Chapter 17
သိုင်းပြိုင်ပွဲစင်မြင့်ထက်ဝယ်...။
ထုံးစံအတိုင်း ထိုစကားတွေတွင် အမှားအယွင်းရှိမနေခဲ့ချေ။ သို့သော်လည်း သူ့ရှေ့ရှိ ၀မ်ထန်း၏အားသာချက်နှင့် အားနည်းချက်များကို သူတို့ မသိရပေ။
လင်းပျန့်ယွီက သူထိုသို့ထုတ်ပြောလိုက်ရသည့်အကြောင်းအရင်းမှာ ၀မ်ထန်း၏အာရုံတွေကိုသူ့ထံရောက်လာစေလို၍ဖြစ်၏။
သူ့အနေဖြင့် လင်းမင်ကျစ်ကို ထွက်ယှဥ်ပြိုင်ခိုင်းရန်မှာ အဆင်မပြေသလို လင်းမင်ကျစ်ကလည်း သူ့ညီလေးကို မယှဥ်ပြိုင်စေလိုပေ။ တစ်ဖက်လူမှ ချုံဟွားအမိန့်တော်ကိုကိုင်၍ ထိုသို့သောအမှုမျိူးကိုတောင်းဆိုလာသည်ဆိုကတည်းက ထိုသူမှာ ကိုင်တွယ်ရလွယ်ကူမည့်သူမျိုးမဟုတ်သည်မှာ သေချာပေါက်ပင်။
၀မ်ထန်း၏အကြည့်တို့သည် လင်းပျန့်ယွီထံသို့ အမှန်တကယ် ရောက်လာသည်။
ဝါးဦးထုပ်တွင်ချထားသည့် အနက်ရောင်ပု၀ါက တလွင့်လွင့်ဖြစ်သွားချိန်တွင် လင်းရုဖေးသည် လေထုတစ်ခုလုံးအနည်းငယ်ဖိအားများလေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။
"ခွန်းလွန်ဂိုဏ်းရဲ့ဓားသိုင်းပညာက လောကရဲ့ထိတ်တန်းလို့ဆိုကြတယ်" ၀မ်ထန်းကဆက်၍ဆိုသည်။
"ဒါကြောင့် ကျုပ်က ဒီတောင်ပေါ်မှာရှိတဲ့ အားအကောင်းဆုံး ဓားသမားနဲ့ယှဉ်ပြိုင်တိုက်ခိုက်ချင်တာပုံမှန်ပဲ"
သူက စကားလုံးတိုင်းအတွက် သူ့ အစွမ်းတွေအကုန်ထုတ်သုံးပြောနေရသကဲ့သို့ အလွန်ဖြည်းညှင်းလေးကန်စွာ ပြောနေပေသည်။
လင်းပျန့်ယွီက စိတ်သက်သာရာရသွားသဖြင့် သက်ပြင်းအသာချကာပြုံး၍ဆိုလိုက်၏။
"သဘာ၀ကျပါတယ်"
သို့သော်လည်း မထင်မှတ်ထားစွာဖြင့် ဝမ်ထန်းက သူ့လေသံကိုပြောင်း၍အေးစက်စွာ ဆက်ပြောလာသည်။
"ကံမကောင်းချင်တော့ မင်းက ဒီခွန်းလွန်တောင်ရဲ့အစွမ်းထက်ဆုံး ဓားသမားမဟုတ်ဘူး"
လင်းပျန့်ယွီ၏ မျက်နှာပေါ်ရှိအပြုံးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး သူ့ခါးပေါ်တွင်ချိတ်ဆွဲထားသည့် ထျန်းရှောင်ထံမှလည်း အသံအနည်းငယ်ထွက်လာသည်။
သူကအမူရာမဲ့စွာဖြင့်ဆိုလိုက်သည်။
“လူကြီးမင်းဝမ်က ကျုပ်ဖခင် တံခါးပိတ်ကျင့်ကြံတဲ့နေရာကနေ ထွက်လာတဲ့အချိန်ထိများစောင့်ဖို့ ရည်ရွယ်ထားတာလား”
၀မ်ထန်းကမထူးခြားဟန်ဖြင့်ပြောလာ၏။
"အရူး"
လင်းပျန့်ယွက ပေါက်ကွဲထွက်ခါနီးဆဲဆဲ သူ့ဒေါသတွေကို အတင်းအကြပ်ပြန်မျိုချလိုက်ပြီး "ခင်ဗျားဘာပြောလိုက်တယ်"
၀မ်ထန်း : "လင်းချုံလော့က ငါးနှစ်လောက် တံခါးပိတ်ကျင့်ကြံပြီးတာတောင် နောက်နယ်ပယ်ကိုချိုးဖြတ်မ၀င်ရောက်နိုင်သေးဘူး ဒါကြောင့် သူက နံပါတ်တစ်ဓားသမားလို့ ခေါ်ထိုက်သေးလို့လား"
သူက သူ့လက်ကိုမြှောက်၍ အနည်းငယ်စိတ်လှုပ်ရှားနေဟန်ဖြင့် "ကံကောင်းလို့ ကျုပ်သိက္ခာကိုမချတဲ့အနေနဲ့ မင်းတို့ခွန်းလွန်တောင်ပေါ်မှာ ကျုပ်နဲ့ယှဥ်ပြိုင်နိုင်တဲ့သူ တစ်ယောက်ယောက် ရှိနေသေးတယ်"
ထိုသူက သူ့လက်ကို မြှောက်ပြီးသည်နှင့် လင်းပျန့်ယွီနဘေးရှိ လူကို လက်ညှိုးထိုးပြလိုက်ပြီး "ကျုပ် သူနဲ့ ပြိုင်ချင်တယ်"
လင်းပျန့်ယွီနဘေးတွင်ရှိနေသည့်လူမှာ လင်းမင်ကျစ် မဟုတ်ဘဲ စက္ကူကဲ့သို့ ဖြူဖျော့ဖျော့ပုံဖြင့် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော လင်းရုဖေးဖြစ်နေ၏။
ရုတ်တရက်ဆိုသလိုပင် လင်းပျန့်ယွီနှင့် လင်းမင်ကျစ်တို့၏ မျက်နှာများမှာ မည်းမှောင်သွားကြတော့သည်။
လင်းမင်ကျစ် : “လူကြီးမင်း၀မ်ခင်ဗျ ကျုပ်ညီငယ်လင်းရုဖေးက ကျန်းမာရေးသိပ်မကောင်းတာကြောင့် ဓားသိုင်းပညာကိုတစ်ခါမှမသင်ယူဖူးပါဘူး လူကြီးမင်းကသူနဲ့ပြိုင်ချင်တာလား သူဘေးဖြစ်မှာကို ကျုပ်စိုးရိမ်မိပါတယ်"
၀မ်ထန်းက အေးစက်စွာဖြင့် ဆိုလာ၏။
"လင်းတာ့ကုန်းဇီ ကျုပ်ရဲ့ချုံဟွားအမိန့်တော်ကအတုလား"
လင်းမင်ကျစ်၏မျက်နှာက တဖြည်းဖြည်းနီရဲလာပြီး ထျန်းရှောင်၏လက်ကိုင်ရိုးကို ကိုင်ထားသည့် လင်းပျန့်ယွီ၏လက်ဖမိုးထက်တွင် သွေးပြန်ကြောများများပေါက်ထွက်လုမတတ်တင်းကြပ်နေသည်။
သူကအံတင်းတင်းကြိတ်ရင်းစကားလုံးများကို သွားကြားထဲမှလေသံဖြင့်ဆိုလိုက်သည်။
“လူကြီးမင်း၀မ်က ဓားသိုင်းယှဥ်ပြိုင်ဖို့အတွက် အရင်က တစ်ခါမှ မလေ့ကျင့်ဘူးတဲ့သူကိုအလိုရှိနေတာလား”
၀မ်ထန်း : "ဟုတ်တယ်"
လင်းမင်ကျစ်၏လျင်မြန်သော မျက်လုံးများနှင့် လက်များက လင်းပျန့်ယွီ၏လက်ကို မဆုပ်ကိုင်ထားပါလျှင် ထျန်းရှောင်သည် ယခုအချိန်တွင် ဓားအိမ်ထဲမှာမရှိတော့မည်မှာသေချာပေါက်ပင်။
လူသတ်ငွေ့တွေတထောင်းထောင်းထနေသော လင်းပျန့်ယွီဘက်သို့ ၀မ်ထန်းကလှည့်ပြီးနှာတစ်ချက်ရှုံ့ပြလိုက်သည်။ သူက သူ့ဦးထုပ်ကို အနည်းငယ်ပင့်ကိုင်လိုက်သည့်အခါ စိမ်းပြာရောင်မျက်၀န်းတစ်စုံက ပေါ်ထွက်လာသည်-
"လင်းတာ့ကုန်းဇီ ဒီပြိုင်ပွဲက ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားဆိုတာ ထပ်မေးပါရစေ"
“ဖြစ်နိုင်တယ်”
ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေသော လင်းရုဖေးကပါးစပ်ကိုဟ၍ ပေါ့ပေါ့ပါးပါးဖြစ်နေဟန်ဖြင့်ဆိုလိုက်သည်။ သူ့အသံက အကျယ်ကြီးမဟုတ်ပေမယ့် လင်းမင်ကျစ်နှင့် လင်းပျန့်ယွီတို့၏ရင်ဘတ်တွေကိုမူ ငလျင်လှုပ်ခတ်သွားသကဲ့သို့ ပြင်းပြင်းထန်ထန် တုန်လှုပ်သွားစေ၏။
လင်းရုဖေးသည် အရေးမကြီးသော ကိစ္စတစ်ခုကို သဘောတူလိုက်သကဲ့သို့ဖြစ်နေပြီး နူးညံ့သိမ်မွေ့ကာယဥ်ကျေးသော အမူအရာမှာရှိနေဆဲပင်။
သူကဖြေးဖြေးချင်းဆိုလိုက်သည်။
“ခွန်းလွန်ဂိုဏ်းရဲ့စည်းမျဉ်းတွေအရ ချုံဟွားအမိန့်တော်ကို လက်ထဲမှာကိုင်ပြီးရောက်လာတဲ့သူတွေရဲ့တောင်းဆိုချက်အားလုံးကို သဘောတူပေးရမယ် ဒါကြောင့် လူကြီးမင်း၀မ်ကလည်းချွင်းချက်မဖြစ်စေရပါဘူး ဓားသိုင်းပညာကို ကျွန်တော်တကယ်မလေ့ကျင့်ဖူးဘူး ဒါကြောင့် တကယ်သာယှဥ်ပြိုင်ကြရင် ကျွန်တော်ရဲ့စွမ်းဆောင်ရည်က လူကြီးမင်း၀မ်ကိုကျေနပ်နှစ်သိမ့်မှုမဖြစ်စေမှာတော့ အမှန်တကယ်စိုးရိမ်မိတယ်ရယ်"
၀မ်ထန်း : "ဒါဖြင့် ငါပဲအထင်မှားတာလား"
"ရုဖေး!"
လင်းပျန့်ယွီ၏အမူအရာမှာ အလွန်ပျက်ယွင်းနေသည်။ သူက လင်းရုဖေး၏ပခုံးကိုဆုပ်ကိုင်လိုက်ပြီး "ဆက်မပြောနဲ့တော့ လျှောက်ရှုပ်နေတာကို ရပ်လိုက်"
"အစ်ကို"
လင်းရုဖေးက လင်းပျန့်ယွီကိုကြည့်ရန်အတွက် ခေါင်းမော့လိုက်သည်။ လင်းပျန့်ယွီ၏ မျက်နှာပေါ်ရှိ အမူအရာကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရပြီးနောက် သူ့နှလုံးသားက အနည်းငယ် နာကျင်သွားရသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သော်လည်း လင်းပျန့်ယွီသည် သူ့အား ဤမျှဆိုးရွားသည့်အကြည့်မျိုးကို တစ်ခါမျှမပြသခဲ့ဘူးပေ။
အမြဲလိုလို အပြုံးတစ်ခုကပ်ပါနေတတ်သည့် ထိုမျက်လုံးများထဲတွင် သိမ်မွေ့သော သနားကြင်နာမူတချို့ကိုသို၀ှက်ထားသည့်အကြည့်တို့ကိုသာ လက်ခံခဲ့ဖူး၏။
သူချစ်ရသောညီငယ်လေးက လက်လျှော့ပစ်လိုက်ရန်သူ ထပ်ခါ ထပ်ခါ ဆုတောင်းနေမိသည်။ လင်းရုဖေးက သဘောမတူသရွေ့ ခွန်းလွန်ဂိုဏ်းရဲ့စည်းမျဉ်းတွေကိုချိုးဖျက်မိလျှင်ပင် သူဂရုမစိုက်ချေ။
သို့သော်လည်း လင်းပျန့်ယွီရဲ့ကံကြမ္မာက စိတ်ပျက်မှုကိုသာကြုံတွေ့လိုက်ရသည်။
လင်းရုဖေး၏ အရောင်ဖျော့ဖျော့မျက်၀န်းများတွင် နောက်ပြန်ဆုတ်သွားမည့် အရိပ်အယောင်တို့စိုးစိမျှရှိမနေချေ။
သူက သူ့ကိုမော့ကြည့်ကာ စကားတစ်ခွန်းသာဆိုလာသည်။
"ဒုတိယအစ်ကို ကျွန်တော့ရဲ့မျိုးရိုးနာမည်ကလည်း လင်း ဆိုတာကိုမမေ့နဲ့ဦး"
လင်းပျန့်ယွီ၏ ခန္ဓာကိုယ်သည် ထိတ်လန့်မှုကြောင့် အလွန်တုန်လှုပ်သွားသည်။
ဤသည်ကအမှန်ပင်။ လင်းရုဖေးက အားနည်းပြီးမကျန်းမာသော်လည်း သူ့မျိုးရိုးနာမည်မှာ ' လင်း ' ဖြစ်နေဆဲပင်။ ခွန်းလွန် တောင်တန်းတွင် ' လင်း 'မျိုးရိုးရှိသူများသည် အသက်သေမည်ကို မကြောက်ကြသလို၊ ဒုက္ခများမှရှောင်ပုန်း၍လည်းမနေကြပေ။ ဓားသိုင်းပညာကို တစ်ကြိမ်တစ်ခါမျှမသင်ဘူးလျှင်ပင် သူက 'လင်း'မျိုးနွယ်ရှိသူ လင်းပျန့်ယွီ၏ညီငယ်လေးဖြစ်နေဆဲပင်။
'ဒီလိုဆိုရင်တောင် ၀မ်ထန်းရဲ့ဓားအောက်မှာ သူ့ညီငယ်လေးသေဆုံးတာကို သူဒီတိုင်းရပ်ကြည့်နေရမှာလား'
လင်းပျန့်ယွီက ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီးနောက် စကားပြောနေတာကိုရပ်တန့်ပစ်လိုက်သည်။
လင်းမင်ကျစ်သည် သူ့အသံကို အတတ်နိုင်ဆုံးထိန်းချုပ်ထားသော်လည်း အနည်းငယ် တုန်ယင်နေသောအသံက ယခုအချိန်တွင်ခံစားနေရသည့် သူ့ခံစားချက်ကို ဖော်ပြနေခဲ့သည်- "လူကြီးမင်းဝမ်က ရုဖေးနဲ့ဘယ်အချိန်မှာများ ဓားသိုင်းယှဥ်ပြိုင်တိုက်ခိုက်ချင်ပါသလဲ"
"ကျုပ်မှာသွားစရာနေရာတွေ အများကြီးရှိနေသေးတယ် ကျုပ်ကအရမ်းလည်းအလုပ်ရှုပ်နေတယ်ဆိုတော့...မနက်ဖြန်ဆိုရင်အဆင်ပြေတယ် မင်းတို့တွေပဲနေရာသတ်မှတ်လိုက်"
လင်းမင်ကျစ် : "ကောင်းပြီ"
၀မ်ထန်းကထရပ်ပြီး လဘ္ကက်ရည်ခန်းမဆောင်မှ ထွက်ခွာရန်လျှောက်လှမ်းနေချိန်တွင် လင်းပျန့်ယွီ၏ဘေးမှဖြတ်လျှောက်သောအခါ သူက ရပ်တန့်လိုက်ပြီးလေးနက်စွာဖြင့်ဆိုလိုက်သည်။
"မင်းရဲ့သတ်ဖြတ်ခြင်းဓားဆန္ဒက ကောင်းပါတယ် ဒါပေမယ့် ကံဆိုးချင်တော့ မင်းရဲ့ဓားသိုင်းက သုံးမှတ်လောက် လိုနေသေးတယ်"
လင်းပျန့်ယွီကမျက်နှာသေဖြင့် “အဲဒီတော့”
၀မ်ထန်း : "နှစ်အနည်းငယ်လောက်နေရင်တော့ မင်းနဲ့တိုက်ခိုက်ဖို့ ငါစိတ်ဝင်စားကောင်း၀င်စားနိုင်ပေမယ့် ကံဆိုးစွာနဲ့ပဲ"
သူက သူ့ခမောက်ကို ဆွဲချလိုက်ပြီးအေးစက်စွာဖြင့်ဆိုလိုက်၏။
“မင်းက အခု ကျုပ်ဓားနဲ့ မထိုက်တန်သေးဘူး”
လင်းပျန့်ယွီသည် သူ၏ဓားဆွဲထုတ်လိုစိတ်ကို ရှိသမျှအတွင်းအားကိုသုံးကိုထိန်းချုပ်ထားမှန်း လင်းရုဖေးက မြင်နိုင်ပြီး ၀မ်ထန်း အဝေးသို့ ထွက်ခွာသွားသည်အထိ သူက တစ်ချက်လေးမျှပင် မလှုပ်ချေ။
လင်းမင်ကျစ်ကလည်း မတ်တပ်ရပ်နေဆဲဖြစ်ပြီး လဘ္ကက်ရည်ခန်းမဆောင်ရှိ လေထုသည် ကြောက်ခမန်းလိလိ တင်းမာခက်ထန်နေသည်။
လင်းရုဖေးသည် သူ့ဘီးတပ်ကုလားထိုင်ကို ကိုယ်တိုင်အားစိုက်တွန်းသွားလိုက်ပြီးနောက် ချုံဟွားအမိန့်တော်ကို ပေါ့ပေါ့ပါးပါး ကောက်ကိုင်လိုက်ပြီး အသာရယ်မော၍ဆိုလိုက်သည်။
"ဒီပစ္စည်းကို မြင်ဖူးတာ ပထမဆုံးအကြိမ်ပဲ ဒါက ဒီလောက်အထိလှမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး"
“ရှောင်ကျို့—” လင်းမင်ကျစ်ကခေါ်လိုက်သည်။
"အစ်ကိုကြီး အစ်ကိုကြီးပြောချင်တာကို ကျွန်တော်သိတယ်"
လင်းရုဖေးက အေးဆေးတည်ငြိမ်မှုအပြည့်ဖြင့်ဆိုလိုက်သည်။
"အစ်ကိုတို့တွေက ကျွန်တော်ကို အနှစ်နှစ်ဆယ်ကျော် ကာကွယ်ပေးခဲ့ပြီးပြီ အခု ကျွန်တော်က အစ်ကိုတို့ကျွန်တော်ကိုကာကွယ်ပေးခဲ့သလိုမျိုး တစ်ခါလောက် ကာကွယ်ပေးချင်တယ်"
****
နေ့တစ်ဝက်အတွင်းပင် ဝမ်ထန်းနှင့်လင်းရုဖေးတို့၏ ဓားရေးယှဉ်ပြိုင်ကြမည့်သတင်းက ခွန်းလွန်းတောင်တစ်ခုလုံးကိုပျံ့နှံ့သွားသည်။
အဆိုပါသတင်းအားကြားလိုက်ရစဉ်က ကျို့ယွမ်ပိုင်သည် ခွန်းလွန်တောင်ခြေရှိ သတင်းအမွှေးဆုံးဆန်ကိတ်ကိုစားနေခဲ့သည်။ ဆန်ကိတ်သည်ချိုရုံသာမက ထိပ်တွင်ပျားရည်ဆမ်းထားသောစွံပလွံသီးကြောင့် နူးညံ့ကာအင်မတန်အရသာရှိနေသည်။
ထျန်းယွမ်ကသူ့ထံအမြန်လာနေသည်ကိုမြင်လိုက်ရချိန်တွင် သူနောက်တစ်ခုစစားနေပြီဖြစ်သည်။ အကြင်သူသည် စိတ်လှုပ်ရှားနေသည့်မျက်နှာဖြင့်သူ၏ဘေးတွင်ဝင်ထိုင်လာသည်။
စားပွဲခုံကိုဗြန်းကနဲရိုက်ပြီးနောက် ကျို့ယွမ်ပိုင်အားပြောစရာရှိသည်ဟုဆိုကာ သူ့အားဧည်ခံရန်အတွက်အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးကိုထုတ်ပြီး လတ်ဆတ်သောတုကန်သေရည်[1] တစ်ခွက်တိုက်ရန်ပြောလာ၏။
ကျို့ယွမ်ပိုင်က ဆန်ကိတ်ကိုဝါးနေဆဲပင်။ တခစ်ခစ်ရယ်မောလိုက်ပြီးနောက် ထျန်းယွမ်အား သတင်းစကားအားအရင်ပြောခိုင်းလိုက်သည်။ သတင်းကသာအမှန်တကယ်စိတ်ဝင်စားစရာကောင်းမည်ဆိုပါလျှင် ၎င်းတုကန်သေရည်ကိုသေချာပေါက်သူ့ကိုတိုက်မည်ဖြစ်ကြောင်းပြောလိုက်သည်။
ထျန်းယွမ် : "မင်းသိလိုက်လား ဒီမနက်လေးတင် ဝါးခမောက်ဆောင်းထားတဲ့သိုင်းသမားတစ်ယောက် ချုံဟွားအမိန့်တော်နဲ့ခွန်းလွန်တောင်ကိုရောက်လာတယ်..."
ကျို့ယွမ်ပိုင်မှာ ထိုစကားကြောင့်ထိတ်လန့်သွားရကာ "မင်းပြောချင်တာက ဒဏ္ဏာရီလာချုံဟွားအမိန့်တော်လား"
"လောကကြီးမှာအခြား ချုံဟွားအမိန့်တော်ဘယ်နှခုများရှိနိုင်မှာမို့လို့လဲ"
ထျန်းယွမ်သည် ကျို့ယွမ်ပိုင်လက်ထဲမှဆန်ကိတ်ကို ယူဝါးလိုက်သည်။
သူဆက်ပြောသည်မှာ "လွန်ခဲ့တဲ့နှစ်တစ်ရာက ကိုးနှစ်အရွယ်ကလေးတစ်ယောက်က ချုံဟွားအမိန့်တော်ယူလာပြီး ခွန်းလွန်တောင်ထိပ်အထိလာခဲ့တယ် ပြောကြတာတော့ သူကယန်မင်းမျိုးနွယ်ကဆင်းသက်လာပြီးတိုင်းပြည်ကိုပြန်တည်ထောင်ဖို့တောင်းဆိုခဲ့တယ်တဲ့ အဲဒီအချိန်တုန်းက ဘယ်သူမှရယ်စရာလို့မတွေးကြဘူး ယန်မင်းဆက်ကိုဖြုတ်ချနိုင်သွားတာက တာ့ချူ ပြီးတော့ တာ့ချူကလည်းအင်အားကြီးလွန်းလို့ တိုင်းပြည်ကိုပြန်တည်ထောင်ဖို့ကအိပ်မက်တစ်ခုသာသာပဲဖြစ်ခဲ့တယ်လေ"
[ Great Chu = တာ့ချူ = ကြီးမြတ်သောချူ ]
ထျန်းယွမ်သည်စိတ်လှုပ်ရှားနေသဖြင့် စကားပြောလိုက်သည့်အချိန်တိုင်း တံတွေးများကနေရာတကာလျှောက်စင်ကုန်သည်။
"ဒါပေမဲ့ နှစ်နှစ်ဆယ်ပဲရှိသေးတယ် ယန်ပြည်ကိုတကယ်ကြီးပြန်တည်ထောင်နိုင်လိမ့်မယ်လို့ဘယ်သူကထင်ခဲ့မှာလဲ"
အစမှအဆုံးတိုင် ခွန်းလွန်ဆိုသောစကားလုံးမပါခဲ့သည့်တိုင် ခွန်းလွန်ဂိုဏ်းနှင့်ဆက်နွယ်မှုမရှိပါဟုတစ်စုံတစ်ယောက်ကပြောချင်ခဲ့လျှင်ပင်မည်သူမှယုံကြည်ကြမည်မဟုတ်ချေ။
ယနေ့အချိန်တွင် ချုံဟွားအမိန့်တော်သည်လောကတစ်ခွင်ကျော်ကြားနေပြီး လူတိုင်းကအစိတ်အပိုင်းလေးနည်းနည်းဆိုလျှင်ပင်လိုချင်တပ်မက်ကြ၏။
သို့သော် နှစ်ပေါင်းတစ်ရာကုန်ဆုံးသွားခဲ့ပြီးနောက် ယနေ့မတိုင်ခင်အထိ ဒုတိယမြောက်ချုံဟွားအမိန့်တော်၏အစိတ်အပိုင်းမှာ ပေါ်ထွက်မလာခဲ့ပေ။
-
ကျို့ယွမ်ပိုင်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်မေးလေသည် : "တကယ်ကြီး လူတစ်ယောက်က ခွန်းလွန်တောင်ပေါ် ကိုချုံဟွားအမိန့်တော်ယူလာခဲ့တာလား သူကဘာကိုတောင်းဆိုတာလဲ"
ထျန်းယွမ် : "အကောင်းဆုံးအပိုင်းလာပြီ ခွန်းလွန်တောင်ပေါ်ကိုချုံဟွားအမိန့်တော်ယူလာတာက သိုင်းသမားတစ်ယောက် တောင်ပေါ်ရောက်တော့ သူက ခွန်းလွန်တောင်ပေါ်ကစွမ်းအားအကြီးဆုံးသိုင်းသမားနဲ့ ပြိုင်ချင်တယ်တဲ့လေ"
ကျို့ယွမ်ပိုင်ကအေးခဲသွားကာ "ဘယ်လိုတောင်းဆိုချက်ကြီးလဲ အခုလင်းချုံလော့က တံခါးပိတ်ကျင့်ကြံနေတာ စွမ်းအားအကြီးဆုံးဆိုတော့ လင်းမိသားစုကဒုတိယသား လင်းပျန့်ယွီပဲရှိတယ်မဟုတ်လား "
"မဟုတ်ရင် ငါကဘာလို့စိတ်လှုပ်ရှားနေရမှာလဲ"
ထျန်းယွမ်၏တံတွေးများကထပ်စင်ထွက်လာပြန်သည်၊ "ပြဿနာက ခွန်းလွန်တောင်မှာလင်းပျန့်ယွီကအတော်ဆုံးမဟုတ်ဘူးဆိုပြီးသိုင်းသမားကပြောနေတာ"
"အဲဒါဆိုဘယ်သူလဲ" ကျို့ယွင်ပိုင်ကထပ်ပြီးအေးခဲသွားပြန်သည်။
ထျန်းယွမ်: "လင်းမိသားစုက လေးယောက်မြောက်သား လင်းရုဖေး"
လင်းရုဖေး... အမည်ကောင်းပင်၊ သို့သော် သူတစ်ခါမှမကြားဖူးချေ။ ကျို့ယွင်ပိုင်သည် ထိုအကြောင်းမှအပအခြားအကြောင်းများကိုမတွေးမိတော့ပေ။
"လင်းမိသားစုက လေးယောက်မြောက်သား ဟုတ်လား"
ကျို့ယွမ်ပိုင်က သိချင်စိတ်အပြည့်ဖြင့်မေးလိုက်သည်။
"ဘယ်လိုလုပ်ပြီး သူ့နာမည်ကိုငါမကြားဖူးရတာလဲ"
ထျန်းယွမ်: "မင်းမကြားဖူးတာဖြစ်သင့်တယ် ငါလည်းသေချာမသိရခင်အထိ အချိန်အကြာကြီးလိုက်မေးခဲ့ရသေးတယ် လင်းမိသားစုကလေးယောက်မြောက်သားက မွေးကတည်းကအားနည်းတဲ့ကိုယ်ရှိတယ် ကလေးအရွယ်တည်းက ဓားကိုတစ်ခါမှမကိုင်ဖူးဘူး....ဒါပေမဲ့ အဲဒါသာအမှန်ဆိုရင်ထူးဆန်းနေပြီ ဘာလို့ သိုင်းသမားကသူ့ကိုအတော်ဆုံးလို့ပြောရတာလဲ"
ကျို့ယွမ်ပိုင် : "တကယ်ထူးဆန်းတယ် အာ..."
ထျန်းယွမ် : "ဒါပေမဲ့ ငါတို့မနက်ဖြန်အထိစောင့်ကြည့်ရမယ် အဲဒါဆိုရင်ဘာတွေဖြစ်နေလဲဆိုတာ ငါတို့သေချာပေါက်သိရမှာပဲ...ဖြစ်နိုင်တာ...အဲဒီသိုင်းသမားက အရမ်းစွမ်းအားမကြီးလို့ ထိုးဖို့အတွက်ခပ်ပျော့ပျော့တည်သီးကိုလိုက်ရှာနေတာဖြစ်မယ်"
.....
စာရေးသူမှာ ပြောစရာရှိတယ်~
လင်းပျန့်ယွီ : ငါ့ညီငယ်လေးက သနားစရာကောင်းတယ် အားနည်းတယ် ခိုကိုးရာမဲ့တယ်...တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်ချင်နေတယ် ! ! !
၀မ်ထန်း : မင်းသာအဲ့ဒီစကားကို မပြောခဲ့ဘူးဆိုရင် တောင်ထိပ်ကို ခုတ်ပိုင်းလိုက်တာက မင်းလို့ ငါထင်မိမှာရယ်
လင်းပျန့်ယွီ : ငါ့ညီငယ်လေးက သနားစရာကောင်းတယ် အားနည်းတယ် ခိုကိုးရာမဲ့တယ်...သူက တောင်ထိပ်ကိုပိုင်းချလိုက်ရုံလေးတင်ကို တစ်ယောက်ယောက်က သူ့ကို အနိုင်ကျင့်ချင်နေတယ် ! !
၀မ်ထန်း : ? ? ? ? ?
─────────────────