အခန်း(၂၂)
Viewers 12k

အခန်း(၂၂)《ခွဲခွာခြင်း》


Author: Drunken Light Song

Source: Jostena M

Translator: オタク


လူအုပ်၏မျက်လုံးများသည် လူငယ်လေး၏ခြေထောက်ဆီသို့ ချက်ချင်းစုစည်းသွားကြလေပြီး သူ့ခြေသလုံးတွင် အလွန်ပြင်းထန်သောဒဏ်ရာတစ်ခုကိုသာ မြင်နိုင်လေ‌သည်။ ဒဏ်ရာ၏ပုံစံကို ကြည့်လိုက်သည်နှင့် ဖုတ်ကောင်၏လက်သည်းကြောင့် ဖြစ်ခဲ့ခြင်း ဖြစ်နိုင်သည်။


“မင်းအကိုက်ခံခဲ့ရတယ်ဆိုရင် မင်းကူးစက်ခံရလိမ့်မယ်။ ငါ့မိန်းမလည်း အဲ့လိုသေခဲ့ရတာ။ မကြာခင်မှာ သူက လူတွေကိုစားတဲ့ မကောင်းဆိုးဝါးဖြစ်လာလိမ့်မယ်”


သက်လတ်ပိုင်းအရွယ်အမျိုးသားသည် လူငယ်လေး၏ဒဏ်ရာအား ထိတ်လန့်စွာစိုက်ကြည့်နေလေသည်။ နောက်အခိုက်အတန့်လေးမှာပဲ ဖုတ်ကောင်တစ်ကောင်အဖြစ် ပြောင်းသွားလိမ့်မည်ဖြစ်သကဲ့သို့ပင် 


“သူ့ကိုသတ်၊ သူ့ကိုသတ်၊ မဟုတ်ရင် ငါတို့အားလုံး သေလိမ့်မယ် ”


တခြားလူများသည် ၀တ်စုံပြည့်လူကို တပြိုင်တည်းကြည့်လိုက်ကြပြီး ဒီအပေါ် သူ့အမြင်ကိုမြင်အောင်ကြည့်ချင်နေကြပုံပေါ်လေသည်။


၀တ်စုံပြည့်လူ၏မျက်နှာသည်လည်း ထိုခဏ၌ ဆိုးရွားနေပုံရသည်။ သူသည် အနီးအနားတွင်နေသော အရောင်းမန်နေဂျာတစ်ဦးဖြစ်သည်။ ဗီဇပြောင်းလဲခြင်းများအကြောင်း သိသွားသောအခါ ချက်ချင်း အစားအစာစုဆောင်းရန်စိတ်ကူးနှင့်ရောက်လာခဲ့ခြင်းဖြစ်သည်။ ထိုလူများသည် သူ့အိမ်နီးချင်းများဖြစ်ကြသည်။ စကားအနည်းငယ်ပြောပြီးနောက် သူတို့အားလုံးက သူ့နောက်သို့လိုက်ခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ထိုမကောင်းဆိုးဝါးတွေထဲက တစ်ကောင်နှင့်သာတွေ့ခဲ့ကြသဖြင့် ကံကောင်းခဲ့ကြပြီး သူတို့လူအရေအတွက်နှင့် အသားဆော့လုပ်ရန် အပြေးအလွှားသွားလိုက်ကြသည်။ 


သို့သော်လည်းယခုတော့ အသက်ရှင်နေဆဲလူတစ်ယောက်နှင့် ရင်ဆိုင်နေခဲ့ကြရပြီ အာ၊ ယခုချက်ချင်းတွင် တံခါးကိုမဖွင့်လိုက်လျှင် ထိုလူငယ်လေးသေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူ့မျက်လုံးများကိုမမြင်နိုင်သဖြင့် မင်းတို့အပြစ်ရှိစိတ်ခံစားရမည်မဟုတ်ချေ။ သို့သော်လည်း ယခု ထိုလူကို ကျန့်ယွင်မှကယ်တင်လိုက်ပြီး သူ့ရှေ့တွင် ထိုလူကို မည်သို့သတ်ရဲကြမည်နည်း။ 


ထိုအခိုက်၌ ရုတ်တရက် သိုလှောင်ရုံအပြင်ဘက်ဆီမှ တံခါးအားရိုက်ပုတ်သံထွက်လာလေသည်။ ကြည့်ရသည်မှ တချို့ဖုတ်ကောင်များသည် သွေးအနံ့ကြောင့် ဆွဲဆောင်ခံလိုက်ရပုံပင်။ တံခါးထုသံနောက်တစ်ချက်သည် လူတိုင်း၏နှလုံးသားအားကြောက်ရွံ့စိတ်ကြောက် တင်းကြပ်သွားစေသည်။ ကံကောင်းစွာပင် သိုလျှောင်ရုံ၏သတ္တုတံခါးသည် အလွန်ခိုင်ခံ့ကာ အလွယ်တကူချိုးနိုင်လိမ့်မည်မဟုတ်ပေ။ ဤနေရာတွင် ရေနှင့်အစားအစာများရှိပြီး သူတို့အထဲတွင် လုံလုံခြုံခြုံပုန်းနေနိုင်ကြဆဲဖြစ်သည်။


သို့သော်လည်း ထိတ်လန့်နေသော သက်လတ်ပိုင်းအရွယ်လူသည် တံခါးခေါက်သံကြောင့် လှုံ့ဆော်ခံလိုက်ရပုံရပြီး လူငယ်လေးအား သတ်ရန် ဆက်လက်ပြောနေလေသည်။ 


သူ့အမေအိုကြီးသည် အလောင်းကောင်အဖြစ်ပြောင်းသွားပြီး သူ့ရှေ့မှာပင် သူ့ဇနီးကို သတ်ခဲ့လေသည်။ နာကျင် ကြောက်ရွံ့စွာဖြင့် သူ့လက်များနှင့် သူမ၏ခေါင်းကိုခွဲခဲ့လိုက်ပြီး ထို့နောက် နောက်တခဏမှာပင် ဗီဇပြောင်းသွားသောသူ့ဇနီးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူသာမြန်မြန်ထွက်မပြေးခဲ့ဘူးဆိုလျှင် သူသေသွားလောက်ပြီဖြစ်သည်။ 


ထို့ကြောင့် ဤလူများကြားတွင် သူကြုံတွေ့ခဲ့ရသော သက်ရောက်မှုသည် အကြီးဆုံးဖြစ်ကာ လူငယ်လေး၏ခြေထောက်ရှိ ဒဏ်ရာကိုမြင်လိုက်ရုံဖြင့် အလွန်အကျူးတုန့်ပြန်နေခြင်းဖြစ်သည်။ 


သို့သော်ငြားလည်း သူတို့သုံးယောက်ကတော့ အကယ်၍ ဖုတ်ကောင်အကိုက်ခံခဲ့ရလျှင်တောင် သူတို့အကုန်လုံး ဖုတ်ကောင်တစ်ကောင်ဖြစ်လာခြင်းမျိုးမဟုတ်ကြောင်းသိလေသည်။ သို့သော် အံ့ဩဖွယ်ကောင်းသည် ပြောင်းလဲတိုးတက်မှုတစ်ခုဖြစ်လာနိုင်ဖို့ အခွင့်အရေးတစ်ခုရှိသေးသည်။ 


လူငယ်လေးသည်လည်း သူ့မျက်လုံးများတွင် စိတ်ပျက်အားလျော့မှုတစ်ခု ရှိနေလေသည်။ သူသည် သွားများကိုကြိတ်ကာ ကျန့်ယွင်ကိုကြည့်လိုက်ပြီး 


“လူကြီးမင်း...ကျွန်တော့ကို ခင်ဗျားရဲ့ဓားငှားပေးလို့ရမလား ”


ကျန့်ယွင် ပြန်မဖြေခင်မှာပင် ၀တ်စုံပြည့်လူသည် မျက်မှောင်ကြုံ့ပြီး မေးလိုက်၏။ 


“မင်းဘာလုပ်ချင်လို့လဲ ”


လူငယ်လေးသည် သူ့ညာခြေထောက်ကိုငုံ့ကြည့်လိုက်ကာ သွားကိုကြိတ်ပြီး ပြောလိုက်၏။


“ကျွန်တော် ကျွန်တော့ညာခြေထောက်ကိုဖြတ်ချင်လို့....ဖြစ်နိုင်တာက...”


ရောဂါပိုးပြန့်မှုကို ကာကွယ်ရန် သူ့ခြေထောက်ကိုဖြတ်ချင်နေကြောင်း လူတိုင်းသိလိုက်၏။ သို့သော်လည်း သူအကိုက်ခံခဲ့ရသည်မှ အချိန်ဘယ်လောက်ကြာသွားပြီမှန်း သူမသိလိုက်ချေ။ ရောဂါပိုးသည် သူ့တစ်ကိုယ်လုံးကို ပြန့်နှံ့ပြီးသွားတာလည်း ဖြစ်နိုင်လေသည်။ 


နောက်ဆုံး၌ စုန့်ချန်ရှုသည် သည်းမခံနိုင်တော့ပေ။ သူသည် ရေသန့်တစ်ဘူးကိုယူလိုက်ကာ လူငယ်လေး၏ဘေးနားသို့သွားလိုက်၏။ သူသည် ဒဏ်ရာအား တတ်နိုင်သမျှ ညင်ညင်သာသာဆေးကြောပေးပြီး ထို့နောက် သန့်ရှင်းသော တဘက်တစ်ခုနှင့် ပတ်လိုက်ပြီး ခါးပါတ်နှင့် အလုံပိတ်ချည်နှောင်လိုက်သည်။ ဤနေရာတွင် လူအများကြီးရှိနေပြီး စုရွေ့ကျယ်အား ဆေးသေတ္တာထုတ်ယူဖို့ကူညီခိုင်းလို့မရချေ။ ထို့ကြောင့် လက်ထဲတွင်ရှိနေသောအရာများကို အကောင်းဆုံးအသုံးပြုနိုင်ရုံသာ တတ်နိုင်လေသည်။


“အဲ့ဒါက အသုံးမ၀င်ဘူး။ မကြာခင် သူက မကောင်းဆိုးဝါးတစ်ကောင်ဖြစ်လာလိမ့်မယ်”


လူလတ်ပိုင်းအရွယ်အမျိုးသားသည် ကြောက်ရွံ့ထိတ်လန့်နေသောမျက်နှာနှင့် ပြောလာ၏။ 


စုရွေ့ကျယ်သည် ရုတ်တရက်ပါးစပ်ဖွင်ကာ ပြောလိုက်၏။ 


“ကောင်းပြီ၊ ဒါဆို သူပြောင်းလဲသွားတဲ့အထိစောင့်ပြီး အဲ့ခါမှ သူ့ကိုသတ်တာပေါ့ ”


သူ့အတိတ်ဘ၀တွင် ထိုလူငယ်လေးကဲ့သို့ပင် ဖုတ်ကောင်တစ်ကောင်ကိုက်တာခံရပြီးနောက် အထီးကျန်စွာ စိတ်ပျက်အားငယ်ပြီး နာကျင်ခံစားခဲ့ရသည်။ သို့သော် နောက်ပိုင်း၌ ကျန့်ယွင်ကယ်သည်ကိုခံရပြီး မမျှော်လင့်ဘဲ သူ့စွမ်းအားများနိုးထလာခဲ့သည်။ သူသည် မျှော်လင့်ချက်တလက်လက်ရှိနေသေးသောလူငယ်လေးအား အသတ်မခံရစေချင်ပေ။ 


သတ်လတ်ပိုင်းအရွယ်အမျိုးသားသည် နောက်ဆုံး၌ ပါးစပ်ပိတ်သွားကာ ၀တ်စုံပြည့်အမျိုးသားကိုကြည့်လိုက်၏။


၀တ်စံပြည့်အမျိုးသားသည် နောက်ဆုံးသူပါးစပ်မဖွင့်ခင် ခဏလောက်စဉ်းစားလိုက်ပြီး ပြောလိုက်၏။ 


“မင်းတို့သူ့ကိုကယ်ချင်တယ်ဆိုကတည်းက သူ့ကိုနောက်ကို ပြန်ခေါ်သွားလိုက်။ ငါတို့မှာက ငါတို့ပြန်လာတာကိုစောင့်နေတဲ့ မိသားစု၀င်တွေရှိသေးတယ်။ ငါတို့စွန့်စားဖို့အားမထုတ်နိုင်ဘူး ”


သိသာစွာပင် သူတို့သုံးယောက်ကို ဖယ်ထုတ်ရန်ရည်ရွယ်ထားခြင်းဖြစ်ပြီး မူလကပင် ကျန့်ယွင်ကိုသာ တိုက်ခိုက်နိုင်သော အင်အားတစ်ခုအဖြစ်သာမြင်ခဲ့သည်။ သူ့နောက်လိုက်နှစ်ယောက် ကလည်း လက်နက်ကိုင်ဆောင်ထားပြီး သူတို့နှင့်အတူဆိုလျှင် သူတို့ ပိုပြီး လုံခြုံမှုပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် သိုလှောင်ရုံထဲတွင် ပစ္စည်းအများကြီးရှိပြီး သူ့တို့ကလည်း အကုန်လုံးကို ရွှေ့သွားလို့မရနိုင်ချေ။ 


သို့သော်လည်း ယခုမူ သူ့စိတ်ပြောင်းလိုက်ပြီဖြစ်သည်။ ထိုလူသုံးယောက်သည် အလွန်စိတ်ပျော့ပြီး မကယ်တင်သင့်သည့်လူကိုတောင် ကယ်တင်လိုက်နိုင်သည်။ အကယ်၍ သူတို့ ဆက်လက်ပြီးအတူတကွ အလုပ်လုပ်ကြပါက သူတို့ကိုပါ ဆွဲချသွားနိုင်သည်။ 


ကျန့်ယွင်သည် ပုခုံးတွန့်ပြလိုက်ကာ မခြားမနားပင် ကတိပေးခဲ့သည်။ စုရွေ့ကျယ်ပြောခဲ့သလို ထိုလူငယ်လေး ဖုတ်ကောင်တစ်ကောင်အဖြစ်သို့ ‌ဗီဇပြောင်းသွားသည်အထိ စောင့်ရန်မှာ ကိစ္စကြီးမဟုတ်ပေ။ သို့သော်လည်း လူငယ်လေးက စိတ်ကြည်လင်ပြတ်သားနေတုန်းမှာပင် လူတစ်ယောက်ကိုသတ်ဖို့ဆိုသည်ကို သူ့မလုပ်နိုင်ပေ။ 


ကျန့်ယွင်နှင့် စုရွေ့ကျယ်သည် လူငယ်လေးကို နောက်သို့ပြန်သွားရန် ကူညီလိုက်ပြီး ၀တ်စုံပြည့်အမျိုးသား၏အဖွဲ့နှင့် အကွာအဝေးတစ်ခုသို့ ခွဲနေလိုက်သည်။ 


လူငယ်လေး၏မျက်လုံးများ နီရဲလာကာ ပြောလိုက်၏။ 


“ကျေးဇူးတင်ပါတယ်...ကျွန်တော့်ကိုဒီနေရာမှာသာထားခဲ့ပါတော့”


တကယ်တော့ လူငယ်လေးသည် သူ့ခန္ဓာကိုယ်သည် တစ်ခုခုမှားနေကြောင်း ခံစားနေရပြီးဖြစ်သည်။ သူ့ကံကြမ္မာကို နှုတ်ထွက်ခဲ့သော်လည်း သူ့နှလုံးသားထဲတွင် ဆန္ဒတချို့ရှိနေဆဲဖြစ်ပြီး ‌သူမသေချင်ပေ။ 


သို့သော်လည်း သူ့အားတစ်ယောက်တည်းထားခဲ့မည့်အစား သူတို့သည် သူ့အားသောက်ဖို့ရေတချို့ပေးခဲ့သည်။ 


အချိန်ကုန်လာသည်နှင့် သိုလှောင်ရုံအပြင်ဘက်ရှိ ဟောက်သံများသည် တဖြည်းဖြည်းပါးသွားပြီး အပြင်ဘက်ရှိ ဖုတ်ကောင်များသည် နောက်ဆုံး၌ ထွက်သွားကြသည်။ 


ထိုအချိန်၌ နီမြန်းနေသောမျက်နှာနှင့် မြေမြင်ပေါ်တွင် လဲလျောင်းနေသောလူငယ်လေးသည် သူ့ပါးစပ်မှ နာကျင်နေသောအသံတိုးတိုးလေးသာ ထွက်နိုင်လေသည်။ စုန့်ချန်ရှုသည် ရေစိုနေသောမျက်နှာသုတ်ပုဝါကို သူ့နဖူးပေါ်သို့တင်ပေးလိုက်သည်။ 


“သူအဖျားရှိနေပုံရတယ်...သူပြောင်းသွားမှာလား။ ငါတို့မကြာခင် ထွက်သွားသင့်လား ”


၀တ်စုံပြည့်လူသည် မျက်မှောင်ကြုတ်ကာ ထိုနေရာသို့ကြည့်လိုက်ပြီး နောက်ဆုံး၌ အံကြိတ်ကာ ခေါင်းငြိတ်လိုက်၏။ 


ဤနေရာတွင် ပစ္စည်းအများကြီးရှိသော်လည်း အိမ်ကိုယူပြန်ရန် အဆင်မပြေပေ။ ထို့အပြင် သူတို့အားစောင့်နေသော မိသားစုလည်းရှိနေသေးသည်။ သူတို့မြန်မြန်ပြန်သွားရမည်။ 


“ငါတို့ထွက်သွားတော့မယ်။ မင်းတို့ကော အတူတူထွက်သွားချင်လား ”


၀တ်စုံပြည့်လူသည် ကျန့်ယွင်ဆီသို့ဦးတည်ကာမေးလိုက်၏။ 


“မသွားဘူး ”


ကျန့်ယွင် ခေါင်းခါလိုက်၏။


၀တ်စုံပြည့်လူသည် ‌ထိုအကြောင်းထပ်မေးချင်ခဲ့သော်လည်း ကျန့်ယွင် ငြင်းဆန်သည်ကိုမြင်ပြီး စိတ်လျော့သွား၏။ လူကိုးယောက်သည် အတူတကွ သိုလှောင်ရုံတံခါးကိုထိလိုက်ကာ ဂရုတစိုက်ဖွင့်လိုက်ပြီး အမြင်ဘက်သို့ မီးတစ်ချောင်းထိုးလိုက်၏။ လျှောက်လမ်းသည် တိတ်ဆိတ်နေပြီး ထိုနေရာတွင် လူတစ်ယောက်မှ မရှိဘဲ အန္တရာယ်ကင်းပုံရ၏။ 


“သွား ”


လူတစ်စုသည် သတိကြီးကြီးဖြင့် ထွက်သွားလိုက်ပြီး သူတို့၀င်လာခဲ့သောလမ်းအတိုင်း အနောက်ဘက်တံခါးဦးတည်ရာသို့ လျှောက်သွားကြလေသည်။ 


သူတို့ရှာမတွေ့ခဲ့သည်မှာ အမှောင်ထဲတွင် လျှောက်လမ်းအစွန်းတစ်ဖက်၌ တစ်စုံတစ်ခု ရွေ့လျားနေပုံရလေသည်။