အခန်း(၂၀)
Viewers 12k

အခန်း(၂၀)《 ကုန်တိုက်ကို အပြောင်ရှင်းခြင်း 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


ထိုအခိုက် သူတို့ ရုတ်တရက် အော်သံတစ်ခုအားကြားလိုက်ရပြီး စုန့်ချန်ရှု၏အသံဖြစ်ကြောင်း ကျန့်ယွင် ချက်ချင်းသတိပြုမိသွားကာ ကားဆီသို့အမြန်ပြေးသွားခဲ့သည်။ 


စုန့်ချန်ရှု၏ကားကို ဖုတ်ကောင်နှစ်ကောင်မှ ဝိုင်းထားလေသည်။ ဖုတ်ကောင်တစ်ကောင်သည် ကလေးမလေးတစ်ယောက်ဖြစ်ပြီး သူမ၏ကိုယ်တွင်ဒဏ်ရာမရှိပေ။ ၎င်းသည် အရင်ဆုံး သေပြီး ပြန်နိုးထလာကာ ဖုတ်ကောင်ဖြစ်လာသူဖြစ်နိုင်သည်။ သူမသည် သူမ၏နီမြန်းသောမျက်လုံးတစ်စုံဖြင့် ကားတံခါးအားစိုက်ကြည့်နေပြီး သူမ၏လည်ချောင်းထဲမှ သားရဲတစ်ကောင်ကဲ့သို့ဟောက်သံပေးနေလေ၏။ အခြားဖုတ်ကောင်အမျိုးသမီးသည် သူမ၏လည်ပင်းတွင် အပေါက်ကြီးတစ်ခုရှိနေပြီး အကိုက်ခံခဲ့ရပုံရပြီး သူမ၏ခြေလက်များသည်လည်း အသားစများအဖြစ်ပြောင်းသွားပုံဖြစ်လေနေသည်။ ၎င်းသည် တခြားဖုတ်ကောင်များထံမှ တိုက်ခိုက်ခံရပြီး အသတ်ခံရပြီးနောက် အသွင်ပြောင်းသွားခြင်းတစ်ခုမှန်း သိသာလေသည်။ ထိုအခိုက်မှာပင် သူမသည် သူမ၏ အသားများစုတ်ပြဲပြီး သွေးရွှဲနေသောလက်ဖြင့် ကားပြတင်းပေါက်အား ထုရိုက်နေပြီး အထဲရှိစုန့်ချန်ရှုသည် ထိတ်လန့်ကြောက်ရွံနေကာ မျက်နှာပင်ဖြူဖျော့နေတော့သည်။ 


သို့သော်ငြား သူသည် ခွဲစိတ်ဓားကိုအသုံးပြုသောခွဲစိတ်ဆရာ၀န်တစ်ယောက်လည်းဖြစ်ချေသည်။ ပုံမှန်အားဖြင့် သွေးနှင့် ကိုယ်တွင်းအင်္ဂါများသည် အထူးအဆန်းမဟုတ်ချေ။ သာမန်လူများနှင့်ယှဉ်လျှင် သူ့စိတ်ပိုင်းဆိုင်ရာအရည်အသွေးသည် ပိုကောင်းနေပါသေးသည်။ ယခုတွင်မူ သူသည် ဖုတ်ကောင်များကို တုန်လှုပ်ကြောက်ရွံနေခဲ့လေသည်။ အော်ဟစ်လိုက်ပြီးနောက် သူ သူ့ပါးစပ်အားချက်ချင်းပိတ်လိုက်ကာ ပိုများသောဖုတ်ကောင်များအားမဆွဲဆောင်မိစေရန် အသံတစ်သံမှမထွက်ရလေအောင်တားလိုက်သည်။ 


သူသည် ဖုတ်ကောင်နှစ်ကောင် ကားပြတင်းပေါက်များအား ရိုက်ခွဲနိုင်လိုက်မည်အား စိုးရိမ်နေခဲ့သည်။ သူ ကားထဲတဝိုက်တွင် လက်နက်အဖြစ်အသုံးပြုနိုင်မည့် ကိရိယာများကို ရှာဖွေနေစဉ်မှာပင် ဓာတ်ဆီဆိုင်ထဲမှ ပြေးထွက်လာသော ကျန့်ယွင်နှင့် စုရွေ့ကျယ်အားတွေ့လိုက်ရသည်။ သူတို့ အခုလေးတင် သူ့အော်သံကိုကြားလိုက်သင့်သည်။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်တို့ ကားအနီးသို့ရောက်လာသောအခါ သူတို့သည် ဖုတ်ကောင်နှစ်ကောင်၏အာရုံအား ဆွဲဆောင်လိုက်ကြသည်။ ၎င်းတို့သည် ချက်ချင်းလှည့်ကာ ၎င်းတို့၏ပါးစပ်များအားဖွင့်လျက် သူတို့ဆီသို့ပြေးသွားကြသည်။ ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာပြဿနာများကြောင့် ဖြစ်ပုံရကာ လှုပ်ရှားမှုများသည် အတော်လေး တောင့်တင်းနေလေသည်။ 


စုရွေ့ကျယ်သည် ဖုတ်ကောင်အသေးလေး၏တိုက်ခိုက်မှုအား အလွယ်တကူပင် ရှောင်ရှားလိုက်ပြီး ၎င်း၏ခန္ဓာကိုယ်တခြားတစ်ဖက်သို့ သွားလိုက်ကာ ဦးနှောက်ထဲသို့ထိုးခွဲလိုက်သည်။ ဖုတ်ကောင်အသေးလေးသည် မြေပြင်ပေါ်သို့ကျယ်လောင်စွာလဲကျသွားလေတော့သည်။


အခြားဖုတ်ကောင်အမျိုးသမီးအား ကျန့်ယွင်၏လက်များဖြင့် အလွယ်တကူဖြေရှင်းလိုက်လေသည်။


စုန့်ချန်ရှုသည် ချက်ချင်းကားတံခါးအားလော့ဖွင့်လိုက်ကာ နှစ်ယောက်စလုံးအား ကားပေါ်သို့အမြန်တက်စေလိုက်သည်။ 


“သွား၊ ကုန်တိုက်ကိုသွား ”


ကျန့်ယွင်သည် ဓာတ်ဆီဆိုင်၏မနီးမဝေးမှ မိသားစုများအတွက် ဈေး၀ယ်ရန် တည်ဆောက်ထားသော တစ်နေရာတည်းတွင် ဈေး၀ယ်နိုင်သောကုန်တိုက်ကြီး(one- stop shopping mall)တစ်ခုဆီသို့လမ်းညွှန်လိုက်သည်။ ၎င်းသည် နိုင်ငံခြားဆိုင်ခွဲတစ်ခုဖြစ်ကာ ဈေးသက်သက်သာသာနှင့်၀ယ်နိုင်သော ကုန်ပစ္စည်းအမျိုးအစား အများအပြားရှိသဖြင့် သူတို့အပြောင်ရှင်းဖို့သွားရန်အတွက် သင့်လျော်ချေသည်။ 


စုန့်ချန်ရှုသည် ပြတင်းပေါက်ရှိ သွေးစက်များကိုကြည့်လိုက်ကာ ခက်ခက်ခဲခဲ တံတွေးမြိုချလိုက်ပြီးနောက် အရှိန်ပြင်းပြင်းမောင်းထွက်သွားလိုက်သည်။ 


ကုန်တိုက်သည် ဓာတ်ဆီဆိုင်မှ သိပ်မဝေးချေ။ ကားမောင်းရန် ဆယ်မိနစ်လောက်သာကြာသည်။ ညနေပိုင်းတွင် လမ်းမပေါ်တွင် လမ်းသွားလမ်းလာအများကြီးမရှိချေ။ လမ်းပေါ်တွင် တောင့်တင်းစွာလမ်းလျှောက်နေကြသော ဖုတ်ကောင်များသာ ပျံ့နှံ့နေကာ ဂျစ်ကားဖြင့်အပြင်းအထန်တိုက်ပြီး မောင်းထွက်လာခဲ့ကြသည်။ 


သူတို့ကုန်တိုက်သို့ရောက်သောအခါ ကုန်တိုက်တံခါးသည် ပိတ်ထားကြောင်းတွေ့လိုက်ကြပြီး အထဲတွင် မီးအလင်းရောင်မရှိချေ။ ဒီအချိန်မျိုးတွင် ကုန်တိုက်၀န်ထမ်းများ အလုပ်ပိတ်ထားသင့်သည်ပင်။ 


ထို့ကြောင့် သုံးယောက်သား ကုန်တိုက်ကိုစက်ဝိုင်းပါတ်တစ်၀က်လောက်ကားပတ်မောင်းခဲ့ကြပြီး နောက်ဆုံး၌ မပိတ်ထားသောပြတင်းပေါက်တစ်ခုအားရှာတွေ့ခဲ့ကြပြီး ကုန်တိုက်ထဲသို့၀င်ရန်အဆင်သင့်ဖြစ်နေခဲ့ကြသည်။ 


ကုန်တိုက်သည် အတော်လေးကြီးသဖြင့်အချိန်အတော်ကြာနိုင်လိမ့်မည်ဖြစ်ကြောင်း ကျန့်ယွင်ခန့်မှန်းမိလိုက်သည်။ ထို့ကြောင့် သူ စုန့်ချန်ရှုကိုလည်း ကားထဲမှထွက်ရန်ပြောလိုက်ကာ စုရွေ့ကျယ်အား ဂျစ်ကားကို သိမ်းခိုင်းလိုက်သည်။


ကျန့်ယွင်သည် စုရွေ့ကျယ်အား မ လိုက်ကာ သူ့အားအရင်ဆုံး၀င်စေလိုက်ပြီးနောက် စုန့်ချန်ရှုအားတက်စေသည်။ နောက်ဆုံးမှ သူက သူ့အရပ်အပေါ်မှီခိုကာ ခုန်လိုက်ပြီး သူ့လက်နှစ်ဖက်ဖြင့် ပြတင်းပေါက်၏အစွန်းအား အလွယ်တကူပင်ဆွဲလိုက်ပြီး အထဲသို့ခုန်၀င်လိုက်သည်။ 


ကုန်တိုက်သည် မှောင်မဲနေပြီး လူသုံးယောက်သည် လက်လွတ်စပယ်မပြုမူရဲကြပေ။ စုရွေ့ကျယ်သည် နေရာလွတ်ထဲမှ ဓာတ်မီးတစ်လက်ထုတ်ယူလိုက်၏။ အလင်းရောင်ရလာသောအခါ သူတို့သည် ကုန်တိုက်ပထမထပ်၏ အိမ်သာခန်းထဲသို့၀င်လာခဲ့ကြကြောင်း တွေ့လိုက်ကြသည်။ 


စုရွေ့ကျယ်သည် နောက်ထပ်ဓာတ်မီးနှစ်လက်ကိုထုတ်ယူလိုက်ကာ ကျန့်ယွင်နှင့် စုန့်ချန်ရှုအားပေးလိုက်ပြီး တံခါးဆီသို့အတူတကွ ဖြည်းညှင်းစွာလျှောက်သွားခဲ့ကြသည်။ 


အိမ်သာတံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ ဖုတ်ကောင်တစ်ကောင်ရှိနေမည်ကို ကြောက်နေသဖြင့် သုံးယောက်စလုံး၏နှလုံးသားများ တင်းကြပ်သွားလေသည်။ 


ကံကောင်းစွာပင် သူတို့ကံကောင်းခဲ့ကြသည်။ အပြင်ဘက်တွင်တစ်ယောက်မှ မရှိပေ။ 


ကုန်တိုက်၏ ပထမထပ်တွင် အမျိုးသမီးများအတွက် သားရေအိတ်များ၊ ကျော်ကြားသောဖိနပ်ဘရန်းများ၊ ဖုန်းများ၊ အ၀တ်အထည်များ၊ ရွှေနှင့် လက်၀တ်ရတနာများစသည့် ဆိုင်သေးသေးလေးများရှိသည်။ ၎င်းတို့အားကြည့်ရှုခြင်းမရှိပဲ စုရွေ့ကျယ်သည် ဒုတိယထပ်သို့ တိုက်ရိုက်ပြေးသွားလိုက်သည်။


ဒုတိယထပ်နှင့် တတိယထပ်တို့သည် ပစ္စည်းအမျိုးအစားမျိုးစုံကို သပ်သပ်ရပ်ရပ်စီထားသော စူပါမားကတ်များပင်ဖြစ်ကာ ၎င်းတို့သည် ပြိုးပြိုးပြက်ပြက်ဖြစ်နေသည်။ စုရွေ့ကျယ်၏မျက်လုံးများ တောက်ပလာကာ အမြန်ပြေးသွားပြီး သောက်ရေများ၊ အဖျော်ယမကာများ၊ ကော်ဖီ၊ ဘီယာ၊ နို့၊ ပေါင်မုန့်၊ သွားရေစာများ၊ ဘီစကစ်များ၊ ချောကလက်၊ သကြားလုံး၊ အိမ်သာသုံးစက္ကူ၊ စားပွဲခင်းများ၊ တစ်ခါသုံးစားပွဲခင်းများ၊ လက်အိတ်များ၊ အမှိုက်အိတ်များ၊ ချက်ပြီးသားခေါက်ဆွဲခြောက်များ၊ အသင့်ထုပ်ပိုးထားသော ချက်ပြုတ်ပြီးအစားအစာများ၊ အေးခဲထားသောအစားအစာများ စသည်တို့ကိုယူကာ နေရာလွတ်ထဲသို့ထည့်လိုက်ပြီး အသီးအရွက်များကိုတော့မယူခဲ့ပေ။ 


စုရွေ့ကျယ်ဖြတ်သွားသည့်အခါတိုင်း ကျိုင်းကောင်တစ်ကောင်ဖြတ်သန်းသွားသကဲ့သို့ပင် စင်အလွတ်တစ်ခုသာကျန်ခဲ့လေသည်။ အကယ်၍ စင်များကသာနေရာအများကြီးယူပြီး ခေါက်ပြီးအထဲသို့ထည့်၍မရနိုင်သဖြင့်သာ မဟုတ်လျှင် စုရွေ့ကျယ်သည် စင်များကိုပင် အတူတကွထည့်လိုက်နိုင်လိမ့်မည်။ 


စုရွေ့ကျယ် ၎င်းတို့အားလုံးကိုယူဆောင်ရန် ပျော်ရွှင်နေလေသည်။ ရုတ်တရက်ပင် ဘယ်နေရာကမှန်းမသိ လုံခြုံရေး၀တ်စုံ၀တ်ထားသော ဖုတ်ကောင်တစ်ကောင်ထွက်လာကာ စုရွေ့ကျယ်ဆီသို့ ချွန်ထက်သောသွားများနှင့် လက်သည်းများ ပျံလာလေတော့သည်။


စုရွေ့ကျယ်၏နောက်သို့လိုက်နေသော သတိအပြည့်ရှိသည့် ကျန့်ယွင်သည် ချက်ချင်းပင် ရှေ့သို့ထွက်လာခဲ့ကာ ဖုတ်ကောင်၏ လက်အားဖြတ်လိုက်ပြီး အလောင်းကောင်၏ခေါင်းအား တခြားလက်တစ်ဖက်ရှိ အိုးတစ်ခုနှင့်ရိုက်လိုက်လေသည်။ စုန့်ချန်ရှုသည် အလောင်းကောင်၏အနောက်ဘက်တွင် ရောက်နေနှင့်ပြီးဖြစ်ကာ ဓားတစ်ချောင်းဖြင့် အနောက်ဘက်ရှိ ၎င်း၏ဦးနှောက်အား ထိုးခွဲလိုက်ပြီး ဖုတ်ကောင်အား အဆုံးသတ်လိုက်သည်။ 


စုရွေ့ကျယ်သည် သူ့ခေါင်းလေးအားလှည့်လာကာ လူနှစ်ယောက်အားပြုံးပြလိုက်ပြီး တတိယထပ်သို့ပြေးသွားလေတော့သည်။ဒုတိယထပ်သည် အစားအစာများနှင့် နေစဉ်သုံးပစ္စည်းများအတွက်ဖြစ်ကာ တတိယထပ်သည် အ၀တ်အစားနှင့် အိမ်သုံးပစ္စည်းများအတွက်ဖြစ်လေသည်။ 


စုရွေ့ကျယ်သည် သူတို့ ခေါင်းမှခြေဖျားအထိသုံးနိုင်သော အ၀တ်အထည်များ၊ ဖိနပ်များ၊ ခြေအိတ်များနှင့် ဘောင်းဘီများကိုရွေးကာထည့်လိုက်သည်။ 


သူသည် ဖျာကဲ့သို့သော နွေရာသီအတွက်မရှိမဖြစ်လိုအပ်သည့် ပစ္စည်းအများအပြားကိုလည်း ယူခဲ့လိုက်သည်။ နောက်ထပ် အေးလှသောဆောင်းရာသီတွင်သုံးနိုင်သည့် စောင်များ၊ ဝေ့စ်ကုတ်များ၊ အောက်ခံအနွေး၀တ်များကိုလည်း ထည့်ခဲ့လိုက်သည်။ 


ရုတ်တရက်ပင် သူတို့သည် အဝေးတစ်နေရာဆီမှ မှန်ကွဲသံတစ်ခုအား ကြားလိုက်ရသည်။ သူတို့သည် ချက်ချင်းပြတင်းပေါက် ဆီသို့ပြေးကာ အောက်သို့ငုံ့ကြည့်လိုက်သည်။ ကားနှစ်စီး သို့မဟုတ် သုံးစီးခန့်ရပ်ထားသည်ကို တွေ့လိုက်ရပြီး အလင်းရောင်ဖျဖျသည် မှောင်မဲသောလမ်းပေါ်သို့ ဖြာကျနေသည်။ 


သုံးယောက်သားသည် အဝေးနေရာတွင် အရိပ်အများကြီးသည် စတင်ရွေ့လျားလာကာ စုရုံးလာကြသည်ကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ကြရပြီး ချက်ချင်းမျက်မှောင်ကြုတ်သွားကြတော့သည်။ 


ညတွင်းချင်းပင် ကမ္ဘာကြီးတစ်ခုလုံးသည် အထက်အောက်ပြောင်းပြန်လှည့်လိုက်သကဲ့သို့ အလွန်အမင်းကိုဖရိုဖရဲ ပရမ်းပတာဖြစ်သွားလေသည်။ လူများသည် ပြာယာခတ်ကာ ရှုပ်ထွေးနေခဲ့ကြပြီး အချို့လူများသည် သူတို့ဘာလိုအပ်သလဲဆိုသည်ကို ချက်ချင်းသိလာကြလေသည်။ 


အစားအစာသည် အမြဲတမ်း လူသားများ အသက်ရှင်နိုင်ရေးအတွက် အရအကြီးဆုံးသောအာမခံချက်ဖြစ်လေသည်။ 


ထိုလူများသည် သိသိသာသာပင် အစားအစာအတွက် ရှာနေကြခြင်းဖြစ်သော်လည်း သူတို့ကုန်တိုက်မှန်များအားမခွဲလိုက်သင့်ပေ...


ဖုတ်ကောင်များသည် အသံနှင့် အနံ့အား အလွန်ထိရှလွယ်ကြသည်။ သူတို့သည် ဖုတ်ကောင်များအားဆွဲဆောင်နိုင်သော ဆူညံသံအလုံအလောက်ကို လုပ်ခဲ့ကြလေသည်။ ကုန်တိုက်၏ ဂိတ်တံခါးများမရှိဘဲ ဖုတ်ကောင်များ အတားအဆီးမရှိဖြစ်လာလိမ့်မည်။ ထိုလူများသည် ဆာလောင်နေသော ဖုတ်ကောင်များကို အစာအသောက်အပြည့်ရနိုင်ရန် ဆွဲဆောင်နေသော အရသာရှိသောအသားစများနှင့် တူနေလေသည်။ 


“သွားကြစို့”


ကျန့်ယွင် တိုးတိုးလေးပြောလာသည်။ 


“ငါတို့ဘယ်လိုထွက်ကြမလဲ ”


စုန့်ချန်ရှုသည် ထိတ်လန့်တကြားမေးလာ၏။


“ကြိုးယူပြီး တတိယထပ်အနောက်ဖက်အခြမ်းပြတင်းပေါက်ကနေတွယ်ဆင်းကြမယ်။ အဲ့လူတွေက အရှေ့ဘက်အခြမ်းကနေတက်လာဖို့ဆို အချိန်တချို့တော့ကြာနိုင်တယ်။ သူတို့ငါတို့ကိုရှာမတွေ့နိုင်ဘူး ”


ပိုအရေးကြီးသည်မှာ ဖုတ်ကောင်များသည်လည်း အရှေ့ဘက်အခြမ်းတွင် စုဝေးနေခဲ့ကြလိမ့်မည်။ သူတို့အနောက်ဘက်အခြမ်းကနေ ဆင်းပြီး ထွက်သွားဖို့ အချိန်လုံလောက်သည်။


“ဒါဆို သူတို့...”


ကျန့်ယွင်သည် ရုတ်တရက် စုန့်ချန်ရှုအားပြန်ကြည့်လိုက်၏။


“လောင်စုန့်၊ ငါတို့က စူပါမန်းတွေမဟုတ်ဘူး၊ ငါတို့လူတိုင်းကိုမကယ်တင်နိုင်ဘူး ”


စုန့်ချန်ရှု၏ မျက်လုံးများ ကျဉ်းသွားတော့၏။ တစ်ခဏကြာပြီးနောက် သူ့သွားများကို အံကြိတ်လိုက်ပြီး အနောက်ဘက်ပြတင်းပေါက်ဆီသို့ သူ့နောက်သို့လိုက်သွားလိုက်သည်။ 


အစမှအဆုံးအထိ စကားတစ်လုံးမှမပြောလာ သောစုရွေ့ကျယ်လည်း ကျန့်ယွင်နောက်ထပ်ကြပ်မခွာလိုက်သွားသည်။ သူသည် ကမ္ဘာပျက်ကပ်ကြီးမှ ပြန်ရောက်လာခဲ့သောလူတစ်ယောက်ဖြစ်ပြီး အရာများစွာကိုမြင်ဖူးခဲ့ပြီးဖြစ်သည်။ 


သူတို့တွင် ထိုလူများအားကယ်တင်ရန် စွမ်းရည်ရှိမရှိကို မဆိုထားနှင့် ကုန်တိုက်မှ ပစ္စည်းအများအပြားကို စုဆောင်းထားရုံနှင့်ပင် အကယ်၍ထိုလူများအားကယ်တင်ရန်သွားသည်နှင့် သူတို့၏လျို့ဝှက်ချက်များထုတ်ဖော်မိသွားနိုင်ချေရှိလိမ့်မည်။