အပိုင်း ၁၈
Viewers 14k

Chapter 18



ကျို့ယွမ်ပိုင််ကခေါင်းယမ်းကာထိုစကားထဲတွင်အမှန်တရားအနည်းငယ်သာပါသည်ဟုတွေးမိနေသည်။ ယင်း ချုံဟွားအမိန့်တော်သာ သင့်လက်ထဲတွင်ရှိနေပါလျှင် မည်သို့များစနောက်ရန်အသုံးချမည်နည်း။


ထို့နောက် ကျို့ယွမ်ပိုင်က ရုတ်ချည်းရေရွတ်လိုက်မိ၏ : "စွမ်းအားကြီးတဲ့သူဆိုရင် ငါတွေးမိတာ ဟိုတနေ့ကသိုင်းပြိုင်ပွဲကိုကြည့်တဲ့ ပွဲကြည့်စင်အပေါ်ထပ်ကသိုင်းသမားက သေချာပေါက်စွမ်းအားကြီးတယ် သူကလက်လေးတစ်ချက်ဝှေ့ပြီး မြောက်ပိုင်းတောင်ထွတ်ကိုဖျက်ဆီးပစ်ခဲ့တာ"


ထိုနေ့က သူတို့ကြည့်နေသည့်နေရာသည် ပွဲကြည့်စင်အပေါ်ထပ်နှင့်သိပ်မဝေးသောကြောင့် သေချာသုံးသပ်နိုင်ပြီး ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုရှင်းလင်းစွာသက်သေခံနိုင်သူများဖြစ်ခဲ့ကြသည်။ 


ဘီးတပ်ကုလားထိုင်ပေါ်တွင်ထိုင်နေပြီးဖြူရော်နေသည့်မျက်နှာဖြင့် သားမွှေးခြုံထည်ဝတ်ထားသောသိုင်းသမားသည် လေးလံလွန်းသောဓားကြီးကိုဝှေ့ယမ်းရန် သူ၏လက်ကိုမြှောက်လိုက်သည်။ ညင်ညင်သာသာဝှေ့ယမ်းလိုက်ခြင်းဖြစ်သော်ငြား မြောက်ပိုင်းတောင်ထွတ်ကိုအစိတ်စိတ်အမြွှာမြွှာပေါက်ကွဲသွားစေခဲ့သည်။ 


အဆိုပါ မတော်တဆမှုပြီးနောက် သတင်းပျံ့သွားသည့်တိုင် မည်သူကမှသိုင်းသမား၏အကြောင်းကိုမသိကြချေ။ အနှီသူသည် အထက်ကိုးဘုံအဆင့်ရှိ မသေမျိုးဖြစ်မည်ဟု ကောလဟလများရှိခဲ့သည်။ သေချာသည်မှာ ကောလဟလများသည် မယုံကြည်ရပေ။ သို့တစေ မသေမျိုးအစစ်အမှန်များကလည်း ထိုလူအတိုင်းပင်ဖြစ်နိုင်၏။ ကျို့ယွမ်ပိုင်က သူ့အတွေးနှင့်သူနစ်မျောနေမိသည်။


ထျန်းယွမ်မှာလည်း ငြိမ်နေပြီး ကျို့ယွမ်ပိုင်ကဲ့သို့ ထိုနေ့ကအကြောင်းများကိုပြန်တွေးနေမိသည်။


မနက်ဖြန် ခွန်းလွန်တောင်တွင်သိုင်းပြိုင်ပွဲကျင်းပတော့မည်ဖြစ်သည်။ လင်းရုဖေးမှာစိတ်ပူပန်ခြင်းအလျင်းမရှိဘဲ သူ့အတွက် သာမန်နေ့ရက်များအတိုင်းပင် ဖြတ်သန်းနေလိုက်သည်။


သူက စိတ်တည်ငြိမ်နေလင့်ကစား အငယ်လေးယွီရွေ့မှာမူ မတည်ငြိမ်နိုင်ပေ။ သတင်းကြားသည်နှင့် သူမ၏မျက်ရည်များက ပုလဲပုတီးဆွဲကုံးပြတ်ကျသွားသည့်နှယ်မရပ်မနားငိုနေလေတော့၏။ 


သူမ၏အင်္ကျီမှအရှေ့ဘက်လည်ပင်းနေရာတစ်ခုလုံး စိုရွှဲသွားသည့်တိုင်အောင် လုံး၀မရပ်နားပေ။


လင်းရုဖေးမှာသူမကိုမည်ကဲ့သို့နှစ်သိမ့်ပေးရမည်မှန်းမသိ၍ သူမအားချော့မော့ရန် ပြောင်းဖူးအရသာသကြားလုံးလေးနှစ်လုံးအားထုတ်ပြီးပေးလိုက်သည်။ သို့သော် ယွီရွေ့ကားရှိုက်ကြီးတငင်နှင့် သူမသကြားလုံးမစားချင်ကြောင်းအကြောက်အကန်ငြင်းဆန်လေသည်။


သူမသည် သခင်လေး မနက်ဖြန်သိုင်းပြိုင်ပွဲသို့မသွားရန် အမျိုးမျိုးတောင်းဆိုဖြောင်းဖျနေပါသော်လည်း အချိန်တစ်ခုကြာပြီးနောက် အဆိုပါတောင်းဆိုချက်သည် မဖြစ်မြောက်နိုင်သည့်မျှော်မှန်းချက်တစ်ခုသာဖြစ်ကြောင်း နားလည်သွားရှာကာ မျက်ရည်ပေါက်ကြီးများက တစ်ဖန်လိမ့်ဆင်းလာပြန်၏။


လင်းရုဖေးသည် သူမကိုနှစ်သိမ့်နိုင်စွမ်းမရှိတော့သဖြင့် သူမငိုနေသည်ကိုသာ စိတ်မချမ်းသာသောမျက်နှာဖြင့်ထိုင်ကြည့်နေလိုက်ရသည်။ 


နောက်ဆုံး၌ ဖူဟွားကသူမကိုဆွဲခေါ်ထုတ်သွားပြီး ငေါက်ငမ်းတော့သည် : 


"သခင်လေးကအဆင်ပြေတယ် နင်ကဘာလို့ငိုနေရတာလဲ ငိုချင်ရင်လည်းအပြင်ထွက်ငို မျက်စိနောက်တယ်"


ဖူဟွားက ယခုကဲ့သို့ကြမ်းတမ်းရန်ခဲယဉ်းသည်၊ အဖြစ်နိုင်ဆုံးမှာ လင်းရုဖေး၏သိုင်းပြိုင်ပွဲကိစ္စကို စိတ်ဆိုးနေ၍ဖြစ်နိုင်သည်။


ယွီရွေ့က အငိုတိတ်သွားပြီး သူမ မထွက်သွားခင် ပြောင်းဖူးအရသာသကြားလုံးကိုစားသွားရန်မမေ့သွားပေ။ အချိုဓာတ်ကကောင်းမွန်၍ဖြစ်နိုင်သည်၊ မိန်းကလေးငယ်ကမနေနိုင်ဘဲ ပြုံးရွှင်လာသည်။ ထို့နောက် သူမကထပ်ပြီးဝမ်းနည်းလာပြန်ကာ တရှုံ့ရှုံ့အသံထွက်လာပြန်၏။


လင်းရုဖေးကသူမကိုကြည့်ပြီး ရယ်မောမိတော့သည်။


ဖူဟွားကား စူပူပ်နေသောမျက်နှာဖြင့်: "ဒီနေ့ ငါ သခင်လေးစားချင်တာမှန်သမျှကို တောင်အောက်ဆင်းပြီးသွားဝယ်ပေးမလို့"


လင်းရုဖေးကသူမကိုလှည့်ကြည့်လိုက်သည်။


"ဖူဟွား မင်းဒီနေ့မြို့ထဲမသွားနဲ့တော့"


ဖူဟွားက သူမ၏နှုတ်ခမ်းကိုပြတ်ထွက်တော့မတတ်ကိုက်လိုက်မိသည်။


လင်းရုဖေး : "မင်းတွေးနေတာကိုငါမသိဘူးမထင်နဲ့"


ဖူဟွားမှာနှုတ်ခမ်းလေးစူလျက်ဖြင့်အထွန့်တင်လိုက်မိ၏။


"သခင်လေး..."


လင်းရုဖေး : "သူငယ်နှပ်စားနည်းလမ်းတွေက အသုံးမဝင်ဘူးနော်"


သူ၏နှုတ်မှထိုသို့သောစကားထွက်လာသည်နှင့် ဖူဟွားကား မထိန်းချုပ်နိုင်တော့ဘဲ ရှိုက်ကြီးတငင်ငိုလိုက်မိတော့သည်။ သူမရဲ့ စိတ်ထိခိုက်နေသောအကြည့်က ယွီရွေ့၏အကြည့်နှင့်တူညီနေသည်။ လင်းရုဖေးမှာသူမတို့ ယခုကဲ့သို့ဖြစ်ပျက်နေကြသည်ကိုဖျောင်းဖျပေးရန်နည်းလမ်းမရှိပေ၊ ဤကိစ္စနှင့်ပတ်သတ်၍ လင်းရုဖေးသည်သူ၏စကားကိုပြန်ရုတ်သိမ်းမည်မဟုတ်ချေ။ 


သူ၏အရပ်ထက်ခေါင်းတစ်လုံးစာနိမ့်သည့် ဖူဟွားခေါင်းလေးအားပုတ်ကာ ကူကယ်ရာမဲ့နေဟန်ဖြင့် "အဆင်ပြေသွားမှာပါ ငိုမနေပါနဲ့တော့ အဲဒီလူကခွန်းလွန်တောင်ပေါ်တက်လာရဲတယ်ဆိုမှတော့ သူ့နည်းသူ့ဟန်နဲ့ရှိလို့နေမှာပေါ့ မင်းရဲ့ကျင့်ကြံဆင့်က အခုမှဆဌမအဆင့်ရှိသေးတာ မင်းကသူ့ပြိုင်ဘက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


"ဒါဆိုသခင်လေးကရော"


ဖူဟွား၏မျက်ရည်များကမိုးရည်များပမာ သွန်ကျလာ၏။


"ကျွန်မတို့က သခင်လေးကိုယ့်သေတွင်းကိုယ်တူးနေတာကို ထိုင်ကြည့်နေရမှာလား"


လင်းရုဖေးကပြုံးကာ "သေမှာကိုဘာလို့ကြောက်နေတာလဲ အကောင်းဆုံးနည်းလမ်းကို ရှာရင်လည်းရှာနိုင်မှာပေါ့"


ဖုဟွားကအလွန်တရာမုန်းတီးနေဟန်ဖြင့် "ဗုံတီးပြီးသီချင်းဆိုရဲတဲ့သူရှိရဲရှိကြည့် ကျွန်မသူတို့လက်တွေကိုချိုးပစ်မယ်"


လင်းရုဖေး ရယ်လိုက်မိသည်။


ဖူဟွားမှာလည်းရယ်နေသော်ငြား သူမ၏မျက်ရည်များကစိတ်မချမ်းမြေ့ဖွယ်ကောင်းစွာ တစက်ချင်းကျနေဆဲပင်။ လင်းရုဖေးမှာ ဆက်မနေနိုင်တော့သဖြင့် သူဗိုက်ဆာနေ၍ စားစရာအချို့သွားလုပ်ပေးရန်အကြောင်းပြကာ ပြန်လွှတ်လိုက်ရ၏။


ဖူဟွားထွက်သွားသည်နှင့် အခန်းကတိတ်ဆိတ်သွားပြန်သည်။ လင်းရုဖေးသည် ပြတင်းပေါက်အရှေ့တွင်ရပ်ကာ ခေါင်းပြူပြီး ခြံဝန်းထဲမှချယ်ရီပင်ကြီးကိုငေးကြည့်မိသည်။ အပင်မှာ သူ့မူရင်းပုံစံအတိုင်းမပြောင်းမလဲ ပိန်ပါးခြောက်သွေ့နေဆဲပင်။ အကိုင်းမရှိ၊ အရွက်မရှိနှင့် ပင်စည်တစ်ခုတည်းသာထီးထီးကြီးဖြစ်နေ၏။ မြင်ရရှုရသည်မှာ အလွန်တရာမှ စိတ်မချမ်းမြေ့စရာကောင်းလှသည်။


"ငါဆယ့်ခြောက်နှစ်အရွယ်တုန်းက အရမ်းနေမကောင်းဖြစ်ခဲ့တယ် ငါ့ရဲ့အစ်ကိုနှစ်က ဝမ်ယောင်ကိုရှာပြီးငါ့ရောဂါကိုအဖြေရှာခိုင်းခဲ့တယ်" 


လင်းရုဖေးကတစ်ယောက်တည်းရေရွတ်နေမိသည်။


"နှစ်ယောက်လုံးက ငါနေမကောင်းဖြစ်ရတဲ့အဓိကအချက်က စိတ်တွေရှုပ်ထွေးနေရတာကြောင့်လို့ထင်ကြတယ် အဲဒါကြောင့် သူတို့ကအချို့စကားတွေကိုစိတ်ထဲရှိတဲ့အတိုင်းပြောကြတယ် အစ်ကိုနှစ်ကဝမ်ယောင်ကို ငါ့မှာအချိန်ဘယ်လောက်ကျန်သေးလဲလို့မေးတယ် ဝမ်ယောင်ကတစ်နှစ်ကျော်မှာမဟုတ်ဘူးတဲ့"


အသက်သုံးဆယ်ရှိခဲ့ပြီ။


ဝမ်ယောင်ဆိုလိုချင်ခဲ့သည်က လင်းရုဖေးသည်အသက်သုံးဆယ်မကျော်နိုင်ဟူ၍။


"ငါအကုန်ကြားခဲ့တယ်" 


လင်းရုဖေးသည် သေဆုံးခြင်းနှင့်ရှင်သန်ခြင်းအကြောင်းများပြောနေချိန်တွင် အလွန်နာကျင်ခံစားနေရပုံပေါ်၏။


"ငါ အဲဒီအချိန်တုန်းကအရမ်းငယ်လွန်းသေးတယ် ရက်နည်းနည်းလေးလောက်စိတ်တိုနေခဲ့ပြီးမှ နောက်ဆုံးနားလည်သွားခဲ့တယ်" 


သူမျက်ခုံးများကိုတွန့်ကွေးလိုက်မိသည်။ သူ၏ဖျော့တော့တော့မျက်လုံးထဲတွင် ပုန်းလျှိုးနေသောချယ်ရီပွင့်လေးက ခပ်မှိန်မှိန်အရောင်ထင်ဟပ်လာသည်။


"တကယ်တော့ သေခြင်းနဲ့ရှင်ခြင်းကို ဒီလောက်အထိအာရုံစိုက်မထားသင့်ဘူး"


လူတစ်ယောက်သည် အကြောက်တရားကင်းမဲ့စွာနှင့်ရဲဝံ့စွာ တဖြည်းဖြည်းချင်းသေဆုံးသွားသင့်ပေသည်။


လင်းရုဖေး : "ငါ့မှာဒီလောက်ကောင်းတဲ့အစ်ကိုတွေနဲ့အစ်မရှိနေတာ အရမ်းပျော်တယ် မင်းကိုတွေ့ခွင့်ရလို့လည်းငါအရမ်းပျော်တယ်"


ထိုညကို သူဘယ်သောအခါမှမေ့မည်မဟုတ်ချေ။ နောက်ပိုင်းမှ သူနားလည်သွားခဲ့သည်မှာ ယင်းဓားကသူ၏အစွဲအလန်းရှိနေသည့်နေရာသို့ခေါ်ဆောင်သွားခဲ့ခြင်းသာ။ 


လင်းရုဖေးအတွက် ထိုနေရာကအနည်းငယ်ဆန်းကြယ်သည်။ အဆိုပါအနိုင်ကျင့်ခံခဲ့ရသည့်ရက်များတွင် သူသည် အနည်းဆုံးတစ်ကြိမ်ခန့်မျှ သူ့ရဲ့ဆန်ကိတ််ကိုလာလုသည့်မျောက်များကိုပြန်၍အနိုင်ကျင့်ချင်ခဲ့၏။ 


သူကမျောက်မင်း၏ မကျေမနပ်အကြည့်ကိုမြင်ချင်ခဲ့ရုံ၊ သူက အနိုင်ကျင့်သည့်အခါ မည်သို့ခံစားရကြောင်းတွေ့ကြုံကြည့်ချင်ခဲ့ရုံသာ။


လင်းရုဖေးကထိုအကြောင်းကိုပြန်တွေးမိပြီးနောက် မထိန်းနိုင်ဘဲအနည်းငယ်ပြုံးမိသွားသည်။


ရုတ်တရက် လေပြင်းတစ်ခုကခြံဝန်းထဲသို့အလုံးအရင်းဖြင့်ဝင်လာသည်။ အသေအချာကြည့်ပါက ချယ်ရီပင်ကြီး၌အနည်းငယ်တောက်ပသည့်အစိမ်းရောင်အရွက်ဖူးလေးများထွက်လာသည်ကိုမြင်ရလိမ့်မည်ဖြစ်၏။ 


လင်းရုဖေး၏မျက်၀န်းများက ပြူးကျယ်သွားကာ : "မင်း....ပန်းကြမပွင့်ဘဲ ဘယ်လိုလုပ် အရွက်တွေထွက်လာရတာလဲ"


သဘာဝအရဆိုလျှင် သစ်ပင်ကစကားမပြောတတ်ပေ။ သို့သော် ချယ်ရီပန်းပင်၏ ယိမ်းထိုးနေပုံအရ ယင်းကစိတ်ဆိုးနေသယောင်ပင်။ 


လင်းရုဖေးကအမြန်ပြောလိုက်ရသည်။


"ကိစ္စမရှိဘူး ကိစ္စမရှိဘူး ငါက ချယ်ရီအရွက်လေးတွေကိုလည်းသဘောကျပါတယ်"


ထိုအခါမှ ချယ်ရီပင်၏လှုပ်ယိမ်းနေခြင်းမှာရပ်တန့်သွားလေသည်။


လင်းရုဖေးသည်အပင်ကိုကြည့်ရင်း ရှင်းမပြနိုင်သောဝမ်းနည်းမှုတချို့ကိုခံစားလိုက်ရသည်။ ဤချယ်ရီပင်က ဒုတိယအစ်ကို၏မျက်လုံးထဲတွင် ရှုချင်စရာတစ်စိလေးမျှရှိမနေချေ။ သူသာ အမှန်တကယ်သေသွားခဲ့သည်ရှိသော် ဒုတိယအစ်ကိုကသူ၏ဓားဖြင့်တစ်ချက်တည်းနှင့်အပိုင်းပိုင်းခုတ်ထစ်ပစ်လိုက်မည်မှာသေချာပေါက်ပင်။


"ကိစ္စမရှိပါဘူး မနက်ဖြန်ငါအစ်ကိုနှစ်ကို ဒီအကြောင်း သတိတရနဲ့ပြောပြပေးမယ်" 


လင်းရုဖေးက တီးတိုးရေရွတ်လိုက်၏။


"ငါနဲ့ပတ်သတ်တာလေး စုန်းစုန်းမြုပ်သွားမှာစိုးလို့ဆိုပြီး....."


အချိန်များကရွေ့လျားနေသည်၊ လမင်းကထွန်းလင်းလာပြီး နောက်တစ်ရက်သို့ကူးပြောင်းလာချေပြီ။


လင်းရုဖေးက ကုတင်ထက်တွင်လှဲလျောင်းပြီးလေအေးများကိုရှူရှိုက်နေမိသည်။ သူက တောက်ပနေသည့်လမင်းကြီးနှင့်အတူအိပ်စက်လိုက်မည်။ ကောင်းကင်ကတိမ်သလ္လာကင်းရှင်းနေပြီး မနက်ဖြန်ရာသီဥတုသာယာမည့်ပုံပင်။


အရမ်းကောင်းတယ်...လင်းရုဖေးကတွေးလိုက်သည်။ 


သူသည်သာယာသောနွေဦးနေ့ရက်လေးများကိုသဘောကျသည်၊ စက္ခုပသာဒရှိသောအပင်နှင့်သစ်ပင်လေးများကိုနှစ်သက်၏...အထူးသဖြင့် အရွက်နုလေးများထွက်နေသောချယ်ရီပင်ကိုပင်။ အရာအားလုံးကကောင်းမွန်နေ၏။


နောက်တစ်နေ့တွင် မိုးကောင်းကင်ကကြည်လင်နေသည်။


ဖူဟွားက လင်းရုဖေးအတွက်မနက်စာပြင်ဆင်ရန် အိပ်ရာမှအစောကြီးထလာသည်။ မနေ့ညကသေချာအိပ်မပျော်ခဲ့ကြသဖြင့် သူမနှင့်ယွီရွေ့တို့နှစ်ယောက်စလုံးမှာ အားမရှိကြသလိုဖြစ်နေသည်။


လင်းရုဖေးမှာ ကောင်းစွာအိပ်ပျော်ခဲ့သော်ငြား ဖူဟွားနှင့်ယွီရွေ့တို့၏ပင်ပန်းနေသောအကြည့်တို့ကြောင့် ပြောမပြတတ်အောင်ကို့ရိုးကားရားနိူင်လာရသည်။


ဖူဟွား : "သခင်လေး မနေ့ညကကောင်းကောင်းအနားယူခဲ့ရလား ဟင်"


လင်းရုဖေး : "မဆိုး...ပါဘူး"


လင်းရုဖေး၏ အဖြေကိုကြားသည်နှင့် သူမတို့သည်နှာတရှုံ့ရှုံ့ဖြင့် သခင်လေးက သူမတို့စိတ်မပူစေလိုရုံဖြင့် သန်မာယောင်ဆောင်မနေသင့်ကြောင်းပြောပြီးငိုယိုကြပြန်သည်။ 


သူမတို့ကြောင့် သူအမှန်တကယ် ကောင်းကောင်းအိပ်စက်အနားယူခဲ့ကြောင်းထုတ်မပြောရဲတော့ချေ။


လင်းရုဖေးခမျာ ကူကယ်ရာမဲ့စွာဖြင့် ပြောင်းဖူးအရသာသကြားလုံးကိုထုတ်ကာ ယွီရွေ့၏ပါးစပ်ထဲသို့ ထိုးထည့်လိုက်ကာမှ တဝူးဝူးဆိုသည့်အသံမှာရပ်တန့်သွားတော့သည်။


မနက်စာစားပြီးနောက် ဝမ်ထန်းနှင့်ယှဉ်ပြိုင်ရမည့်အချိန်ဖြင့် တဖြည်းဖြည်းနီးကပ်လာချေပြီ။ လင်းရုဖေးကဖူဟွားကိုခေါ်ကာ အနှီသူဖြင့် မနေ့ကသူတို့ဆုံရန် ဆုံးဖြတ်ထားခဲ့သည့်နေရာသို့ခေါ်ဆောင်သွားရန်မှာလိုက်သည်။


ဤတစ်ကြိမ် သိုင်းပြိုင်ပွဲက တောင်ပေါ်တွင်မဟုတ်တော့ဘဲ တောနက်ထဲမှဓားရေးပြစင်မြင့်ထက်တွင်ဖြစ်၏။


တိကျသောအနီးစပ်ဆုံးတွက်ချက်မှုများကြောင့် လင်းမင်ကျစ်သည် ဤနေရာကိုရွေးချယ်ဆုံးဖြတ်ခဲ့ခြင်းမှာ လူအများရှေ့မှောက်တွင် မယှဥ်ပြိုင်စေလို၍ပင်။


ဖူဟွားမှာလမ်းကို နှေးတိနှေးတုံလျှောက်နေပြီး ယွီရွေ့ကမူအနောက်မှခေါင်းလေးငုံ့၍လိုက်လာသည်။ သူမကလမ်းကိုဖြည်းဖြည်းလျှောက်နေသော်ငြား လမ်းဆုံးဆိုသည်မှာအမြဲတမ်းရှိနေစမြဲပင်။


နောက်ဆုံးတွင်လင်းရုဖေးက သူတို့သဘောတူထားသည့်နေရာသို့ရောက်လာသည်။ ဝမ်ထန်းသည် မနေ့ကအတိုင်းဝါးခမောက်အားဆောင်းထားကာ အလယ်တည့်တည့်တွင်ရပ်နေသည်ကိုမြင်လိုက်ရသည်။ လင်းပျန့်ယွီနှင့်လင်းမင်ကျစ်တို့ကမူ သူနှင့်သိပ်မဝေးသည့်နေရာတွင်ရှိနေ၏။


လင်းပျန့်ယွီနှင့်လင်းမင်ကျစ်တို့၏မျက်နှာများက မကောင်းကြချေ၊ အထူးသဖြင့်လင်းပျန့်ယွီပင်။ သူ၏မျက်နှာကဖြူဖတ်ဖြူရော်ဖြစ်နေပြီး လင်းရူဖေးအားကြည့်ရန်ပင်တွန့်ဆုတ်နေဟန်ရှိသည်။


လင်းရုဖေးသည် သူ၏အစ်ကိုကြီးနှင့်ဒုတိယအစ်ကိုတို့ကိုလှမ်းခေါ်လိုက်သည်။


"ရှောင်ကျို့"


လင်းမင်းကျီကပြောသည်။


"မင်းရောက်လာပြီပဲ"


"ဟုတ် ရောက်လာပြီ" လင်းရုဖေးကမေးလိုက်သည်။ 


"ဒုတိယအစ်ကိုမျက်နှာကဘာလို့ဖြူဖတ်ဖြူရော်ဖြစ်နေတာလဲ"


လင်းပျန့်ယွီမဖြေခင်ဝမ်ထန်းကရယ်သည်။ အနှီရယ်သံက မြွေတစ်ကောင်ကတရှူးရှူးနှင့်အသံပေးနေသည့်နှယ်ရှိကာ ရေခဲတမျှအေးစက်လှသည်။ 


သူကဆိုသည်။ "မင်းရဲ့ဒုတိယအစ်ကိုက မင်းအတွက်နဲ့ငါ့ကိုညမှာလာတွေ့တယ်လေ...သနားစရာကောင်းတာက..."


ဝမ်ထန်းကအေးတိအေးစက်နှင့်ဆက်ပြော၏။


 "သူကသေခါနီးလောက်အထိ ငါရိုက်တာကိုခံလိုက်ရတယ်လေ သနားဖို့ကောင်းလိုက်တာ"


လင်းရူဖေးက ခပ်ပြုံးပြုံးဖြင့်တစ်ဖက်သို့လှည့်လာသော်လည်း နွေးထွေးမှုတစ်စွန်းတစ်စလေးပင်မရှိတော့သည့်မျက်၀န်းတွေဖြင့် ဝမ်ထန်းကိုစိုက်ကြည့်လိုက်

တော့၏။



***



စာရေးသူမှာပြောစရာရှိတယ်~


အင်္ကျီလက်ကိုခေါက်တင်နေတဲ့လင်းရုဖေး : မင်းကငါ့ရဲ့ဒုတိယအစ်ကိုကိုရိုက်ရဲတယ်ပေါ့လေ ငါမင်းကိုကတုံးတုံးပစ်မယ်ကွ ! ! !


ဝမ်ထန်း : ?????




****