အပိုင်း ၂၀
Viewers 14k


Chapter 20

နဂါးကနဂါးကိုသတ်ခြင်း [ ၂ ]



ကုဖေးယွီက အနည်းငယ်နောက်ကျပြီးမှရောက်လာသည်။


သူသည်ကျောပေါ်တွင် ကျုံးဖုန့်ကိုသယ်လာပြီး ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်သို့ရောက်လာချိန်တွင် လင်းရုဖေး၏လက်ထဲတွင်ချယ်ရီပန်းများဝေ့ဝဲထွက်လာကာ ဝမ်ထန်း၏အစိမ်းရောင်ချီစွမ်းအင်အား ပိုင်းဖြတ်လိုက်သည်ကိုမြင်လိုက်ရသည်။ 


သုတ်တိသုတ်ပြာနှင့် ကုဖေးယွိသည် လင်းမင်ကျစ်အနားသို့ရောက်လာကာ "နောက်ဆုံးတော့ ကျွန်တော်နေရာ ရှာတွေ့ပြီ...ခွန်းလွန်တောင်ကအကြီးကြီးပဲ သခင်လေးလင်း ကျွန်တော်ဓားရေးပြစင်ပေါ်ကိုကျုံးဖုန့်ပို့ပေးဖို့လိုသေးလား"


လင်းမင်ကျစ် : "မလိုတော့ဘူး"


ကုဖေးယွိကမျက်မှောင်ကုပ်ကာ "ဒါပေမဲ့ စတုတ္ထသခင်လေးလင်းကလက်ထဲမှာဘာမှမပါဘဲ...." 


တစ်ဝက်တစ်ပျက်နှင့် သူပြောမည့်စကားများကလည်ချောင်းတွင်တစ်သွားသည်။ စင်ပေါ်တွင် လင်းရုဖေးကရုတ်တရက်လက်မြှောက်ကာ ခပ်သေးသေးသစ်ကိုင်းခြောက်ကိုထုတ်လိုက်သည်။ သစ်ကိုင်းခြောက်သည် အရွက်နှင့်ပန်းများမရှိဘဲ သေးသွယ်ကာကြွပ်ဆတ်ပုံရသည်။ သို့သော် လင်းရုဖေး၏မွဲခြောက်နေသောလက်ကကိုင်ထားသည့်အချိန်တွင် ကြောက်ရွံ့ဖွယ်အရှိန်အဝါကိုခပ်ရေးရေးမျှရစေသည်။


ကုဖေးယွိကျောပေါ်မှ ကျုံးဖုန့်သည် ရုတ်ခြည်းအသံမြည်လာသည်။ အစတွင် ကုဖေးယွိသည် ၎င်းကစိတ်လှုပ်ရှားနေ၍ဖြစ်မည်ဟုထင်ခဲ့သော်ငြား လင်းရုဖေးကသစ်ကိုင်းအားအောက်ဘက်သို့ညင်သာစွာဖြင့်လွှဲလိုက်သည်တွင် ကျုံးဖုန့်ကကြောက်လန့်နေခြင်းသာဖြစ်ကြောင်းသူနားလည်သွား၏။


လင်းရုဖေးသည် ငယ်စဉ်တည်းကတစ်ကြိမ်ပင်လေ့ကျင့်တာမျိုးမရှိဖူးတာကြောင့်မည်သို့သောလှုပ်ရှားမှုကိုမှမသိပေ။


သူသည်ကလေးတစ်ယောက်နှယ် ဓားကိုဝှေ့ယမ်းနေသည်။


သို့သော် သူနှင့်မျက်နှာချင်းဆိုင်တွင်ရပ်နေသည့်ဝမ်ထန်းကမူ ထိတ်လန့်နေဟန်ရှိသည်။ 


ဝမ်ထန်းသည်လင်းရုဖေး၏လှုပ်ရှားမှုများကိုမသိသော်ငြား ကောင်းကင်နှင့်မြေကြီးတစ်ခုလုံးပေါက်ကွဲထွက်လုမတတ်ပြင်းထန်ထက်မြလှသည့် သေဆုံးခြင်းနှင့်သတ်ဖြတ်လိုစိတ်တို့ယှဥ်တွဲနေသည့်ဓားဆန္ဒကို ခံစားနေရသည်။ ၎င်းသည်လင်းရုဖေး၏သစ်ကိုင်းပေါ်တွင်တစ်စုတစ်ဝေးတည်းရှိနေပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့်စီးဆင်းနေသည့် မြစ်ကြီးတစ်စင်းကဲ့သို့ဝမ်ထန်းထံ အဟုန်ပြင်းစွာဖြင့်ပြေးဝင်သွားသည်။


လှုပ်ရှားမှုမရှိ၊ နည်းစနစ်မရှိ၊ ဓားဆန္ဒတစ်ခုတည်းသာရှိ၏။


ဝမ်ထန်းကလည်း ကြောက်ရွံ့နေခြင်းမျိုးမရှိချေ။


သို့သော် ဓားဆန္ဒကသူ့အပေါ်လွှမ်းခြုံလာသည့်အခါ ဝမ်ထန်းသည် ၎င်းကိုခုခံ၍ ကောင်းကောင်းမရပ်နိုင်တော့သည်ကိုသိရှိလိုက်ရသည်။ အနှီအားကောင်းသောဓားဆန္ဒသည် အနန္တစွမ်းအားရှင်နတ်ဘုရားက သူ့အားအေးစက်စွာဖြင့်ငုံ့ကြည့်နေသည်နှင့်တူသည်။ တစ်လက်မချင်းဖြင့် သူ၏ကိုယ်ကကိုင်းကျလာသည်။ အစပိုင်းတွင် သူ၏ကိုယ်ကိုခက်ခက်ခဲခဲဖြင့်ကွေးညွတ်ထားရသည်။ ပြီးနောက် ဒူးတစ််ဖက်ထောက်ရန်ဖိအားပေးခံလိုက်ရပြီး ထူးခြားသည့်ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်၏အောက်ကြမ်းပြင်ကအက်ကွဲလာသဖြင့် ပြန်လည်တွန်းကန်ရန်အထောက်အပံ့ကလျော့ရဲလာသည်။


ဝမ်ထန်းသည် ပါးစပ်အပြည့်သွေးများအန်ချလိုက်ရသည်။ ခေါင်းမော့ပြီးဒေါသတကြီးဖြင့် လင်းရုဖေးကိုကြည့်ပြီးနောက် သူ၏ပါးစပ်မှနောက်တစ်ကြိမ် ထွက်လာတော့မည့်သွေးများကို ခဲယဉ်းစွာဖြင့်မြိုချလိုက်ကာ "ချင်းကျိ"


ချင်းကျိထံမှ တချွင်ချွင်အသံထွက်လာ၏။


"ဓားရေးယှဥ်ပြိုင်တဲ့စင်မြင့်အထက်ကိုပျံသွား"


ဝမ်ထန်းမှာ ခက်ခဲပင်ပန်းစွာပြောနေရသည်။ 


"ငါတို့သာ ဒီဓားဆန္ဒထဲကနေထွက်နိုင်ရင်..."


စကားပြောနေရင်းဖြင့် သူ၏အကြည့်များကမယုံနိုင်ဖွယ်တစ်ခုကိုမြင်လိုက်ရသလိုဖြစ်သွားသည်။ သူသည်လက်ထဲမှချင်းကျိကို အထူးအဆန်းသဖွယ်ကြည့်လိုက်မိသည်။


မရေတွက်နိုင်သောရန်သူပေါင်းများစွာနှင့် ခေါင်းပေါင်းများစွာကိုဖြတ်ခဲ့သောချင်းကျိဓားက သည်အချိန်တွင် သူ၏လက်မောင်းအတွင်း၌နစ်မြုပ်နေပြီး ကြောက်ရွံ့နေရှာသောကလေးငယ်လေးတစ်ယောက်ပမာတုန်ယင်နေ၏။


ချင်းကျိသည် ဝမ်ထန်း၏ဝိညာဉ်နှင့်ဆက်နွယ်နေသောဓားပင်။ သူသည်ချင်းကျိခံစားနေရသောအကြောက်တရားကို ရှင်းရှင်းလင်းလင်းခံစားနေရသည်။ ၎င်းသည် သူတို့နှင့်မျက်နှာချင်းဆိုင်မှပြိုင်ဖက်ကိုကြောက်ရွံ့နေခြင်းပင်။ 


ဘီးတပ်ကုလားထိုင်တွင်ထိုင်ကာ လေတစ်ချက်တိုက်ရုံဖြင့် ထက်ပိုင်းကျိုးသွားနိုင်သောပျော့တိပျော့ဖတ်ပုံစံဖြင့်လင်းရုဖေးကိုပင်။


ထိုအခိုက်အတန့်မှာပင် ဝမ်ထန်းတစ်ယောက် သူ့ရဲ့ဆရာသခင်ပြောခဲ့ဖူးသည့်စကားတစ်ခွန်းကိုသတိရမိသွား၏။


သူ့အား သားအရင်းအချာတစ်ယောက်ပမာအိမ်သို့ခေါ်လာခဲ့သော ဆရာသခင်က 'မင်းချင်းကျိကိုသုံးနိုင်တဲ့နေ့ လင်းရုဖေးကို မနိုင်တဲ့နေ့' ဟုပြောခဲ့ဖူးသည်။


ချင်းကျိသည် အမည်ကျော်ကြားသည့်ပန်းပဲသမားတစ်ယောက်ကသွန်းလုပ်ခဲ့ပြီး လောကတွင်အကောင်းဆုံးဓားတစ်လက်လည်းဖြစ်သည်။ သို့ဖြစ်၍ ဝမ်ထန်းသည်သူ၏အရည်အချင်းမပြည့်မီသေးသောသိုင်းကွက်ကစားပုံကြောင့် ပြောသည်ဟုထင်ခဲ့မိသည်၊ ယခုမူ ထိုစကားများကို ရေးရေးမျှနားလည်လာသယောင်ပင်။


အကြောင်းအရင်းမှာ သူချင်းကျိကိုသုံးနိုင်သည့်နေ့တွင် လင်းရုဖေးအားဘယ်သောအခါမှ အနိုင်မတိုက်နိုင်တော့၍ပင်။


လင်းရုဖေး၏လက်ထဲတွင် ဓားတစ်ချောင်းမှမရှိချေ။


အကြောင်းမှာ သူကသာအထက်ဆုံးဓားတစ်ချောင်းဖြစ်နေ၍ပင်။


အနှီဓားမှာအထက်ရှဆုံးမဟုတ်သေးသည်မှာ နှမြောစရာကောင်းပြီးသူ၏အဆင်အခြင်မဲ့မှုကြောင့် သူက ဓားသွေးကျောက်ပမာဖြစ်လာရသည်။


ဝမ်ထန်းသည် နှလုံးသားမရှိသည့်သူနှယ်ရယ်မောလိုက်မိသည်။


သူ၏ခန္ဓာကိုယ်ကဓားဆန္ဒကြောင့် စင်မြင့်၏အစိမ်းရောင်ကျောက်တုံးပေါ်တွင် အားကုန်သုံးဖိနှိပ်ခံထားရသည်။ ဓားစွမ်းအင်ကသူ၏အရိုးများကို တစ်လက်မချင်းစီချိုးပစ်နေပြီး သူ၏သွားတစ်ချောင်းချင်းစီကြားမှနေ အံ့ဖိကြိတ်သံထွက်လာသည်။ သွေးများကသူ၏ပါးစပ်မှစီးကျလာကာဆီးနှင်းဖြူဓားသွား ချင်းကျိထက်တွင် စွန်းပေကုန်၏။


ဤသို့ဖြစ်နေတာတောင် ဝမ်ထန်းသည် အရှုံးအားလက်မခံနိုင်သေးချေ။ သူ၏အဘိဓာန်တွင် "အရှံး" ဆိုသည့်အရာမရှိသည်မရှိပေ။


ရှေးထုံးတမ်းအစဉ်အလာနှင့်ကောင်းမွန်စွာ ဖြည့်ဆည်းထားသောယောင်ကွမ်းဒေသနှင့်မတူညီစွာ သူနေထိုင်သည့်နေရာတွင် ရှုံးနိမ့်မှုကိုလက်ခံလိုက်ခြင်းကသေခြင်းတရားကိုလက်ခံကြိုဆိုခြင်းဟုဆိုလိုပေသည်။ အဆုံးသတ်တွင် သေဆုံးသွားခြင်းက ရှုံးနိမ့်သူအဖြစ်ဂုဏ်သိက္ခာကျဆင်းခြင်းထက် ပို၍ကောင်းမွန်ပေသည်။


သူ ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရထား၍ဖြစ်မည်၊ ဝမ်ထန်း၏အသိစိတ်က တဖြည်းဖြည်းဝေဝါးလာပြီး အတိတ်မှပုံရိပ်တချို့ သူ၏မျက်လုံးထဲတွင် လျှပ်တပြက်ထင်ဟပ်လာသည်။ သူသည် အနာရွတ်များနှင့် တစ်ကိုယ်လုံးဇကာပေါက်ဖြစ်နေသော ကလေးငယ်တစ်ယောက်က ခွေးလေခွေလွင့်တစ်ကောင့်ထံမှအစာလုနေသည်ကိုမြင်နေရသည်။ သူ၏ကိုယ်လုံးလေးကသေးငယ်လွန်းသောကြောင့် ခွေးကမြေကြီးပေါ်မှသူ့ကိုကိုက်ဖဲ့နေခဲ့သည်။ သူ့လည်ပင်းကိုအကိုက်ခံရတော့မည့်အချိန်တွင် ဖြူသွယ်သောလက်တစ်စုံကခွေး၏လည်ကုပ်ကို ညှစ်ကိုင်လိုက်သည်။


"သနားစရာကလေးရယ်"


နူးညံ့သောအသံတစ်ခုကိုကြားလိုက်ရသည်။ 


လူတစ်ယောက်ကသူ့အားချီလိုက်ကာ လက်မောင်းကြားတွင်ပွေ့ဖက်လိုက်ပြီး "ငါနဲ့လိုက်ခဲ့"


ယင်းကဝမ်ထန်း၏လောကကြီးတွင် ပထမဆုံးရဖူးသောသိမ်မွေ့သည့်အထိအတွေ့လေးပင်။


ထိုမတိုင်ခင်က လူတိုင်းကသူ့အား အစိမ်းရောင်မျက်လုံးကြောင့်လူရိုင်းလေး ဟုခေါ် ကြသည်။


နောက်ပိုင်းတွင် ထိုသူသည်သူ့အားမသေမျိုးလမ်းစဉ်ကိုခေါ်သွားပြီးဓားကိုင်ရမည့်နည်းလမ်းကိုသင်ကြားပေးခဲ့သည်။ အနှီသူသည်သူ၏မျက်လုံးအရောင်နှင့်တူသည့် ချင်းကျိဓားကိုလက်ဆောင်ပေးခဲ့သည်။ အနှီသူထံတွင် သူတစ်ယောက်တည်းသာရှိသည်ဟုအထင်ရောက်ခဲ့၏။


မနေ့နိုင်သောနေ့စွဲတစ်ခုတွင် ထိုသူ၏ပါးစပ်မှနောက်ထပ်အမည်တစ်ခုထွက်လာခဲ့သည်။


"အနာဂတ်မှာအဲဒီကောင်လေးက စွမ်းအားကြီးသူဖြစ်လာလိမ့်မယ် ဝမ်ထန်း မင်းသူ့ကိုတွေ့ရင် အေဝေးကိုထွက်ပြေးရမယ်"


"ဘယ်သူလဲ"


"သူ့နာမည်က လင်းရုဖေး တဲ့"


"......"


"ခွန်းလွန်တောင်က လေးယောက်မြောက်သားတော် လင်းရုဖေး"


"လင်းရုဖေး သူကအရမ်းစွမ်းအားကြီးတာလား"


"မင်း အဲဒီနာမည်ကိုအမြဲအမှတ်ရနေရမယ် မင်းတတ်နိုင်သမျှ အဝေးမှာနေရမယ်"


ဆရာသခင်ဆန္ဒရှိသည့်အတိုင်း ဝမ်ထန်းကထိုနာမည်ကိုမှတ်ထားခဲ့၏။


မှတ်ဉာဏ်များကရပ်တန့်သွားပြီး ဝမ်ထန်းသည်အနက်ရောင်အစက်လေးကသူ၏အမြင်အာရုံနှင့် အင်အားများကိုဆွဲထုတ်သွားသည်ကိုခံစားရသည်။ သူချင်းကျိကိုဖက်တွယ်ထားလိုက်သည်၊ ဓားသွားမှာအေးစက်လွန်းပါသော်လည်း သူ့အတွက်မူနွေးထွေးလွန်းလှ၏၊ သူတောင်းပန်စကားကိုတီးတိုးဆိုလိုက်မိသည်။


'တောင်းပန်ပါတယ် ငါမင်းကိုဒီတစ်ကြိမ်တော့ လက်လွှတ်ပေးလိုက်တော့မယ် ငါကအဖြစ်မရှိတဲ့သခင်တစ်ယောက်ပါ'


တစ်စုံတစ်ခုကို အာရုံခံမိလိုက်သည့်နှယ် မူလကတချွင်ချွင်အသံထွက်နေသောချင်းကျိဓားသည် အသံတိုးသွားသည်။ ရုတ်တရက် ၎င်းကတချွင်ချွင်အသံဖြင့်စတင်ကျယ်လောင်လာပြန်ကာ ဝမ်ထန်း၏လက်ထဲတွင်ကော်နှင့်ကပ်ထားသည့်နှယ် ကပ်နေသည့်ဓားရိုးက သူ့အားငြင်းဆန်သည့်နှယ်လှုပ်ယမ်းလာသည်။ ၎င်းကသူအမြဲလုပ်နေကျအတိုင်း ပြန်ဆွဲယူစေချင်စေသည့်နှယ်။


သူသည်ချင်းကျိ၏ပြင်းပြသောဆန္ဒကို ခံစားသိရှိသည်။ တုန်ယင်နေသောဓားက နောက်တစ်ကြိမ်ဓားအလင်းတန်းများထွက်ပေါ်လာပြန်သည်။ ချင်းကျိ၏ဆီးနှင်းဖြူဓားသွားအပေါ်တွင် အက်ကြောင်းများစလိုက်လာသည်။ သူ၏မြစိမ်းရောင်မျက်လုံးမှာ စိုးရိမ်ကြောင့်ကြမှုများနှင့်တဖျတ်ဖျတ်လှုပ်နေသည်။ 


သူ ခက်ခက်ခဲခဲနှင့်အော်ဟစ်လိုက်သည်။ 


"မဟုတ်ဘူး ချင်းကျိ သွားတော့"


ချင်းကျိက ငြင်းဆန်နေဆဲပင်။ 


ဝမ်ထန်း၏အစိမ်းရောင်မျက်လုံးတွင် အရည်ကြည်များပြည့်လာပြီး နောက်ဆုံးလက်ကျန်အင်အားဖြင့်: "သွားတော့...အာ့"


ချင်းကျိကသူ့စကားကိုမကြားဟန်ဆောင်နေသည်။


ဝမ်ထန်းသည် ပထမဆုံးအကြိမ်အဖြစ်စိတ်ပျက်မိခြင်းပင်။ သူသေသွားခဲ့လျှင်ကိစ္စမရှိသော်ငြား ချင်းကျိကသူ၏အနောက်ကိုလိုက်မလာသင့်ပေ။ ၎င်းသည်သဘာဝအရ နာမည်ကျော်ဓားတစ်လက်ဖြစ်ပြီး သူ့ထက်ပိုစွမ်းအားကြီးသောသခင်မျိုးနှင့်တွေ့ဆုံသင့်ပေ၏။


ဝမ်ထန်းသည်ဓားကိုဖက်ထားပြီး ဓားရိုးအားအောက်ဘက်ဆိုက်ထား၍ "ချင်းကျိ မင်းတို့ပဲ ငါ့ကိုအပြစ်မမြင်တာ...."


သူကမျက်လုံးစိမ်းနှင့်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေခဲ့သော်ငြားအပြစ်မမြင်ခဲ့ကြပေ။


လုံး၀အပြစ်မမြင်ခဲ့ကြပေ။


သေစေနိုင်သည်အထိ ပြင်းထန်လှသော ဓားဆန္ဒကလမ်းခုလတ်တွင်ရပ်တန့်သွားသည်။


အားကောင်းသောဖိနှိပ်မှုသည် တမဟုတ်ချင်းကွယ်ပျောက်သွားကာဝမ်ထန်း၏ အဆုတ်ထဲသို့လေများပြန်ဝင်ရောက်လာသည်။ သူက အပန်းတကြီးပင့်သက်ရှိုက်ကာ သွေးပုပ်များကိုဟပ်ထုတ်ပစ်လိုက်သည်။ သူမော့ကြည့်လိုက်သည့်အခါ လင်းရုဖေးကအဝေးတွင်ထိုင်နေသည်ကိုတွေ့လိုက်ရ၏။


ဝမ်ထန်းသည်ခြင်တစ်ကောင်ဖြတ်ပြေးသွားသည့်အသံဖြင့် "မင်းငါ့ကိုသတ်မလို့မဟုတ်ဘူးလား"


လင်းရုဖေး: "အရှုံးပေးပြီလား"


ဝမ်ထန်းကမချိပြုံး ပြုံးလိုက်ကာ "ရှုံးသွားပြီပဲလေ"


လင်းရုဖေး : "ဓားရေးယှဉ်တာလောက်ပဲလေ မင်းကရှုံးတာကို လက်ခံရင်ငါကဘာလို့မင်းကိုသတ်ရမှာလဲ ဘာပဲဖြစ်ဖြစ် မင်းလည်းငါ့အခြေအနေကိုလက်ခံမယ်လို့ကတိပေးရမယ်"


ဝမ်ထန်း၏မျက်နှာကအေးခဲသွားသည်။ လင်းရုဖေးကား ကိုးလို့ကန့်လန့်တောင်းဆိုချက်များလုပ်တော့မည်ဟုသူထင်သည်။


သူ၏မျက်လုံးများကမြွေတစ်ကောင်ပမာစူးရဲသွားကာ "ဘာလဲ"


လင်းရုဖေးသည် ဓားရေးယှဥ်ပြိုင်သည့်စင်မြင့်ဘေးရှိလင်းပျန့်ယွီအားလက်ညိုးထိုးပြကာ တည်ငြိမ်စွာဖြင့် "ငါ့ရဲ့ဒုတိယအစ်ကိုကိုတောင်းပန်လိုက်"


ဝမ်ထန်းမှာ ကြက်သေသေသွားသည်။ 


သူ၏မျက်လုံးများကမူလအတိုင်းပြန်ဖြစ်သွားကာ "မနေ့ညက မင်းရဲ့ဒုတိယအစ်ကိုကငါနဲ့တိုက်ခိုက်ဖို့ဆိုပြီးလာခဲ့တာလေ တောင်းပန်သင့်တာငါမဟုတ်ဘူးထင်တယ်နော်"


ဝမ်ထန်း၏မေးခွန်းနှင့်ရင်ဆိုင်ရပြီးသည့်တိုင် လင်းရုဖေး၏ မျက်နှာကမပြောင်းပေ။ 


လက်ထဲမှချယ်ရီပွင့်ဖတ်လေးအားမြှောက်ပြီး : "မင်းတောင်းပန်မှာလား မတောင်းပန်ဘူးလား" 


သူကလင်းမိသားစု၏အကာအကွယ်ခံ လူစားပင်။ အထူးသဖြင့်သူ့ဒုတိယအစ်ကိုပင်။


ထို့ကြောင့် ဘယ်လိုအကြောင်းပြချက်ပဲရှိနေပါစေ သူ၏ဒုတိယအစ်ကိုကိုထိခိုက်စေခဲ့သည့်အတွက် အနှီသူကားတောင်းပန်ရမည်ဖြစ်သည်။


ဝမ်ထန်းမှာ ဆွံ့အသွားရသည်။ အဆုံး၌ သူသည်ခဲရာခဲဆစ်ဖြင့်ခေါင်းလှည့်ပြီး လင်းပျန့်ယွီအားတောင်းပန်စကားပြောလိုက်ရသည်။ သူ၏ကိုယ်မှပြန်လည်ကုသနိုင်စွမ်းကား အလွန်စွမ်းသည်။ သူ၏ကိုယ်ထဲမှအရိုးများက အပိုင်းအစများအဖြစ်ကျိုးကြေသွားသော်လည်း စကားပြောနေစဉ်မှာပင် သူကဓားရေးယှဥ်ပြိုင်သည့်စင်မြင့်ပေါ်တွင်တဖန်ရပ်နေပြီ။ သို့သော် လူပုံစံချိုင့်ကြီးက ဓားရေးပြစင်မြင့်တွင်ရှိနေနိုင်ပြီဖြစ်၏။ 


ယင်းက အနည်းငယ်မြင်မကောင်းရှုမကောင်းဖြစ်နေသည်ဆိုပေမယ့်။


"သခင်လေးလင်းကနိုင်သွားတာပဲ" 


ဝမ်ထန်းကပြိုင်ပွဲရလဒ်ကိုပြန်အမှတ်ရသွားသည်။


"ဝမ်ထန်း" လင်းမင်ကျစ်ကပြောလာသည်၊ "မင်းကဆရာလုံရဲ့တပည့်လား"


ဝမ်ထန်းသည် သူ၏ဆရာသခင်အမည်ကိုသိနေသူမရှိလောက်ဟုထင်ခဲ့၍ အနည်းငယ်အံ့ဩသွားပြီးနောက် ဖြည်းညှင်းစွာခေါင်းညိတ်ပြလိုက်သည်။


လင်းမင်ကျစ်ကထပ်လောင်းဆိုသည်၊ "ဆရာလုံ ကျန်းမာရဲ့လား"


ဝမ်ထန်းသည် ခဏတာတိတ်ဆိတ်နေပြီးမှတိုးလျသောအသံဖြင့် "သူတစ်နှစ်လောက်နာမကျန်းဖြစ်ခဲ့တယ်"


လင်းမင်ကျစ်ကနောင်တရသွားဟန်ဖြင့် တောင်းပန်စကားဆိုလိုက်၏။


ဝမ်ထန်းသည်အဆိုပါကိစ္စကိုထပ်ပြောချင်ပုံမရချေ။ သူက အနားတဝိုက်ကို လိုက်ကြည့်နေပြီး ထော့နှဲ့ထော့နှဲ့ဖြင့်ထောင့်သို့လျှောက်သွားကာ မတိုင်ခင်ကသူလွှင့်ပစ်ထားခဲ့သောဝါးခမောက်ကို ကောက်ပြီးခေါင်းတွင်ပြန်ဆောင်းလိုက်သည်။


ထို့နောက် လင်းရုဖေးကိုလှည့်ကြည့်ပြီး: "မင်းကငါ့ကိုချမ်းသာပေးခဲ့တယ် ငါမင်းအပေါ်အသက်အကြွေးတစ်ခုတင်သွားပြီ"


လင်းရုဖေးကပြုံးရုံပြုံးနေပြီး စကားမဆိုပေ။


ဝမ်ထန်းကထပ်ပြောပြန်၏ : "ဒါပေမဲ့ နောက်ထပ်နှစ်နည်းနည်းကြာရင်ငါမင်းကိုစိန်ခေါ်ဖို့ပြန်လာအုံးမယ် အဲဒီအချိန်ရောက်ရင် ငါပိုသန်မာနေလောက်ပြီ ပြီးတော့ မင်းလည်း...." 


'ဓားထက်ထက်တစ်ချောင်းဖြစ်လာရောပေါ့...'


ပြောပြီးသည်နှင့် သူကလင်းရုဖေးကိုဦးညွတ်ကာလှည့်ထွက်သွားတော့သည်။


တစ်ချိန်လုံး ငြိမ်သက်နေသည့် လင်းရုဖေးကရုတ်တရက်သူ့အားလှမ်းခေါ်လိုက်၏။


"ဝမ်ထန်း"


"ဟင်" ဝမ်ထန်းကလှည့်ကြည့်လာသည်။


လင်းရုဖေးကရိုးရိုးသားသားဖြင့် "မင်းရဲ့မျက်လုံးတွေကလှပါတယ် အလှဆုံးမြကျောက်လိုမျိုး လှတာ"


ဝမ်ထန်းသည်အသံတိတ်နေပြီးမှ သူကြားရုံမျှတိုးတိုးလေးရေရွတ်လိုက်သည်။ ခဏတဖြုတ်ခန့် တုံ့ဆိုင်းနေပြီးမှ သူ၏ခေါင်းပေါ်ရှိဝါးခမောက်ကိုချွတ်ကာ ဓားပျံဖြင့် အရှေ့ဘက်တောင်ထွဋ်မှထွက်ခွာသွားတော့သည်။


ထွက်သွားချိန်တွင် မြစိမ်းရောင်မျက်ဝန်းက ဖျော့ဖျော့လေးပြုံးယောင်သန်းနေပေ၏။


ထိုလူပျောက်သွားသည်နှင့် လင်းရုဖေး၏အနောက်တွင်လူတစ်ယောက်ပေါ်လာပြီး ထိုသူက သူ၏နားနားသို့ကပ်ပြောလာသည်။


အနှီသူ၏ဝင်သက်ထွက်သက်မှာမူ ပူလောင်လွန်းလှ၏။


"ဘာ...အဲဒီလူရဲ့မျက်လုံးက ကိုယ့်ရဲ့မျက်လုံးထက်လှလို့လား"


လင်းရုဖေးက တဖက်သို့လှည့်ကြည့်လိုက်သည်။ ထိုယောကျ်ား၏လှပသောဘေးတိုက်ပုံရိပ်ကိုကြည့်ပြီး ယောင်ယောင်မျှပြုံးမိသွားသည်။ သူတစ်ခုခုအားပြောချင်သည့်တိုင် ပါးစပ်ဖွင့်လိုက်သည်တွင်ပူနွေးသောအရည်များငေါက်ကနဲထွက်လာတော့သည်။ ပါးစပ်အပြည့်နှင့် တစ်လုတ်ပြီးတစ်လုတ်၊ သူ၏အဖြူရောင်မြေခွေးအမွှေးခြုံထည်တစ်ခုလုံးမှာ ရဲရဲတောက်သွားသည်။ 


"ရှောင်ကျို့!" 


လင်းပျန့်ယွီသည် အဝေးမှအထိတ်တလန့်ဖြင့်လှမ်းအော်သည်။ လင်းရုဖေး၏ကိုယ်မှာ ယိုင်လဲသွားပြီး သူ၏နှာဖျားဝတွင်ယောကျ်ားပျို၏ချယ်ရီပန်းရနံ့လေးဝေ့ဝဲနေသည်။ 


သူ၏မျက်လုံးများမှာတစ်ဝက်ခန့်မှေးစင်းနေ

ပြီးအပြီးတိုင်မေ့မြောမသွားခင် လေသံဖျော့ဖျော့ဖြင့်ထိုယောကျ်ား၏အမေးကိုဖြေလိုက်သည်။


"ဘယ်လိုလုပ်....သူကခင်ဗျားနဲ့ယှဉ်နိုင်မှာလဲ"


ခင်ဗျားရဲ့မျက်ဝန်းတွေက ဒီကမ္ဘာပေါ်က ကျွန်တော်မြင်ဖူးသမျှထဲမှာ အလှဆုံးပဲ။


___ ______