အခန်း(၂၃)《 ပဲစေ့ကျည်ဆန်များ 》
Author: Drunken Light Song
Source: Jostena M
Translator: オタク
ထိုလူများထွက်သွားပြီးသည်နှင့် ကျန့်ယွင်သည် ချက်ချင်းပင် တံခါးဆီသို့သွားကာ သော့ခတ်လိုက်ပြီး စုရွေ့ကျယ်အား အေးအေးဆေးဆေးထည့်ဖို့ပြောလိုက်၏။
နောက်မနေနဲ့၊ ဒီလောက်ကြီးတဲ့ဂိုထောင်ကြီးထဲမှာ ထားခဲ့ရင် ပစ္စည်းတွေဘယ်လောက် အမှိုက်ဖြစ်သွားလိုက်မလဲ။ ယူကိုယူသွားသင့်တယ်။
“အာ...ငါ့ကိုတစ်ယောက်တည်းမထားခဲ့နဲ့လေ အားကျန့် ”
လူငယ်လေးအားပြုစုရန် သူတစ်ယောက်တည်းကျန်ခဲ့သည်ကိုမြင်ပြီး စုန်ချန်ရှုချက်ချင်းစိတ်ဆိုးလာလေတော့သည်။ သူတကယ့်ကို နည်းနည်းလေးကြောက်နေသေးပါတယ်နော်။ ဒီလူငယ်လေးက ကံမကောင်းပဲ တကယ်ကြီးဖုတ်ကောင်တစ်ကောင်ဖြစ်လာရင် သူဘာလုပ်ရတော့မလဲလို့။
“ကြည့် ”
ကျန့်ယွင်သည် ဒေါသတကြီးလှည့်လာပြီး ဖြေးညှင်းစွာပြောလိုက်၏။
“မင်းမှာဓားတစ်ချောင်းရှိတယ်။ တကယ်လို့ သူ့အရေပြားက ခြောက်သွေ့လာပြီး သူ့မျက်နှာပြာလာပြီဆိုရင် မင်း ချက်ချင်း သူ့ခေါင်းကိုထိုးလိုက်လို့ရတယ် ”
“မင်းပြောတော့လွယ်တာပေါ့ကွ...”
စုန့်ချန်ရှုသည် မကျေမနပ် ညည်းညူလိုက်၏။
စုရွေ့ကျယ်သည် သူပြောလိုက်သည်ကြောင့် ရယ်တာကို မထိန်းနိုင်တော့ပဲ “မစိုးရိမ်ပါနဲ့ စုန့်ကော။ တစ်နာရီတောင်ရှိသွားပါပြီ။ သူပြောင်းမယ်ဆို ပြောင်းပြီးလောက်ပြီ။”
သူ့အတိတ်ဘ၀အဆုံးသတ်၌ လူသားများတည်ထောင်ထားခဲ့သော သုတေသနအဖွဲ့အစည်းမှ ဖုတ်ကောင်ရောဂါပိုးသည် အလွန်မြင့်မားသော ကူးစက်နှုန်းရှိပြီး လူ့ဆဲလ်များကို ပျက်စီးစေနိုင်ကြောင်း သေချာစွာ နားလည်ခဲ့ကြသည်။ ဖုတ်ကောင်တ်စကောင် ကုတ်ခံရပြီး သို့မဟုတ် အကိုက်ခံရပြီးနောက် အနည်းငယ်လေးသာ ကူးစက်ခံလိုက်ရသည့်လူသည် ခြောက်နာရီမှ ဆယ့်နှစ်နာရီအတွင်းသေဆုံးနိုင်ပြီး ဗီဇပြောင်းသွားလိမ့်မည်။ သို့သော် လူငယ်လေးကဲ့သို့ ဖုတ်ကောင်တစ်ကောင်ထံမှ ဆိုးဆိုးရွားရွားအကိုက်ခံခဲ့ရပါက ဆိုးရွားသောကူးစက်မှုဖြစ်လာနိုင်ပြီး တစ်နာရီလောက်သာ ခုခံနိုင်လေသည်။
သို့သော် ဖုတ်ကောင်ရောဂါပိုးကဲ့သို့သောအရာမျိုး သူတို့ခန္ဓာကိုယ်ကို တိုက်ခိုက်လာပါက ခုခံတိုက်ခိုက်နိုင်သော အထူး antibodies(ပဋိပစ္စည်း) များရှိသော တချို့လူများလည်းရှိသည်။ အကယ်၍ antibodies မှနိုင်သွားပါက ကိုယ်ခန္ဓာထဲရှိ ဆဲလ်များသည် မြင့်မားစွာ တိုးတက်ကောင်းမွန်လာပြီး စွမ်းအားများကို နိုးထလာစေလိမ့်မည်။
၎င်းသည် များသောအားဖြင့် နိုးလာဖို့ သုံးနာရီထက်ပိုကြာနိုင်ပြီး နိုးထလာသောလူသည် ထိုအတောအတွင်းတွင် မေ့မျောနေခြင်းအခြေအနေသို့ရောက်သွားပြီး အပြင်းဖျားသည့် လက္ခဏာမျိုးစသည်ဖြင့် ဖြစ်နိုင်သည်။ စွမ်းအားပိုသန်မာလေလေ မေ့မျောနေသည့်အချိန် ပိုကြာလေလေဖြစ်လိမ့်မည်။ သူ့ရှေ့ရှိလူငယ်လေးကဲ့သို့ သူသာကြာနိုင်သမျှ ထိန်းထားနိုင်လျှင် သူနိုးလာပြီး စွမ်ရည်အသုံးပြုသူတစ်ယောက် ဖြစ်လာလိမ့်မည်။
ပြောပြသည်အားကြားပြီးနောက် စုန့်ချန်ရှု သူ့စိတ်ကို လျှော့ချလိုက်ပြီး အသုံး၀င်သည့်အရာများကို ဘေးပတ်လည်တွင် စတင်ရှာဖွေလိုက်ကာ စုရွေ့ကျယ်အားခေါ်ပြီး ၎င်းတို့ကိုထည့်ခိုင်းလိုက်သည်။ အဆုံးတွင် ဂိုထောင်တစ်ခုလုံးသည် အသုံးမ၀င်သည့် လျှပ်စစ်ပစ္စည်းများမှလွဲပြီး ပြောင်လုနီးပါးဖြစ်သွားကာ ကျန်သည့်အရာအကုန်လုံးသည် စုရွေ့ကျယ်၏နေရာလွတ်ထဲသို့ ယူထားလိုက်ပြီးဖြစ်လေသည်။
“ငါတို့လည်း မကြာခင် ထွက်ကြရအောင် ”
ကျန့်ယွင် ကောင်းကင်ကိုကြည့်လိုက်သောအခါ တစ်နာရီလောက်တွင် နေထွက်တော့မည်ဟု သတိပြုမိလိုက်၏။ လူပိုများများ အစားအစာရှာဖွေဖို့ထွက်လာကြလိမ့်မည်ဖြစ်ပြီး အသက်ရှင်နေဆဲလူများသည် ဖုတ်ကောင်ပိုများများကိုလည်း ဆွဲဆောင်နေလိမ့်မည်။ သူတို့သာသတိမပြုမိလျှင် သူတို့ထွက်ဖို့ခက်ခဲလိမ့်မည်ဖြစ်သည်။
“သူကကော ”
စုန့်ချန်ရှုသည် အိပ်ပျော်နေဆဲဖြစ်သောလူငယ်လေးကို တချက်ကြည့်လိုက်၏။
“မင်းကသူ့ကိုသယ်၊ ငါနဲ့ရှောင်ကျယ်က မင်းကိုကာကွယ်ပေးမယ်”
“အို့...”
စုန့်ချန်ရှုသည် ထိုအမိန်အတိုင်းပဲ လူငယ်လေးအားသယ်ရန်လုပ်လိုက်သည်။ သူသည် ဆရာ၀န်တစ်ယောက်သာဖြစ်သော်လည်း Gym သို့ အားကစားလုပ်ရန်သွားခဲ့သည်။ သူကနည်းနည်းတော့ သန်မာနေပါသေးသည်။
ကျန့်ယွင်သည် တံခါးတွင်နားကပ်လိုက်ကာ အပြင်ဘက်တွင်ဘာတစ်ခုမှ သွားလာနေသည်မရှိကြောင်း အတည်ပြုလိုက်ပြီး ဂိုထောင် တံခါးကိုဖွင့်လိုက်ကာ တိတ်တဆိတ်ထွက်လိုက်သည်။
သုံးယောက်စလုံးသည် ပျော့ပြောင်းပြီး ပေါ့ပါးသော sneakers များ၀တ်ထားပြီး ဆူညံသံမထွက်စေခဲ့ကြချေ။
ကျန့်ယွင်သည် ဓာတ်မီးကိုထုတ်ယူလိုက်ကာ လမ်းကြောင်းရှင်းရန် အရှေ့မှသွားလိုက်သည်။ စုရွေ့ကျယ်လည်း ဓာတ်မီးထုတ်ကာ အနောက်ဘက်ကို ဂရုတစိုက်စူးစမ်းလေသည်။ စုန့်ချန်ရှုသည် အဖျားတက်နေသောလူငယ်လေးကို သယ်ထားပြီး အလယ်တွင် လူနှစ်ယောက်မှကာကွယ်ထားခဲ့သည်။
သူတို့သည် အနောက်ဘက်တံခါးဆီသို့ အနောက်ဘက်လှေကားမှ ဆင်းသည့်လမ်းအတိုင်း လိုက်လာခဲ့ကြပြီး မြေပြင်ပေါ်တွင် သွေးအိုင်ကြီးတစ်ခုတွေ့လိုက်ကြသည်။ ကျန့်ယွင်၏မျက်ခွံများ ကျုံ့သွားကာ သူ့လက်ထဲရှိမီးနှင့် ထိုးလိုက်၏။ နံရံပေါ်ရှိ နေရာတိုင်းတွင် စင်ထားသော သွေးများကိုရှာတွေ့လိုက်ပြီး အနောက်တံခါးအပြင်ဘက်တွင် အရိုးသာကျန်တော့သော အကိုက်ခံထားရသည့် လက်တစ်ချောင်းကိုလည်းတွေ့လိုက်ရ၏။
ထိုသတ်ဖြတ်မှုမြင်ကွင်းသည် စုန့်ချန်ရှုအားထိတ်လန့်သွားစေပြီး အကယ်၍သူသာ ထိန်းသိမ်းနိုင်သည့်အလေ့အကျင့်မရှိခဲ့လျှင် ပျို့အန်မိလိမ့်မည်ဖြစ်သည်။
“ဘာ, ဘာ...ဘာဖြစ်ခဲ့တာလဲ ”
စုချန်ရှု၏အသံသည် တုန်ယင်နေလေ၏။
ကျန့်ယွင်၏ မျက်ခုံးများတင်းကြပ်စွာ တွန့်ချိုးသွားပြီး စုရွေ့ကျယ်နှင့် စုန့်ချန်ရှုအား သူ့နောက်သို့လိုက်မလာရန်အချက်ပြလိုက်သည်။ တံခါးဆီသို့ဖြေးညင်းစွာလျှောက်သွားလိုက်ပြီး ရောက်သည်နှင့် တိတ်တဆိတ်နှင့် တံခါးကို အနည်းငယ်ဖွင့်လိုက်၏။
ညလေညှင်းသည် ကျန့်ယွင်၏မျက်နှာဆီသို့ သွေးအနံ့ဖျော့ဖျော့ကို သယ်ဆောင်လာခဲ့ပြီး ကျန့်ယွင်၏စိတ်အား သတိပေးလိုက်ချေတော့၏။ သူသည် အပြင်းအထန်နောက်ဆုတ်လိုက်ပြီး လျင်မြန်သည့်မဲမဲအရာကို ရှောင်လိုက်ကာ တံခါးကိုပိတ်လိုက်၏။
ကျန့်ယွင်သည်ချက်ချင်း တံခါးအပြင်ဘက်အမှောင်ထုဆီသို့ မီးထိုးလိုက်ပြီး နီမြန်းနေသောမျက်လုံးများနှင့် ချွန်ထက်နေသောအစွယ်များကို တွေ့လိုက်ရ၏။ ၎င်းသည် ပိန်ပါးပြီး စွမ်းအားပြည့်သန်မာသောခြေလက်များနှင့် ကျောတွင်အသွေးအသားစများရှိနေသည့် ဂျာမန်ဒိုဘာမန်တစ်ကောင်ဖြစ်နေကာ ဖုတ်ကောင်တစ်ကောင်ထံမှ တိုက်ခိုက်ခံရပြီး ကူးစက်ခဲ့ပုံရသည်။ ၎င်း၏သွားထဲတွင် အသားစများနှင့်သွေးများရှိနေ၏။ သိသိသာသာပင် ၎င်းသည် တစ်စုံတစ်ခုအားတိုက်ခိုက်ခဲ့သည်။ ဤဧရိယာရိ သွေးစက်များသည် ၎င်းကြောင့်ဖြစ်ခဲ့ခြင်းဖြစ်နိုင်လေသည်။
“အဲ့ဒါက ဖုတ်ကောင်ခွေးတစ်ကောင်ပဲ။ သတိထား ကျန့်ကော ”
စုရွေ့ကျယ်၏မျက်နှာသည် ခွေး၏အသွင်အပြင်မြင်လိုက်ပြီးနောက် ချက်ချင်းပြောင်းလဲသွားတော့သည်။ လူ့အမူအကျင့်စွမ်းရည်မျိုးမရှိတော့သည့် လူသားများမှပြောင်းလဲသွားသော ဖုတ်ကောင်များနှင့်မတူပဲ ထိုတိရိစ္ဆာန်ဖုတ်ကောင်များသည် ကနဦးအဆင့်တွင် လူသားများကဲ့သို့ တောင့်တင်းမှုရှိလိမ့်မည်မဟုတ်ချေ။ ၎င်းတို့သည် သူတို့၏ဗီဇများအတိုင်း လုံးလုံးလျားလျား လိုက်ကြပြီး ၎င်းတို့သည် သာမန်ဖုတ်ကောင်များထက် ပိုပြီးပြင်းထန် ရန်လိုပြီး သေစေနိုင်လေသည်။
ယခုလေးတင် ဖုတ်ကောင်ခွေး၏အရှိန်သည် ကျန့်ယွင်အား အနည်းငယ်ထိတ်လန့်သွားစေ၏။ ရဲသင်တန်းကျောင်းများတွင် အသုံးပြုသောရဲခွေးများသည် ဂျာမန်ဒိုဘာမန်ခွေးမျိုးဖြစ်ကာ ထိုခွေးအမျိုးအစားများသည် အလွန်အရှိန်အားကောင်း ပြင်းထန်ပြီး သန်မာကာ ရန်လိုမှုလည်းရှိသည်။ ယခု ဒိုဘာမန်သည် ဖုတ်ကောင်ရောဂါပိုးကူးစက်ခံလိုက်ရပြီး ပို၍ပင်ရန်လိုလာပေလိမ့်မည်။ တံခါးခြားနေသော်လည်း ကျန့်ယွင်၏နဖူးတွင် ချွေးအေးများထွက်အောင် ပြုလုပ်နိုင်ဆဲဖြစ်၏။
သူ့သေနတ်သည် သူ့ခါးတွင်ထိုးထားခဲ့သော်လည်း ၎င်းကိုထုတ်ဖို့ အခွင့်အရေးမရှိခဲ့ပေ။ ဖုတ်ကောင်ခွေး၏ အလျင်နှင့် သန်မာမှုသည် မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လည်ပင်းအားကိုက်ခဲလိုက်နိုင်မည်ကို ကြောက်ရွံ့မိသည်။
သူ့လက်ထဲတွင်ဓားကို အားအပြည့်နှင့်ဆုပ်ကိုင်ထားပြီး သူ့ရှေ့ရှိဖုတ်ကောင်ခွေးအားကြည့်နေရင်း လုံး၀စိတ်မလျှော့ရဲပေ။
ထိုအခိုက် ဖုတ်ကောင်ခွေးသည် ကျန့်ယွင်၏ဘက်သို့ ခုန်ဟပ်လိုက်ပြီး မှန်တံခါးကိုတိုက်ခွဲလိုက်ပြီး ကျန့်ယွင်ဆီသို့ တန်းတန်းမတ်မတ်ခုန်ဆင်းလာ၏။
ကျန့်ယွင်သည် ဘေးဘက်သို့လှိမ့်လိုက်ပြီး သူ့ဓားဖြင့်အပေါ်ဘက်သို့ခုတ်လိုက်ပြီး ဖုတ်ကောင်ခွေး၏၀မ်းဖိုက်အား ဖြတ်လိုက်၏။ အူများနှင့်သွေးများသည် တစ်ကြိမ်တည်းနှင့်အားလုံး ထွက်ကျလာခဲ့သာ်လည်း သေပြီးသားခွေးအပေါ်တွင် သက်ရောက်မှု ကြီးကြီးမားမားရှိပုံမရချေ။ အော်ဟောက်သံနိမ့်နိမ့်ဖြင့် ဖုတ်ကောင်ခွေးသည် ကျန့်ယွင်ဆီသို့ နောက်တစ်ဖန်ပြေးလာပြန်၏။
လှေကား၀င်ပေါက်၏ အနေအထားသည် အလွန်ကျဉ်းမြောင်းပြီး ကျန့်ယွင်အား နံရံထောင့်သို့တွန်းပို့နေလေပြီး ရှောင်ရှား၍မရနိုင်ဖြစ်စေ၏။
ကျန့်ယွင်သည် ကိုင်ထားသောဓားကို ပိုပြီး အားစိုက်လိုက်ပြီး တင်းကြပ်စွာဆုပ်ကိုင်ထားကာ ဖုတ်ကောင်ခွေး၏ခေါင်းဆီသို့ထိုးခွဲလိုက်၏။ သို့သော် သူ့ကံသည် အမှန်တကယ်ကိုဆိုးနေခဲ့ပြီး မီးဖိုချောင်သုံးဓားသည် ဖုတ်ကောင်ခွေး၏ ဦးခေါင်းခွံအတွင်းသို့၀င်သွားပြီး ဦးခေါင်းခွံသည် ကွဲရန်အလွန်မာကျောနေပြီး ထိုအစား ထိုနေရာတွင် ခပ်နက်နက် ညပ်နေတော့၏။
ကျန့်ယွင်၏လက်မောင်းသည် ထုံကျင်သွားပြီး ကိုင်ထားသောဓားသည် ရုတ်တရက်ကျိုးသွားလေတော့၏။ ဖုတ်ကောင်ခွေးသည် ဒေါသထွက်နေပုံရပြီး သူ့ပါးစပ်ကို ကျယ်ကျယ်ဟကာ ကျန့်ယွင်၏လည်ပင်းရှိရာသို့ ကိုက်လိုက်၏။
ကျန့်ယွင်၏သွားများ တင်းကြပ်စွာ ကြိတ်မိလိုက်ပြီး သူ့ညာလက်သည် လက်သီးတင်းတင်းဆုပ်ထားကာ သေခြင်းတရားအား ခုခံတိုက်ခိုက်ပြီး ထိုဖုတ်ကောင် သောက်ခွေးအား ဒုတိယအကြိမ်သေခြင်းသို့ပို့ပေးရန် အဆင်သင့်ဖြစ်နေ၏။
ဖုတ်ကောင်ခွေး၏ အနံ့အသက်များသည် ကျန့်ယွင်၏မျက်နှာဆီသို့ တိုက်ရိုက် ဖြန်းလိုက်မိ၏။ ထိုအခိုက်၌ ဘွန်း ဆိုသည့် အသံတစ်ခုကိုသာကြားလိုက်ရပြီး ဖုတ်ကောင်ခွေး၏ ကြီးမားသောကိုယ်ကြီးသည် လှုပ်ခါသွားကာ နောက်ဆုံး၌ လဲကျသွားလေတော့၏။
ကျန့်ယွင်သည် နံရံသို့မှီကျသွားပြီး အသက်ကို ပြင်းပြင်းထန်ထန်ရှိုက်လိုက်၏။ သူ့ခြေဖျားအောက်နားရှိ ဖုတ်ကောင်ခွေး၏ ခေါင်းရှိ သွေးထွက်နေသောအပေါက်ကိုကြည့်ပြီးနောက် စုရွေ့ကျယ်ဆီသို့ကြည့်လိုက်၏။
စုရွေ့ကျယ်သည် သူ့လက်ထဲတွင် အရုပ်သေနတ်တစ်ခုကိုင်ထားပြီး ယခုလေးတင်မှာပင် ဖုတ်ကောင်ခွေးသေသည်အထိ ထိုအရာနှင့် ပစ်လိုက်ခြင်းဖြစ်လေသည်။
အရုပ်သေနတ်။ ဖုတ်ကောင်ခွေး ကိုသတ်လိုက်တာ။
မင်းငါ့ကို သောက်ကျိုးနဲ လာနောက်နေတာပဲဖြစ်ရမယ်။
စုန့်ချန်ရှုသည် စုရွေ့ကျယ်အား နတ်ဘုရားတစ်ပါးကိုမြင်လိုက်ရသည့် အမူအရာနှင့် ကြည့်နေခဲ့၏။
စုရွေ့ကျယ်သည် ရှက်ကိုးရှက်ကန်းဖြစ်လျက် သူ့လက်ကလေးများ နှင့်မေးစေ့အားကုတ်လိုက်ပြီး
“ကောင်းပြီ၊ ကျွန်တော်အရင်ကပြောခဲ့သလိုပဲ၊ ကျွန်တော့်မှာ သစ်သားစွမ်းရည်လည်းရှိတယ်..နည်းနည်းလေးကွဲပြားတာက...ကျွန်တော်တို့ အပင်တွေကို လက်နက်အဖြစ်လုပ်လို့ရတာပဲ...”
သူ့လက်ဖဝါးများကိုဖြန့်ပြလိုက်ပြီး သူ့လက်ဖဝါးဖြူဖြူလေးပေါ်တွင် အနည်းငယ်စိမ်းနေသော ပဲစေ့ဝိုင်းဝိုင်းလေးတစ်စေ့ရှိနေ၏။
ထို့နောက် ပဲစေ့လေးကို ဘယ်ဘက်လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီး သူ့လက်ဖဝါးကို နောက်တစ်ကြိမ်ပြန်ဖွင့်လိုက်သောအခါ ၎င်းသည် စိမ်းပြာရောင် ကျည်ဆန်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ၎င်းကို အရုပ်သေနတ်၏ ကျည်ကတ်ထဲသို့ထည့်လိုက်၏။ သေနတ်သည် အခုအဆင်သင့်ဖြစ်သွား၏။
စုရွေ့ကျယ်သည် သေနတ်ကို မြှောက်လိုက်ကာ နံရံဆီသို့ တစ်ချက်ပစ်လိုက်ပြီး နံရံတွင် အသာအယာပင် အပေါက်တစ်ခုဖြစ်သွား၏။ သက်ရောက်မှုသည် သေနတ်အစစ်တစ်လက်နှင့် လုံး၀မကွာတော့ပေ။
အဲ့ဩစရာပါပဲ ငါ့ရဲ့ပညာရှိလေးရေ....
စာရေးသူတွင်ပြောစရာရှိပါတယ်။
【လမ်းမပေါ်ရှိပြဇာတ်ငယ်လေး 】
စုရှောင်ကျယ် : ငါနောက်ထပ်အထောက်အပံ့တွေ ထပ်မလိုချင်တော့ဘူး။ ဒါပေမယ့် သူတို့ကအရမ်းကို ယဉ်ယဉ်ကျေးကျေးနဲ့ ဖိတ်ခေါ်လာတယ်ဆိုမှတော့ သွားကြစို့။ တစ်ယောက်မှ သတိမပြုမိတဲ့အချိန်မှာ ငါထိမယ် ငါထိမယ် နောက်တစ်ကြိမ်ငါထိမယ်...ကောင်းပြီ ဒီနေ့အတွက်တော့ ဒီလောက်ပဲ။
ကျန့်ရှောင်ယွင် : ဇနီးလေး၊ ကိုယ်လူတွေကိုကယ်တင်ခဲ့တယ်။ ကိုယ်က အထူးတပ်မှူးတစ်ယောက်လား။
စုရှောင်ကျယ် : အမ်....* အလွန့်အလွန်ကို ချောမောနေတယ်။ →_→
ကျန့်ရှောင်ယွင် : ကိုယ်သိပါတယ် ကိုယ်က မင်းနှလုံးသားထဲမှာ အချောဆုံးလူတစ်ယောက်ဆိုတာ။။
နောက်ခံဇာတ်ကောင်များ : အား သူ့မှာ ဒဏ်ရာတစ်ခုရှိတယ်။
စုရှောင်ကျယ် : ဟား ဟား →_→
ကျန့်ရှောင်ယွင် : ....ဇနီးလေး မစိုးရိမ်ပါနဲ့။ ကိုယ်တို့မှာ အဓိကဇာတ်ဆောင်ရောင်ခြည်ရှိနေတုန်းပဲလေ။ ကိုယ်တို့ကံလည်းကောင်းတယ်။ သူက သေချာပေါက် အရေးပါတဲ့အရံဇာတ်ကောင်တစ်ခုဖြစ်လာလိမ်မယ်လို့ ယုံကြည်ရမယ်။