကြောင့် သူမသည် လူတိုင်းအတွက် ကြက်ဥ မကျက်တကျက် ကြော်ကျွေးခဲ့သည်။
ကြွပ်ရွပြီး အဝါရောင်အနှစ်လေးတွေနှင့် ကြက်ဥ မကျက်တကျက်ကြော်ကို စုချန်လေးတောင်မှ စိတ်ကျေနပ်မှုအပြည့် စားသုံးခဲ့သည်။
သူမရဲ့ မိသားစုဝင် သုံးယောက်ကတော့ ကောင်းကောင်းစားမှန်း ပြောစရာပင် မလိုလောက်ချေ။
“အမေ၊ သား မကြာသေးခင်က အိပ်ပျော်သွားတဲ့အချိန်မှာ သားခြေထောက်က နည်းနည်း ကြွက်တက်သလို ခံစားနေရတယ်။” လောင်တက စားနေသောက်နေရင်း ပြောသည်။
လင်းချင်းဟယ်က အံ့အားသင့်သွားပြီး “ဒါက ကယ်လ်စီယမ်ဓာတ် ချို့တဲ့နေတာ ဖြစ်နိုင်လား၊ ဟုတ်လား။”
“အဲ့တာ ဘာလဲ။”
အဖေကျိုးနှင့် အမေကျိုးတို့သည် ဒါကို မသိနားမလည်ပေ။
ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို ကြည့်လိုက်သည်။ အချို့သော စကားလုံးတွေက ဆယ်စုနှစ်များစွာ အကြာမှ စကားတွေ ဖြစ်ပြီး ယခု တစ်ခါမှ မကြားဖူးသေးသော စကားများ ဖြစ်သည်။
ဥပမာအားဖြင့်- ဒီကယ်လ်စီယမ်ချို့တဲ့တာနဲ့ ခြေထောက်ကြွက်တက်တာက ဘာဆိုင်လို့လဲ။
“ဆိုလိုချင်တာက မင်း အရပ်ရှည်တဲ့ အသက်အပိုင်းအခြားကို ဝင်ရောက်နေတော့ မင်း အရိုးတွေ ရှည်လာမယ်၊ ဒါပေမယ့် မင်းခန္ဓာကိုယ်က အာဟာရဓာတ် လုံလုံလောက်လောက် မရှိလို့ မင်း ညဖက်မှာ ကြွက်တက်သလို ခံစားရတာမျိုးတွေ ဖြစ်လာလိမ့်မယ်။” လင်းချင်းဟယ်က ဒါကို ရှင်းပြီးနောက် “ဒီအကြောင်းကို စာအုပ်တွေထဲမှာ ဖတ်ခဲ့ရလို့...” လို့ ထပ်ထည့် ပြောဆိုခဲ့သည်။
အဖေကျိုးနှင့် အမေကျိုးက ဒါကို စာအုပ်ထဲမှာ ဖတ်ခဲ့ရတယ်လို့ ဆိုတဲ့အခါမှာ သူတို့ရဲ့ အပြုအမူတွေက လေးနက်လာသည်။
“ငါတို့ ဘာလုပ်လို့ ရမလဲ။” အဖေကျိုးက မေးသည်။
အဖေကျိုးသည် သူ့မြေးကြီးကို အလွန်စိုးရိမ်မိသည်။ ဒါ့အပြင်၊ သူ့မြေးကြီးသည် တက္ကသိုလ်ဝင်ခွင့်အောင်ပြီး ဘိုးဘွားတွေရဲ့ ဂုဏ်ကျက်သရေကို တိုးမြှင့်ပေးနိုင်ပြီး ပညာတတ်လူငယ်တစ်ယောက် ဖြစ်လာမှာကို သူ စိတ်အားထက်သန်စွာ စောင့်မျှော်နေခဲ့တာ ဖြစ်သည်။
“ငါတို့မိသားစုက ကောင်းကောင်းစားတယ်။ ဘာဖြစ်လို့ သူက အာဟာရဓာတ် မလုံလောက်တာလဲ။” အမေကျိုးက ပြောသည်။
“အိမ်က အစားအသောက်တွေက အရမ်းကောင်းတယ်။ ဒါပေမယ့် ဒီတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ နောက်နေ့ကစပြီး နွားနို့နှစ်ပုလင်း ထပ်မှာလိုက်မယ်။ လောင်တ၊ မင်း နွားနို့ မျာများသောက်ရမယ်။” လင်းချင်းဟယ်က ဆုံးဖြတ်ချက်ချသည်။
“ဒါက အရမ်းများလွန်းတယ်မလား။” အမေကျိုးက တုံ့ဆိုင်းသွားသည်။
“အမေ၊ ကလေးတွေကို အရပ်ရှည်အောင် ဒီအရွယ်မှာ ကောင်းကောင်း ကျွေးမွေးဖို့ လိုအပ်တယ်။ နောက်နှစ်အနည်းငယ်ကြာတဲ့အခါ အမေက သူတို့ကို အရပ်ရှည်စေချင်လို့ ကောင်းကောင်း ကျွေးမွေးရင်တောင် သူတို့ အရပ်ရှည်လာတော့ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြောသည်။
တကယ်တော့ ဒီအရွယ်ကလေးတွေဟာ ဖြည့်စွက်စာ အများကြီး ကျွေးဖို့ မလိုအပ်ဘူး။ နေ့စဥ်အစားအသောက်တွေအပြင် နို့အနည်းငယ် ပိုသောက်ဖို့ပဲ လိုသည်။ ဒါက မော်ဒန်ခေတ်တွင်ပင် အခြေခံအကျဆုံး ဖြစ်သည်။
ဒါဟာ တကယ်တော့ အားဖြည့်ပေးတာ မဟုတ်ပါဘူး။
“စတုတ္ထလေးရဲ့ ဇနီးပြောတာကို နားထောင်လိုက်။” အဖေကျိုးက ခေါင်းညိတ်သည်။
လင်းချင်းဟယ်က ပြုံးပြီး လောင်တကိုကြည့်ကာ ပြောလိုက်သည်၊ “နင် ကောလိပ်ဝင်ခွင့်ရဖို့ စာကို ပိုကြိုးစားဖို့ လိုလိမ့်မယ်။ နင့်အောက်မှာ အငယ်နှစ်ယောက်လည်း ရှိသေးတယ်။ အချိန်တန်ရင် နင့်အတွက် ကုန်ကျခဲ့တဲ့ ပိုက်ဆံအားလုံး အမေ့ကို ပြန်ပေးရမယ်။”
ဒါကို ပြောတော့ အမေကျိုးက ရယ်မောပြီး ပြောသည်၊ “ဒါက အရမ်းချဲ့ကားလွန်းတယ်။ အဖွဲ့အစည်းကနေ ကောလိပ်ကျောင်းသားတစ်ဦး မွေးထုတ်ပေးနိုင်တာ အရမ်းကောင်းတယ်။”
“အမေ၊ သား နောက်နှစ်ဆို အလယ်တန်းကျောင်း စတက်ရတော့မယ်။ အလယ်တန်း ပထမနှစ်မှာ ပြိုင်ပွဲတစ်ခု ရှိတယ်လို့ သား ကြားတယ်။ အဲ့တာက ပညာသင်ဆု ရနိုင်မလား။” လောင်တက မေးသည်။
လက်ရှိအချိန်တွင် သူက ပဥ္စမတန်း ဒုတိယနှစ်ဝက်ကို ရောက်နေပြီ ဖြစ်သည်။ အခုလောလောဆယ်တော့ ဆဌမတန်းကို မတက်ရသေးဘူး။ လာမယ့် စာသင်နှစ်ကျရင် အလယ်တန်း ပထမနှစ်ကို စတက်ရတော့မယ်။