အခန်း(၂၅)
Viewers 12k

အခန်း(၂၅)《 မကောင်းတဲ့လူတစ်ယောက် မဟုတ်ပါ 》


Author: Drunken Light Song

Source: Jostena M

Translator: オタク


စုန့်ချန်ရှုသာကြက်သေ သေသွားသည်မဟုတ်ဘဲ ကျန့်ကျားဟယ်တောင် သူ့ကိုယ်သူ အံ့အားသင့်သွားလေတော့သည်။ သူသည် သူ့လက်များ ခြေများ အားနည်းနေသေးသည်ဟု ခံစားရပြီး ထို့ကြောင့်ပင် ခွန်အားအကုန်သုံးခဲ့ခြင်းမျိုး မဟုတ်ပေ။ သူ မသိစိတ်ကြောင့် သူ့ထိုင်ခုံကိုမကာ ဖုတ်ကောင်ကိုတားရန်ဖြစ်သည်။ သို့သော် အလုပ်ဖြစ်သွားမည်မှန်း သူမထင်ခဲ့ချေ။


ကျန့်ကျားဟယ် သူ့လက်ဖဝါးကိုငုံ့ကြည့်ကာ တစ်ခုခု သူ မြန်မြန်ဆန်ဆန်နာမလည်နိုင်တော့ပုံရသည်။ 


“ခွန်အားစွမ်းရည် ဖြစ်ပုံရတယ်” 


ကျန့်ယွင်ပြုံးလျက် ပြောလိုက်သည်။ 


“ကောင်းတယ်” 


ကျန့်ယွင်သည် ကမ္ဘာပျက်ကပ်အတွင်း လူများ၏နိုးထလာသောစွမ်းရည်သည် မျိုးစုံဖြစ်ပြီး ရုပ်ပိုင်းဆိုင်ရာတိုးမြင့်လာမှုစွမ်းရည်များသည် ပိုသာလွန်သောစွမ်းရည်တစ်မျိုးဖြစ်ကြောင်း စု‌ရွေ့ကျယ်ပြောသည်ကို ကြားဖူးသည်။ စုရွေ့ကျယ်၏ စွမ်းအားများကို အလွယ်တကူ ဖော်ထုတ်ခံရနိုင်သည်ကို စဉ်းစားရပါလျှင် စုန့်ချန်ရှုနှင့် သူကသာ လက်ရှိတွင် သူ့ကိုကာကွယ်ရန် စွမ်းအားမရှိကြသေးချေ။ အကယ်၍ ဤလူအား သူတို့နှင့်အတူ ခေါ်သွားပါက သူတို့လုံခြုံရေးသည် ပို၍ အာမခံနိုင်လိမ့်မည်။


စုရွေ့ကျယ်၏ မျက်လုံးများ ကျန့်ယွင်၏မျက်လုံးများနှင့် ဆုံသွားချိန်တွင် ကျန့်ယွင်တွေးနေ‌သည်ကို နားလည်လိုက်သည်။ ကမ္ဘာပျက်ကပ်ကြီး၏ အစောပိုင်းနေ့ရက်များတွင် ခွန်အားအပေါ်မူတည်သည့် စွမ်းရည်များသည် အလွန်အရေးပါသောအခန်းကဏ္ဍမှ ပါ၀င်လိမ့်မည်။ အကယ်၍ ဤလူ၏ အကျင့်စရိုက်သည် အတော်အသင့်ကောင်းမွန်ပါက ဤသို့ဆိုလျှင် သူ့အနေဖြင့် ယခုမှစ၍ သူတို့နှင့် ပူးပေါင်းနိုင်သည်။


“မင်း....”


ကျန့်ယွင်သည် သူ့အား နောက်ထပ်ဘာဆက်လုပ်မည့်အကြောင်းမေးမြန်းချင်ခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ယောက်သည် ဆေးဆိုင်၏တံခါးမှ ဖြတ်ကာ ပြေးလွှားသွားပြီး ဖုတ်ကောင်များ၏ ဟောက်သံများကိုလည်းကြားလိုက်ရသည်။ 


“ကျစ်၊ လာတော့ ငါတို့ဒီနေရာမှာ နေလို့မရတော့ဘူး”


အသေအချာပင် နောက်တစ်ခဏအကြာတွင် တံခါးအပြင်ဘက်မှ တ ဘန်း ဘန်း ဖြစ်လာလေသည်။


ဆေးဆိုင်၏ တံခါးများနှင့် ပြတင်းပေါက်များသည် အားလုံးက မှန်များဖြစ်ကြသည်။ ကျန့်ယွင် သည် ဘီရိုများ စားပွဲများနှင့် ပိတ်ဆို့ထားခဲ့ပြီးဖြစ်သော်လည်း ဖုတ်ကောင်များအား အချိန်အကြာကြီး တားဆီးရန်မဖြစ်နိုင်သည်မှာ ထင်ရှားသည်။ သူတို့ချက်ချင်း ဤနေရာမှ ထွက်ခွာသင့်သည်။ 


လူလေးယောက်သည် ဆေးဆိုင်အနောက်ဘက်အိမ်သာဆီသို့ အမြန်သွားလိုက်ကြသည်။ အိမ်သာခန်းသည် အလွန်ကျဉ်းမြောင်းပြီး လေ၀င်ပြတင်းပေါက်သည် လူတစ်ယောက်လောက်သာ ဆံ့နိုင်လေသည်။ 


“ခင်ဗျားတို့အရင်သွား ကျွန်တော်နောက်ကနေခဲ့မယ်” 


ကျန့်ကျားဟယ်သတ္ထုစင်ကိုမ,လိုက်ကာ အင်အားကို ညင်ညင်သာသာထုတ်လိုက်ကာ ၎င်းအား အပိုင်းတစ်ခုချိုးပြီး လက်နက်တစ်ခုအနေဖြင့် သူ့လက်ထဲတွင် ကိုင်ထားခဲ့သည်။


ကျန့်ယွင်နှင့်တခြားလူများသည် အချင်းချင်းကြည့်လိုက်ကြပြီး အချိန်ဖြုန်းဖို့ဘာစကားမှ ထပ်မပြောကြတော့ချေ။ သူတို့သည် တိုက်ရိုက်ပင် ပြတင်းပေါက်အမြင့်အား စတင်တွယ်တက်လိုက်ကြသည်။ ပထမဆုံး တွယ်တက်ပြီး ထွက်သူမှာ ကျန့်ယွင်ဖြစ်သည်။ သူသည် အပြင်ဘက်အခြေအနေအား အရင်ဆုံးကြည့်ရန်ထွက်လိုက်သည်။ အကယ်၍ အခြေအနေမကောင်းပါက သူသည် သေနတ်ကိုသုံးကာ ခြိမ်းခြောက်မှုတစ်ချို့ထုတ်ပြီး တခြားသူများဆင်းလာသည်အထိ အနည်းငယ်ကာကွယ်ပေးနိုင်ရန် ကူညီဖို့ဖြစ်သည်။ 


ဒုတိယတစ်ယောက်သည် စုန့်ချန်ရှုဖြစ်သည်။ စုရွေ့ကျယ်၏အကူအညီဖြင့် တုန်တုန်ယင်ယင် တွယ်ထွက်လိုက်သည်။ တတိယတစ်ယောက်မှာ စုရွေ့ကျယ်ဖြစ်သည်။ သူစတင်တွယ်တက်သည့်အချိန်တွင် ဆေးဆိုင်၏ မှန်တံခါးသည် အခွဲခံလိုက်ရလေသည်။ ပြောင်းလဲသွားကြသော ဖုတ်ကောင်များစွာသည် အထဲသို့၀င်ရန် သူတို့လက်များနှင့် ကုတ်ခြစ်နေကြသည်။ 


“မြန်မြန်လုပ်” 


စုရွေ့ကျယ် ပြတင်းပေါက်ဘောင်ပေါ်သို့တွယ်တက်ပြီး ကျန့်ကျားဟယ်အား အော်လိုက်၏။ 


ကျန့်ကျားဟယ်သည် သူ့ခွန်အားနှင့် တစ်ချက်ခုန်လိုက်ပြီး ပြတင်းပေါက်အမြင့်၏ အစွန်နားကို အောင်အောင်မြင်မြင် တွယ်တက်လိုက်နိုင်သည်။ စုရွေ့ကျယ် ပြန်လှည့်ပြီး ပြတင်းပေါက်မှ ခုန်ထွက်ချိန်တွင် သူလည်း ခုန်ထွက်လာသည်။ သူကျသွားသောအချိန်မှသာ ကျန့်ကျားဟယ်၏ ခြေထောက်ဒဏ်ရာသည် သွေးများပြန်ထွက်လာပြီး နာကျင်မှုကြောင့် သူ့သွားများကြိတ်လိုက်မိသည်။


လတ်ဆတ်သောသွေးအနံ့၏ ဆွဲဆောင်မှုကြောင့် ပိုများသည့်ဖုတ်ကောင်များစွာသည် စတင်ယိမ်းထိုးလာပြီး လမ်းထဲတွင် စုစည်းလာကြတော့သည်။


“ကျစ်၊ ပြေး” 


လူများသည် အပြင်းအထန်စတင်ပြေးကြတော့သည်။ 


သို့သော် ကျန့်ကျားဟယ်၏ ခြေထောက်ဒဏ်ရာသည် သူ့အား လုံး၀ အမြန်မပြေးနိုင်အောင်လုပ်နေသည်။ စုန့်ချန်ရှုသည် သူ့အားကူညီချင်ခဲ့သော်လည်း သူက ငြင်းဆန်လိုက်သည်။


“မင်းတို့သွားတော့၊ ကျွန်တော့်ကိုတစ်ယောက်တည်းသာထားခဲ့”


ကျန့်ကျားဟယ်သည် သူ့လက်နှင့် သူ၏ရှုပ်ပွနေသောဆံပင်ကိုဖိသပ်လိုက်ကာ သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ကာ သတ္တုပိုက်ကို လက်နှစ်ဖက်စလုံးဖြင့် တင်းတင်းကြပ်ကြပ်ကိုင်ထားလိုက်ပြီး ဖုတ်ကောင်များနှင့် သေရန် အဆင်သင့်ဖြစ်နေ၏။ သူသည် ဒဏ်ရာရနေကာ သူတို့အား လုံး၀အကူအညီမပေးနိုင်ပေ။ ထိုအစား သူကသာ သူတို့အား ဆွဲချနေသလိုသာ ဖြစ်နေလိမ့်မည်။ သူ့အနေဖြင့် ထိုဖုတ်ကောင်များကို အဝေးသို့ဦးဆောင်သွားပြီး သူတို့လွတ်မြောက်ရန် အချိန်အနည်းငယ်ရစေသည်က ပိုကောင်းလေသည်။ သူ့ခန္ဓာကိုယ်မှ သွေးနံ့သည် ဖုတ်ကောင်များအား ပို၍ဆွဲဆောင်နိုင်ပေလိမ့်မည်။


ကျန့်ယွင်သည် သူတို့နောက်ရှိ ဖုတ်ကောင် ခြောက်ကောင် ခုနစ်ကောင်လောက်ကို ကြည့်လိုက်ပြီး ထို့နောက် စုရွေ့ကျယ်အားပြောလိုက်၏။


“မင်းသူနဲ့နေခဲ့၊ ပြီးတော့ လောင်စုန့်နဲ့ ကိုယ်က ကားတစ်စီးသွားရှာလိုက်မယ်” 


ဤကိစ္စတွင် သူတို့ ကားတစ်စီးရှာရန်လိုအပ်သည်။ သူတို့တွင် ဒဏ်ရာရ‌ထားသောလူတစ်ယောက်ရှိကာ ကားမရှိဘဲ အဝေးကြီး မပြေးနိုင်ပေ။ 


“ကောင်းပြီ” 


စုရွေ့ကျယ်သည် နောက်ထပ် ဘာတစ်ခုမှ ပိုမပြောဘဲ သဘောတူလိုက်သည်။


“ဘယ်လိုအလုပ်ဖြစ်နိုင်မှာလဲ”


ကျန့်ကျားဟယ်သည် စိုးရိမ်သွားပြီး ငြင်းလိုက်သည်။ သို့သော် ကျန့်ယွင်နှင့် စုန့်ချန်ရှုတို့သည် လမ်းမကိုဖြတ်ကာ လျင်မြန်စွာပြေးသွားကြသည်ကိုတွေ့လိုက်ပြီး သူနှင့် သူ့ဘေးနားရှိ ဆယ်ကျော်သက်ကလေးကို သူတို့နောက်သို့လိုက်လာသောဖုတ်ကောင်များအားရင်ဆိုင်ရန် ထားခဲ့ကြလေသည်။


ထိုအခိုက်တွင် ကျန့်ကျားဟယ်သည် သူတို့က ၀န်ထုပ်၀န်ပိုးနှစ်ယောက်ကို ပစ်ထားခဲ့ချင်နေတာလားဆိုသည်ကို အမှန်တကယ်ကို သံသယဖြစ်ခဲ့သည်။ နောက်ဆုံးမှာတော့ စုရွေ့ကျယ်သည် အလွန်ငယ်နေပုံရကာ အလွန်ပိန်ပါးပြီး လုံး၀ကိုတိုက်ခိုက်နိုင်ခြင်းစွမ်းအားမရှိပေ။ 


စု‌ရွေ့ကျယ် ဘယ်နေရာမှန်းမသိ အရုပ်သေနတ်တစ်လက်ကိုဆွဲထုတ်လိုက်သည်အထိ သူ့မလွယ်ကူမှုသည် အထွ‌တ်အထိပ်သို့သွားခဲ့သည်။ 


ထိုအခိုက်အတန့်မှာပဲ သူ့ခန့်မှန်းချက်သည် မှားယွင်းနေကြောင်း သိလိုက်ရတော့သည်။


စုရွေ့ကျယ်သည် သူ့ဆီသို့ နီးကပ်စွာပြေးလာသောဖုတ်ကောင်ကို ချိန်လိုက်ကာ သေနတ်မောင်းခလုတ်အားဆွဲလိုက်ပြီး သုံးချက်ပစ်လိုက်ပြီးနောက် ဖုတ်ကောင်၏ခေါင်းအား ဖောက်ခွဲလိုက်လေသည်။ ထို့နောက် သူသည် နောက်ထပ် ပစ်ချက်များစွာကိုပစ်လိုက်ပြီး နှစ်ကောင်ထက်ပိုသော ဖုတ်ကောင်များကို သတ်လိုက်သည်။


နောက်ဆုံးမှာတော့ စုရွေ့ကျယ်သည် သေနတ်နှင့် အနည်းငယ်ကျင့်သားရသွားသည်။ ထိုရွေ့လျားနေသောပစ်မှတ်များကို ချိန်ရခြင်းသည် သူ့အတွက် မလွယ်ကူပေ။ ကံကောင်းစွာဖြင့် သူ့တွင် ကျည်ဆန်အမြောက်အများရှိသည်။ ထို့ကြောင့် သူဖုတ်ကောင်၏ခေါင်းကိုချိန်ခဲ့ပြီး ဆက်တိုက်ပစ်ခတ်လိုက်ပြီး သူအမြဲတမ်း ထိနိုင်သည်အထိဖြစ်သည်။ 


ကျန့်ကျားဟယ် : “......”


ကျန့်ယွင်သည် Buick စီးပွားရေးလုပ်ငန်းသုံးကား 80 ရာခိုင်နှုန်းအသစ်တစ်စီးကိုမောင်းလာသောအခါ ကျန့်ကျားဟယ် တစ်ကောင်တည်းသာဖြေရှင်းနိုင်ခဲ့စဉ် စုရွေ့ကျယ်သည် ဖုတ်ကောင်လေးကောင်ကိုသတ်ရန် သူ့ အရုပ်သေနတ် ကို အသုံးပြုပြီးဖြစ်သည်။ 


“ကားထဲ၀င် ” 


စုန့်ချန်ရှု ကားနောက်တံခါးကိုဖွင့်ကာ သူတို့အား လက်ယမ်းပြလိုက်၏။ 


စုရွေ့ကျယ်သည် ကျန့်ကျားဟယ်အား အလျင်အမြန်ကူလိုက်ကာ ကားထဲသို့၀င်လိုက်သည်။ သူတို့အသေအချာမထိုင်ရသေးခင်မှာပင် ကျန့်ယွင်သည် အရှိန်မြှင့်ကာ မောင်းထွက်သွားလိုက်သည်။ 


ကျန့်ယွင်သည် လေပွေတစ်ခုကဲ့သို့ ဗီလာဧရိယာသို့ မောင်းပြန်လာခဲ့ပြီး ကားအား ကားဂိုထောင်ထဲသို့တိုက်ရိုက်မောင်းသွားကာ ဗီလာအား ကားဂိုထောင်တံခါးမှဖြတ်ကာ ပြန်လာခဲ့ကြသည်။ လူများစွာသည် သွေးများ ချွေးများနှင့်ပေပွနေကာ သူတို့အား အမှန်တကယ်ကို မသက်မသာဖြစ်စေသည်။


“ရှောင်ကျယ် မင်းအပေါ်ထပ်ကိုသွားပြီး ရေအရင်ချိုးလိုက်။ လောင်စုန့် မင်းက အောက်ထပ်ရေချိုးခန်းကိုသုံးလိုက် ”


ကျန့်ယွင်သည် ဧည့်ခန်းထဲရှိ လေအေးပေးစက်ကိုဖွင့်လိုက်ကာ ထို့နောက် သူ့‌ညစ်ပတ်နေသောအ၀တ်များကိုချွတ်လိုက်ပြီး ဆိုဖာပေါ်တွင် လှဲချလိုက်ကာ လှုပ်ရှားဖို့ ဆန္ဒမရှိတော့ချေ။


သူတို့ အခု ရေနှင့်မီး၏ ကောင်းကျိုးများကိုယူရန်လိုသည်။


စုရွေ့ကျယ်သည် ကျန့်ယွင်၏ သန်မာသော ကိုယ်အ‌ပေါ်ပိုင်းကို ကြည့်လိုက်ပြီး သူ့မျက်နှာသည် နောက်တဖန် အနီရောင်ပြောင်းသွားလေသည်။ သူ အပါ်ထပ်ကို ပြေးတက်သွားကာ နောက်ထပ် ထပ်မကြည့်ရဲတော့ပေ။ 


စုန့်ချန်ရှုသည် ကျန့်ကျားဟယ်အား အကြည့်ပို့လိုက်ပြီး “သွား ရေချိုးလိုက်။ ငါ မင်းရဲ့အနာကို ပတ်ဖို့ လတ်ဆတ်မှုထိန်းဖလင်တချို့နဲ့ မင်းလဲဖို့ အ၀တ်အစားတချို့ ရှာလိုက်အုံးမယ်။”


【T/N: လတ်ဆတ်မှုထိန်းဖလင်ဆိုတာ စူပါမားကတ်တွေမှာသုံးတဲ့ အသီး၊အသားတွေကို ပတ်ထားတဲ့ ပလပ်စတစ်အပျော့အကြည်လေးကိုပြောတာပါ။】 


"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် "


ကျန့်ကျားဟယ်သည် ဖုတ်ကောင်သွေးများအပါအ၀င် သူ့သွေးများနှင့်ဖုံးလွှမ်းနေပြီး တစ်ခဏလေးမှာပင် အညိုရောင်သို့ပြောင်းနေပြီး ရွံစရာပင်အမှန်ကောင်းနေသည်။ 


စုန့်ချန်ရှုသည် သူ့အခန်းမှ အဝတ်သန့်အနည်းငယ်ကိုအမြန်ယူလာကာ ကျန့်ကျားဟယ်၏အနာကို လတ်ဆတ်မှုထိန်းဖလင်တစ်ခုနှင့်ပတ်ပေးလိုက်သည်။ သူရေချိုးပြီးနောက် သူ သူ့အနာကို သန့်ရှင်းပေးရမည်။


“မင်းဘယ်လို ခံစားရလဲ ” 


ကျန့်ကျားဟယ် ရေချိုးခန်းသို့ ၀င်သွားသောအခါ ကျန့်ယွင်သည် စုန့်ချန်ရှုအားမေးလိုက်၏။


“ဒီကောင်လေးက အတော်လေးကောင်းတယ်လို့ ငါထင်တယ်” 


ကျန့်ကျားဟယ်၏ ယခင်လုပ်ဆောင်မှုများအရ စုန့်ချန်ရှုသည် အတော်လေးကောင်းမွန်သည်ဟုထင်ခဲ့သည်။ 


ကျန့်ယွင် ခေါင်းညိတ်လိုက်၏။ သူလည်းပဲ ကျန့်ကျားဟယ်သည် ကောင်းမွန်သည်ဟုထင်ခဲ့သည်။ အကယ်၍ သူ့မှာသာ နောက်ထပ်သွားစရာမရှိလျှင် သူ့အတွက် သူတို့နှင့်လိုက်ရန်အဆင်ပြေလိမ့်မည်။သူတို့အနေဖြင့် ဤဗီလာထဲတွင် တချိန်လုံး ပုန်းနေ၍မရပေ။ ချန်းချီနှင့် ချန်းကျောင်းတို့သည် Aမြို့မှာပဲရှိနေကြသေးသည်။ သူ သူတို့ကိုရှာရမည်။ ပြီးလျှင် ထို့နောက်တော့....အခြေချဖို့ လုံခြုံသည့်နေရာတစ်ခုကိုရှာရမည်။ စစ်တပ်မှတည်ထောင်ထားသော အခြေစိုက်စခန်းတစ်ခုဆို‌ပိုကောင်းသည်။ အနာဂါတ်တွင် ဖုတ်ကောင်များသည် ပိုပိုများလာပြီး လူသုံးယောက်အင်အားတစ်ခုတည်းနှင့် သူတို့ဆန့်ကျင်တိုက်ခိုက်ဖို့မဖြစ်နိုင်ချေ။ 


ကမ္ဘာပျက်ကပ်ကြီးရောက်လာပြီးနောက် စစ်တပ်မှတည်ထောင်ထားသော များစွာသော အခြေစိုက်စခန်းကြီးများအပါအ၀င် အသေးအကြီး အခြေစိုက်စခန်းများစွာအား တဖြည်းဖြည်းနှင့်တည်ထောင်လာခဲ့ကြကြောင်း စုရွေ့ကျယ်ပြောခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် သူတို့သည် အလွန်ကွာဝေးနေသေးသည်။ ထိုအချိန်က စုရွေ့ကျယ်သည် မိသားစုကြီးတစ်ခုနှင့်ရှိနေကာ ၀န်ထုပ်၀န်ပိုးအလေးကြီးတစ်ခုကဲ့သို့ဖြစ်နေပြီး သွားရန်မဖြစ်နိုင်ခဲ့ပေ။ နောက်ဆုံး၌ သူသည် ထိုကဲ့သို့သော ‌ကျားနှင့်မြေခွေး‌နယ်မြေသို့သွားရန် အရူးလုပ်ခြင်းခံခဲ့ရသည်။


【T/N : အရင်ဘ၀က ကျန့်ယွင်နဲ့ စစ်တပ်ပိုင်အခြေစိုက်စခန်းကိုလိုက်မသွားနိုင်ခဲ့ဘဲ လင်ချန်းအခြေစိုက်စခန်းကိုသွားဖို့ သူ့အဒေါ်က အရူးလုပ်ခဲ့တာပါ။】 


ထိုအကြောင်းအားတွေးပြီး ကျန့်ယွင် အလေးအနက်မျက်မှောင်ကြုတ်မိသည်။ ဤဘ၀မှာတော့ သူ စုရွေ့ကျယ် တူညီသည့်အမှားကို နောက်တစ်ခါ ထပ်လုပ်ဖို့ ဘယ်တော့မှ ခွင့်ပြုတော့မည်မဟုတ်ပေ။ 


စုရွေ့ကျယ် ရေအမြန်ချိုးလိုက်ပြီး သူ့အသားအရည်ဖြူဖြူလေးသည် ရေပူကြောင့် နူးညံ့ကာ ပေါင်းထားသလို ရဲတွတ်နေပြီး လူတွေအား ကိုက်ချင်လာအောင်လုပ်နေသည်။ 


“ကျန့်ကော ခင်ဗျား ‌အခုရေသွားချိုးလို့ရပြီ” 


“ကောင်းပြီ” 


ကျန့်ယွင် မတ်တပ်ရပ်လိုက်ကာ စုရွေ့ကျယ်ကိုဖြတ်သွားချိန်တွင် သူ့ပါးပေါ်သို့ နမ်းလိုက်လေသည်။


စုန့်ချန်ရှုသည် ခွေးစာအများကြီးဖြင့် အပြည့်ထိုးသိပ်ခံလိုက်ရသည်ကို မိသွားပြီး သူ့မျက်လုံးများကန်းတော့မည်ကို သိလိုက်ရသည်။ 


စုရွေ့ကျယ်၏ မျက်နှာသေးသေးလေးသည် ရုတ်တရက် မျောက်ဖင်ကဲ့သို့ပင် အနီရောင်ပြောင်းသွားကာ စာတစ်ကြောင်းကိုချန်ခဲ့လေပြီး ပြေးသွားလေသည်။


“ကျွန်တော် ချက်ပြုတ်ဖို့သွားတော့မယ်”


ဧည့်ခန်းထဲတွင် တစ်‌ယောက်တည်းကျန်ခဲ့‌သော စုန့်ချန်ရှုသည် ငြိီးငွေ့စွာ TVကို ဖွင့်လိုက်သည်။ မမျှော်လင့်ဘဲ ငြိမ်သက်နေခဲ့လေသည်။ အကြောင်းမှာ TV ထုတ်လွှင့်ရုံများသည် အမှန်တကယ်ကို အလုပ်လုပ်နိုင်ရန် နည်းမရှိကြပေ။ 


ဖုတ်ကောင်ရောဂါပိုး၏ သက်ရောက်မှုသည် ကမ္ဘာနှင့်ချီခဲ့သည်။ လွန်ခဲ့သည့်ည တစ်ညတည်းနှင့် ကမ္ဘာ့လူဦးရေ၏ သုံးပုံတစ်ပုံနီးပါးသည် တစ်ချိန်တည်းမှာပင် ဖုတ်ကောင်များအဖြစ်သို့ ပြောင်းသွားကြသည်။ ထိုနောက်ပိုင်းတွင် လူဘယ်လောက်များများသည် အကာအကွယ်များမရှိဘဲ သူတို့၏ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်များဆီမှ တိုက်ခိုက်ခံခဲ့ရပြီး ဖုတ်ကောင်အရေအတွက် လျင်မြန်စွ ာတိုးပွားလာခဲ့သည်ကို သူ မသိနိုင်ပေ။ စုရွေ့ကျယ်အဆိုအရ ကမ္ဘာပျက်ကပ်ကြီးစတင်ပြီး တစ်နှစ်အကြာတွင် လူ ခြောက်ဘီလီယံ သာ အသက်ရှင်ခဲ့ပြီး ၎င်းသည် ကမ္ဘာ့လူဦးရေ၏ ဆယ်ပုံတစ်ပုံထက်တောင် နည်းသေးသည်။


ထိုအကြောင်းတွေးပြီး စုန့်ချန်ရှု လေးနက်စွာ သက်ပြင်းချလိုက်သည်။ ဆေးရုံ၏အခြေအနေသည် အဆိုးဆုံးဖြစ်လိမ်မည်။ ကျန့်ယွင်နှင့်စုရွေ့ကျယ်ကြောင့်သာမဟုတ်လျှင် သူလည်းပဲ ဖုတ်ကောင်အဖွဲ့ထဲ ပေါင်းသွားလိမ့်မည်ပင်။ ယခု ကမ္ဘာပျက်ကပ်ကြီး၏ ပထမဆုံးနေ့သာလျှင်ရှိသေးပြီး အလွန်ကို ခြောက်ခြားဖွယ်ဖြစ်နေခဲ့ပြီ။ နောက်တစ်ရက်တွင် ဘယ်လိုရှိနေမည်ကို သူ မသိတော့ပေ။ 


စာရေးသူတွင်ပြောစရာရှိပါတယ်။ 


【လရောင်၏အရုဏ်ဦးအချိန် ပြဇာတ်ငယ်လေး】 


လူငယ် : အာ ၊ ငါ ဖုတ်ကောင်တစ်ကောင် အကိုက်ခံလိုက်ရပြီ။ ငါဘာလုပ်သင့်လဲ။


ဒေါက်တာစုန့် : အဲ့ဒါအဆင်ပြေပါတယ်။ မင်းမှာ စွမ်းရည်တစ်ခုရှိလာတော့မယ်။


လူငယ် : စွမ်းရည်၊ ဘာကြီးတုန်း။


ထို့နောက် ဖုတ်ကောင်အား အသားပြားအဖြစ်သို့ တူတစ်ခုနှင့်ရိုက်လိုက်သည်။


ဒေါက်တာစုန့် : ....【 ပြောစရာစကားမရှိ.jpg 】


#အနာဂါတ်ဇနီးလေးကဟာကျုလီတစ်ယောက်ပဲ ဒါကြောင့် ငါသူ့ကိုဘယ်လိုလမ်းခွဲနိုင်မလဲ???QAQ#


#ကျွန်တော်ကဆရာ၀န်တစ်ယောက်ပါ,OTZ*#


#စာရေးသူထွက်လာစမ်း၊မင်းဘာလို့ငါ့ကိုစွမ်းရည်‌တွေမပေးသေးတာလဲ#


【လမ်းမပေါ်ရှိပြဇာတ်ငယ်လေး】 


စုရှောင်ကျယ် : အခန်းနှစ်ဆယ်ကျော်လာပြီ။ ကျွန်တော်တို့ ကိုယ့်ဘာသာ တရား၀င်မိတ်မဆက်ကြရသေးဘူး။ နိဟောင် လူတိုင်းပဲ၊ ကျွန်တော်က ပြန်မွေးဖွားလာတဲ့လူတစ်ယောက်ဖြစ်တဲ့ စုရှောင်ကျယ်ပါ။ ကျွန်တော်က.... Plants Vs Zombies မှာ တော်ပါတယ် ။ (^_^)


ကျန့်ရှောင်ယွင် : နိဟောင် လူတိုင်းပဲ၊ ကျွန်တော်က အရင်ဘ၀က သူရဲကောင်းဖြစ်တဲ့ ကျန့်ရှောင်ယွင်ပါ။ ကျွန်တော့်ရဲ့အကြိုက်ကတော့ စုရှောင်ကျယ်ပါ။ (^_^)


စုန့်ချန်ရှု : နိဟောင် လူတိုင်းပဲ၊ ကျွန်တော်က နှိပ်စက်ခံနေရတဲ့ စင်ဂယ်ခွေးတစ်ကောင်ဖြစ်တဲ့ စုန့်ချန်ရှုပါ။ ကျွန်တော်က တာ၀န်သိစိတ်ရှိတဲ့ ဆရာ၀န်‌တစ်ယောက်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း ကမ္ဘာပျက်ကပ်ကြီးရောက်လာတဲ့အချိန်မှာ ကျွန်တော်က ခွေးစာတွေပြည့်သိပ်ခံနေရတဲ့ နောက်ခံဇာတ်ကောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ 


ကျန့်ကျားဟယ် : နိဟောင် လူတိုင်းပဲ၊ ကျွန်တော်က နောက်ဆုံးတော့ သေနေသလို လဲလျောင်းနေရတာ ရပ်တန့်သွားပြီဖြစ်တဲ့ ကျန့်ကျားဟယ်ပါ၊ ကျွန်တော်က လူငယ်လေးမဟုတ်ဘူး၊ ကျေးဇူးပြုပြီး ကျွန်တော့်နာမည်ကို သတိရပေးပါ။ နိဟောင် ကျွန်တော်က တော်တယ်....ဟား ဟား ( ထိုင်ခုံတစ်လုံးကိုယူပြီး ဖုတ်ကောင်ကိုအသားပြားအဖြစ်ပြောင်းလိုက်) မင်းဘယ်လိုထင်လဲ (^_^)


အတူတူ : နိဟောင် လူတိုင်းပဲ၊ ကျွန်တော်တို့က ရူးတူးပြီး သေးငယ်တဲ့အဖွဲ့လေးပါ။ မင်းတို့လုံလုံလောက်လောက်စားချင်လား။ အသက်ရှင်ချင်လား။ လာပါ ငါတို့နဲ့ပူးပေါင်းလိုက်။ 999 မလုပ်နဲ့၊ 999 သာမလုပ်ပါနဲ့။ မင်းတို့သတ္တိရှိရင် ငါတို့အဖွဲ့ကို လာပေါင်း၊ အခုကစပြီး အဓိကဇာတ်ကောင်ရဲ့ရောင်ဝါအလင်းရောင်အောက်မှာ မင်းတို့ ကမ္ဘာပျက်ကပ်ကြီးထဲ စိုးရိမ်စရာတွေမရှိဘူးဆိုတာ သေချာတယ်။


【T/N : 999 က 666 နဲ့ တူတဲ့အဓိပ္ပါယ်ရှိပါတယ်တဲ့။ တရုတ်အင်တာနက်ဗန်းစကားပါ။666 ကတော့ ပိုကောင်းကောင်းလုပ် နေတာကိုပြောချင်တဲ့သဘောပါတဲ့။ ဂိမ်းကစားရင် အသုံးများပါတယ်။ အခုကတော့ " မင်းတို့ဘာသာ ပိုကောင်းကောင်းလုပ်နေသလို မလုပ်နဲ့" လို့ပြောချင်တဲ့သဘောထင်ပါတယ် 】