အပိုင်း ၂၂
Viewers 15k

Chapter 22
ဝေရွေ့ပြန်လာပြီ


လင်းပျန့်ယွီသည်တော်ရုံဖြင့်ဒေါသမထွက်တတ်ပေ၊ အထူးသဖြင့် သူ၏အချစ်ရဆုံးညီလေး လင်းရုဖေးနှင့်အတိုက်အခံပြောရသည့်အချိန်များ၌ဖြစ်၏။
ယခုမူ လင်းရုဖေးသည်အိပ်ရာထဲတွင်ဗုန်းဗုန်းလဲနေသော်လည်း သူအားစိတ်ဆိုးနေဆဲဖြစ်၍ လာမလည်ပေ။ ရက်အနည်းငယ် အကြာ၌လင်းရုဖေးတစ်ယောက် ပြန်လည်သက်သာလာသော်လည်း သူ့ဒုတိယအစ်ကို၏မည်သည့်အရိပ်အယောင်ကိုမျှမမြင်ရသေးချေ။
လင်းရုဖေးက အနည်းငယ်မျှစိတ်ပူလာမိသည်။
ဖူဟွားထံတွင်အစီအစဉ်ရှိနေ၍တော်သေးသည်။ သူမကမြို့ထဲရှိစံကားပင်များကပန်းပွင့်နေပြီဟုဆိုသည်။ ဒုတိယသခင်လေးက ပန်းပွင့်အရသာနှင့် ဖက်ထုပ်များကိုနှစ်သက်သောကြောင့် ရာသီဥတုကောင်းမွန်နေသော သည်ရက်ပိုင်းအတွင်းမြို့ထဲတွင်ပန်းသွားခူးသင့်သည်ဟုအကြံပေး၏။
လင်းရုဖေးကလည်းအကျိုးအကြောင်းသင့်သည်ဟုယူဆပြီး ဖူဟွား၏အကြံပေးချက်ကိုလက်ခံလိုက်သည်။
ယခုသည် နွေဦး၏အငွေ့အသက်များနှင့်ပြည့်နေပြီး အရာအားလုံးကားအသစ်တဖန်လန်းဆန်းနေသည်။ အပင်ပေါ်မှအပွင့်များကကြွေလွင့်နေပြီး စိမ်းစိုသောအဖူးညှောင့်လေးများထွက်ပေါ်နေကြပြီဖြစ်သည်။ မြက်ခင်းစိမ်းလေးများက ကြီးထွားနေကာငှက်ကလေးများက တေးဆိုကြနေ၍ ကြည်နူးဖွယ်ကောင်းလွန်းလှ၏။
ယနေ့တွင် နေရောင်ခြည်ကတောက်ပနေသည်။ လင်းရုဖေးကလေးလံသောမြေခွေးမွှေးခြုံထည်မှ နွေဦးတွင်ဝတ်ဆင်သည့်ပေါ့ပေါ့ပါးပါးပုံစံသို့ပြောင်းလဲလိုက်သည်။ နွေဦးဝတ်စုံသည်အောက်ခံအဖြူပေါ်တွင် ရွှေချည်မျှင်များထိုးထားပြီး အနားသတ်များကိုအဖြူရောင်အမွှေးများဖြင့်အဝိုင်းပုံစံကွပ်ထားသည်။ 
သူ၏ခါးတွင် အစ်ကိုကြီးမှစိတ်တည်ငြိမ်စေသည်ဟုဆိုကာ ပေးထားသည့် အဖိုးတန်ကျောက်စိမ်းခါးပတ်ရှိသည်။ ခါးမှတွဲလောင်းချိတ်ထားသည့်အမွှေးအိတ်မှာ သူ၏အစ်မကြီးကိုယ်တိုင်ချုပ်ထားသည့်အိတ်ဖြစ်သည်။ ချည်ထိုးထားပုံမှာထူးဆန်းသော်ငြား လင်းဝေရွေ့၏လက်လုပ်အိတ်ဆိုသည်မှာ သူတို့အတွက် ရှားပါးပစ္စည်းတစ်မျိုးပင်။ 
အိမ်မှမထွက်မီ ဖူဟွားကအပြင်တွင်လေအနည်းငယ်ထန်နေသည်ကိုသတိထားမိပြီး လင်းရုဖေးအားလေကာစေမည့်ဝတ်ရုံကိုပေးသည်။ လင်းရုဖေးကား သူ၏ခန္ဓာကိုယ်အခြေအနေကိုသိနေ၍မငြင်းဆန်ချေ။ လေလေးတစ်သုတ်ကပင် လင်းရုဖေးအားအအေးမိအောင်လုပ်နိုင်သည်။
တောင်အောက်သို့ အကြာကြီးလမ်းလျှောက်လာကြပြီးမကြာမီသူတို့တွေမြို့ရှိရာသို့ရောက်ချေပြီ။ မြို့၏ယနေ့မြင်ကွင်းသည် ယခင်နေ့ရက်များနှင့်ကွာခြားသည်။ တံတားတစ်ဝိုက်၌လူအုပ်ကြီးသည် တစုံတခုကိုဆုတောင်းနေကြပုံပေါ်၏။
လင်းရုဖေးမှာသိချင်သွားရကာ "အဲဒီလူတွေဘာလုပ်နေကြတာလဲ"
ဖူဟွား : "ကျွန်မလည်းမြို့ထဲမရောက်ဖြစ်တာကြာပြီ သခင်လေး ခဏစောင့်နော် ကျွန်မသွားမေးကြည့်လိုက်မယ်"
ဖူဟွားကလှည့်ကာ လူအုပ်ကြီးထဲတိုးဝင်သွားသည်။ လင်းရုဖေးကတစ်ယောက်တည်းလျှောက်သွားနေပြီး နှစ်လှမ်းသာလှမ်းရသေးစဉ်သူထူးဆန်းနေသည့်အရာကိုတွေ့လိုက်ရသည်။ ဤမြို့မှလူများမှာ မြောက်ပိုင်းခွန်းလွန်တောင်ထွတ်ကို မြင်တွေ့ခွင့်ရပေသည်။ သို့သော် သူကြည့်လိုက်သည့်အခါ မူလကမြင့်မားလှပသောမြောက်ပိုင်းတောင်ထွတ်၏ မညီမညာနှင့်ပုံမကျသောကျောက်ဆောင်များအပါအဝင် ယင်းတို့ကတစ်စုံတစ်ခုကြောင့် အက်ကွဲကုန်သယောင်ထင်ရသည်။ ချောမောရာတွင်စံပြထားရသည့်လူတစ်ယောက်က အကြောင်းမဲ့ဆံပင်ဖြတ်ပစ်သည့်နှယ်။
ဆံပင်ဆိုမှ လင်းရုဖေးသည်ချယ်ရီတောထဲမှ ရွှေရောင်အမွှေးဖြင့်မျောက်မင်းကိုနားလည်ရခက်စွာသတိရမိသည်။ သူ၏နှလုံးသားထဲမှအပြစ်ရှိစိတ်အနည်းငယ်ကတိုးထွက်လာ၏။ သို့သော် ကောင်းသွားသည်ကမြောက်ပိုင်းတောင်ထွတ်မှမတော်တဆမှုသည်သူနှင့်မသက်ဆိုင်သဖြင့် တွေးတောကြည့်ပြီးသည်တွင် လင်းရုဖေး၏နှလုံးသားကအတော်လေးတည်ငြိမ်သွားခဲ့သည်။
ဖူဟွားက သတင်းအားစုံစမ်းပြီး၍လင်းရုဖေးထံပြန်ရောက်လာသည်။ သူမ၏မျက်နှာအမူအရာက နေရခက်နေဟန်ပေါ်ကာ သူမဘာကြားလာသည်လဲ သူမသိပေ။
"ဟို...လွန်ခဲ့တဲ့ရက်က ခွန်းလွန်တောင်ထွတ်ရဲ့မြောက်ပိုင်းကဓားတစ်ချောင်းနဲ့ရုတ်တရက်ကြီးခွဲခံလိုက်ရတယ် မြို့ထဲကလူတွေအတော်များများဓားစွမ်းအင်ကိုတွေ့လိုက်ရတယ် ပြီးတော့ သူတို့ကနတ်ဘုရားတွေပဲ ဒီလိုဓားမျိုးကိုလုပ်နိုင်မယ်လို့ထင်နေကြတယ် ရလဒ်ကတော့သူတို့စပြီးဆုတောင်းကြတော့တာပဲ"
လင်းရုဖေးမှာစိတ်ဝင်စားသွားပြီး : "ဒီနှစ်ရဲ့သိုင်းပြိုင်ပွဲမှာတကယ်ကြီးစွမ်းအားကြီးတဲ့လူအချို့ပါမယ်ထင်တယ် ဒီလိုဓားမျိုးကိုလွှဲနိုင်တာဘယ်သူလဲသိလား"
သူသည်ထိုကိစ္စနှင့်ပတ်သတ်ပြီး အလွန်တရာသိချင်စိတ်ဖြစ်နေသည်၊
"ဒါပေမဲ့ ထူးဆန်းတယ် ငါတို့ရဲ့မြောက်ပိုင်းခွန်းလွန်တောင်ထွတ်ကခုတ်ပိုင်းခံလိုက်ရပြီးတော့ ဒုတိယအစ်ကိုကလည်းစိတ်မဆိုးဘူး"
ဖူဟွားသည် လင်းရုဖေးကထူဆန်းနေသည့်အရာကိုသတိမထားမိကြောင်းသိလိုက်ရသည်။ 
သူ၏မျက်နှာကအလွန်တရာအမှန်အတိုင်းသိချင်စိတ်ပြင်းပြနေသည်ကိုတွေ့လိုက်ရသောကြောင့် သူမသက်ပြင်းချပြီးပြောလိုက်သည်။
"သခင်လေး ဒုတိယသခင်လေးနဲ့ကုဖေးယွိတို့ ဓားရေးပြိုင်ကြတုန်းကအချိန်ကိုမှတ်မိလား"
ဖူဟွား : "အဲဒီနေ့ကသခင်လေးပဲကျုံးဖုန့်ကိုကိုင်ပြီး အမြင့်ကြီးကနေအောက်ကိုဓားနဲ့လွှဲ...."
လင်းရုဖေးကား ခဏတဖြုတ်ခန့်အေးခဲသွားရပြီးည: "အမှန်ပဲ ဒါပေမဲ့ အဲဒါနဲ့ငါကဘာဆိုင်လို့လဲ"
ဖူဟွားက ဘာမှမသိဟန်ဖြစ်နေသော သူမ၏သခင်လေးကိုစိုက်သာကြည့်နေလိုက်သည်။ အချိန်အတန်ကြာသည်အထိ သူမစကားတစ်လုံးမှမဆိုချေ။ 
သူမတွေးနေသည်မှာ : သူမသာလင်းရုဖေးအား အနှီသူသည် တောင်ထွတ်ကိုခေါင်းဖြတ်သလိုတိကနဲဖြတ်ပစ်ခဲ့သည့်အကြောင်းအမှန်အတိုင်းတည့်ပြောလိုက်လျှင်သူ့အတွက် အားတက်စရာအလွန်အကျွံဖြစ်သွားလေမလား ဟူ၍ပင်။
ကံသီ၍ လင်းရုဖေးသည် ဖူဟွား၏တိတ်ဆိတ်ငြိမ်သက်မှုထံမှအရိပ်အမြွက်အနည်းငယ်အားသတိထားမိသွား၏။ သူသည် ဖူဟွားအားသံသယဖြစ်စွာဖြင့်ကြည့်နေမိပြီး အဝေးမှတောင်ထက်ပင် သူမကပို၍သံသယဖြစ်ဖွယ်ကောင်းလာလေ၏။ 
သူကသူ့ကိုယ့်သူလက်ညိုးထိုးလိုက်ပြီး: "ငါကလား"
ဖူဟွားသည် လင်းရုဖေး၏လက်ဖျားခါလောက်သောအမူအရာကိုကြည့်ကာ မနေနိုင်တော့၍အနည်းငယ်ရယ်မိသွားသည်။ 
သူမရယ်နေတာကိုထိန်းလိုက်ပြီးမှ : "အဲဒီနေ့က သခင်လေးပွဲကြည့်စင်ဘက်သွားတာကိုလူတွေမြင်လိုက်တယ်လေ မျက်စိကောင်းတဲ့သူတွေဆိုရင် သခင်လေးဓားကိုယမ်းလိုက်တာတောင်မြင်ကြတယ်...သခင်လေးကိုလူတွေကမသိကြတော့ ခွန်းလွန်တောင်ပေါ်မှာမသေမျိုးရှိနေတယ်ဆိုပြီး လုပ်ကြံပြောကြတော့တာပဲ လွန်ခဲ့တဲ့ရက်ကလည်း ဝမ်ထန်းနဲ့သခင်လေးတို့သိုင်းပြိုင်ကြပြီး မိုးကြိုးကိုတောင်ဆင့်ခေါ်သလိုဖြစ်သွားသေးတယ် သခင်လေးဓားကိုလွှဲလိုက်တာ တိမ်တောင်အပိုင်းပိုင်းပြတ်သွားတယ် ဘယ်သူမှပြိုင်ပွဲမှာကြည့်တဲ့လူမရှိပေမယ့် မြို့ထဲကိုသတင်းပြန့်သွားတာကတော့မြန်တယ်လေ"
ပြောပြီးနောက် သူမက မထိန်းနိုင်တခွီးခွီးရယ်လိုက်ပြီး "သူတို့ကိုမေးကြည့်ဖို့သွားတော့ တစ်ယောက်ယောက်ကသခင်လေးကိုတိုင်တည်ပြီးဆုတောင်းနေတယ်တဲ့လေ"
လင်းရုဖေးသည် ခေတ္တခန့် ကြောင်အစွာရပ်နေပြီးမှ အသက်ပြင်းပြင်းရှူ၍လူအုပ်ထဲသို့တိုး၀င်လျှောက်သွားလိုက်သည်။ လူများကအမှန်တကယ်ပင် ရွှံ့စေးရုပ်တုတစ်ခုကိုပူဇော်နေပြီးရုပ်တုပုံစံမှာ အတော်လေးပင် ရှိန်စရာကောင်းနေ၏။ ယင်းတွင် ဩဇာကိတ္ထမကြီးမားသောရုပ်ရည်ရှိသည်။ ထိတ်လန့်ဖွယ်ကောင်းသည်မှာ ရုပ်တုတွင်ခေါင်းနှစ်လုံးနှင့်လက်လေးဖက်ပါနေခြင်းပင်။ လက်လေးဖက်လုံးတွင် ဓားများကိုင်ထားသေးသည်။
လင်းရုဖေး၏စိတ်ထဲတွင် စကားလုံးနှစ်လုံးသာပေါ်လာ၏။
'ဒါက ဘယ်သူကြီးလဲ...'
ဖူဟွားသည်ကျောပေးကာအားရပါးရရယ်မောပြီးနောက် မျက်ရည်များကိုသုတ်ကာ: "ခွန်းလွန်တောင်ကလူနည်းနည်းပဲ သခင်လေးရဲ့ပုံစံကိုမြင်ဖူးကြတာလေ ကောလဟလများပျံ့ချက်ကတော့ အံ့ဩစရာပဲ"
ဖူဟွားကတခစ်ခစ်ဖြင့်: "လက်လေးဖက်နှင့်ခေါင်းနှစ်လုံးက ဆိုးတော့မဆိုးပါဘူးလေ ဟဟ"
ဖူဟွားသည် မြေကြီးတုန်လောက်သည်အထိမမောနိုင်မပန်းနိုင်ရယ်နေမိ၏။
လင်းရုဖေးခမျာ မျှော်လင့်ချက်မရှိတော့သည့်ပုံဖြင့် သူပုံစံနှင့်နည်းနည်းလေးပင်မတူညီသောရုပ်တုကိုကြည့်နေမိသည်။ သူ တဒင်္ဂခန့်တွေးတောပြီးနောက် တဖက်လှည့်ကာသူ၏အိတ်ထဲမှကြေးပြားများကိုထုတ်လိုက်၏။ သူနဘေးမှပျံကျဈေးသည်အဘိုးအိုထံတွင်အမွှေးတိုင် သုံးတိုင်ဝယ်လိုက်သည်။ 
ထို့နောက် ခါးကုန်းကာ တရိုတသေဖြင့်ပူဇော်နေပြီး ပါးစပ်မှလည်း စကားလုံးတချို့ကိုလည်းတီးတိုးရေရွတ်လိုက်သည်
: "နောက်တစ်ခါ ဘယ်တော့မှတောင်ပေါ်မှာ ဓားမယမ်းပါနဲ့ဗျာ"
တောင်များ မရေတွက်နိုင်အောင်ရှိသည့်တိုင် လှပသည့်တောင်ကားအနည်းငယ်မျှသာရှိသည်။ ဤတစ်ချက်အဝှေ့နှင့်ပင် သူ၏အစ်ကိုကြီးခမျာနှစ်ဝက်ခန့် ယူကြုံးမရဖြစ်နေမည်ကိုသူကြောက်ရွံ့မိသည်။
ဒဏ္ဏာရီလာ လက်လေးဖက်နှင့်ခေါင်းနှစ်လုံးရှိ မသေမျိုးကိုပူဇော်ပြီးကြသည့်အခါ လင်းရုဖေးကသူ၏မြင်းဖြူပေါ်တွင်ထိုင်ကာ စံကားပန်းခူးရန်ဖူဟွား၏အနောက်မှလိုက်သွားလိုက်သည်။
ယခုနှစ်နွေဦးတွင် မိုးအနည်းငယ်သာရွာသည်။ စံကားပင်မှပန်းများကထူးခြားစွာဖြင့်လှပနေ၏။ ယင်းတို့ရဲ့သစ်ကိုင်းပေါ်တွင် ပြွတ်ခဲပွင့်နေပုံမွာ အသက်ဝင်လှသည်။
ဖူဟွားသည်ချည်အိတ်ကိုထုတ်ကာ သစ်ပင်ပေါ်တက်သွားပြီးစတင်ခူးလေတော့၏။ လင်းရုဖေးသည်အပင်အောက်တွင်ရပ်နေပြီး ကိုင်း၏ဟိုအဖျား သည်အဖျားမှပန်းများကိုကြည့်နေမိသည်။
လူနှစ်ယောက်က ပန်းခူးနေကြချိန်တွင် အစိမ်းရောင်ကျောက်ခင်းလမ်းသွယ်လေးပေါ်တွင်ဒုန်းဆိုင်းပြေးလွှားနေသည့်မြင်းခွာသံများကြားရသည်။ သူလှည့်ကြည့်လိုက်ချိန်တွင် အနက်ဝတ်နှင့်မိန်းမငယ်လေးတစ်ယောက်ကနီညိုရောင်မြင်းကိုအသောနှင်၍ မြို့ထဲသို့စီးသွားသည်ကိုတွေ့လိုက်ရသည်။ မိန်းမပျိုလေးသည်လှပပုံရသော်ငြား သူမ၏မျက်နှာမှာမူအေးစက်နေ၏။
ထို့အပြင် သူမ၏နောက်ကျောဘက်မှသွေးကွက်ကြီးကား မျက်စိဖမ်းစားစရာဖြစ်လွန်းနေသည်။
မိန်းမငယ်လေးကမြင်းနှင့်ဖြတ်သွားချိန်တွင် လူတိုင်းကဘေးသို့ရှဲကာအကာအကွယ်ယူလိုက်ကြသည်။
သို့သော်ငြား လင်းရုဖေးသည်မျက်လုံးများတောက်ပသွားရကာ ပြုံးလျက်လှမ်းခေါ်လိုက်၏။ 
"တတိယအစ်မ...."
မိန်းမငယ်လေးကလှည့်ကြည့်လာပြီး လင်းရုဖေးအားတွေ့လိုက်သည့်အခါ သူမ၏မျက်နှာပေါ်မှအေးစက်မှုများက အစရှာမရအောင်ပျောက်ကွယ်သွားကာ ချစ်စဖွယ်အပြုံးလေးသာကျန်ရှိနေတော့သည်။ 
"ရှောင်ကျို့...!"
မြင်းခွာသံမှာ ရုတ်ခြည်းရပ်တန့်သွားသည်။ သူမသည်မြင်းပေါ်မှခုန်ဆင်းပြီး လှည့်လာကာနှစ်အတန်ကြာမတွေ့ခဲ့ရသောသူ၏မောင်လေးကိုခပ်ကြမ်းကြမ်းပြေးဖက်လိုက်သည်။
"ရှောင်ကျို့ နင်ဘယ်လိုလုပ်ဒီမှာရှိနေတာလဲ ဒါပေမဲ့ ငါနင်တို့ကိုလည်းမပြောထားပါဘူး နင်ဘယ်လိုသိတာလဲ စံကားပန်းတွေလာခူးတာလား ကြည့်စမ်းပါဦး အစားကိုသေချာမစားဘူးလား ဘယ်လိုလုပ်ပြီးဒီလောက်တောင်ပိန်ကျသွားရတာလဲ...."
စကားအများကြီးပြောရသည်ကိုမကြိုက်တတ်သည့် လင်းဝေရွေ့သည်ယခုမူ ချိပ်ပွင့်နေသောကြိမ်နှုန်းမြင့်ယူရေနီယမ်အသံဖမ်းစက်တစ်လုံးနှင့်တူနေ၏။
မေးခွန်းများကတစ်ခုပြီးတစ်ခုမေးနေသဖြင့် လင်းရုဖေးခမျာပြန်ဖြေရန်ခက်နေသည်။ နောက်ဆုံးတွင် သူဖြတ်မပြောရန်သာဆုံးဖြတ်လိုက်တော့၏။ သူသည်လင်းဝေရွေ့အား မမောမချင်းပြောခွင့်ပေးထားလိုက်သည်။ 
သူမကငိုကြီးချက်မဖြင့်: "ရှောင်ကျို့ ဘာလို့ဘာမှမပြောတာလဲ အစ်မကြီးနဲ့မတွေ့ရတာသုံးနှစ်တောင်ရှိသွားပြီလေ အခုတော့မင်းကစိမ်းသွားပြီလား"
လင်းရုဖေး : "အစ်မ အစ်မ မေးတာတွေကအရမ်းများနေတော့ ကျွန်တော်ကဘယ်လိုလုပ်ပြန်ဖြေရတော့မလဲ ဖြည်းဖြည်းချင်းမေးလေဗျာ"
ထိုအခါမှ လင်းဝေရွေ့တစ်ယောက် မြည်တွန်တောက်တီးနေသည့်အမှုကိုရပ်တန့်လိုက်တော့သည်။
ဖူဟွားက စံကားပန်းများကိုအိတ်နှင့်အမောက်ခူးလာပြီးသည်ဖြစ်ရာသုံးယောက်လုံးပြန်ရန်စီစဉ်ကြသည်။ သို့ရာတွင် သူတို့မြို့ကိုဖြတ်လာကြသည့်အချိန်တွင် လင်းဝေ့ရွေသည် တရိုတသေနှင့်ဒူးထောက်နေသူများကိုကြည့်ပြီး အတော်လေးထူးဆန်းသည်ဟုတွေးနေမိသည်။ သူတို့ကလက်လေးဖက်ရှိသူကိုဝတ်ပြုဆုတောင်းနေသည်ဟုဆိုကြသည်။ 
ဤလောကကြီးတွင် စွမ်းအားကြီးနတ်ဘုရားက အမှန်တကယ်ရှိနေသည်လား...။
လင်းရုဖေးက ကူကယ်ရာမဲ့နေပြီး မရှင်းပြချင်တော့သောကြောင့်ဖူဟွားအားပြောရန်အချက်ပြလိုက်သည်။
ဖူဟွားသည် လင်းဝေရွေ့အားအကြောင်းစုံရှင်းပြနေချိန်တွင်မရယ်မိအောင်မနည်းထိန်းထားရသည်။ လင်းဝေရွေ့က နားထောင်နေရင်း သွားတွေပြုတ်ထွက်မတတ် အော်ရယ်တော့သည်။ သူမကလင်းရုဖေး၏ပုခုံးကိုရိုက်ကာသူမတို့မောင်နှမများက အောင်မြင်ရန်မွေးဖွားလာကြသူတွေဖြစ်ကြောင်းဂုဏ်ယူဟန်လေးဖြင့်ပြောလာသည်။ သူမတို့ လင်းမိသားစုရဲ့စတုတ္ထမြောက်သားကလက်လေးဖက်ရှိပြီး ကောင်းကင်ဘုံကိုးဘုံမှမသေမျိုးဖြစ်ကြောင်းလူအများသိအောင်ကြေငြာသင့်ပေ၏။
လင်းရုဖေးက မြင်းဖြူပေါ်တွင်ထိုင်ကာ လင်းဝေရွေ့သူ့အားလှောင်နေသမျှကိုနားထောင်နေရသည်။ 
ယင်းကသူ့အား ငယ်ဘဝသို့ပြန်ရောက်သွားစေသည်။
ထိုအချိန်က သူသည် ငယ်သေးပြီးအားနည်းလွန်းသောကြောင့်မြင်း၏ခြေနင်းကွင်းပေါ် ပင်မတက်နိုင်ချေ။ အစ်မကြီးလင်းဝေရွေ့ကသူ့အားချီတင်ပေးရသည်။ လမ်းလျှောက်နေကြစဉ် သူမက သူမဖတ်ထားသည့် သိုင်းလောကအတွင်း လေ့လာစူးစမ်းသည့်လမ်းခရီးအကြောင်းပြောပြသည်။ လင်းမင်ကျစ်ကစကားမပြောဘဲရှေ့မှနေမြင်းဇာတ်ကြိုးကိုကိုင်ကာလျှောက်သည်။ လင်းပျန့်ယွီကမူ ဘေးတွင် မျက်ခုံးများကိုညင်သာစွာတွန့်ကွေးရင်း ပတ်၀န်းကျင်ကိုအဆက်မပြတ်စောင့်ကြပ်ပေးသည်။
လင်းရုဖေးကကံမကောင်းပေ။ ခွန်းလွန်တောင်သည် ဓားနှင့်စပ်လျဉ်း၍အမည်ကျော်ကြားပြီး သူ့ထံတွင်မူ ဓားတစ်လက်ပင်မရှိ။ သို့သော်ကံကောင်းထောက်မစွာဖြင့် သူမွေးလာတည်းက သူ့အား ရတနာလေးသဖွယ်စောင့်ရှောက်ပေးကြသည့် အစ်ကိုနှင့်အစ်မတို့ရှိပေ၏။
ယခုမူ သူကမြောက်ပိုင်းတောင်ထွတ်အားဓားဖြင့်ခွဲခဲ့ပြီး ဘယ်လိုလုပ်ပြီးထိုသို့ဖြစ်သွားလဲဆိုတာတော့ သူလည်းမသိချေ။ သို့ပေမယ့် ထိုအဖြစ်အပျက်တွေက သာယာအေးချမ်းလှသည့် သူ့အနာဂတ်နေ့ရက်များအား ဒေါသတကြီးဖြင့် မွှေနှောက်လိုက်သည့်ရေအေးများနှယ်ပင်။
'ဖြစ်သမျှအကြောင်းပေါ့ကွာ' လင်းရုဖေးကားတွေးလိုက်၏။ 
ထိုသို့တွေးတတ်သည်ကလည်း သေမျိုးများ၏ ပျော်ရွှင်မှုတွေထဲက တစ်ခုဖြစ်ပေလိမ့်မည်။
___________