အခန်း(၁၈)
Viewers 12k

အခန်း(၁၈)《 ကမ္ဘာပျက်ကပ်ကြီးနီးလာပြီ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


အထက်လူကြီးအား အတိုချုပ်ရှင်းပြပြီးနောက် ကျန့်ယွင်သည် ချန်ဟွေ့ကျန်း၏အရေးအား ချန်ထားခဲ့လိုက်သည်။ ဘာဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ကြီး ပေါက်ကွဲထွက်လာဖို့ သုံးရက်လောက်သာလျှင်လိုတော့‌သည်လေ။ သူ သူမကို ခွင့်ပြုလိုက်မယ်။ ဘာနေနေ သူမ ယွမ်ခြောက်သိန်းကိုရလျှင် သိမ်းထားရုံပဲ။ အစားအသောက်နှင့် တခြားထိုကဲ့သို့သောအရာများမ၀ယ်ခဲ့ဘူးဆိုလျှင် သူမကိုပေးလိုက်သည်မှာ စက္ကူစုတ်တစ်ခုနှင့်မခြားတော့ပေ။ 


ရာသီဥတုသည် ပူပြီးရင်း ပိုပူလာနေသည်။ 40 ဒီဂရီ ဆဲလ်ဆီးယပ်နီးပါးလောက်အထိပင် ရှိလာသည်။ ရာသီဥတုအခြေအနေအရ စက်တင်ဘာလမှာပင် ဆောင်းရာသီဖြစ်သင့်သည်။ အဲ့ဒါကအတော်လေးကို ထူးဆန်းနေသည်။ ဒီရက်တွေအတွင်း နေရောင်သည် ခန္ဓာကိုယ်ပေါ်သို့ကျရောက်ပြီး အရေပြားများပင် လောင်ကျွမ်းသွားသကဲ့သို့ခံစားနေရသည်။ တဖြည်းဖြည်းနှင့် လမ်းမပေါ်ရှိ လမ်းသွားလမ်းလာများ နည်း နည်း သွားလေသည်။ 


အစိုးရဌာနများသည် အနီရောင်အဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီး စက်ရုံများနှင့်ကျောင်းများကို အားလပ်ရက်ခွင့်ပြုပေးခဲ့သည်။ အချို့သော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများသာ ပုံမှန်အတိုင်း အလုပ်လုပ်ကြ‌ဆဲဖြစ်လေသည်။ မြို့တော်ရှိ အိမ်တိုင်းနီးပါးတွင် လေအေးပေးစက်ရှိကြသည်။ လျှပ်စစ်ဌာနသည် ၀န်ပိနေခဲ့ကြပြီး အချိန်အပိုင်းအခြားအလိုက် ဓာတ်အားထောက်ပံ့ခဲ့ကြရသည်။ မကြာမီမှာပင် လူအချို့သည် မြင့်မားသောအပူချိန်ကို မခံနိုင်ကြတော့ပဲ အပူရှပ်ခြင်းများ ဖြစ်လာကြသည်။ 


TVသတင်းများကို စောင့်ကြည့်နေခဲ့ပြီး လူများသည် မျက်လုံးမှားမှိတ်လိုက်ကြတော့သည်။ တချို့ လူများကို ဆေးရုံသို့ လူနာတင်ယာဉ်ဖြင့်ခေါ်သွားခဲ့ကြပြီး ကျန့်ယွင်၏ နှလုံးသားသည်လည်း တဖြည်းဖြည်းနစ်မြုပ်သွားလေသည်။ 


စုရွေ့ကျယ်၏စကားများကို သူယုံသည်ဟုပြောခဲ့ပါသော်လည်း ကမ္ဘာပျက်ကပ်ကြီး အမှန်တကယ်ရောက်မလာဖို့ မျှော်လင့်နေဆဲဖြစ်သည်။ သူတတ်နိုင်လျှင် သူ လုပ်သမျှ ဘာအလုပ်မှမဖြစ်ပဲ ကမ္ဘာကြီး သွေးထွက်သံယိုအဖြစ်အပျက်တွေထဲ ကျရောက်မသွားစေရန် အမှန်တကယ်မျှော်လင့်ခဲ့ပါသည်။ 


သို့သော်ငြားလည်း သတင်းများရှိ ပုံများသည် စုရွေ့ကျယ်တစ်ကြိမ်ပြောပြခဲ့ဖူးသလို ကမ္ဘာပျက်ကပ်အကြို ဖြစ်ရပ်များဖြစ်ကြောင်း သက်သေပြနေခဲ့သည်။ အပူရှပ်ခြင်းဟုခေါ်နိုင်သော ထိုလူများသည် မကြာခင်မှာပင် ရေဓာတ်ခမ်းခြောက်လာပြီး သေဆုံးကြရလိမ့်မည်။ ထို့နောက် သွေးစွန်းသောလ၏ ညများတွင် သူတို့ပြန်လည်နိုးထလာကြလိမ့်မည်။ 


ကျန့်ယွင်သည် သက်ပြင်းတစ်ချက်ရှိုက်လိုက်ကာ စုန့်ချန်ရှုအားဖုန်းခေါ်လိုက်သည်။ 


“အားကျန့်၊ ငါပြောခဲ့သလိုပဲ ဆေးဝါးပစ္စည်းတွေရဖို့ဆိုတာ အရမ်းမမြန်ဘူးလို့။ ငါအခု တချို့တစ်၀က်လောက်ပဲရသေးတယ်။ မင်းငါ့ကို အတင်းအကြပ်တိုက်တွန်းနေလည်း အပိုပဲ ”


စုန်ချန်ရှု ပြန်လည်ပြောဆိုလေတော့သည်။ 


“အခု မြို့တော်ဆေးရုံမှာ အခြေအနေဘယ်လိုရှိလဲ ”


“နေရာတိုင်းမှာ လူအများကြီး အပူရှပ်တာခံစားနေကြရတယ်။ လူအများကြီး ပြင်းထန်တဲ့ရေဓာတ်ခမ်းခြောက်မှု ခံစားနေကြရပြီး သူတို့ထဲကအများအပြားသေဆုံးသွားကြတယ် ”


စုန်ချန့်ရှု သက်ပြင်းချလိုက်သည်။ 


ထိုအကြောင်းကြားရပြီးနောက် ကျန့်ယွင်၏ မျက်ခုံးများ ပိုပြီးကြုံသွားသည်။ 


“မင်းရထားပြီးတဲ့ ဆေးဝါးပစ္စည်းတွေကိုယူပြီး အခုချက်ချင်း ဗီလာဧရိယာကို ကားမောင်းလာခဲ့ ”


“အာ၊ ငါအခု အလုပ်ထဲမှာပဲရှိသေးတယ်..အလုပ်ပြီးမှလာလို့ရလား ”


“What the f**k”


ကျန့်ယွင်သူ့ဆံပင်များကို စိတ်တိုစွာ ဆွဲဆုပ်လိုက်ပြီး အဆဲစကားများကိုမြိုချလိုက်ကာ စကားပြောင်းလိုက်သည်။ 


“ငါနည်းနည်း မသက်မသာခံစားနေရတယ်၊ ပြီးတော့ ဒဏ်ရာကရောင်နေသလား ငါမသိဘူး” 


“အာ၊ တကယ်လား၊ ငါအခုချက်ချင်းလာခဲ့မယ် ”


အဆုံးမှာတော့ စုန့်ချန်ရှုသည် သူ့သူငယ်ချင်းများအပေါ်တွင် ပိုအာရုံစိုက်လိုက်တော့သည်။ သူမြန်မြန် အပြေးအလွှားထွက်သွားပြီး ဆေးရုံမှထွက်သွားခွင့်ရရန် မေးလိုက်သည်။  


သူ၏ ပူလောင်နေသောအမူအရာကို ကြည့်ပြီး သူ့မိသားစုတွင် တစ်ခုခုကြုံနေရသည်ဟု ထင်လိုက်သဖြင့် ဆေးရုံမှ သူ့အားအမြန်ထွက်ခွာခွင့်ပြုလိုက်သည်။ ဆေး၀န်ထမ်းများသည်လည်း လူသားများပင်ဖြစ်‌ပြီး သူတို့သည်လည်း မိသားစု၀င်များကို စောင့်ရှောက်ပေးရန် လိုအပ်သေးသည်။ မည်သို့ပင်ဖြစ်စေ လူနာအများစုသည် အပူရှပ်ခြင်းသာဖြစ်ပြီး ကူးစက်ရောဂါမျိုးမဟုတ်ပေ။ ထို့ကြောင့် သူတို့အနေဖြင့် ယာယီ ထိန်းထားနိုင်လေသည်။ 


ကျန့်ယွင်သည် TVမှသတင်းများကို ဆက်လက်စောင့်ကြည့်နေခဲ့ပြီး အသီးအရွက်၊ သစ်သီး၀လံများနှင့် အသား ဈေးနှုန်းများမြင့်တက်လာသည်ကို တွေ့လိုက်သည်။ ကျန့်ယွင်သည် ၀က်များ၊ နွားများနှင့် သိုးများကိုတွေးလိုက်သည်။ သူသည် တိုက်ရိုက်ပင် အင်တာနက်မှ မြို့တော်မွေးမြူရေးခြံတစ်ခု ရှာတွေ့ခဲ့ပြီး ၀က်များ၊ နွားများနှင့် သိုးများ တစ်ဒါဇင်စီအတွက် စပေါ်ငွေငွေပေးချေခဲ့ပြီး ညနေပိုင်းတွင် ပစ္စည်းများအားသွားယူနိုင်သည်။ 


သူသည် ချန်းချီအား နောက်တစ်ကြိမ်ဖုန်းခေါ်လိုက်၏။ ချန်းချီသည် သူ့မိသားစုနှင့် အခြေအနေတူသည့် ကလေးတစ်ယောက်ဖြစ်ခဲ့သည်။ 


“ယို့၊ နေအနောက်ဖက်က ထွက်လာတာလား။ မင်းဘာလို့ ငါ့ကိုဖုန်းခေါ်ဖို့တွေးမိတာလဲ ”


ချန်းချီ၏ ရင်းနှီးနေသောအသံသည် ဖုန်းထဲမှ ထွက်ပေါ်လာသည်။ 


“မြို့တော်မှာ အခြေအနေတွေ ဘယ်လိုရှိလဲ ”


“ဘာကိစ္စရှိလို့လဲ၊ ငါက အခု မြို့‌တော် ထဲမှာမဟုတ်ဘူး”


“ဘာ၊ ဘာလို့ မင်းက မြို့တော်မှာမဟုတ်တာလဲ ”


ကျန့်ယွင်သည် သူ့ထိုင်ခုံမှပင် ထခုန်လိုက်လုနီးပါးပင်။ 


“မင်းဘာလို့ အရမ်းစိတ်လှုပ်ရှားနေတာလဲ။ မြို့တော်ကအရမ်းပူလို့ ကျောင်းကျောင်းက မခံနိုင်ဘူး။ သူက ငါ့ကို ဒီရာသီဥတုကြီးမှာ အပြင်ထွက်ဖို့ခေါ်ချင်နေတာကွာ။ ငါတို့ Aမြို့မှာ။ မင်းက Sမြို့မှာပဲ ထင်တယ်။ ငါမင်းကိုတွေ့ဖို့ လာလည်ရမလား ”


“လူချမ်းသာစောက်ရူးတွေ ”


ကျန့်ယွင်သည် ဆိုးဝါးသောစိတ်အခြေအနေဖြင့် သူ့အားအော်လိုက်လေတော့သည်။ 


“မင်း အခုချက်ချင်း အစားအသောက်တွေ၊ ရေတွေ၊ နေ့စဉ်သုံးပစ္စည်းတွေ ၀ယ်တော့။ ပြီးရင် ပုန်းဖို့ လုံခြုံတဲ့နေရာတစ်ခုရှာပြီး ချန်းကျောင်းကို ခေါ်သွား”


“အာ၊ အဲ့ဒါက အပူရှပ်တာပဲမဟုတ်ဘူးလား။ သူတို့ကမ္ဘာပျက်ကပ်ကြီးမှာလုပ်နေသလိုမျိုး ဘာလို့ တစ်ထပ်တည်းလုပ်နေရတာလဲကွာ” 


“ငါမင်းကိုနောက်နေတာမဟုတ်ဘူး။ မင်းငါ့ကို ညီအစ်ကိုလို့တွေးသေးရင် ငါပြောတာနားထောင် ”


ကျန့်ယွင်၏ လေးလံနေသော လေသံကိုကြားသောအခါ ချန်းချီသည် တဖြည်းဖြည်းလေးနက်လာလေသည်။ 


“အဲ့ဒါက တကယ်ကြီး အရမ်းဆိုးနေတာလား ”


“ဟုတ်တယ်၊ ပုန်းဖို့လုံခြုံတဲ့ သူခိုးကာကွယ်နိုင်တဲ့ တံခါးတွေနဲ့ပြတင်းပေါက်တွေပါတဲ့ နေရာတစ်ခုရှာ ”


“ကောင်းပြီ..”


သူချန်းချီနှင့်ဖုန်းပြောခြင်း ပြီးဆုံးပြီးနောက် ကျန့်ယွင်သည် သူ့အထက်လူကြီးအား တစ်ဖန်ဖုန်းခေါ်လိုက်ပြီး မြင့်မားသောအပူချိန်သည် သူတို့ထင်ထားသည်ထက် ပိုပြီးဆိုးရွားလာနိုင်ခြေရှိကြောင်းထို့ကြောင့် အစားအစာနှင့်ရေများ ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်းသာ ပြောလိုက်သည်။ သို့သော်လည်း သူ့အထက်လူကြီးသည် သိပ်အလေးအနက်မထားခဲ့ပေ။ သူတို့သည် သူ့အား အင်တာနက်ပေါ်ရှိ နှိုးဆော်မှုများပါသည့် မှတ်ချက်များကို လျှော့နားထောင်ရန်ပြောပြီး အခြားအရာများလုပ်ရန် ဖုန်းချသွားလေသည်။ 


ကျန့်ယွင်သည် သက်ပြင်းချလိုက်ကာ သေခြင်းတရားက ရှင်သန်ခြင်းလိုပင် သဘာ၀ကျသည်ပဲ။ သူတတ်နိုင်သမျှအားလုံး လုပ်ခဲ့ပြီးပြီ။ 


တစ်ခဏကြာသောအခါ စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ထွက်လာခဲ့ကာ ကျန့်ယွင်သည် ဆိုဖာပေါ်တွင်ထိုင်နေကာ ဒေါသတကြီးကြည့်နေသည်ကို‌တွေ့လိုက်ရပြီး ထုတ်လွှင့်နေဆဲဖြစ်သောသတင်းများမှပုံများကို မြင်လိုက်သောအခါ အကြောင်းပြချက်အား ချက်ချင်းသိလိုက်ရသည်။ စုရွေ့ကျယ် သူ့စိတ်ထဲမှ တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ အပူချိန်မြင့်မှုသည် ပိုပြီး ဆိုးဝါးရင်း ဆိုးဝါးလာ‌ဖို့ရန်သာရှိတော့သည်။ နှစ်ရက်အတွင်း လူများ ပိုပြီးသေဆုံးလာကြလိမ့်မည်။ 


စုရွေ့ကျယ်သည် မီးဖိုထဲသို့လှည့်သွားလိုက်ကာ ကျန့်ယွင်အတွက် အရသာရှိသောတစ်ခုခု လုပ်ပေးရန်ဖြစ်သည်။ အနည်းဆုံးတော့ သူ့ကို ပိုပြီးခံစားချက်ကောင်းလာစေနိုင်သည်လေ။ 


စုရွေ့ကျယ် သူ့အစားအစာများနှင့်အတူထွက်လာသောအချိန်တွင် ကျန့်ယွင်သည် သူ့ခံစားချက်များပြန်လည်ရရှိလာခဲ့ပြီး သူတို့ကောင်းမွန်စွာ စားသောက်ခဲ့ကြသည်။


မကြာခင်မှာပင် စုန့်ချန်ရှုရောက်ရှိလာခဲ့သည်။ အားအင်ပြည့်၀နေသော ကျန့်ယွင်အားတွေ့လိုက်သောအခါ သူသည် ဒေါသထွက်သွားပြီး တံခါးအားဖွင့်ကာ ပြန်ထွက်သွားလုနီးပါပင်။ ကံမကောင်းစွာပင် သူသည် ကျန့်ယွင်ပြန်ဆွဲထားသည်ကိုသာ ခံလိုက်ရသည်။ 


စုန့်ချန်ရှုသည် ဆေးသေတ္တာအမျိုးမျိုးကို ၀ယ်လာခဲ့သည်။ ကျန့်ယွင်သည် စုရွေ့ကျယ်ထံ သူတို့အားယူသွားလိုက်ကာ အဝေးတွင်ထားလိုက်သည်။ ထို့နောက် စုန်ချန်ရှုအား အခန်းထဲသို့ဆွဲသွားလေတော့သည်။ 


စုန်ချန်ရှု ပြန်ထွက်လာချိန်တွင် ညနေခြောက်နာရီနီးပါးပင်ရှိနေပြီဖြစ်သည်။ 


“ပြန်သွားပြီး၊ မင်းရဲ့ပစ္စည်းတွေထုပ်ပိုးပြီး မနက်ဖြန်ပြောင်းလာခဲ့ ”


“ဟမ်..”


စုန့်ချန်ရှု၏ ရှုပ်ထွေးနေသော ထွက်ခွာသွားပုံအရ သူကြားလိုက်ရသည့်အရာကြောင့် အတော်လေးပြင်းထန်စွာထိခိုက်သွားပုံရသည်။ 


ခြောက်နာရီထိုးပြီးနောက် လေထုအပူချိန်သည် နောက်ဆုံးတွင် အနည်းငယ် လျော့ကျသွားခဲ့သည်။ ကျန့်ယွင်သည် စုရွေ့ကျယ်အားခေါ်ကာ ကားဂိုထောင်ထဲရှိ ဂျစ်ကားအားမောင်းကာ အနီးအနားရှိ စိုက်ပျိုးမွေးမြူရေးခြံသို့သွားခဲ့သည်။ ၀က်များ၊ နွားများနှင့် သိုးများသည် သူတို့မ၀ယ်ခင်ကပင် မှာယူထားခဲ့ခြင်းဖြစ်ကာ သူတို့ဘာမှမရှိသည် နေရာတစ်ခုရှာတွေ့ပြီး နေရာလွတ်ထဲသို့ အရာတိုင်းကိုထည့်လိုက်လေသည်။ ထို့နောက်သူတို့သည် ကနဦးပေးချေငွေ ယွမ်နှစ်သိန်းနှင့် Hummer တစ်စီးအား ချေးငွေပုံစံဖြင့်၀ယ်ရန် ကားအရောင်းကိုယ်စားလှယ်ဆီသို့သွားခဲ့သည်။ နောက်ဆုံးလက်ကျန်ပေးချေမှုအတွက်ကတော့ ကျန့်ယွင် ထည့်စဉ်းစားစရာမလိုဟုတွေးခဲ့သည်။ 


ထိုညနေတွင် စုန့်ချန်ရှုသည် သူ့အိတ်များနှင့်အတူ ကျန့်ယွင်အိမ်သို့ရောက်လာပြီး အောက်ထပ်ဧည့်သည်အိပ်ခန်းတွင်နေခဲ့သည်။ 


နောက်တစ်နေ့တွင် ထိတ်လန့်စရာ အပူချိန်မြင့်မားမှုသည် ထပ်ရောက်လာခဲ့ပြန်သည်။ ပြတင်းပေါက်မျအား လိုက်ကာများဖြင့်ပိတ်ထားသော်လည်း လူတိုင်းသည် နေ၏အပူရှိန်အားခံစားနိုင်ဆဲ၏။ လူများလည်း ပိုပြီးသေဆုံးလာကြကာ တချို့ရက်ကွက်ဟောင်းများသည် အပူချိန်မြင့်မားမှုကြောင့် အိမ်မျပင် မီးလောင်ကြလေသည်။ သတင်းများတွင်ကြေညာသော သေဆုံးမှုများမြင့်တက်လာခြင်းများသည် ထိတ်လန့်စရာပင်။ နေရာတိုင်းတွင် လူနာတင်ယာဉ်နှင့် မီးသတ်ကားများ၏အသံများပင်ဖြစ်နေသည်။


ညနေပိုင်းတွင် အပူချိန်အနည်းငယ်လျော့ကျသွားမှုကို အခွင့်ကောင်းယူကာ ကျန့်ယွင်နှင့် စုန်ချန်ရှုသည် မြို့တဝိုက်ကားမောင်းပြီး လောင်စာဆီအများအပြား၀ယ်ယူခဲ့ကြကာ အားလုံးကို စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ ထည့်ထားလိုက်ကြသည်။ 


တတိယမြောက်နေ့၊ ကမ္ဘာပျက်ကပ်ကြီးစတင်မပြန့်ပွားခင် နောက်ဆုံးနေ့တွင် ကျန့်ယွင်နှင့် စုန့်ချန်ရှုသည် အွန်လိုင်းပေါ်သို့တက်ကာ ကမ္ဘာပျက်ကပ်ကြီးရောက်လာနိုင်ချေရှိကြောင်း အမည်မသိကြေညာခဲ့သည်။ ထို့ကြောင့် လူတိုင်းအနေဖြင့် အစားအစာနှင့်ရေများ ကြိုတင်ပြင်ဆင်ထားနိုင်ပြီး အပြင်ကိုလုံး၀မထွက်ဘဲ အိမ်ထဲတွင်သာ ပုန်းနေကြနိုင်သည်။ လူဘယ်လောက်များများ သူတို့အားယုံကြည်လိမ့်မည်ကို သူတို့ဂရုမစိုက်ပေ။ 


ဘယ်နေရာကိုမှမသွားဘဲ လူသုံးယောက်သည် ညမရောက်ခင်အထိ TV အား စိုက်ကြည့်နေခဲ့ကြသည်။ 


ထိုညတွင် လသည် ပုံမှန်မဟုတ်သော တောက်ပမှုများဖြင့် အတော်လေးလုံးဝိုင်းကာ ကြီးမားနေခဲ့သည်။ ညသန်းခေါင်အချိန်တွင် လအပေါ်တွင် ပြိုးပြိုးပြက်ပြက်အနီရောင်များ ပေါ်လာခဲ့ပြီး လတစ်ခုလုံးအား သွေးနီရောင်များ တဖြည်းဖြည်းဖုံးလွှမ်းသွားခဲ့သည်။ 


သွေးရောင်လတစ်စင်းထွက်ပေါ်လာခဲ့ပြီး ကမ္ဘာပျက်ကပ်ကြီးသည်လည်း နောက်ဆုံး ရောက်ရှိလာခဲ့သည်။ 


စာရေးသူတွင် ပြောစရာရှိပါတယ်။ 


【လရောင်အောက်ရှိ ပြဇာတ်ငယ်လေး 】


အကြီးဆုံးအဒေါ် : ဘယ်လိုတောင် ပိုက်ဆံတွေနဲ့ထွက်ပြေးရဲတာလဲ။ ဒါဆို တရားရုံးကို ရောက်တဲ့အခါကျရင် ငါ့ကို အပြစ်မတင်နဲ့။


ကျန့်ရှောင်ယွင် : ခင်ဗျားအရှေ့ကသာသွားလိုက်, ဘာပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ်ကြီးက သိပ်မကြာခင်ရောက်လာတော့မှာပဲ ~


စုရှောင်ကျယ် : ဘာတွေဖြစ်သွားတာလဲ။


ကျန့်ရှောင်ယွင် : ဘာမှမဖြစ်ခဲ့ပါဘူး ဇနီးလေး, ဆက်၀ယ်ကြစို့။


ဘာသာပြန်သူမှာပြောစရာရှိပါတယ်။ 


ကိုယ်ဒီအပိုင်းကို ဒီနေ့လည် ဘာသာပြန်တော့ တော်တော် ကယောက်ကယက်ဖြစ်သွားရတယ်။ ဖြစ်ချင်တော့ ဘာသာမပြန်ခင်ဖတ်နေတာကလည်း Apocalypseတစ်ပုဒ်ဖြစ်နေတာ။ ပြီးရင် ဘာသာပြန်တဲ့အခါ ဘယ်လိုရေးရင်ကောင်းမလဲဆိုပြီးတွေးရင်း မြင်ယောင်နေမိတော့ တော်တော်စိတ်စွဲသွားတယ်။ ကျန့်ယွင်နေရာမှာ ကိုယ်တွေသာဆိုရင်လည်း ပိုတောင်ထိတ်လန့်စိုးရိမ်နိုင်မှာပဲ။ ကိုယ့်အနေနဲ့ အစွန်းရောက် သို့မဟုတ် စိတ်ကူးယဉ်ပြီး လျှောက်တွေးတဲ့သူမဟုတ်ပေမယ့် ခေတ်ကာလကြီးကပြောလို့ရတော့တာမဟုတ်ဘူးကွာသိလား။ အရင်တုန်းကဆို အမလေး အဓိပ္ပါယ်မရှိတာတွေဆိုပြီးရယ်မောလိုက်နိုင်ပေမယ့် အခု COVIDကို လက်တွေ့ကြုံရင်ဆိုင်နေရချိန်ရယ် နိုင်ငံရေးအခြေအနေတွေကြောင့် တွေးမိတာက မဖြစ်နိုင်တာလည်းမဟုတ်ဘူး။ မဖြစ်သေးတာပဲရှိတာလို့တွေးမိတယ်။ ဒါကတော့ ကိုယ့်အမြင်ပါ။ လူလူချင်း မေတ္တာထားကြဖို့ပဲမျှော်လင့်ရတာပါပဲ။ 


ထပ်တိုး edit: ဒီလထဲ ဂျပန်လိုနိုင်ငံတောင် ပူလို့အော်နေကြတော့စိတ်ထဲ တွေးပြီး လန့်လိုက်သေးတယ်။ အိပ်မက်ဆိုးတွပါ ထမက်ပြီး ပြေးနေရကော (⁠╥⁠﹏⁠╥⁠)