အပိုင်း ၂၁
Viewers 15k

Chapter 21
 နာမည်ကကုရွှမ်းတု

လင်းရုဖေး သတိလစ်သွားခဲ့သည်။
သူမည်မျှကြာအောင် အိပ်ပျော်သွားခဲ့သည်မသိ၊ ဘေးမှအရာရာတိုင်းကမပီမပြင်ဝိုးတဝါးဖြစ်နေခဲ့သည်။ သူ၏အမြင်အာရုံက ပကတိမည်းမှောင်နေကာ အာရုံငါးပါးမှာအဆုံးမရှိချောက်နက်ထဲတွင်နစ်မြုပ်နေခဲ့၏။
သူနောက်တစ်ကြိမ်ပြန်နိုးလာချိန်တွင် ရက်အနည်းငယ်ကျော်ကြာသွားခဲ့ပြီဖြစ်သည်။
သူ့အနားတွင်စောင့်နေပေးသော ယွီရွေ့က သူနိုးလာသည်ကိုမြင်သည်နှင့်ငိုကြီးချက်မဖြင့် သူ့အိပ်ရာဘေးဘက်သို့ခုန်တက်လာပြီး သူမ၏သခင်လေးကိုတကျော်ကျော်ခေါ်တော့သည်။
လင်းရုဖေးက မျက်ခွံတစ်ဝက်မှေးထားပြီး စကားမပြောခင်အားအနည်းငယ်ထပ်ယူလိုက်ရသည်။ 
သူ၏စကားများကမီးခိုးငွေ့နှင့်ဖုန်မှုန်များနှယ် တိုးလျစွာဖြင့် လေထဲတွင်အလွယ်လေးလွင့်စင်ပျောက်ကွယ်သွား၏။ 
"ငါဘယ်လောက်ကြာအောင်အိပ်ပျော်သွားတာလဲ"
ယွီရွေ့သည် မျက်လုံးများကိုပွတ်နေပြီး ရှိုက်သံနှောလျက် "သခင်လေးအိပ်ပျော်နေတာသုံးရက်တောင်ရှိပြီ"
လင်းရုဖေးကထပ်မေးပြန်သည်။ "ငါ့ဒဏ်ရာကအခြေအနေဆိုးလား"
ယွီရွေ့: "သမားတော်ဝမ်ကပြောတယ် သခင်လေးကဒဏ်ရာမရဘူး အခြေခံတည်ဆောက်ပုံကအားနည်းလို့...."
ယွီရွေ့သည် လင်းရုဖေးအားဝမ်းနည်းပက်လက်ကြည့်ကာထပ်ပြောချင်ပုံရသေးသော်ငြား ရပ်သွားလေ၏။
လင်းရုဖေးသည် သူမဆိုလိုချင်သည်ကိုနားလည်သွားပြီး နှစ်ချက်မျှချောင်းဖွဖွဆိုးလိုက်ပြီး : "မင်းနဲ့ဖူဟွားရဲ့နားတွေက ဒဏ်ရာရတာမပြင်းဘူးမဟုတ်လား"
"မပြင်းပါဘူး သမားတော်ဝမ်ယောင်ကဆေးပေးထားတယ် ကျွန်မတို့ဆေးစားလိုက်ရင်သက်သာသွားမှာပါ"
ယွီရွေ့ကားအငိုတိတ်သွားချေပြီ။ 
စိတ်မကောင်းခြင်းကြီးစွာဖြင့်: "သခင်လေးနိုးလာပြီဆိုတော့ ကျွန်မအစ်မဖူဟွားနဲ့သခင်လေးနှစ်ယောက်ကိုသွားပြောလိုက်ဦးမယ် သူတို့မှာအစောကြီးတည်းကစောင့်နေကြတာ"
ပြောပြောဆိုဆိုဖြင့် သူမကစကတ်အနားများကိုသိမ်းကာ အလင်းအလျင်ဖြင့်ထွက်ပြေးသွားသည်။
လင်းရုဖေးကား သူ၏ခေါင်းပေါ်မှတွဲရွဲကျနေသော ပုတီးစေ့လေးများအရိပ်ကိုကြည့်လိုက်သည်။ သူ၏ကိုယ်မှာအားနည်းချိနဲ့လွန်းနေလေရာလှုပ်ရန်ပင်အနိုင်နိုင်။ ယွီရွေ့နှင့်စကားအနည်းအကျဉ်းပြောပြီးနောက်လည်ချောင်းကယားယံလာကာ ချောင်းတဟွတ်ဟွတ်ဆိုးတော့သည်။ သူ၏ကိုယ်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်ကဝမ်ထန်းနှင့်တိုက်ခိုက်ခဲ့စဉ်ကကဲ့သို့ပေါ့ပါးမနေတော့ဘဲ ယခုမူ ကျောက်သားသံချပ်ကာကြီးပမာလေးလံနေလေ၏။ သူသည်၎င်းကိုချိုးဖြတ်ပြီး လွတ်မြောက်သွားချင်မိ၏။
လင်းရုဖေးကားရုတ်တရက်မေးလိုက်သည်။
"မင်းရှိနေလား"
အဖြေကားမရှိ၊ အခန်းထဲတွင် သန့်စင်သောလေပြည်အေးလေးသာတိုက်ခိုက်နေသည်။
၎င်းကမထူးဆန်းသည့်တိုင် လင်းရုဖေးမှာစိတ်ပျက်မှုကို မဆိုသလောက်ခံစားနေရသည်။ သူသည်သွေးရောင်မရှိသည့် နှုတ်ခမ်းများကို ဖွဖွလေးဖိကာ ခပ်တိုးတိုးချောင်းဆိုးလိုက်သည်။ 
ယောကျ်ားတစ်ယောက်၏အသံက ရုတ်ခြည်းထွက်ပေါ်လာသည်။
"နိုးပြီလား"
လင်းရုဖေးသည် အံ့ဩသွားဟန်ဖြင့်ခေါင်းလှည့်ကာ ပြတင်းပေါက်အနီးထိုင်နေသူကိုကြည့်လိုက်သည်။ အနှီသူကဘီးတပ်ကုလားထိုင်ကိုသဘောကျနေပုံရကာ ထိုအပေါ်တွင် ပျင်းရိပျင်းတွဲပုံဖြင့်မှီထိုင်နေလျက် မေးထောက်၍ လင်းရုဖေးအားအဝေးမှကြည့်နေသည်။
လင်းရုဖေး : "ကျွန်တော်ကို ခင်ဗျားရဲ့စွမ်းအားငှါးခဲ့တာလား"
"ငှါးတယ်...ဟုတ်လား...ဘယ်ကသာ"
အနှီသူသည်တိုးညှင်းသည့်အသံဖြင့် : "မင်းရဲ့စွမ်းအားပါ"
ထိုသူသည် ဝမ်းနည်းဟန်ဖြင့်သက်ပြင်းချလိုက်ပြီး: "ဓားသွားကအရမ်းထက်နေတာတော့နှမြောဖို့ကောင်းတယ် ငါကြောက်တာက ဒီလောကကြီးမှာမင်းရဲ့ဓားကိုချိပ်ပိတ်ပေးနိုင်မယ့်ဓားအိမ်မျိုး အများကြီးမရှိမှာကိုပဲ"
လင်းရုဖေး: "ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ"
ထိုလူက : "ဓားကလှပတဲ့ဝိညာဉ် လူခန္တာကတော့ဓားအိမ် မင်းက ဘယ်လိုလုပ် အနုတ်စုတ်ကုပ်စုတ်ကိုယ်နဲ့မွေးလာရတာလဲ"
လင်းရုဖေးကရှုံ့မဲ့သွားကာ "ဒီခန္ဓာကိုယ်က ကျွန်တော်မိဘတွေပေးခဲ့တာ ကျွန်တော် မကြိုက်ဘူးလို့ပြောဖို့အခွင့်အရေးမရှိဘူး"
"ဟုတ်ပါတယ်လေ"
အနှီသူကရယ်မောပြီး အိမ်အပြင်သို့လှမ်းကြည့်၍ဆို၏။ 
"ငါအရင်သွားနှင့်မယ် မင်းအစ်ကိုတွေနဲ့အခြားသူတွေလာနေပြီ"
"ခဏလေး...."
လင်းရုဖေးက အမြန်ပြောလိုက်သည်။ 
"ကျွန်တော်သိချင်တာ...ဒီကအကြီးအကဲနာမည်ကိုသိခွင့်ရှိလား"
"အကြီးအကဲ...ဟုတ်လား"
ထိုလူသည် ဤတလေးတစားအသုံးအနှုန်းကိုပြန်လည်ရေရွတ်မိပြီးနောက် ရေသေကဲ့သို့တည်ကြည်လေးနက်နေသောမျက်နှာထားလေးကိုကြည့်ကာ "ကောင်းပြီလေ အဆိုးကြီးလည်းမဟုတ်ပါဘူး"
လင်းရုဖေးမှာကြောင်စီစီဖြစ်သွားမိပြီး : "ဟမ်...?"
ထိုသူက စကားလုံးသုံးလုံးကိုသာထုတ်ပြောလာ၏။
"ကုရွှမ်းတု"
အနှီသူကအပြုံးလေးဖြင့်ဆိုလိုက်သည်။
"ငါ့နာမည်ကို ကုရွှမ်းတုလို့မှတ်ထား"
လူတစ်ယောက်ကတံခါးကိုတွန်းဖွင့်ပြီးအထဲဝင်လာသဖြင့် လင်းရုဖေးကလှည့်ကြည့်လိုက်မိပြီး၊ သူ တစ်ဖန်ပြန်လှည့်ကြည့်လိုက်ချိန်တွင် ထိုလူကပျောက်ကွယ်သွားချေပြီ။
ဝင်လာသည့်ဧည့်သည်တော်နှစ်ယောက်က လင်းမင်ကျစ် နှင့် လင်းပျန့်ယွီတို့မှအပအခြားသူမဟုတ်ကြချေ၊ စားစရာလင်ဗန်းအား ငိုမဲ့မဲ့ပုံဖြင့်ကိုင်လာသည့် ဖူဟွားလည်းပါသေးသည်။
"ရှောင်ကျို့"
လင်းပျန့်ယွီကသူထလာသည်ကိုမြင်ပြီး အမြန်ထူပေးသည်။
"ဒုတိယအစ်ကို" 
လင်းရုဖေးကညင်သာစွာဆိုသည်။ "ဒဏ်ရာတွေဘယ်လိုနေသေးလဲ"
လင်းမင်ကျစ်က စိတ်မချမ်းမြေ့ပုံဖြင့်: "မင်းက ဒုတိယအစ်ကိုကိုစိတ်ပူနေသေးတယ် သူကအရမ်းမာတာ ဓားနဲ့နောက်ထပ်နှစ်ချက်လောက်ခုတ်ခံရရင်တောင်မသေသေးဘူး"
လင်းပျန့်ယွီသည် ကူကယ်ရာမဲ့စွာဖြင့် "အစ်ကိုကြီး" ဟုဟန့်လိုက်သည်။
လင်းမင်ကျစ်က အေးတိအေးစက်ဖြင့်ဆို၏။ "ငါ့ကိုမင်းအစ်ကိုမှန်းတော့သိသေးတယ်ပေါ့"
လင်းပျန့်ယွီသည်ခံမပြောရဲတော့ဘဲ ဘေးတွင်နာခံမှုရှိစွာဖြင့်ငြိမ်ငြိမ်လေးနားထောင်နေလိုက်သည်။ ကံကောင်းစွာဖြင့် လင်းမင်ကျစ်သည်လင်းရုဖေး၏ကျန်းမာရေးကိုပိုဂရုစိုက်နေရ၍ ဘာမှထပ်မပြောတော့ပေ။ 
သူသည်လင်းရုဖေးအား လင်းပျန့်ယွီ၏ဒဏ်ရာကိုစိတ်မပူရန်ပြောလိုက်သည်။ သူ့ရဲ့ဒဏ်ရာများကပြင်းထန်လင့်ကစားသူ၏အတွင်းအဂါၤများကမပျက်စီးသောကြောင့် လအနည်းငယ်အနားယူလိုက်လျှင်သက်သာသွားမည်ဟုဆို၏။
"အချိန်ကုန်တာမြန်လိုက်တာ မင်းအစ်မတောင်မကြာခင်ပြန်ရောက်လာတော့မယ်"
လင်းမင်ကျစ်ကသက်ပြင်းအသာချမိသည်။ "သူပြန်လာလို့ မင်းရဲ့ဒီလိုယဲ့ယဲ့လေးဖြစ်နေတဲ့ကိုယ်ကိုသာတွေ့သွားရင် နေ့တစ်ဝက်လောက် ပြောလို့ပြီးမှာမဟုတ်တော့ဘူး"
လင်းရုဖေး : "ကျွန်တော်ကယဲ့ယဲ့လေးပဲကျန်တော့တာမဟုတ်ပါဘူးဗျာ"
ပြောရုံရှိသေးစဉ်မှာပင် ချောင်းဆိုးလိုက်ရာပါးစပ်အပြည့်ဖြင့်သွေးများပါလာသည်။
ဖူဟွားမှာသံကုန်ထအော်တော့သည်။ ပိုးသားလက်ကိုင်ပဝါဖြင့်လင်းရုဖေး၏နှုတ်ခမ်းမှသွေးများကိုသုတ်ပေးသည်။
လင်းရုဖေးမှာ ချက်ချင်းလက်ငင်းအပြစ်ရှိစိတ်ကိုခံစားလိုက်ရ၏။
လင်းပျန့်ယွီ: "မင်းကိုယ်မင်းကြည့်ပါအုံး မင်းချောင်းဆိုးနေတာသွေးတွေအကုန်ကုန်တော့မယ် အဲဒါနဲ့များ ယဲ့ယဲ့လေးကျန်တာမဟုတ်ပါဘူးလို့ပြောနေသေးတယ် ငါအဲဒီဝမ်ထန်းဆိုတဲ့ကောင်ကိုမှတ်ထားတယ် နောက်တစ်ခါကျရင် မင်းသူနဲ့မတွေ့နဲ့တော့"
လင်းမင်ကျစ်ကနှာရှုံ့၏။ "မင်းသူနဲ့တွေ့တော့ရောနိုင်မှာလည်းမဟုတ်ပဲနဲ့"
လင်းပျန့်ယွီ : "ဒီတစ်ခါမနိုင်ပေမဲ့ နောက်တစ်ခါကျမပြောနိုင်ဘူးလေ"
လင်းမင်ကျစ်ကသက်ပြင်းချကာ "မင်းဟယ့်မိသားစုကိုအရင်တွေးကြည့်သင့်တယ် ဝမ်ယောင်ပြောပုံအရ ရွှီယွိမိသားစုသစ်ပင်မှာ ခြောက်ယောက်မြောက်ရင်နှစ်သည်းချာလေးမွေးလာပြီလို့ပြောတယ်"
လင်းပျန့်ယွီ : "အဲဒီတော့ဘာဖြစ်လဲ ရင်နှစ်သည်းချာလေးတစ်ယောက်က ဝမ်ထန်းရဲ့တစ်ဝက်တောင်မီလို့လား"
လင်းမင်ကျစ်က ထပ်မပြောတော့ပေ။ သူက လင်းပျန့်ယွီအား လင်းရုဖေးနိုးလာချိန်တွင် ဝမ်ယောင်ဆေးဖော်နေသည့်နေရာသို့သွားခိုင်းလိုက်သည်။ လင်းပျန့်ယွီခမျာအမှားလုပ်မိထား၍ပြန်မငြင်းရဲပေ။ လိမ်လိမ်မာမာဖြင့်ဆေးသွားယူရတော့သည်။
လင်းပျန့်ယွီထွက်သွားပြီးသည်နှင့် လင်းမင်ကျစ်သည် ဖူဟွားနှင့်ယွီရွေ့ကိုပါအပြင်ထွက်ခိုင်းသည်။ လင်းရုဖေးသည် သူ၏အစ်ကိုကြီးအားကြည့်ကာ သူ့အားတစ်ခုခုပြောတော့မည်မှန်းသိလိုက်၏။
ထင်သည့်အတိုင်း လင်းမင်ကျစ်သည်လင်းရုဖေး၏ခေါင်းကိုပုတ်သည်။
စကားပြောလာသည့်သူ၏အသံမှာတိုးညှင်းလွန်း၏၊ "ရှောင်ကျို့ အတွေ့အကြုံရအောင် ခွန်းလွန်တောင်ပေါ်ကဆင်းချင်လား"
လင်းရုဖေးမှာအံ့ဩလွန်း၍ နားကြားမှားသွားပြီဟုထင်မိပြီး : "အစ်ကိုကြီး..."
လင်းမင်ကျစ် : "မင်းထင်နေတဲ့အတိုင်းအတိအကျပဲ"
လင်းရုဖေးသည် ခွန်းလွန်တောင်ပေါ်တွင်နှစ်နှစ်ဆယ်ကျော်ကြာနေထိုင်ခဲ့ပြီး သူရောက်ဖူးသောအဝေးဆုံးနေရာကတောင်ခြေမှမြို့လေးပင်။ သူသည်ခရီးသွားမှတ်တမ်းအများအပြားဖတ်ခဲ့ဖူးပြီး သူ၏ဓားပျံဖြင့်မိုင်သောင်းချီခရီးနှင်ရန်စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူခါးတွင် တုကန်အရက်ကိုချည်ကာ သူသောက်ချင်သလောက်သောက်ရန်တွေးကြည့်ခဲ့ဖူးသည်။ ယင်းက အလွန်တရာမှပျော်စရာကောင်းမည့်ပုံပင်။
သို့သော် လင်းမင်ကျစ်က ယခုလေးတင် လင်းရုဖေး၏ကိုယ်ကိုလေတိုက်လျှင်ပင်လဲသွားလောက်သည်အထိ မျော့မျော့သာရှိသည်ဟုဆိုခဲ့သည်။ သူခွန်းလွန်တောင်မှခွာရန် မည်သည့်နေရာမှအားအင်အပိုရှိပါမည်နည်း။
"မင်းလည်းလင်းမိသားစုစည်းမျဉ်းတွေသိပါတယ်"
လင်းမင်ကျစ်သည် ဩရှသည့်အသံဖြင့် "လင်းမိသားစုရဲ့အတွင်းစည်းတပည့်တိုင်း အရွယ်ရောက်လာရင် ခရီးထွက်ရတယ် ငါရော မင်းရဲ့ဒုတိယအစ်ကိုရော အခုမင်းအစ်မလည်းပြန်ရောက်လာတော့မယ်...မင်းတစ်ယောက်ပဲကျန်တော့တယ်"
လင်းရုဖေး၏ခေါင်းကိုကိုင်ကာ ဝမ်းနည်းစွာဆို၏ : "ရှောင်ကျို့ ဖြစ်နိုင်ရင် ငါတို့ညီအစ်ကိုတွေနဲ့ အစ်မက မင်းကိုကာကွယ်ပေးချင်ပါတယ် ဒါပေမဲ့ မင်းလည်းလှောင်အိမ်ထဲကစာဝါငှက်လေးဖြစ်ချင်လို့လား"
လင်းရုဖေး၏ဖျော့တော့သည့်မျက်ဝန်းများက အလင်းရောင်တစ်ချက်လက်သွားကာ "အစ်ကိုကြီး ကျွန်တော်တကယ်သွားလို့ရလား"
လင်းမင်ကျစ် : "မင်းဆန္ဒရှိရင်ပေါ့"
လင်းရုဖေးက မည်သူမှမအံ့ဩမည့်အဖြေမျိုးပေးလိုက်၏။ 
"ကျွန်တော်သွားချင်ပါတယ်"
လွန်ခဲ့သောလဝက်ကသာ ထိုမေးခွန်းမျိုးမေးခဲ့လျှင် လင်းရုဖေးကငြင်းဆန်နိုင်သည်။ သူကအားနည်းပြီး သူ့ကိုယ်သူလည်းမကာကွယ်နိုင်ချေ။ ဝမ်ထန်းနှင့်ဓားရေးယှဉ်ခဲ့ပြီးနောက် သူ၏ကိုယ်ထဲတွင်ပုန်းကွယ်နေသည့်စွမ်းအားမျိုးရှိသည်ကိုသိခဲ့ရသည်။ ၎င်းကိုမည်သို့အသုံးချရမည်မှန်းမသိသေးလင့်ကစား နောက်ဆုံး၌ လင်းရုဖေးကိုအဆုံးမရှိမျှော်လင့်ချက်များပေးစွမ်းနေသည်။ သူကစွမ်းအားကြီးချင်၍မဟုတ်၊ သူ့ကိုယ်သူကာကွယ်နိုင်သည့်အစွမ်းအစရှိပြီး ယောင်ကွမ်းမှတောင်တန်းနှင့်မြစ်ပြင်များကိုကြည့်ရှုချင်ရုံသာ။
အစ်ကိုကြီး အဖရာ ဟုပြောကြသည်။ လင်းမင်ကျစ်နှင့်လင်ရုဖေးတို့၏ဆက်ဆံရေးက ညီအစ်ကိုထက်ပိုသည်။ ဝေဖန်ရလျှင် အနှီသူသည်သူ့အား အချိန်ရှိသလောက်ဆူပူနေတတ်သည့်လင်းပျန့်ယွီနှင့်မတူပေ။
"မင်းသွားချင်ရင်လည်းသွား နောက်ထပ်သိုင်းပြိုင်ပွဲကျင်းပမည့်စာရင်းကမကြာခင်ထွက်လာတော့မှာ ဒီခရီးမှာ ဖိတ်စာပါယူသွားပေါ့"
လင်းရုဖေးကအပျော်လွန်နေသည်၊ သူ၏ခံစားချက်များကမောက်ကမဖြစ်သွားသည်နှင့် သူ၏ကိုယ်ကနောက်တစ်ကြိမ်တုံ့ပြန်လာပြီးအပြင်းအထန်ချောင်းဆိုးတော့၏။ သူ၏ပါးကပန်းနုရောင်သန်းနေရာမှပုံမှန်မဟုတ်ဘဲနီရဲလာသည်။
လင်းမင်ကျစ်ကပြောချင်သေးသော်ငြား ရပ်တန့်လိုက်ရ၏။
"ဟင့်အင်း အဟွတ်...ကိစ္စမရှိ...အဟွတ်...အဟွတ်...အဟွတ်..ကျွန်တော်ခဏနေသက်သာသွားမှာပါ...အဟွတ်..."
လင်းမင်ကျစ်သည်လင်းရုဖေး၏ပုံကိုကြည့်ပြီး စိတ်မကောင်းဖြစ်သွားကာ သူယခုလေးတင်ပြောခဲ့သည်ကိုနောင်တရလာသည်။
လင်းရုဖေးမှာအောင့်အည်းမထားနိုင်ဘဲ ချောင်းဆိုးနေခဲ့သည်။ သူသည်အိပ်ရာထက်တွင် အားမရှိစွာမှီလိုက်သည့်ပုံမှာ မိုးရေကြောင့်ကိုင်းကျသွားသည့်ပန်းလေးနှင့်ပင်ဆင်တူနေသည်။ လင်းမင်ကျစ်သည် သူအဖျားရှိမရှိသေချာစေရန် နဖူးအားစမ်းကြည့်သည်။ အဖျားရှိနေခြင်းမဟုတ်မှစိတ်အေးသွားရ၏။
လင်းပျန့်ယွီမှာ အမြန်သွားပြီးအမြန်ပြန်လာသည်။ သူကအခန်းထဲသို့ဆေးယူလာသည်။ 
သူ၏နဖူးတွင်ချွေးသီးချွေးပေါက်များ တွဲလွဲခိုနေကာ ဆိုရှာ၏: "ရှောင်ကျို့ ဆေးအမြန်သောက်လိုက်"
လင်းရုဖေးက တာဝန်ယူမှုရှိစွာဖြင့်ဆေးသောက်လိုက်၏။
လင်းရုဖေးဆေးသောက်ပြီးသည်ကိုမြင်သည်နှင့် လင်းမင်ကျစ်သည်လင်းပျန့်ယွီအား ပြောစရာရှိ၍အပြင်ထွက်လာစေချင်သည့်သဘောဖြင့်မျက်နှာရိပ်ပြလိုက်သည်။
လင်းပျန့်ယွီက လင်းမင်ကျစ်ပြောမည့်စကားကိုခန့်မှန်းနေကာ အခြေအနေကမလွယ်ကူတော့မည့်ခံစားချက်ရနေသည်။
ထင်သည့်အတိုင်း ခဏအကြာတွင် အိမ်အပြင်ဘက်မှငြင်းခုန်နေသံများထွက်လာပြီး အကျယ်ဆုံးနှင့် အကြမ်းဆုံးအသံသည် ကျောက်စိမ်းလေးကဲ့သို့နူးညံ့လှပါသော လင်းပျန့်ယွီထံမှပင်။
"အစ်ကိုကြီး ဘယ်လိုပြောလိုက်တာလဲ ရှောင်ကျို့ ကျန်းမာရေးကမကောင်းဘူး အစ်ကိုကြီးသူ့ကိုဖိတ်စာပေးပြီး သေမင်းနဲ့တွေ့ရအောင်လွှတ်လိုက်တာလား ပြီးတော့ အစ်ကိုကြီးလည်းသူ့အခြေအနေကိုမြင်တာပဲ တစ်ချက်လေးလှုပ်တာနဲ့ သုံးရက်လောက်မေ့သွားတာ သူသာအပြင်ရောက်သွားလို့ လူဆိုးနဲ့တွေ့သွားရင်..."
လင်းမင်ကျစ်ကတီးတိုးပြောသည်။
လင်းပျန့်ယွီက အံကြိတ်ကာ "ဟင့်အင်း ကျွန်တော်ကတော့လက်မခံနိုင်ဘူး တတိယညီမလေးလည်းလက်မခံလောက်ဘူး"
သူ၏အသံကထိတ်လန့်နေပုံရသည်။ "သူကဘာလို့သဘောတူမှာလဲ အစ်ကိုကြီးတို့ဘာတွေစဉ်းစားနေကြတာလဲ ရှောင်ကျို့သာမတော်တဆဖြစ်ပြီး ဘယ်တော့မှပြန်မလာနိုင်တော့ရင်ရော...အစ်ကိုကြီးတို့တကယ်နောင်တမရဘူးလား"
လင်းမင်ကျစ်က လင်းပျန့်ယွီအားမည်သို့ပြောလိုက်သည်မသိ၊ သူ၏စကားဆုံးသွားနှင့် လင်းပျန့်ယွီကားလှည့်ထွက်သွားတော့သည်။ သူကစိတ်ဆိုးမာန်ဆိုးဖြင့် ခြံဝန်းထဲမှသစ်သားတံခါးကိုအသံမြည်အောင်ဆောင့်ပိတ်သွားသည်။
မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုးပင်။ လင်းပျန့်ယွီသည် သူအမြဲဆူပူနေကျ ညီလေးဖြစ်သူကို သိုင်းလောက၏အန္တရာယ်များသည့်နေရာများထံမည်သို့များလွှတ်ပေးချင်ပါမည်နည်း။
လင်းမင်ကျစ်ကတံခါးကိုတွန်းဖွင့်ဝင်လာကာဆို၏။
"သူလက်ခံလိုက်ပြီ"
လင်းရုဖေးသည် အနည်းငယ်မယုံသင်္ကာဖြစ်နေသေးသည်။ "ဒုတိယအစ်ကိုကလက်ခံတယ်ပေါ့"
လင်းမင်ကျစ်ကစိတ်ချလက်ချဖြင့် "အင်း"
လင်းရုဖေး: "ဒါပေမဲ့..."
"ဘာဒါပေမဲ့မှမရှိဘူး"
လင်းမင်ကျစ်က ပြတင်းအပြင်မှ ပိန်ခြောက်နေသောချယ်ရီပင်ကြီးကိုကြည့်ကာ "ရှောင်ကျို့ရဲ့ ကံကြမ္မာကရောက်လာပြီ ကံကြမ္မာဆိုတာက လူသားတွေရဲ့စွမ်းအားနှင့်ခုခံကာဆီးထားလို့ရတာမျိုးမဟုတ်ဘူး မင်းတောင်
တန်းကြီးတွေကိုသဘောကျရင် သွားကြည့်လို့လည်းအန္တရာယ်မရှိပါဘူး"
ပြောပြီးသည့်နောက် ကူကယ်ရာမဲ့နေသောအသံဖြင့် ပြောလိုက်သည် 
"ကြည့်ရတာမင်းရဲ့ဒုတိယအစ်ကိုကစိတ်ဆိုးသွားပုံပဲ မင်းပြန်လာရင်သူ့ကိုချော့ဖို့မမေ့နေနဲ့ဦး"
___ ____