အပိုင်း ၂၃
Viewers 15k

Chapter 23
 တောင်တန်းဆီသို့အပြန်



လင်းဝေရွေ့သည်မျက်နှာအမူအရာ အေးစက်လွန်းသည့်အပြင် ဒေါသလည်းအကြီးဆုံးသူဖြစ်၏။ ခွန်းလွန်တောင်၏တပည့်များက သူမနှင့်ပက်ပင်းဆုံကြသည့်အခါ ခေါင်းကိုနှိမ့်နိုင်သမျှနှိမ့်၍သူမနှင့်ဝေးဝေးနေကြသည်။ လင်းဝေရွေ့သည် လင်းမင်ကျစ်ကဲ့သို့စိတ်တည်ငြိမ်မှုမရှိသလို လင်းပျန့်ယွီမျှလည်းဗဟုသုတမကြွယ်ဝချေ။ ဆိုရသော် သူမသည် လင်းမိသားစု၏လက်ရှိမျိုးဆက်တွင် စိတ်အဆတ်ဆုံးသူပင်။ သူမ မနှစ်သက်သူဆိုပါကအရိုးတွင်းအထိမုန်းတတ်သည်။ သူမနှစ်သက်သူဖြစ်နေလျှင် မိုးပေါ်မှကြယ်ကိုပင်မရမကစွတ်ယူပေးလိမ့်မည့်သူမျိုးပင်။
လင်းဝေ့ရွေက လင်းရုဖေးကိုကား အင်မတန်ချစ်ခင်ပေ၏။ 
လင်းရုဖေးအသက် ဆယ့်နှစ်နှစ်တွင် သူမတို့၏အမေကားနာမကျန်းဖြစ်၍ဆုံးပါးသွားခဲ့သည်။ ထိုအချိန်က သေးငယ်ပိန်လှီသော လင်းရုဖေးလေးမှာ သူမ၏လက်မောင်းကြားတွင်မေ့မြောလုနီးပါးငိုယိုနေခဲ့သည်။ လင်းဝေရွေ့မှာလည်း ထိုစဉ်က မိန်းမငယ်လေးတစ်ယောက်ပင်။ သူမသည် သူမ၏မောင်ငယ်လေးအားဖက်ထားလျက် သူမတွေးနေခဲ့သည်က နောက်တခါလင်းရုဖေးငိုကြွေးနေသည့်အဖြစ်အား ဘယ်တော့မှမမြင်တွေ့လိုတော့ဘူး ဟူ၍ပင်။
သူမက ပြောသည့်အတိုင်းလုပ်တတ်သည့်သူမျိုးပင်။ ယခုတစ်ကြိမ်တွင် သူမက ရင်ဘတ်ပေါ်လက်တင်၍ ခွန်းလွန်တောင်ပေါ်တွင်မည်သူမှလင်းရုဖေးအား အနိုင်ကျင့်ပြီး မလေးမစားမလုပ်ရဲရန်အာမခံချက်ပေးနိုင်ပေ၏။
လင်းရုဖေးအသက်ရှင်နေသရွေ့ ထိုသူတို့က သူ့အားအလိုလိုက်ထားပြီးဖျက်ဆီးပစ်ကြမည်မှာသေချာပေါက်ပင်။
သို့သော် ယခုသူမ၏အရွယ်ရောက်နေပြီးသောမောင်လေးက သူ့သဘောနှင့်သူ ခွန်းလွန်တောင်ပေါ်မှထွက်ခွာတော့မည်ပင်။ လင်းမင်ကျစ်၏စာကိုဖတ်ပြီးနောက် လင်းဝေရွေ့သည်စိတ်ထဲတွင်ဗလာဖြစ်မှုကိုခံစားလိုက်ရသည်။ သူမသည်ဓားပျံဖြင့် သုံးရက်သုံးညတိုင်တိုင်ခွန်းလွန်တောင်ကိုပျံသန်းလာပြီးနောက် ချီစွမ်းအင်များလျော့ကာပင်ပန်းလာသဖြင့် မြင်းကောင်းတစ်ကောင်အား ဈေးကြီးပေးဝယ်ကာ အသော့နှင်၍အမြန်ပြန်လာခဲ့ရသည်။
ခရီးစဉ်မှာအလွန်အမင်းပင်ပန်းစရာကောင်းသည့်တိုင် လင်းရုဖေးအားမြင်ရပြီးနောက် သူမ၏ပင်ပန်းနွမ်းနယ်မှုတို့က ပျော်ရွှင်မှုအဖြစ်ပြောင်းလဲသွားတော့သည်။
"မင်းအစ်မကိုလွမ်းနေခဲ့ရဲ့လား ရှောင်ကျို့"
သူမက တကျည်ကျည်လုပ်နေတတ်သည့်အမေကြီးနှယ် "ဒီအစ်မကြီးက မင်းကိုမတွေ့ရတာသုံးနှစ်တောင်ရှိပြီ မင်းထပ်ပိန်သွားပြန်တာလား မင်းအစားစားတာကို ထျန်းကျွယ်တစ်ယောက်ဂရုမစိုက်ပြန်ဘူးလား ငါပြန်ရောက်မှသူ့ကို နာနာလေးရိုက်ပေးရမယ်"
မိသားစု၏အထွေးဆုံးလေးသည် အနည်းငယ်ပင်စိတ်မရှည်မဖြစ်ဘဲ သူမ၏မြည်တွန်တောက်တီးနေမှုကို ငြိမ်ငြိမ်လေးနားထောင်ပေးနေ၏။
သူမကပြောပြီးသူကနားထောင်ပေးသည်။ သူ၏မျက်လုံးထောင့်များမှာ သိမ်မွေ့စွာဖြင့်ကွေးညွတ်နေသည်။
လင်းရုဖေး၏ အဆိုပါ ပုံစံကိုမြင်ပြီး လင်းဝေရွေံ၏နှလုံးသားလေးကယားကျိကျိဖြစ်လာသည်။ သူမသည်လင်းရုဖေးကိုပို၍ အကြင်နာတရားနှင့်နားလည်တတ်မှုတို့မရှိဘဲ နှလုံးသားမဲ့ကာ မာနကြီးပြီးမောက်မာနေစေချင်မိသည်။
လက်တွေ့ဘ၀တွင် နှလုံးသားမရှိ သွေးအေးသူတို့က ပိုမို၍အေးဆေးသည့်ဘဝတွင်နေထိုင်နိုင်ကြသည်။ လင်းရုဖေးက အနှီအမှန်တရားအားသိရန်အဝေးကြီးလိုနေသေးပေသည်။
လင်းရုဖေးက လင်းဝေရွေ့နှင့်စကားစမြည်ပြောဆိုရတော့၏။
"အစ်မပြန်မလာခင် မော့ယွီနဲ့ရှဲ့ကျစ်ယောင်တို့ဆီသွားသေးလား"
"သွားခဲ့သေးတယ် ဒါပေမဲ့ ငါသူတို့ကိုတော့မတွေ့ခဲ့ဘူး"
လင်းဝေရွေ့သည် မြင်းစီးနေရင်းသူမပါးစပ်ထဲတွင် မြက်ပင်တစ်ပင်အားကိုက်ထားသေးသည်။
"သူတို့မိသားစုရဲ့အစေခံက ရုတ်ရုတ်သဲသဲဖြစ်အောင်လုပ်လိုက်တယ်ထင်တယ် ရှဲ့မိသားစုတစ်စုလုံး ပြဿနာအကြီးကြီးတက်နေလေရဲ့ ငါကအိမ်ပြန်ဖို့အလျင်လိုနေတော့ စောင့်မနေတော့ဘူးလေ"
ဖူဟွား: "အစေခံ ဟိုအာချောင်တဲ့အစေခံလွီအာလား"
လင်းဝေရွေ့ : "အေး သူပဲ"
သူမသည်လင်းရုဖေးထံခေါင်းပြန်လှည့်လိုက်ပြီး "ရှဲ့မိသားစုကနောက်ထပ်သိုင်းပြိုင်ပွဲကျရင် လာကြမှာ သည်ရက်တွေထဲ လင်းမိသားစုအစား ရှဲ့မိသားစုဆီကို ဖိတ်စာပို့လိုက်အုံး မင်းမော့ယွီနဲ့အတူသွားနှင့်လိုက်"
လင်းရုဖေးကခဏစဉ်းစားလိုက်ပြီး "ရပါတယ်"
ရှဲ့ကျစ်ယောင်က သူနှင့်ကလေးဘဝက ကစားဖော်များဖြစ်ခဲ့ကြသည်။ ရှဲ့မိသားစု ပြဿနာများရင်ဆိုင်ကြရချိန်က အကြီးအကဲများအချင်းချင်းဆက်ဆံရေးအဆင်ပြေ၍ စောင့်ရှောက်ပေးရန်ခွန်းလွန်တောင်သို့သူ့အားပို့လိုက်ကြသည်။ သူနှင့်လင်းရုဖေးကအသက်အလွန်အမင်းမကွာကြဘဲ အကျင့်စရိုက်များမှာလည်း တူညီစွာတည်တည်ငြိမ်ငြိမ်ရှိကြသည်။ ရှဲ့ကျစ်ယောင်၏အနားတွင် လွီအာဟုခေါ်သည့်အစေခံတစ်ယောက်သာရှိ၏။
အနှီသူသည် ဒေါသကြီးရုံသာမက ရမ်းသမ်းပြောတတ်သည့်အကျင့်လည်းရှိသေးသည်။ သူစကားဆယ်ခွန်းပြောလျှင် ကိုးခွန်းခန့်ကလူများသူ့အားရိုက်ချင်လာအောင်လုပ်နိုင်သည်။ ရှဲ့ကျစ်ယောင်ဘက်မှအကြီးအကဲများကထိုသို့သောပုဂ္ဂိုလ်ကိုသူ၏အနား၌အဘယ်ကြောင့်ထားခဲ့မှန်း မည်သူမှမသိကြချေ။
လွီအာသည်လင်းရုဖေးအား ပထမဆုံးတွေ့ရသည့်ထိုနှစ်ကပြောခဲ့သည်မှာ: "ဒီလူကဘာလို့ဒီလောက်တောင်အသားဖြူရတာလဲ ချူချာတဲ့မျောက်ပေါက်စလေးလိုပဲ"
လင်းရုဖေးမတုံ့ပြန်ရသေးခင် ရှဲ့ကျစ်ယောင်က လွီအာ၏မျက်နှာကိုတစ်ချက်ဖြတ်ရိုက်လိုက်လေသည်။ မည်းမှောင်နေသောမျက်နှာဖြင့် ထိုသူက သူ့အားဒူးထောက်ပြီးလင်းရုဖေးအားတောင်းပန်စေသည်။ လွီအာကငိုပြီးရင်းငိုကာ ငြင်းဆန်နေပြီး နောက်ဆုံးတွင် ရှဲ့ကျစ်ယောင်ကသူ့အား ဒူးကိုဖြတ်ကန်ကာ လင်းရုဖေးကိုအကြိမ်ကြိမ်အရိုအသေပေးခိုင်းလိုက်သည်။ သူက တစ်ချိန်လုံးတောင်းပန်နေရပြီး လင်းရုဖေးကခွင့်လွှတ်မှသာမတ်တပ်ရပ်ရသည်။
ယင်းက လင်းရုဖေးနှင့်ကလေးများအကြားတွင်ဟာသတစ်ခုထက်ပင်မပိုလေရာ စိတ်ထဲမထည့်ကြပေ။ သို့သော် ၎င်းအဖြစ်အပျက်က ရှဲ့ကျစ်ယောင်သည် မည်မျှအမြင်ကျဉ်းမှန်းသက်သေပြသလိုဖြစ်သွားခဲ့သည်။ 
လင်းပျန့်ယွီသည်ထိုကိစ္စကိုသိသိချင်း ဓားဆွဲ၍ ရှဲ့ကျစ်ယောင်ထံသွားရှာခဲ့သည်။ သူက လွီအာ၏ခေါင်းကိုနုပ်နုပ်စင်းချင်နေပြီး နောက်ပိုင်းတွင်လွီအာကတောင်းပန်ခဲ့ကာ လင်းရုဖေးမှာလည်း သနားမှုပြလိုက်သောကြောင့်သာ ထိုကိစ္စအားမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်။
သို့သော် လင်းပျန့်ယွီသည်လွီအာကိုဘယ်သောအခါမှ ညှာတာခြင်းမရှိသလို ရှဲ့ကျစ်ယောင်ကိုလည်းများစွာသဘောကျခြင်းမရှိပေ။
ရှဲ့တင်းရှန်းမိသားစုသည် အတန်သင့်နာမည်ရသောမိသားစုဖြစ်သည်။
သူတို့သည် ဓားစွမ်းရည်ကောင်းသောမိသားစုများမှတစ်ခုအပါအဝင်ပင်။သို့သော် လွန်ခဲ့သောနှစ်များအတွင်း ထိုသူတို့သည် ထူးချွန်သည့်သိုင်းသမားများကိုရှေ့မထုတ်နိုင်ခဲ့သောကြောင့် သူတို့၏မိသားစုအမည်မှာလည်းတဖြည်းဖြည်းကျဆင်းလာခဲ့သည်။ သို့သော် အောက်ခြေအဆင့်ထိမရောက်သေးချေ။ မဟုတ်လျှင် လင်းပျန့်ယွီသည် ရှဲ့ကျစ်ယောင်ကိုမျက်နှာသာပေးလိမ့်မည်မဟုတ်ပေ။
သူသည်ငယ်စဉ်က သူငယ်ချင်းများမရှိခဲ့၍ဖြစ်နိုင်သည်၊ လင်းရုဖေးသည် သူ၏ကစားဖော်ရှဲ့ကျစ်ယောင်ကိုအလွန်နှစ်သက်၏။ ဆယ်ကျော်သက်များအရွယ်က နှစ်ဦးသားသည် တောင်ထိပ်တွင်လေနှင့်နှင်းများအကြား စစ်တုရင်အတူကစားခဲ့ကြသည်။ ရှဲ့ကျစ်ယောင်၏စစ်တုရင်ကစားကွက်များကကြမ်းတမ်းသည်၊ ထိုသူသည် စွမ်းရည်တိုးတက်စေရန်ကစားရသည်ကိုနှစ်သက်ပြီး ရံဖန်ရံခါမှသာ သူ၏ရည်ရွယ်ချက်များပျောက်သွားတတ်သည်။ လင်းရုဖေး၏စစ်တုရင်ကစားကွက်မှာများမူ အလိုက်တသင့်ရှိသည်။ သူကအကွက်တစ်ကွက်ပင်မလွတ်စေရဘဲ မသိလိုက်မသိဘာသာဖြင့် ရှဲ့ကျစ်ယောင်၏ရက်စက်သောလှုပ်ရှားမှုများကိုဖျက်ဆီးတတ်၏။
လွီအာက စစ်တုရင်ကစားနည်းကိုမသိချေ။ ထို့ကြောင့် သူတို့နှစ်ယောက်စစ်တုရင်ကစားကြသည့်အခါ ထိုကလေးမှာအလွန်တရာပျင်းနေတတ်ရှာသည်။ ထိုသူသည်သူ၏အနားတွင်ထိုင်နေသည့် ဖူဟွားကို စပ်စုလိုစိတ်ဖြင့်ကြည့်ကာ သူမနှင့်စကားပြောချင်တတ်သည်။
သို့ထိတိုင် ဖူဟွားမှာလည်းပါးစပ်စည်းကမ်းမရှိသောထိုချာတိတ်ကိုသဘောမကျပေ။ သို့ဖြစ်၍ သူမဘာသာစာအုပ်ဖတ်ရင်းသူမတစ်ယောက်တည်းသာထိုင်နေတတ်၏။
"အစ်မဖူဟွား ဘာစာအုပ်ဖတ်နေတာလဲဟင်"
လွီအာက ဖူဟွား၏လက်ထဲမှစာအုပ်ကိုသိချင်စိတ်ဖြင့်ကြည့်သည်။
ဖူဟွားက အေးတိအေးစက်ဖြင့် "ပျော်စရာကောင်းတဲ့စာအုပ်"
လွီအာကတိုးလျစွာဖြင့်ဆိုသည်: "ကောင်းတာပေါ့ ကျွန်တော်ကစာလည်းမရေးတတ်ဘူး ဖတ်လည်းမဖတ်တတ်ဘူး ဘယ်သူမှလည်းမသင်ပေးကြဘူးလေ...."
ဖူဟွားကသူ့အားမျက်လုံးလှန်ကြည့်သည်။ သူမစိတ်ထဲတွင် သနားခြင်းနှင့်မုန်းခြင်းနှစ်မျိုးလုံးအား အချိန်တိုလေးအတွင်း တစ်ပြိုင်နက်တည်းခံစားလိုက်ရ၏။
သို့သော် လွီအာနောက်ထပ်ပြောလာမည့်စကားကိုမည်သူကသိပါမည်နည်း : "စကားလုံး တစ်လုံးတစ်လေသိထားတာအံ့ဩစရာမကောင်းဘူးလား နောက်ဆုံးတော့လည်း ဒီနေရာမှာ မင်းက ကျွန်တော့်လိုမျိုးအစေခံဖြစ်နေတာပဲလေ"
သူသည်ပြောရင်းနှင့်ရယ်နေသေးသည်။ ဖူဟွား၏မျက်နှာမှာ စိတ်ဆိုးလွန်း၍ခရမ်းရောင်ပင်သန်းလာတော့၏။
အမြဲသနားစရာကောင်းသည့် သူ တချို့တွင် ခံစားမလွယ်သည့်အခြမ်းရှိသည်။ လွီအာသည်ကောင်းမွန်သည့်ဥပမာပင်။
ရှဲ့ကျစ်ယောင်၏ သူ့ကိုယ်သူထိန်းသိမ်းနိုင်စွမ်းကအလွန်ကောင်းသည်။သို့သော် သူ၏အနားမှ ထိုသို့သောအစေခံကြောင့် သူသည်လူမည်မျှကိုအပြစ်လုပ်မိမှန်း မည်သူမှမသိကြပေ။
လင်းရုဖေးသည်သူ့အား လွီအာကိုခေါ်ထားရသည့်အကြောင်းအရင်းကိုမေးကြည့်ခဲ့ဖူးသည်။
သူကဒေါသထွက်နေသည့်မျက်နှာဖြင့် "သူ့ကိုငါ့အမေကပေးခဲ့တာ"
လင်းရုဖေးသည် ရှဲ့ကျစ်ယောင်ထံတွင်လည်းအမေမရှိတော့သည့်အကြောင်းထိုအခါမှသာသိခဲ့ရသည်။ သူမ မသေခင်တွင် သူမသည်လွီအာကိုရှဲ့ကျစ်ယောင်ထံယုံယုံကြည်ကြည်အပ်နှံခဲ့ပြီး ထိုသူကိုကောင်းကောင်းဆက်ဆံရန်မှာခဲ့သည်။ ရှဲ့ကျစ်ယောင်မှာသူ့အမေ၏ဆန္ဒကို မဖြစ်မနေလက်ခံလိုက်ရပြီး သူ့ကိုအစေခံအဖြစ်ခေါ်ထားခဲ့ရ၏။
ရှဲ့ကျစ်ယောင်၏မိခင်သည် အဘယ်ကြောင့်သူမ၏သားကိုခက်ခဲအောင်လုပ်ခဲ့ကြောင်း မည်သူမှမသိနိုင်ခဲ့ချေ။ သို့သော် ယခုကိစ္စတွင်ရှဲ့ကျစ်ယောင်မှာလက်ခံရုံသာတတ်နိုင်ခဲ့သည်။ နောင်တွင် သူစုံစမ်းကြည့်သည့်အခါ အချို့က လွီအာသည်သူ့အမေ၏မိတ်ဆွေဖြစ်သူဘက်မှ ဆင်းသက်လာသူဖြစ်သည်ဟုပြောကြသည်။ ထို့ကြောင့် ရှဲ့ကျစ်ယောင်၏လွီအာအပေါ်သည်းခံမှုအတိုင်းအတာက လိုအပ်သည်ထက်အနည်းငယ်ပိုနေခဲ့သည်ပင်။
အနီးစပ်ဆုံးဆိုရသော် ရှဲ့ကျစ်ယောင်၏အမည်ကိုကြားရသည့်အချန်တိုင်း လွီအာ၏ရွံ့ရှာစရာကောင်းသောစရိုက်ကလူတိုင်း၏စိတ်ထဲတွင် နက်ရှိုင်းစွာစွဲထင်နေပြီး ပူတွဲသတိရမိကြသဖြင့် ဖူဟွားပင်မနေနိုင်၍မေးလိုက်ခြင်းပင်။
"အဲဒီလွီအာ...ပြဿနာအကြီးကြီးရှာပြီးကိုယ်ရောင်တောင်ဖျောက်သွားပြီထင်တယ် ရှဲ့ကျစ်ယောင်ကသူ့ကိုရှာဖို့နဲ့တင်အလုပ်များနေတော့ သူဘယ်တော့မှအားမလဲဘယ်သူမှသိမှာမဟုတ်ဘူး"
လင်းဝေ့ရွေ : "သူ့အကြောင်းထားလိုက်တော့ မင်းရဲ့အစ်ကိုကြီးနဲ့ဒုတိယအစ်ကိုကငါပြန်လာတာကိုမသိကြသေးဘူး ငါ့ကိုမြင်ရင်တော့အံ့ဩသွားကြမှာပဲ"
သူမကပြောနေရင်းဖြင့် တက်ကြွမှုအပြည့်ဖြင့် လက်သီးလက်မောင်းတန်းလိုက်သည်။ ခပ်ပြုံးပြုံးပင် သူမ၏သိုလှောင်လက်စွပ်ထဲမှ ခပ်ပျော့ပျော့အထုပ်ဝိုင်းလေးတစ်ခုကိုဆွဲထုတ်လိုက်သည်။ သူမ၏အင်္ကျီအနားစကို ပင့်မကာ သူမ၏ဗိုက်သားနှင့်အင်္ကျီကြားထဲကို တိုက်ရိုက်ထိုးထည့်လေ၏။ ၎င်းအပြုအမူကြောင့် ဖူဟွားနှင့်လင်းရုဖေးတို့မှာကြောင်တောင်တောင်ဖြစ်သွားကြ၏။
"ဘာကြောင်ကြည့်နေကြတာလဲ"
လင်းဝေရွေ့က ချိုသာစွာပြုံးကာ "အူကြောင်ကြောင်မောင်လေးရဲ့အမြန်လာပြီး မင်းရဲ့အစ်မကိုကူပေးအုံး"
လင်းရုဖေးကအော်ဟစ်ရယ်မောလိုက်ပြီး "အစ်ကိုကြီးသာမြင်လို့ကတော့အစ်မရဲ့ခြေထောက်တွေကိုရိုက်ချိုးပစ်လိမ့်မယ်"
လင်းဝေရွေ့က မျက်လုံးတစ်ဖက်မှိတ်ပြကာ "သူလားလုပ်ရဲမှာ အခုငါ့မှာလူတစ်ယောက်နဲ့အသက်နှစ်ခုရှိသွားပြီ"(ဗိုက်ကြီးတဲ့ပုံစံလုပ်လိုက်တာ)
လင်းရုဖေးမှာ သူ၏အစ်မကိုလေးစားသွားသည်။ 
သူသက်ပြင်းချ၍ကူကယ်ရာမဲ့စွာရယ်လိုက်မိသည်။
"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ တောင်အတက်လမ်းကချော်တယ် သေချာလျှောက် ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကိုယ် ဒလိမ့်ကောက်ကွေးကျအောင်လုပ်ပြီး ကျွန်တော့်ရဲ့တူလေးကိုတော့ထိခိုက်အောင်မလုပ်ပါနဲ့"
လင်းဝေရွေ့သည် တခစ်ခစ်ရယ်နေပြီး စက္ကူရုပ်ကိုအဆောင်နဲ့တွဲချည်သည်။ အသံမန္တာန်ထည့်ကာ လင်းမင်ကျစ်နှင့်လင်းပျန့်ယွီကိုသူမပြန်လာသည့်အကြောင်းနှင့် လင်းရုဖေး၏ခြံဝန်းတွင်စောင့်နေရန်ပြောလိုက်၏။
သတင်းပို့ပြီးသည့်နောက် လင်းဝေရွေ့သည်စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူမ၏လက်ဖဝါးနှစ်ဖက်ကိုပွတ်သပ်နေတော့သည်။
လင်းရုဖေးသည် သူ၏အစ်မပုံစံကိုကြည့်ပြီး အစ်ကိုကြီးပြောခဲ့ဖူးသောစကားကိုကြားယောင်လာမိသည။
'မင်းရဲ့အစ်မကိုသုံးရက်လောက်သာမရိုက်မိရင် ခေါင်မိုးပေါ်တက်ပြီး အုတ်ကျွတ်တွေကိုဆွဲခွာလိမ့်မယ်ကွ'
တစ်နာရီခွဲအကြာတွင် လင်းရုဖေးသည် မပေါ့မပါးနှင့်လင်းဝေရွေ့အားခြံဝန်းထဲသို့တွဲပြီးခေါ်လာပေးရသည်။ ခြံဝန်းတံခါးကပွင့်နေပြီးသူတို့ဝင်လာချိန်တွင် လင်းမင်ကျစ်နှင့်လင်းပျန့်ယွီတို့ကခြံဝန်းထဲတွင်စကားထိုင်ပြောနေသည်ကိုမြင်လိုက်ကြရသည်။ သူတို့ကအေးအေးလူလူစကားပြောနေကြသော်ငြား လင်းဝေရွေ့ကား ကိုယ်ဝန်ကြီးနှင့်တုန်ချိတုန်ချိဝင်လာသည်ကိုမြင်လိုက်ရသည့်အခါ ထိတ်လန့်သွားကြသည်။ 
လင်းမင်ကျစ်၏အမူအရာကအုံ့မှိုင်းနေပြီး လင်းပျန့်ယွီကပါးစပ်အဟောင်းသားဖြစ်နေကာ သူ့ညီမငယ်လေးကမည်သည့်ဆေးကိုအစားမှားလာကြောင်း သိချင်နေသည့်ပုံစံအတိအလင်းပေါ်နေ၏။
"အစ်ကိုကြီး"
လင်းဝေရွေ့က အသံတိုးတိုးလေးကိုမှ စိတ်မကောင်းဖြစ်နေဟန်ဖြင့် "အစ်ကိုကြီး ညီမလေးအတွက်တရားမျှတမှုရှာပေးပါဦး"
လင်းမင်ကျစ်က အံတင်းတင်းကြိတ်ထားလိုက်ပြီး ဓားဆွဲထုတ်တော့မတတ်ဖြစ်နေချေပြီ။
"ဝေရွေ့...နင့်ကိုဘယ်သူကဒီလိုမျိုးလုပ်ရဲတာလဲ...!"
လင်းဝေရွေ့သည် ဟန်အမူအရာအပိုဖြင့် "ရှန်းမိသားစုက ရှန်းဝူချွေ့ပေါ့ သူကလေရုပ်ကလေးကတော့ ကြည့်ကောင်းပါရဲ့ လူကောင်းတော့မဟုတ်ဘူး ကျွန်မကိုကျတော့ဗိုက်တစ်လုံးနဲ့ဖြစ်အောင်လုပ်ပြီး သူကေတာ့နောက်တစ်ယောက်နဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်လေ"
လင်းရုဖေးမှာနားထောင်နေရင်း ရယ်ချင်စိတ်ကိုမနည်းထိန်းထားရ၏။
ရှန်းဝူချွေ့သည်လည်း ခွန်းလွန်တောင်သို့လာနေကျဧည့်သည်ပင်။ ထိုသူက ချောမောခန့်ညားသည့်မျက်နှာလေးဖြင့်မွေးဖွားလာသူပင်။ ထိုလူက ညင်သာကာကိုယ်ကျင့်တရားကောင်းသည်။ လင်းဝေရွေ့က သူ့ကိုစိတ်ဝင်စားနေပုံရသည်၊ သို့သော် ရှန်းဝူချွေ့ကမူ ကမြင်းကြောထတတ်သည့်ဤညီမလေးကိုကြောက်နေပုံရ၏။
လင်းမင်ကျစ် : "ဒီရှန်းဝူချွေ့ ခွေးကျင့်ခွေးကြံနဲ့ကောင် ဒီလိုအရှက်မရှိတာမျိုးလုပ်ရဲတယ်ပေါ့လေ..."
သူကအသက်ပြင်းပြင်းရှူလိုက်ပြီး "ငါရှန်းမိသားစုဆီ အခုချက်ချင်းကိုစာပို့ရမယ် ဒီကိစ္စကိုဒီအတိုင်းထားလို့မရဘူး"
ပြောပြီးသည်နှင့်သူကလှည့်ထွက်သွားတော့သည်။
သူမ၏ကျီစယ်မှုကအတော်လေးလက်လွန်သွားပြီမှန်းသိလိုက်ရသည့်အခါ လင်းဝေရွေ့ကသူမ၏ဗိုက်ကိုအုပ်ကာအော်လေတော့သည်။ လင်းမင်ကျစ်နှင့်လင်းပျန့်ယွီတို့နှစ်ယောက်စလုံးထိတ်လန့်သွားရပြီး သူမထံပြေးလာကာ အခြေအနေကိုမေးမြန်းကြသည်။
လင်းဝေရွေ့ကအော်ဟစ်၍ "ဗိုက်...ငါ့ဗိုက်နာတယ်...အမလေး...ငါ့ရဲ့ဗိုက်...."
သူမက ပဋာမြေလူးအော်ငိုနေသဖြင့် ထိန်းမထားနိုင်တော့သည့်အထုပ်ကသက်သေအဖြစ် မြေကြီးပေါ်သို့လိမ့်ကျလာသည်။
လင်းမင်ကျစ် : "......"
လင်းပျန့်ယွီ : "......"
လင်းဝေရွေ့ကရှက်ရွံ့နေဟန်ဖြင့် တိုးတိုးလေးဆိုသည်။
"ဘာလို့အဲဒါကြီးကကျလာတာလဲ...အစ်ကိုကြီး...ညီမလေးကအံ့ဩစရာလေးနည်းနည်းပေးချင်ရုံပါ"
လင်းပျန့်ယွီကပြုံးကာ : "တကယ်ကြီးကိုအံ့ဩစရာပါပဲ"
လင်းမင်ကျစ်ကခံစားချက်မရှိသည့်မျက်နှာဖြင့် : "လင်းဝေရွေ့ ငါ နင့်ကိုမရိုက်ရတာသုံးနှစ်တောင်ရှိပြီ"
လင်းဝေရွေ့ : "....."
လင်းမင်ကျစ်ကအံတင်းတင်းကြိတ်လိုက်ပြီး "နင်မသွားခင် ဝမ်ယောင်ရဲ့ဆေးကျိုတဲ့အိုးကိုခွဲပစ်ခဲ့တယ် ငါ နင့်ကိုအချက်နှစ်ဆယ်တောင်ရိုက်ခဲ့တာ ငါကတော့နင့်အပေါ်အရမ်းများလွန်သွားပြီလားဆိုပြီးနောင်တရနေခဲ့တာ အခု ဘိုးဘေးခန်းမထဲမှာ နင့်စကတ်ကိုလှန်ထားလိုက်တော့...!"
လင်းဝေရွေ့ကအော်ဟစ်ပြီး လင်းရုဖေးကိုကြည့်သည်။
လင်းရုဖေးကချောင်းနှစ်ချက်ဆိုးကာ အားမရှိတော့သည့်ပုံမျိုးလုပ်ပြလိုက်သည်။ 
လင်းပျန့်ယွီကလက်ဦးမှုယူကာ သူ့အားအလျင်အမြန်ကူတွဲပေးရင်း "အစ်ကိုကြီး သူ့ကိုအရင်ရိုက်ထားလိုက်နော် ကျွန်တော်ရှောင်ကျို့ကိုအနားယူဖို့ခေါ်သွားပေးလိုက်အုံးမယ်"
လင်းဝေရွေ့က အော်ဟစ်နေပြီး မျက်နှာကြီးမည်းမှောင်စွာဖြင့်သူမအားဘိုးဘေးခန်းမသို့တရွတ်တိုက်ဆွဲခေါ်သွားသော လင်းမင်ကျစ်အနောက်သို့ပါသွားလေတော့၏။


............. .............. ...............

စာရေးသူမှာ ပြောစရာရှိတယ်~

ကုရွှမ်းတုသည် ကိုယ်ဝန်အတုဖြင့်လင်းဝေရွေ့နှင့် လူမမာကိုပြုစုနေသောလင်းပျန့်ယွီကိုကြည့်ကာ စဉ်းစားနေမိသည်။
လင်းရုဖေး : "နေဦး! နိုးထလိုက်တော့! မင်းကယောကျ်ားကြီးလေ!"
ကုရွှမ်းတု : "ပြဿနာမရှိပါဘူး"
လင်းရုဖေး: "ဟမ်?"
............ ............ .............
Translated By IQ-Team.