အခန်း (၁၉၂) - မိုးရွာခြင်း
“နင် ပညာသင်ဆုအကြောင်း မေ့ထားလို့ ရတယ်။ နင် ဆုရရင် ဘောပင်တစ်ချောင်း ကြွေရည်သုတ်ခွက် တစ်ခွက်အပြင် ဘာမှ ပိုမရဘူး။” လင်းချင်းဟယ်က ပြောသည်။
ပညာရေးကို အလေးထားသည့် လက္ခဏာတွေ ရှိနေပြီ ဆိုပေမယ့် အရမ်းအလေးထားတဲ့ အဆင့်တော့ မရောက်သေးပေ။
ပညာသင်ဆုရယ်တော့ မရှိသေးပါဘူး။
လင်းချင်းဟယ်သည် လောင်တရဲ့ ကြွက်တက်ခြင်းအတွက် သူမ ပါးစပ်ဖွာပြီး ပြောတာ မဟုတ်ပေ။ သူမသည် နွားနို့အမှာကို တိုးလိုက်သည်။
နွားနို့အပြင် သူမသည် လောင်တ နေ့တိုင်း ကျောင်းတက်တဲ့အခါ ဗိုက်ဆာရင် စားဖို့ ကြက်ဥ သို့မဟုတ် အခြားတစ်ခုခုကို ထည့်ပေးသည်။
ဒီနည်းလမ်းကို တစ်လခွဲနီးပါး ကျင့်သုံးပြီးနောက် ဒီကလေးက သူ ညဖက်တွေမှာ ခြေထောက် ကြွက်မတက်တော့ဘူးလို့ ဆိုလာသည်။
အဖေကျိုးက အရမ်းကောင်းတယ်လို့ တွေးခဲ့သည်။
အမေကျိုးလည်း အတွေးများနေခဲ့သည်။ စတုတ္ထရဲ့ ဇနီးက ငွေကို အမှန်တကယ် သုံးစွဲတတ်တာပဲ။
ဖခင်ဖြစ်သူ ကျိုးချင်းပိုင်သည်လည်း ဒီအတွေ့အကြုံကို ခံစားခဲ့ဖူးသည်။ သူ လူပျိုဖော်ဝင်စအချိန်၌ ဒီလိုဖြစ်ရပ်မျိုး ကြုံတွေ့ခဲ့ရသည်။
ဒါပေမယ့် အဲ့ဒီတုန်းက အခြေအနေတွေက အရမ်းဆိုးသည်။ သူ့ဗိုက်ကို ပြည့်အောင် စားနိုင်တာကပင် လုံလောက်နေပြီ ဖြစ်သည်။ နွားနို့သောက်တာတို့ ကြက်ဥစားတာတို့ကတော့ သူသည် သူ့မိဘတွေရဲ့ မျက်နှာသာအပေးခံရဆုံး ကလေး ဖြစ်နေရင်တောင် ဒီအကြောင်းကို စဥ်းစားစရာတောင် မလိုအပ်ဘူး။
“အဲ့ဒီတုန်းက ရှင် ဒီလောက် အရပ်ရှည်ဖို့ ခက်ခဲခဲ့တယ်လား။” လင်းချင်းဟယ်က ကျိုးချင်းပိုင်နဲ့ ဒီအကြောင်းကို အားလပ်ချိန်၌ မေးမြန်းခဲ့သည်။
“ကိုယ် စစ်တပ်ထဲ မဝင်ခင် အိမ်မှာ အကြာကြီး မနေခဲ့ဘူး။” ကျိုးချင်းပိုင်က ပြောသည်။
ပြောရရင် သူက စစ်တပ်ထဲ ဝင်ပြီးနောက် အမှန်တကယ် စတင်ကြီးထွားလာတာ ဖြစ်သည်။
သူက အလျင်မြန်ဆုံး ကြီးထွားလာပြီး တစ်နှစ်လျှင် ၁၃ စင်တီမီတာနီးပါးလောက် အရပ်ရှည်လာသည်။
သူ အိမ်ပြန်ရောက်ချိန်တိုင်း သူ အရပ်က ပိုပိုရှည်လာသည်။ ဒါပေါ့၊ ဒါက သူ့အမေ သူ့ကို ပြောပြခဲ့တာပင်။
လင်းချင်းဟယ်က ပြုံးရယ်ရင်း “ရှင် တစ်ခုခု စားချင်တာ ရှိရင် ကျွန်မ ရှင့်အတွက် ချက်ပေးမယ်။ ဒါက နည်းနည်း နောက်ကျနေပြီ ဆိုပေမယ့် ရှင်လည်း အာဟာရရှိတာလေးတွေ နည်းနည်းလောက်တော့ ရသင့်ပါတယ်။” လို့ ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူ့ကို သူ့ဇနီးသည်က ကျီစယ်နေတာကို သိလိုက်သည်။ သူ့နှုတ်ခမ်းတွေက မြင့်တက်သွားပြီး ဘာမှ မပြောပေ။
အခု လင်းချင်းဟယ်က စွပ်ပြုတ်ကို များများ ချက်ကျွေးသည်။
နံရိုးစွပ်ပြုတ်၊ အရိုးစွပ်ပြုတ်၊ ငါးစွပ်ပြုတ်၊ ပုဇွန်ဆိတ်စွပ်ပြုတ်နှင့် ရေညှိစွပ်ပြုတ်တို့သည် လင်းချင်းဟယ် မကြာခဏ ရွေးချယ်လေ့ရှိသော စွပ်ပြုတ်များပင် ဖြစ်သည်။
သို့သော် ဤကဲ့သို့သော အာဟာရမျိုးဖြင့်ပင် လောင်တသည် လုံးဝ ဝဖြိုးသွားခြင်း မရှိပေ။ သူက အဆီတက်ပြီး မဝဖြိုးသွားသည့်အပြင် ပိန်ပါးနေပုံပေါ်သည်။ ဟုတ်ပါတယ်၊ သူက ကျိုးချင်းပိုင်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကို အမွေဆက်ခံခဲ့တာ ဖြစ်သည်။
သူ့ကြည့်ရတာ ပိန်တယ်လို့ ထင်ရပေမယ့် သူ့အဝတ်အစားတွေကို ချွတ်လိုက်တဲ့အခါကျရင် လုံးဝ ပိန်ပါးနေပုံမပေါ်ဘူး။
လောင်အာ့နှင့် လောင်စန်းတို့က အဆင်ပြေသည်။ ညီငယ်တွေဖြစ်သည့် စုချန်လေးနှင့် စုရွှင်းလေးတို့က ငယ်သေးလို့ ဝဖြိုးဖို့ ပိုမိုလွယ်ကူသည်။ သူတို့နှစ်ယောက်စလုံး ပြည့်ပြည့်ဖြိုးဖြိုးလေးတွေ ဖြစ်ကြသည်။
ဒါကို ကြည့်လျှင် သူတို့အဒေါ် ဆရာမလင်းက သူမ တူလေးတွေအပေါ် ဘယ်လောက် ကောင်းကောင်းကျွေးမွေးထားလဲ ဆိုတာကို မြင်နိုင်ပြီး အပြင်ထွက်တိုင်း လူတိုင်း မချီးကျူးပဲ ဘယ်နေပါ့မလဲ။
လင်းချင်းဟယ်သည် ဒီနေ့ စာသင်စရာ မရှိပေ။ သူမသည် မနက်စောစော စက်ဘီးစီးပြီး မြို့ပေါ် တက်သွားခဲ့သည်။
သူမသည် မြို့ပေါ်မှာ ငါးဝယ်ဖို့ လာခဲ့တာ ဖြစ်သည်။ အထူးသဖြင့် ခရူးရှန်းငါးကြင်းစွပ်ပြုတ်လုပ်ဖို့ ငါးကြင်းတွေကို နေရာလွတ်ထဲမှာ သိုလှောင်ထားဖို့ များများဝယ်ယူရန် သူမ အစီအစဥ်ဆွဲထားခဲ့သည်။ ဒီခေတ်ဒီအခါက ခရူးရှန်းငါးကြင်းတွေက အစစ်အမှန် ခရူးရှန်းငါးကြင်တွေ ဖြစ်သည်။
လင်းချင်းဟယ်ရဲ့ ကိုယ်ရေးကိုယ်တာ အကြိုက်ဆုံး စွပ်ပြုတ်ကတော့ တို့ဟူးနဲ့ ရောချက်တဲ့ စွပ်ပြုတ်ပဲ ဖြစ်သည်။
ခရူးရှန်းငါးကြင်းစွပ်ပြုတ်ကတော့ အရိုးများလွန်းသည်။ သူမသည် ခရူးရှန်းငါးကြင်းစွပ်ပြုတ်ကို သိပ်မကြိုက်ပေ။ ငါးကြင်းစွပ်ပြုတ် အားလုံးကို ကျိုးချင်းပိုင်အား ကျွေးမွေးလိုက်သည်။
မှောင်ခိုစျေးကွက်မှာ ငါးတွေ ရှိပြီး လင်းချင်းဟယ်က ပိုက်ကွန်တစ်ခုစာ ဝယ်ယူလိုက်သည်။ တီလားပီးယားနှင့် ခရူးရှန်း ကဲ့သို့သော ရေချိုငါးများလည်း ရှိသည်။ ကကတစ်ငါးမျိုးတွေလည်း ပါရှိသည်။
လင်းချင်းဟယ်က ကြိုတင်မှာယူထားတာ မရှိဘူး။ သူမသည် သူတို့အားလုံးကို မှာယူပြီး အနီးအနားတွင် ဘယ်သူမှ မရှိတဲ့အခါမှာ နေရာလွတ်ထဲ ချက်ချင်းထည့်ထားလိုက်သည်။
ထို့နောက် သူမသည် ကိုချီဘယ်ရီသီး တစ်ထုပ်နှင့် တရုတ်ဆီးသီး တစ်ထုပ်ကို ဝယ်ယူခဲ့သည်။ သကြားလုံး တစ်ထုပ်လည်း ပါသည်။ တခြား ဘာမှ ဝယ်စရာ မရှိတော့ဘူး။
သူမ ဒီပစ္စည်းတွေကို အိမ်ပြန်ယူသွားသည်။
လင်းချင်းဟယ်သည် အိမ်ပြန်ရောက်တာနဲ့ ခရူးရှန်းငါးကြင်းကို သတ်ဖြတ် ကိုင်တွယ်လိုက်ပြီးနောက် တို့ဟူးဖြင့် ရောကျိုထားသည်။ ကျက်သွားတဲ့အခါ ကိုချီဘယ်ရီသီးကို ဖြူးပေးလိုက်သည်။ ရလဒ်ကတော့ အရမ်းကို အရသာရှိသွားခဲ့သည်။
မွန်းတည့်အချိန်၌ လူတိုင်း မိမိတို့စိတ်နှလုံး ကျေနပ်စွာ စားသောက်ရသည်။
“တောင်ပေါ်မှာ မှိုကောက်သွားဖို့ နေ့လည် ဘယ်အချိန်လောက် သွားသင့်လဲ မသိဘူး။” လင်းချင်းဟယ်က ပြောသည်။
“အဖိုးကြီး၊ မိုး ဘယ်အချိန်လောက် ရွာမယ်လို့ ထင်လဲ။” အမေကျိုးက အဖေကျိုးအား မေးသည်။
အဖေကျိုးရဲ့ အတွေ့အကြုံသည် အလွန်ထက်မြက်နေသေးသည်၊ “သိပ်မကြာခင် ရွာလိမ့်မယ်၊ ဒီရက်ပိုင်း ပူစပ်ပူလောက် ဖြစ်နေတယ်။”
ဒီရက်အနည်းငယ်အတွင်း ပူနွေးနွေး အိုက်စပ်စပ် ဖြစ်လာခဲ့သည်။ လင်းချင်းဟယ်ဆို အရမ်းပူလွန်းလို့ အိပ်မပျော်လောက်သည့်အထိ ဖြစ်မိသည်၊ ကျိုးချင်းပိုင်သာ သူမကို အိပ်ပျော်သွားသည့် အချိန်အထို ယပ်မခတ်ပေးဘူးဆိုလျှင် သူမ အိပ်ပျော်နိုင်မှာ မဟုတ်ပေ။
သေချာပေါက် ငါးရက်ခန့်အကြာတွင် ကောင်းကင်တစ်ခွင်လုံး တိမ်မည်းများ ဖုံးလွှမ်းလာသည်။ ညနေပိုင်းတွင် မိုးစတင်ရွာသွန်းပြီးနောက် အသင့်အတင့်သာ ရွာသည်၊ ထို့နောက် ဝုန်းဒိုင်းကြဲ သည်းထန်စွာ ရွာချပြန်သည်။
မေလထဲသို့ ရောက်ရှိနေပြီ။ ဒီအချိန်မှာ ကောက်ပဲသီးနှံတွေ စိုက်ပျိုးပြီးစီးလို့ မိုးရွာတဲ့အခါမှာ လူလုပ်အား သက်သာသွားစေတာမို့ လူတိုင်းကို အသက်ရှုချောင်သွားစေသည်။
လင်းချင်းဟယ်သည် သူမရဲ့ စည်းကမ်းဟောင်းများကို လိုက်နာသည်။ သူမသည် အိမ်တွင်း အိမ်ပြင်တွင် မီးခိုးမှိုင်းတိုက်ခဲ့သည်။ သူမသည် ဒီအလေ့အထကို အမြဲ ထိန်းသိမ်းထားသည်။ မိုးရွာတဲ့အချိန်နဲ့ မိုးတွင်းအချိန်မှာ သူမ အမြဲတမ်း အိမ်တစ်အိမ်လုံးကို မီးခိုးမှိုင်းတိုက်လေ့ရှိသည်။
“အမေ၊ ကျွန်တော် ဒီမေးခွန်းကို မဖြေရှင်းနိုင်ဘူး။” တတိယတန်းသို့ ကျော်သွားသော လောင်အာ့က ပြောသည်။
လင်းချင်းဟယ်က ထိုပုစ္ဆာကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြောသည်၊ “နင့်အတွေးအမြင်တွေကို ပြောင်းလိုက်၊ အဲ့တာက နင် မနေ့တုန်းက တွက်ခဲ့တဲ့ ပုစ္ဆာနဲ့ ဆင်တူတယ်။”
လောင်အာ့က အဲ့ဒီအကြောင်းကို ဆက်လက် စဥ်းစားနေခဲ့သည်။ သူက ဒီမေးခွန်းတစ်ခုတည်းကိုပင် အချိန် နာရီဝက်ကြာအောင် သုံးလိုက်မိသည်။ နောက်ဆုံး၌ သူက ဒီမေးခွန်းကို ဖြေရှင်းလိုက်နိုင်သည်။
သူ ဒါကို ဖြေရှင်းပြီးတော့ သူ ဒီမေးခွန်းကို တစ်ခေါက်ပြန်ဖတ်ကြည့်တော့ ဒီမေးခွန်းက သိပ်မခက်ခဲမှန်း တွေ့လိုက်ရသည်။
“အမေ၊ အမေ ထောင်ချောက်တွေ အများကြီး ထားခဲ့တာပဲ။” လောင်အာ့က သူ့အမေကို မလေးစားပဲ မနေနိုင်တော့ပေ။
ကျောင်းမှ ပေးလိုက်သော မေးခွန်းကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ဖြေရှင်းနိုင်သော်လည်း သူ့အမေ ပေးသော မေးခွန်းများမှာမူ ထောင်ချောက်တွေ အပြည့် ပါဝင်သည်။ တစ်ချက်လောက် သတိလက်လွတ် လိုက်တာနဲ့ ထောင်ချောက်ထဲ ကျသွားလိမ့်မည်။
ဒါအပြင်၊ ဤသည်မှာ သာမန် တတိယတန်းစာ သင်္ချာမေးခွန်း မဟုတ်ပဲ အိုလံပစ် သင်္ချာမေးခွန်းတွေ ဖြစ်သည်။
“မင်းပုစ္ဆာက ဘယ်လောက် ခက်လို့လဲ။ ငါ့ကို အမေ ပေးထားတဲ့ ပုစ္ဆာကို လုံးဝ မမှီဘူး။ ငါ့ဆရာတောင် ဒီပုစ္ဆာကို ဘယ်လို ဖြေရှင်းရမလဲ မသိဘူး။” ပုစ္ဆာနောက်တစ်ပုဒ်ကို ဖြေရှင်းနေသည့် လောင်တက လက်ဝှေ့ယမ်းရင်း ကြားဖြတ်ပြောသည်။
သူက လောင်အာ့ရဲ့ မေးခွန်းကို တစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်လိုမှန်းကို သိလိုက်သည်။ သူ့မေးခွန်းက တကယ် ခက်နေတာ ဖြစ်သည်။
သူ့မေးခွန်းဆိုလျှင်လည်း ကျောင်းကနေ စလို့ အခုချိန်ထိ မဖြေရှင်းနိုင်သေးဘူး။
ကျောင်းမှာ သူ ဒီမေးခွန်းကို ဖြေရှင်းနေချိန်မှာ သူ့ဆရာက ဒါကို မြင်သွားတယ်။ နောက်တော့... သူလည်း ဒီမေးခွန်းကို မဖြေရှင်းနိုင်ဘူး။
ဒီမေးခွန်းကို ဘယ်သူ ပေးတာလဲလို့ မေးတဲ့အခါမှာတော့ သူ့အမေက ဒီမေးခွန်းကို ပေးပြီး ဖြေရှင်းခိုင်းတာ ဖြစ်ကြောင်း ပြောလိုက်တော့ ဆရာမက အရမ်းအထင်ကြီးသွားသည်။
ဆရာမလင်းသည် စာပေကို ကိုယ်တိုင်လေ့လာပြီး ပညာတတ်လူငယ်အုပ်စုကို လွှမ်းမိုးနိုင်ခဲ့သည့် ကျိုးကျားရွာမှ စံပြပုဂ္ဂိုလ် ဖြစ်ထိုက်ပါပေသည်။ တကယ့်ကို လေးစားစရာ ကောင်းသည့် ပုဂ္ဂိုလ်ပါပင်။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ သူမသည် ဒီမေးခွန်းပြဿနာကို ဖြေရှင်းနိုင်ရန် လောင်တကိုလည်း အရိပ်အမြွတ်တစ်ခု ပေးခဲ့သည်။
လောင်တသည် ဒီမေးခွန်းကို အချိန်အတော်ကြာအောင် ဖြေရှင်းနေခဲ့တာ ဖြစ်သောကြောင့် လင်းချင်းဟယ်က သူ့ကို အရိပ်အမြွတ်တချို့ ပေးခဲ့သည်။ သူ့ကြည့်ရတာ တိမ်မည်းတွေကို ဖယ်ရှားပြီး ကြည်လင်တဲ့ ကောင်းကင်ကြီးကို တွေ့လိုက်ရသည့်အတိုင်းပင်။
မေးခွန်းကို ဖြေရှင်းလိုက်နိုင်ပြီး သူက ကြယ်လေးပွင့်အဆင့်ရှိသည့် ခက်ခဲသော ပုစ္ဆာကို ဖြေရှင်းလိုက်နိုင်တာ ဖြစ်သည်။
လင်းချင်းဟယ်က အဖြေကို အမြန်စစ်ကြည့်ပေးသည်။ ထို့နောက် သူမသည် ကြယ်ငါးပွင့်အဆင့်ရှိသည့် ခက်ခဲသော ပုစ္ဆာတစ်ခုကို ပေးခဲ့ပြီး ထိုမေးခွန်းကို ဖြည်းဖြည်းချင်း ရအောင် စဥ်းစားစေခဲ့သည်။
လောင်စန်းကိုတော့ လင်းချင်းဟယ်က သူ့ကို ကိန်းဂဏန်းတွေကို နာနာခံခံ ရေးသားခိုင်းသည်။
သူက ဒီနှစ်ဆို ၆ နှစ် ရှိပြီ။ လင်းချင်းဟယ်သည် ယခုနှစ် မူလတန်းကျောင်း ဖွင့်လှစ်သည့်အချိန်တွင် မူလတန်း ပထမနှစ် တက်ရောက်ရန် စေလွှတ်ဖို့ ရည်ရွယ်ထားသည်။
ဒီနှစ်တော့ ညီအစ်ကိုသုံးယောက်လုံး ကျောင်းအတူ တက်ရတော့မည်။
ကျိုးချင်းပိုင်သည် ပေါက်ပြားတစ်လက်နှင့် မိုးကာအင်္ကျီကို ကိုင်ဆောင်ရင်း အပြင်ကနေ ပြန်ရောက်လာသည်။ မိုးရွာချိန်တွင် အလုပ်လုပ်ကိုင်ဖို့ မလိုအပ်ပေမယ့် လယ်ကွင်းတွေမှ ရေကောင်းကောင်း စီးဆင်းနေသလား ဆိုတာကို စစ်ဆေးကြည့်ဖို့ လိုပါသေးသည်။ ရေစီးရေလာ ပြဿနာကြောင့် သီးနှံပင်တွေ နစ်မြှုပ်ပျက်စီးသွားနိုင်ပါသည်။
ရာသီဥတုကို မှီခိုအားထားနေရသော သာမာန်လူများအတွက် မလွယ်ကူလှဘူး။
မိုးမရွာရင် အလုပ်မဖြစ်သလို မိုးအရမ်းရွာလို့လည်း အဆင်မပြေဘူး။ သေးလွန်းလျှင် အလုပ်မဖြစ်သလို ကြီးလွန်းလျှင်လည်း အလုပ်မဖြစ်ဟူသော စကားအတိုင်းပါပင်။
“အရာအားလုံး အဆင်ပြေရဲ့လား။” လင်းချင်းဟယ် မေးသည်။
“အဆင်ပြေပါတယ်။” ကျိုးချင်းပိုင်က ပြောသည်။
မိုးတွေ သည်းထန်စွာ ရွာသွန်းနေပေမယ့် စိုးရိမ်ခြေ ရေအမှတ်ကိုတော့ မရောက်သေးပါဘူး။
လင်းချင်းဟယ်သည် အခြေအနေကောင်းတယ်လို့ ကြားသောအခါ ဒီအကြောင်းကို ဂရုမစိုက်တော့ပဲ သူမ လုပ်လက်စ မုန့်နယ်တာကို ဆက်လက်လုပ်ကိုင်ပြီး မန်ထိုကို ရေနွေးငွေ့ဖြင့် ပေါင်းခံလိုက်သည်။
မိုးအရမ်းသည်းနေတာကြောင့် အဖေကျိုးနှင့် အမေကျိုးရဲ့ ဝေစုကို ခြင်းတောင်းထဲမှာ ထားခဲ့ပြီး ကျိုးချင်းပိုင်ကို ပို့ဖို့ ထည့်လာခဲ့သည်။ ထမင်းပို့ပြီး ပြန်လာတော့ အိမ်မှာ ကျန်တဲ့ မိသားစုဝင်တွေကို ထမင်းစကျွေးသည်။