Chapter 19
နဂါးကနဂါးကိုသတ်ခြင်း[၁]
ဝမ်ထန်းက ထိုသို့ပြောသော်ငြား လင်းပျန့်ယွီကစိတ်မဆိုးချေ။
သူသည်တည်ငြိမ်စွာဖြင့် : "မနေ့က မင်းပဲ ခွန်းလွန်တောင်ပေါ်ကစွမ်းအားအကြီးဆုံးသိုင်းသမားနဲ့ ပြိုင်ချင်တယ်လို့ပြောခဲ့တယ်လေ မင်းကငါ့ရဲ့ဓားကိုတောင်မှ မတားနိုင်ရင် ဘယ်လိုအရည်အချင်းနဲ့ရုဖေးကိုပြိုင်မှာလဲ"
ဝမ်ထန်းက လင်းရုဖေးကချုချာပြီးအားနည်းသည်ကိုသိပြီး သူအမည်ကောင်းရရန် အနှီသူကိုအသုံးချရုံဟုထင်ခဲ့မိသည် သူ လင်းပျန့်ယွီ၏ဓားချက်အောက်တွင်သေခဲ့ရလျှင်ပင် မမျှတဟုဆို၍ရမည်မဟုတ်။
သို့သော် မနေ့က သူ၏အင်အားကိုလင်းပျန့်ယွီ၏ရှေ့မှောက်တွင်သက်သေထူခဲ့ပြီးပြီဖြစ်၏။
ဝမ်ထန်းကအမှန်တကယ်စွမ်းအားကြီးပြီး သိုင်းကွက်အမျိုးမျိုးတတ်ကျွမ်းသည်။ ပွင့်လင်းမြင်သာ၍ရိုးသားဖြောင့်မတ်စွာတိုက်ခိုက်ရသည့် သိုင်းပြိုင်ပွဲထက် ချုံခိုတိုက်ရသည့်ချောင်းမြောင်းလုပ်ကြံသူများနှင့် ပိုသင့်တော်သည်။ ဓားသိုင်းပြိုင်ဆိုင်မည့်စင်မြင့်ကျယ်ထက်တွင်ယှဉ်ပြိုင်ရမည်ဆိုပါက လင်းပျန့်ယွီတွင်အနိုင်ရရန်၇ရာခိုင်နူန်းခန့်ရှိသည်၊ သို့သော် ညအမှောင်ထဲရှုပ်ထွေးသောမြေပြင်အနေအထား၌ သူ့ထံတွင်အနိုင်ရရန်သုံးရာခိုင်းနူန်းသာရှိလေသည်။
ဤသည်မှာ မနေ့ညကဖြစ်ပျက်ခဲ့ပုံပင်။
လင်းပျန့်ယွီ ရှုံးခဲ့သည်။
ဝမ်ထန်းကာ အချိန်ထပ်မဖြုန်းလိုတော့ပေ။ သူသည်လင်းရုဖေးကိုလှည့်ကြည့်ကာ ဓားကိုဓားအိမ်မှဆွဲထုတ်ရန် လက်ကိုမြှောက်လိုက်သည်။
ထိုဓားကို မနေ့ညက လင်းပျန့်ယွီမြင်ခဲ့ရသည်။ ၎င်းကသုံးလက်မရှည်ပြီး နှစ်ပေကျယ်သည်။ ဓားရိုးကအပြာရောင်ဖြစ်ကာ အနက်ရောင်ဒဏ္ဏာရီလာသတ္တဝါတစ်ကောင်ပုံရှိသည်။ သူ၏လက်ထဲတွင် ယင်းက ပျော့ပျောင်းသည့်အစိမ်းရောင်မြွေတစ်ကောင်အဖြစ် လူတစ်ယောက်၏ဇီဝိန်ကို အသာလေးနှုတ်ယူသွားနိုင်သယောင်ရှိ၏။
မနေ့ညက လင်းပျန့်ယွီမှာအဆိုပါဓားအောက်ချက်အောက်တွင် သေရန်သီသီလေးသာလိုခဲ့သည်။ သာမန် အမည်ကျော်ကြားသည့်ဓားများနှင့်မတူဘဲ ၎င်းကလူသတ်ရန်အတွက်ဖန်တီးထားသည့် လူသတ်ဓားပင်။ ဓားကိုတစ်ခါဆွဲထုတ်ပြီးသည်နှင့် သွေးကိုမြင်ရမှဖြစ်ပေမည်။
ဝမ်ထန်းသည် နှင်းဖြူဓားသွားကိုဆွဲထုတ်လိုက်သည်။ အလွန်တရာမှပြင်းထန်ဆိုးရွားလွန်းသည့်အနံ့ကထွက်ပေါ်လာသည်။ လတ်လတ်ဆတ်ဆတ်သွေးအနံ့ကဲ့သို့ပင်။
နွေဦးလေပြည်က ဆိုးရွားသည့်အနံ့အသက်ကိုသယ်ဆောင်ကာ လင်းရုဖေး၏ပါးပြင်ကိုအသာရိုက်ခတ်သွားသည်။
ဝမ်ထန်းကပြုံးလိုက်ပြီး ချစ်ရသူအားပြောနေသည့်အသံဖြင့်: "ဒီဓားရဲ့နာမည်က ချင်းကျိ[1]တဲ့ သခင်လေးလင်း ကျေးဇူးပြုပြီး သင်ပြပေးပါဦး"
လင်းမင်ကျစ်ကရှေ့တိုးလာကာ လင်းရုဖေးအနားတွင်ရပ်လိုက်သည်။
သူကတိုးလျစွာဖြင့် "ရုဖေး ခဏလေးစောင့်ပေး ငါကျုံးဖုန့်ကိုသွားယူလာဖို့ ကုဖေးယွိကိုခေါ်ထားတယ် သူမကြာခင်ရောက်လာလိမ့်မယ်"
ညက လင်းမင်ကျစ်သည် ဝမ်ထန်းနှင့်သွားမတွေ့ခဲ့ပေ။ သူသည်ပိုမိုပါးနပ်သည့်နည်းလမ်းကိုစဉ်းစားနေခဲ့သည်။
ထိုနေ့က ဓားသိုင်းယှဥ်ပြိုင်ရာစင်မြင့်၏ ပွဲကြည့်စင်အပေါ်ဆုံးအမိုး၌ လင်းရုဖေးသည် ခွန်းလွန်တောင်၏မြောက်ပိုင်းတောင်ထွတ်ကိုပိုင်းခြမ်းပစ်ရန် ကျုံးဖုန့်ကိုသုံးခဲ့သည်။ လင်းရုဖေးနှင့်ကျုံးဖုန့်သည် ဆက်နွယ်မှုအချို့ရှိလိမ့်မည်ဟုသူတွေးခဲ့သည်။
လင်းရုဖေးက ကျုံးဖုန့်ကိုအသုံးပြုနိုင်ကြောင်း သူမသေချာပါသော်ငြားလက်ဗလာနှင့် ဓားရေးပြစင်မြင့်ထက်သို့သွားသည်ထက်ပိုကောင်းပါသေး၏။
သို့သော် လင်းရုဖေးသည် ကျုံးဖုန့်ကသူ၏ကိုယ်ပိုင်ဓားမဟုတ်ကြောင်းသိသည်။ သူတစ်ခုခုပြောမည့်အချိန်တွင် ဘီးတပ်ကုလားထိုင်ကိုလက်တစ်စုံကတွန်းလိုက်သည့်နှယ်ခံစားရကာ အနောက်သို့လှည့်ကြည့်လိုက်သည်တွင်မည်သူမှရှိမနေပေ။
"ရုဖေး-" လင်းမင်ကျစ်က မှင်သက်သွားသည်၊ လင်းရုဖေးကသူ၏ဘီးတပ်ကုလားထိုင်ကိုသူကိုယ်တိုင်တွန်းလိုက်သည်ဟုထင်ခဲ့သည်။
"အစ်ကိုကြီး ဘာမှမဖြစ်ပါဘူး"
လင်းရုဖေးသည် တစ်စုံတစ်ရာကိုတွေးမိသွားကာ စကားပြောသံကိုပျော့ပျောင်းစေ၍အားပေးလိုက်သည်၊
"စိတ်မပူပါနဲ့"
"ရှောင်ကျို့-"
လင်းပျန့်ယွီသည် ရေးကြီးသုတ်ပျာဖြစ်နေပြီးလင်းရုဖေး၏ အိမ်နာမည်ကိုပင်ခေါ်လိုက်မိသည်။
လင်းရုဖေးသည် လင်းပျန့်ယွီဘက်လှည့်၍စကားမဆိုဘဲလက်ပြလိုက်သည်။ သူအရမ်းကြောက်နေသည် ဟုပြောလိုက်လျှင် ထိုသူနှစ်ယောက်ကားပို၍စိတ်ပူသွားကြပေရော့မည်။
ထိုသူကမမြင်ရသည့်တိုင် တစ်စုံတစ်ယောက်ကသူ့အားအဖော်ပြုပေးနေပါက သူစိတ်အေးလက်သာရှိနေလိမ့်မည်ဖြစ်သည်။
ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်ထက်တွင်ရပ်နေသော ဝမ်ထန်းကသူ၏အသက်ကိုအချိန်မရွေးယူသွားခဲ့မည်ဆိုလျှင်ပင် သူထပ်ပြီးကြောက်ရွံ့နေတော့မည်မဟုတ်ပေ။
လင်းရုဖေးက ဖွဖွလေးပြုံးလိုက်သည်။
ဝမ်ထန်းသည် လင်းရုဖေး၏မျက်နှာအမူအရာကိုတကယ်သဘောကျသည်။ သူသည်သိုင်းသမားများစွာနှင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး ခေါင်းများစွာဖြတ်ခဲ့ဖူးသည်။ သူနှင့်ရင်ဆိုင်ရသည့်အခါ အနှီသူတို့ကသူတို့၏အရိုးတွင်းမှအကြောက်တရားများကိုဖော်ပြကြသည်။
သားရိုင်းကောင်များက စိတ်ခံစားချက်ပြင်းထန်တတ်ပြီး ဝမ်ထန်းသည်အကြည့်တစ်ချက်တည်းနှင့်သူတို့ဖုံးကွယ်ထားသမျှကို မြင်နိုင်သည်။
သို့သော် လင်းရုဖေးကားအနည်းငယ် ထူးခြားပုံရသည်။ သူသည်ချောမောသည့်တိုင် ပိန်လွန်းသည်။ သူ၏ချိုးရလွယ်သောလည်ပင်းအဆစ်နှင့် ဖုံးကွယ်နေသောအပြာရောင်သွေးကြောများမှာအသားအရည်ပေါ်တွင်ရှင်းလင်းစွာမြင်တွေ့နေရသည်။ အနှီသူ၏လည်ပင်းဖွေးဖွေးလေးက အလွန်တရာစွဲဆောင်မှုရှိသည်။ ဝမ်ထန်းသည် ၎င်းကိုညင်သာစွာဖြင့်လှီးဖြတ်ပြီး နီမြန်းတောက်ပသည့်သွေးရည်များ ဖွားကနဲစင်ထွက်လာသည်ကိုကြည့်ရခြင်းအား တကယ်နှစ်ခြိုက်သည်။ ဤစိတ်ကူးပုံရိပ်က သူ့အားစိတ်လှုပ်ရှားစေပြီးရန်သူထံအကြောက်တရားများယူဆောင်လာစေ၏။
သို့သော် လင်းရုဖေးမှာဝမ်ထန်းထံမှ မည်သည့်အဆိုးမြင်ခံစားချက်မှမရဟန်ရှိသည်။ သူကားတည်ငြိမ်နေသည်။ သာမန်လူများထက်ပိုမိုတောက်ပသည့် အနှီသူ၏မျက်လုံးများက ဝမ်ထန်းအားအေးစက်စွာကြည့်နေသည်။ လွင်ပြင်တွင်ပေါက်နေသည့် လမ်းဘေးမှရေညှိပင်ကိုကြည့်နေသည့်နှယ် ကြောက်ရွံ့ခြင်းနှင့်စိတ်လှုပ်ရှားခြင်းတို့ရှိမနေချေ။
ထိုမတူကွဲပြားမှုက ဝမ်ထန်းကိုစိတ်ဝင်စားစေသည်။ သူဝါးခမောက်ကိုချွတ်ကာ တိုင်းတပါးသားယှဉ်ပြိုင်သူ၏မျက်နှာကိုပြသလိုက်သည်။ ဤမျက်နှာကငယ်ရွယ်လွန်းပြီး ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်သာရှိဦးပေမည်၊ သို့သော် ထိုအရာအားလုံးထက် အေးစက်သည့်အစိမ်းရောင်မျက်ဝန်းတစ်စုံကအထင်ရှားဆုံးဖြစ်နေသည်။
လင်းရုဖေးအတွက် ထိုသို့သောအေးစက်သည့်မျက်လုံးကိုမြင်တွေ့ရသည်မှာပထမဆုံးအကြိမ်ပင်။ ၎င်းကရေကန်၏အောက်ခြေအထိနစ်မြုပ်နေပြီး နွေးထွေးမှုတစ်စွန်းတစ်စလေးပင်သိမ်းဆည်းမထားသည့်ရေခဲတစ်ခဲနှင့်တူနေသည်။
"လွန်ခဲ့တဲ့ ဆယ့်သုံးနှစ်က ခွန်းလွန်တောင်ရဲ့သားတော်တစ်ပါးရှိခဲ့ဖူးတယ် အဲဒီနေ့ကနေဝင်ချိန်မှာ ဇာမဏီငှက်အဖြစ်ပြောင်းသွားပြီးညကတဖြည်းဖြည်းနှင့်စိုးမိုးသွားချိန်မတိုင်ခင်အထိ ခွန်းလွန်တောင်ကိုပတ်ပြီးပျံသန်းနေခဲ့တယ်"
ဝမ်ထန်း၏အသံက ကွဲအက်နေသည်။ လင်းရုဖေး၏မျက်ဝန်းများကိုကြာရှည်စွာစောင့်စားလာခဲ့ရသည့်တောင်းဆုတစ်ခုကိုကြည့်နေသည့်အလား ငေးကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင်ကျန်ရစ်နေသည့်တစ်ခုတည်းသောအကြောင်းပြချက်မှာ တဖြည်းဖြည်းချင်းပျောက်ကွယ်သွားကာ စိတ်လှုပ်ရှားနေသည့်သားရိုင်းကောင်၏ပုံရိပ်သာကျန်ရစ်နေခဲ့သည်။
"ငါ့ရဲ့ဆရာက ဒီလောကကြီးမှာငါ့အသက်ကိုယူသွားမယ့်လူ နောက်တစ်ယောက်ရှိတယ်လို့ပြောခဲ့တယ်"
လင်းရုဖေး၏မျက်နှာမှာ အမူအရာကင်းမဲ့နေသည်။
"ငှက်ပေါင်းတစ်သောင်းက ဇာမဏီငှက်ပုံပြတယ်ဆိုတာ ကောင်းကင်ဘုံစောင့်ရှောက်သူပေါ်လာမှ ဖြစ်လာတဲ့လက္ခဏာပဲ ပြီးတော့ လင်းရုဖေးဆိုတဲ့မင်းမှာလည်း အဲဒီလက္ခဏာရှိတယ် ကောင်းကင်ဘုံစောင့်ရှောက်သူနှင့်မယှဉ်နိုင်ရင်တောင် မင်းကနိမ့်ကျမှာမဟုတ်ဘူးလို့ငါထင်တယ် ငါမင်းကိုတံတားမှာမြင်လိုက်တဲ့အဲဒီနေ့က ငါရှာတွေ့တဲ့လူမှန်တယ်ဆိုတာငါသိခဲ့တယ် လင်းရုဖေး မင်းကအရမ်းသန်မာတယ်"
လင်းရုဖေးက ဝမ်ထန်းကိုကြည့်သည်။ သူသည်ဘီးတပ်ကုလားထိုင်တွင်ထိုင်နေပြီး မျက်နှာမှာ တောင်ပေါ်ဆီးနှင်းများပမာဖြူရော်နေ၏။
သူကြောက်ရွံ့သင့်သည်။ သူ့အရှေ့မှလူက လင်းပျန့်ယွီကိုပင်နိုင်ခဲ့လျှင်သူအနိုင်မရနိုင်လောက်သော ပြိုင်ဘက်တစ်ယောက်ဖြစ်နိုင်သည်။ သို့သော် လင်းရုဖေးကားမကြောက်ရွံ့မိချေ။ မကြောက်ရုံသာမက မေးထောက်ကြည့်နေမိသည်။ သူသည်ကွဲပြားစွာဖြင့် သူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်နေသည့်ရန်သူကိုခြုံငုံလေ့လာနေလိုက်သည်။
ဖူဟွားသည် လင်းရုဖေး၏ယခုကဲ့သို့သောပုံစံကိုပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ ပုံမှန်မြင်တွေ့နေကျ မျက်နှာအမူအရာနှင့်နှိုင်းယှဉ်လျှင် ပိုမိုပြီးကွဲပြားသည်။ သို့သော် လက်ရှိတွင်ဖူဟွားသည်အများကြီးမစဉ်းစားရဲပေ၊ ဝမ်ထန်း၏ကိုယ်ပေါ်မှသွေးနံကပိုပြင်းလာသည်ကိုသူမ အနံခံမိသည်။ သူသည်မရေတွက်နိုင်သောသားရိုင်းများကိုသတ်ဖြတ်ခဲ့ပြီး လည်ချောင်းကိုခွဲကာ ကမ္ဘာမြေပြင်ပေါ်သို့သွေးရည်များစိမ့်ဝင်သွားစေခဲ့သည့်အတိုင်းပင်။
ယွီရွေ့၏ကျင့်ကြံဆင့်မှာ အနိမ့်ဆုံးဖြစ်၍ သူမအန်မိတော့သည်။
ဖူဟွားကားမူ ဖြူရော်နေသည့်မျက်နှာဖြစ်နေချေပြီ။
သို့သော် ဝမ်ထန်းနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသောလင်းရုဖေးကမတူပေ။ သူသည်အော့အန်ချင်စရာအနံကိုမရ။ သူ ချယ်ရီနံ့ဖျော့ဖျော့လေးကိုသာရနေသည်။ သူ့အားအဖော်လုပ်ပေးနေသူက သူ၏အနောက်တွင်ပေါ်လာသည်။ အနှီသူ၏လက်ကသူ၏ပုခုံးပေါ်သို့ညင်သာစွာဖြင့်ကျလာ၏။
သူ၏အသံကစွဲမက်ဖွယ်ကောင်းနေကာ: "ရှောင်ကျို့ စိတ်ဆိုးနေတာလား"
လင်းရုဖေးက ပြန်မဖြေ။ သည်နေရာတွင်ရှိနေသူတိုင်းကသူ၏အနောက်မှလူကိုတွေ့ရမည်မဟုတ်သလို အနှီသူမေးသည်ကိုလည်းမကြားရလောက်ပေ။
"မင်းစိတ်ဆိုးသင့်ပါတယ် ဘယ်လိုခွေးနဲ့ကြောင်တွေကမင်းရှေ့မှာစကားပြောဖို့တန်လို့လဲ"
ထိုသူက ခေါင်းကိုနှိမ့်ကာလင်းရုဖေး၏နားအနီးသို့ကပ်လာသည်။ အနှီသူ၏ဆံနွယ်နက်များက လင်းရုဖေး၏လည်တိုင်ပေါ်သို့သက်ဆင်းလာပြီး လူကို အနည်းငယ်ယားကျိကျိဖြစ်စေသည်။
သူသည်တိုးညှင်းစွာဖြင့် "သွားလေ ကိုယ်ဒီမှာရှိနေတယ်"
သူပြောပြီးပြီးချင်း လေပြင်းအသွင်ပြောင်းသွားပြီးသူနှင့်အတူရောယှက်ပါနေသည့်ချယ်ရီပွင့်ဖတ်လေးများက ဓားရေးယှဥ်ပြိုင်ရာစင်မြင့်တစ်ခုလုံးကိုပျံ့နှံ့သွားတော့သည်။
ချယ်ရီပွင့်ဖတ်လေးများ ရုတ်တရက်ပေါ်ထွက်လာမှုသည်ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်တစ်ခုလုံးအား သန့်စင်သောရောင်စဉ်တန်းများအဖြစ်ဖုံးလွှမ်းသွားပြီး ဝမ်ထန်း၏ကိုယ်ပေါ်မှပြင်းထန်သည့်သွေးနံ့များအပေါ် အားကောင်းစွာဖိနှိပ်ထား၏။
ဝမ်ထန်းသည်လင်းရုဖေးကိုသာကြည့်နေသည်။ အနှီသူ၏မျက်လုံးစိမ်းများအတွင်း အရှိန်ပြင်းပြင်းတောက်လောင်နေသည့်မီးတောက်တစ်ခုရှိနေသယောင်ပင်။ မီးတောက်လေးကတစ်စုတစ်စည်းဖြင့်ကခုန်နေပြီး ကြောက်မက်ဖွယ်ဒေါသလှိုင်းလုံးများအဖြစ်ပေါက်ကွဲထွက်လာသည်။ ချင်းကျိသည်ဓားအိမ်မှထွက်လာပြီး ဝမ်ထန်းကပထမဆုံးလှုပ်ရှားမှုကိုလုပ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်း အစိမ်းရောင်ဓားစွမ်းအင်အလင်းတန်းလေးခုက ဖြာထွက်လာသည်။ လေနှင့်မိုးခြုန်းသံ၏စွမ်းအားတို့က ရစ်နွယ်နေပြီး လင်းရုဖေးထံ ဦးတည်လာသည်။ မာန်ဟုန်အပြည့်ဖြင့်ဓားစွမ်းအားကကောင်းကင်ပြင်တွင် တဝုန်းဝုန်းဖြင့်ပဲ့တင်ထပ်နေပြီး မိုးကြိုးသွားများပေါက်ကွဲထွက်လာသည်။ ကြည်လင်နေသောကောင်းကင်သည် ရွှေအဆင်းအက်ကွဲကြောင်းများနှင့် မိုးတိမ်မည်းများ၏ဖုံးကာခြင်းကိုခံလိုက်ရသည်။ မသိပါလျှင် ကမ္ဘာမြေကြီးသည်ဇောက်ထိုးမိုးမျှော်ဖြစ်သွားသည့်နှယ်ပင်။
မူလကဓားရေးပြစင်မြင့်တွင် ဖုံးလွှမ်းနေသည့် ချယ်ရီပွင့်ချပ်များမှာလေပြင်းကြောင့် တစ်နေရာစီဖြာထွက်သွားသည်။ လင်းရုဖေးသည် ဗုဒ္ဓဘုရားရှင်ပမာ ပူဆွေးခြင်း သို့မဟုတ် ပျော်ရွှင်ခြင်း အလျဥ်းမရှိဘဲ ပန်းမိုးအလယ်တွင်သာထိုင်နေခဲ့သည်။
အစိမ်းရောင်ဓားမှချီစွမ်းအင်သည် သားရဲကျားကြီးတစ်ကောင်ကဲ့သို့ပင်။ ၎င်းကသူ၏မျက်နှာကိုခုန်အုပ်တော့မည့်နှယ်။ ဓား၏အလင်းရောင်က အဆိပ်ထက်ပင်ပို၍ကြောက်စရာကောင်းပြီး အနည်းငယ်မျှထိလိုက်မိရုံဖြင့် အမှုန်အမွှားလေးများအဖြစ်စုတ်ဖြဲခံလိုက်ရလိမ့်မည်ဖြစ်သည်။
ထိုအချိန်တွင် လင်းရုဖေး၏မျက်လုံးများကအေးစက်သွားသည်။ သူ၏မျက်လုံးများထဲတွင် ဝမ်ထန်း၏လှုပ်ရှားမှုများကမယှဉ်နိုင်လောက်အောင်နှေးကွေးသွားပြီး လျှင်မြန်လွန်းလှသောကျားတစ်ကောင်နှင့်ဆင်တူသည့် ဓားမှအစိမ်းရောင်ချီစွမ်းအင်များပင် ကောက်ကွေးနေသယောင်ပင်။ လင်းရုဖေးကလက်အားမြှောက်လိုက်ပြီး လက်ညိုးနှင့်လက်ခလယ်သည် အပေါ်သို့လွင့်နေသောချယ်ရီပွင့်ဖတ်လေးအားညင်သာစွာဖမ်းမိလိုက်သည်။ သူသည်ခေါင်းကိုဖြည်းညှင်းစွာခါယမ်းလိုက်ပြီးနောက် လက်ထဲမှပွင့်ချပ်လေးက ထက်မြိသည့်ဓားတစ်ချောင်းနှယ်ပျံထွက်သွားစေ၏။
ပွင့်ချပ်လေးသည် ဓား၏သွေးနီရောင်ချီစွမ်းအင်အဖြစ်ပြောင်းလဲသွားပြီး အစိမ်းရောင်ချီစွမ်းအင်ထံသို့လျှင်မြန်စွာထိုးဖောက်သွားသည်။
ချီစွမ်းအင်နှစ်ခုပြင်းထန်စွာတိုက်မိသွားသည်။ ပထမဆုံး ကျယ်လောင်လွန်းလှသည့်အသံက ကောင်းကင်နှင့်ကမ္ဘာမြေကိုတုန်ဟီးသွားစေပြီး အရာအားလုံးမှာငြိမ်သက်သွားသည်။ ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်ဘေးတွင်ရပ်နေလျက် ဖူဟွားခမျာ နားအတွင်းတစီစီအသံမြည်နေသည်။ သူမသည်စိတ်ရှုပ်ထွေးမှုများဖြင့်ခေါင်းအားလှည့်ကာကြည့်လိုက်စဥ်တွင် ယွီရွေ့၏ပါးစပ်ကဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသော်ငြားမည်သည့်အသံမှထွက်မလာသည့်ပုံကိုမြင်လိုက်ရသည်။ ထို့နောက် သူမ၏နားထဲတွင်စိုနေသည့်အရာတစ်ခု ထွက်လာသည်ကိုခံစားရသဖြင့် သုတ်လိုက်သည်တွင်သူမ၏လက်ချောင်းက သွေးများပေနေသည်ကိုမြင်လိုက်ရ၏။
သူမနဘေးမှယွီရွေ့မှာလည်း သူမနည်းတူပင်။
ဤယှဉ်ပြိုင်သည့်အဆင့်က သူမတို့ကြည့်ရှုနိုင်သည့်အရာမျိုးမဟုတ်ပေ။
ပထမဆုံးတိုက်ခိုက်မှုသာရှိသေးလင့်ကစား သူမတို့နားများအူနေလေပြီ။
စင်ပေါ်တွင် ဝမ်ထန်း၏မျက်ဝန်းများကပြူးကျယ်နေပြီး သူ၏မျက်နှာနှစ်ဖက်လုံးတွင်မထင်ရှားသည့်အကြေးခွံများ ရေးရေးမျှစတင်ပေါ်လာသည်။
သူသည်စင်တစ်ဖက်မှလင်းရုဖေးကိုကြည့်နေပြီး အက်ကွဲနေသံဖြင့်: "ငါ့ရဲ့ဆရာကနှစ်တွေအကြာကြီး တစ်ခါမှမမြင်ဘူးတဲ့လူတစ်ယောက်ကိုဘာလို့များ ချီးမွမ်းနေပါလိမ့်လို့သိချင်နေခဲ့တာ လင်းရုဖေး နာမည်လေးတစ်ခုပဲ အသက်ရှင်နေတဲ့လူတစ်ယောက်က နာမည်လေးနဲ့တောင်ယှဉ်လို့မရဘူး"
လင်းရုဖေး: "ငါမင်းကိုလည်းမသိသလို မင်းရဲ့ဆရာကိုလည်းမသိဘူး"
"မင်းမသိတာသဘာဝကျပါတယ်"
ဝမ်ထန်ကအေးစက်စက်နှင့် "ဒါပေမဲ့ ငါကတော့မင်းကိုနှစ်ဆယ့်သုံးနှစ်လောက်ကြာအောင်သိခဲ့တယ်"
သို့သော် လင်းရုဖေးကရယ်ကာဝမ်ထန်းကို သတ်ပုတ်ရန် ရန်စနေသည့်ကလေးတစ်ယောက်ကဲ့သို့ကြည့်လိုက်သည်၊ "အဲဒီတော့ဘာဖြစ်လဲ"
ဝမ်ထန်းသည်လင်းရုဖေး၏အပြုံး ကူးစက်သွားပုံရပြီး သူသည်စိတ်ဆိုးနေသည့်အသံဖြင့်: "အဲဒီတော့ဘာဖြစ်လဲ ဒီနေ့ပြီးရင် ဒီနေ့ကျော်သွားရင် လင်းမိသားစုရဲ့တပည့်တွေရော ခွန်းလွန်တောင်တစ်ခုလုံးရော ငါ့ရဲ့နာမည် ဝမ်ထန်းဆိုတာကိုအမှတ်ရနေရမယ် လင်းရုဖေး မင်းကိုသတ်နိုင်တာငါပဲ ငါကမှစွမ်းအားအကြီးဆုံး မသေမျိုးဓားသိုင်းကျင့်ကြံသူပဲ"
လင်းရုဖေး: "မင်းအလှည့်ပြီးပြီဆိုတော့ အခု ငါ့အလှည့်ပဲ"
သူသည်မထင်မှတ်ဘဲ အနှီသူ၏အသံနှင့်ခြောက်လှန့်မခံရသော်ငြားဝမ်ထန်း၏နှလုံးသားက ပြောမပြတတ်အောင်နစ်မြုပ်သွားပြီးသူ၏ခြေထောက်ကအနောက်ဆုတ်သွားသည်။ ၎င်းသည်သေနိုင်လောက်သည့် ရန်သူနှင့်ဆုံတွေ့ရသည့်အခါ သားရဲတစ်ကောင်၏အလိုအလျောက်တုံ့ပြန်မှုဖြစ်ပြီး ဝမ်ထန်း၏အစိမ်းရောင်မျက်လုံးများက ရုန့်ရင်းစွာဖြင့်ကျုံ့ဝင်သွားသည်။
လေထဲတွင်ပါးလွှာရှည်မျောသည့် ချယ်ရီအကိုင်းကဘယ်နေရာကမှန်းမသိထွက်ပေါ်လာသည်။
လင်းရုဖေးသည်နှလုံးသားအတွင်းမှနားလည်လိုက်ပြီး ထိကိုင်ရန်လက်မြှောက်လိုက်သည်။
ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်ဘေးတွင်ရပ်ကာ လင်းပျန့်ယွီ၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ဒဏ်ရာရထားသည့်သူ၏ပါးပြင်ကမူ ပိုမိုဖြူဖျော့သွား၏။ သူသစ်ကိုင်းကိုမှတ်မိသည်၊ ၎င်းကိုယခုမတိုင်ခင်က သူသည်ချယ်ရီပင်မှခိုးကြောင်ခိုးဝှက်ဖြင့် ချိုးထားခဲ့ဖူးသည်။ ထို့အတွက် တန်ကြေးအဖြစ် သူအရှက်ရစွာချော်လဲခဲ့ရသည်။
ဤအချိန်တွင် မထင်မှတ်ဘဲပေါ်လာသည့်ချယ်ရီသစ်ကိုင်းက လင်းရုဖေး၏လက်ထဲတွင် ကြောက်မက်ဖွယ်အသွင်ဖြစ်ပေါ်လာ၏။
လင်းရုဖေး၏ခေါင်းပေါ်မှ အမည်းရောင်တိမ်လိပ်များသည်ကြီးမားသည့်မုန်တိုင်းအဖြစ်စုဝေးသွားပြီး ပြင်းထန်သောလေအဟုန်သည် အနီးနားမှအပင်တို့ကိုအမြစ်မှကျွတ်ထွက်စေသည်။
သို့သော် လင်းရုဖေးသည်ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်ထက်တွင် တောင်တစ်လုံးပမာမယိမ်းမယို
င်ထိုင်နေပြီး လက်ကိုမြှောက်ကာအသာအယာဝှေ့ယမ်းလိုက်၏။
---------- ---------- -----------
[1] ချင်းကျိဆိုသည်မှာ အစိမ်းရောင်ဆူးချွန် ဟုအဓိပ္ပါယ်ရသည်။
____ ___