အပိုင်း ၂၄
Viewers 14k

Chapter 24

 အကြီးအကဲရွှမ်းတု



လင်းဝေရွေ့ခမျာ လင်းမင်ကျစ်၏ဘိုးဘေးခန်းမထဲသို့ဆွဲခေါ်ခံသွားရပြီးကြိမ်ဒဏ်ဆယ်ချက်အပြည့် အပြစ်ပေးခံလိုက်ရသည်။


မိသားစုအတွင်း သူမသည်ကြိမ်ဒဏ်အပြစ်ပေးအခံရဆုံးလူတစ်ယောက်ဖြစ်သည်။ ကလေးအရွယ်က သူမသည်လင်းရုဖေးကိုချီ၍တောင်အောက်သို့ခိုးဆင်းသွားခဲ့ဖူးပြီး သူနေမကောင်းမဖြစ်လျှင်ကိစ္စမရှိ။ သို့ထိတိုင် ပြန်ရောက်ပြီးမကြာမီ လင်းရုဖေးမှာနေမကောင်းဖြစ်ပြန်၍သူမအရိုက်ခံရတော့သည်။ နောက်ပိုင်းတွင် လင်းရုဖေးကသူမကိုထပ်မဖြစ်စေချင်တော့သည့်တိုင် သူမကားလင်းရုဖေးအားအတူတကွအပြင်ထွက်ရန်ဆွဲခေါ်ထုတ်သွားစမြဲပင်။ သူမသည် အစ်ကိုကြီးကကြိမ်ဒဏ်ပေးရာတွင်အားအများကြီးမပါကြောင်း မျက်စိတစ်ဖက်မှိတ်ကာပြောတတ်သေးသည်။ တကယ်လည်းသူမကိုကြိမ်နှင့်ရိုက်ရာတွင်၎င်းကမနာကျင်ပါချေ၊ သူက သူမကိုခြောက်လှန့်ရုံသာရှိသည်။


လင်းဝေရွေ့ကား ပြောသေး၏။


"ပြီးတော့ ဥယျာဉ်ထဲမှာတစ်ယောက်တည်းနေရတာပျင်းစရာကြီးလေ ရှောင်ကျို့ကလူတွေနဲ့မတွေ့ချင်ရင်တောင် တောင်ပေါ်ကအခြားရှုခင်းလေးတွေကြည့်ရင်လည်းကောင်းတာပဲ"


သူမက လူကြီးတစ်ယောက်ပုံဟန်ဆောင်ရသည်ကိုနှစ်သက်၏။ လင်းဝေရွေ့ခရီးထွက်သွားခဲ့ပြီးနောက် လင်းရုဖေး၏ခြံထဲတွင်တိတ်ဆိတ်ခြောက်ကပ်သွားခဲ့သည်မှာမနေ့တစ်နေ့ကလိုပင်။


မကြာမီ လင်းမင်ကျစ်သည် ယိုင်တိယိုင်တိုင်ဖြစ်နေသောလင်းဝေရွေ့နှင့်အတူပြန်ရောက်လာသည်။ သူမကမျက်ရည်အပြည့်နှင့်အော်ကြီးဟစ်ကျယ်ငိုယိုနေပြီး လင်းရုဖေး၏ဘေးကိုပစ်ဝင်သွားသည်။ 


သူမကချစ်ရသောမောင်ငယ်လေးကိုဖက်ထားလျက် ငိုကြွေးနေပြန်သည်။


"အစ်ကိုကြီးကအရမ်းရက်စက်တာပဲ ငါအခုလေးတင်ပြန်ရောက်တာကို ငါ့ကိုရိုက်တယ်"


လင်းမင်ကျစ်အေးစက်စွာဖြင့် : "မဟုတ်ရင် နင့်ရဲ့ဒုက္ခိတဖြစ်ချင်တဲ့ဆန္ဒပြည့်သွားအောင် နောက်ထပ်ဆယ်ချက်လောက်ထပ်ရိုက်ပေးရမလား"


လင်းဝေရွေ့ကချက်ချင်းကျောမတ်သွားကာ တည်ကြည်ပုံဖြင့်: "အဲဒီလောက် စေတနာပိုစရာမလိုပါဘူး"


လင်းပျန့်ယွီနှင့်လင်းရုဖေးတို့က ကျိတ််ရယ်မိကြသည်။ လင်းဝေရွေ့ပြန်ရောက်သည်နှင့် ခြံဝန်းသည်အတော်အတန်အသက်ဝင်လာ၏။


"ရှောင်ကျို့...မင်းဘယ်အချိန်သွားဖို့စီစဉ်ထားလဲ"


လင်းဝေရွေ့က ခုံတွင်ထိုင်နေသောလင်းရုဖေးကိုအနောက်မှသိုင်းဖက်လိုက်၏။ သူမက ထိပ်တန်းဆေးနံ့ဖျော့ဖျော့ကိုရလိုက်၍ စိတ်မကောင်းခြင်းကြီးစွာဖြင့်ဆိုသည်။


"ငါကအခုမှပြန်ရောက်တာ နင်ချက်ချင်းကြီးထွက်သွားလို့မရဘူး သိုင်းလောကဆိုတာအန္တရာယ်ချည့်ပဲ မကောင်းတဲ့လူတွေနဲ့ပြည့်နေတာ မသွားခင်မန္တာန်အဆောင်တွေနဲ့ဝိညာဉ်ကျောက်တုံးတွေပြင်ဆင်ခိုင်းလိုက် ငါတို့သူတို့ကိုအနိုင်မတိုက်နိုင်ရင်တောင် ဝိညာဉ်ကျောက်တုံးတွေသုံးပြီး သေအောင်နှိပ်စက်လို့ရတယ်"


ဘေးတွင်ရပ်နားထောင်နေသောလင်းပျန့်ယွီက ထောက်ခံသည့်သဘောနှင့်ခေါင်းညိတ်ပြသည်။


လင်းရုဖေးခမျာ ရယ်ရမလို၊ငိုရမလိုဖြစ်သွားရ၏။


မောင်နှမလေးဦးသည် လူစုမခွဲခင်ညစာအတူစားခဲ့ကြသည်။ လင်းရုဖေးကအလွန်ပင်ပန်းနေပြီဖြစ်ရာ ရေချိုးပြီးသည်နှင့်ပြတင်းပေါက်အနားတွင်ရပ်ပြီး ရွက်နုလေးများထွက်စပြုနေပြီဖြစ်သည့်ခြံဝန်းထဲမှချယ်ရီပင်ကြီးကိုလှမ်းကြည့်လိုက်သည်။ အပင်ကကြုံလှီသေးညက်နေပြီး အကိုင်းမှအရွက်လေးအနည်းငယ်ထွက်နေပုံမှာ ပို၍ပင်သနားစရာကောင်းနေပုံပေါ်စေသည်။ မသိပါလျှင် အဝတ်ပါးလေးများသာဝတ်ထားသည့်ကလေးငယ်တစ်ယောက် ညခင်းလေပြည်များအကြားတွင် တုန်တုန်ရီရီနှင့်ရပ်နေသည့်နှယ်။


လင်းရုဖေးက ဖူဟွားနှင့်ယွီရွေ့အား အနားယူရန်ပြန်လွှတ်လိုက်ပြီးအခန်းထဲတွင်တစ်ယောက်တည်းကျန်နေခဲ့သည်။ သူက ညအမှောင်တွင်ပုန်းလျိုးနေသည့် ချယ်ရီပင်ကြီးကိုကြည့်ကာသူ၏ပါးစပ်ကိုညင်သာစွာဖွင့်ဟလိုက်၏။


"အကြီးအကဲကု ဒီနေရာမှာရှိနေလား"


ပြန်ဖြေသူမရှိချေ။


လင်းရုဖေးမှာ အနည်းငယ်စိတ်ပျက်သွားမိသည်၊ ကုရွှမ်းတုအားသူတစ်ယောက်တည်းသာမြင်နိုင်သည်ကို သူသိသည်။ 


အနှီသူသည်ဇစ်မြစ်ကဆန်းကြယ်သော်ငြား ထိုသူသည်ခြံဝန်းထဲမှချယ်ရီပင်ကြီးနှင့်နားလည်ရခက်သောဆက်နွယ်မှုရှိနေသည်ဟုထင်ရကာအတွေးနက်နေခဲ့သည်။ သူလှည့်လိုက်သည့်အခါ ကုရွှမ်းတုသည်အနီရောင်ဝတ်စုံဖြင့် သူ၏အိပ်ရာခေါင်းရင်းတွင်ထိုင်နေသည်ကိုတွေ့လိုက်ရ၏။ ထိုသူက အိပ်ရာဘေးမှသစ်သားစင်လေးကိုကြည့်နေသည်။ သစ်သားစင်လေးက ဖူဟွားခူးလာခဲ့သောလတ်လတ်ဆတ်ဆတ်ပိုနီပန်းလေးများနှင့်အလှဆင်ထား၏။


လင်းရုဖေးကခြံဝန်းထဲမှချယ်ရီပင်ကိုပြန်ကြည့်မိပြီးနောက် အားတုံ့အားနာဖြစ်မိသွားသည်။


ကုရွှမ်းတု : "ပိုနီပန်းလေးတွေကလှပေမဲ့ အရောင်တောက်လွန်းတယ်"


လင်းရုဖေးကား အလိုက်သင့်လေးဖြင့်: "အကြီးအကဲပြောတာမှန်ပါတယ်"


ကုရွှမ်းတု၏ဇာမဏီမျက်ဝန်းများက သူ၏ကိုယ်ပေါ် ရောက်လာကာဆို၏၊ "ဘာပဲဖြစ်ဖြစ် ချယ်ရီပန်းတွေကပိုလှတယ်"


လင်းရုဖေးခမျာ အလှလေး၏အတွေးများကိုမဖျက်ဆီးရဲသောကြောင့် "ဒါပေါ့"


ကုရွှမ်းတု၏နောက်ဆက်တွဲစကားကိုမည်သူကသိပါမည်နည်း: "ဆိုးတာပဲ ကိုယ့်မှာသူတို့ကိုပန်းပွင့်လာအောင်လုပ်ပေးဖို့အချိန်မရဘူး"


လင်းရုဖေးမှာအဆိုပါစကားကြောင့် သီးရန်အနည်းငယ်သာလိုတော့သည်။


ကုရွှမ်းတုကသက်ပြင်းချကာမျက်မှောင်ကြုတ်လျက် : "ဒီလိုအဖူးလေးထွက်လာဖို့ နှစ်တွေအကြာကြီးယူခဲ့ရတယ် ဒါပေမဲ့ လေတိုက်တော့အကုန်ကြွေကုန်တာပဲ"


ထိုသူက ရုတ်တရက်ထကာလင်းရုဖေးထံ လျှောက်လာသည်။


သူ၏ မေးစေ့ကိုပင့်မကာ မျက်ဝန်းထဲသို့တည့်တည့်ကြည့်၍ "တစ်ခုကျန်သေးလို့တော်ပါသေးရဲ့"


လင်းရုဖေးကမျက်လုံးများကိုမှိတ်လိုက်သည်၊ အေးစက်သည့်လက်ချောင်းများကသူ၏မျက်လုံးများကို ဖွဖွလေးပွတ်သပ်သွားသည်ကိုခံစားမိသည်။


ကုရွှမ်းတုကပြုံးလိုက်ပြီး "လုံလောက်နေပါပြီ"


လင်းရုဖေး : "အကြီးအကဲ"


ကုရွှမ်းတု : "ဘာလဲ"


လင်းရုဖေး : "အကြီးအကဲလို့..."


ကုရွှမ်းတုကမတုန်မလှုပ်အကြည့်ဖြင့်ကြည့်လိုက်ပြီး : "ဘာလဲ..."


လင်းရုဖေးကမလှုပ်မယှက်ဖြင့်ပြန်ကြည့်ပြီး : "အကြီးအကဲကဘာကို.."


လင်းရုဖေးသည် ကုရွှမ်းတု၏ပြောမပြတတ်အောင် 'အကြီအကဲ' ဆိုသည့်စကားအပေါ်စိတ်ဝင်စားမှုကြောင့် အတော်လေးကြောင်အမိရသည်။


သူ၏နှုတ်ခမ်းများမှာ ဖွင့်လိုက်ပိတ်လိုက်နှင့်တခဏမျှဖြစ်နေပြီး တိုးလျသောအသံဖြင့် : "အကြီးအကဲရွှမ်းတု ဘာဖြစ်လို့လဲ"


ကုရွှမ်းတုကပြုံးကာ: "ဘာမှမဟုတ်ဘူး ကိုယ့်ကိုအကြီးအကဲလို့ထပ်ခေါ်"


လင်းရုဖေး : "....." 


ထိုသူကသူ့အားအသားယူနေသလို အဘယ်ကြောင့်ခံစားနေရသနည်း။


လင်းရုဖေးကခေတ္တမျှတုံ့ဆိုင်းနေပြီးမှအသံအားနှိမ့်ကာ: "အကြီးအကဲရွှမ်းတုက ဒီနှစ်မှာအသက်ဘယ်လောက်လဲဆိုတာကျွန်တော်သိလို့ရမလား"


ကုရွှမ်းတု၏အမူအရာမှာမပြောင်းလဲပေ။


"မင်းထက်အများကြီးမကြီးပါဘူး"


လင်းရုဖေး : "ဘယ်လောက်လဲ"


ကုရွှမ်းတု : "လူတစ်ယောက်ကိုရောက်တာနဲ့အသက်မေးတာက မသင့်တော်ဘူးမဟုတ်လား"


လင်းရုဖေးကထိုအကြောင်းကိုတွေးမိပြီးနောက် မှန်သည်ဟုထင်မိသည်၊ သို့သော် ကုရွှမ်းတု၏ သူ့ထက်အသက်သိပ်မကြီးပါဟူသောစကားက ယုံနိုင်ဖွယ်ရာမရှိချေ။


သို့တစေ ထိုသူကအကြီးအကဲဖြစ်ရန်ဆန္ဒရှိနေသ၍ သူ၏ဆန္ဒကိုဖြည့်ဆည်းပေးရန်မခဲယဥ်းပေ။ 


"လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ကျွန်တော်ဝမ်ထန်းနဲ့ဓားရေးယှဉ်ခဲ့တယ် အကြီးအကဲရဲ့အကူအညီအတွက်ကျေးဇူးတင်ပါတယ်"


ကုရွှမ်းတုကပျင်းရိလေးတွဲဟန်ဖြင့် : "ကိုယ်ကူညီခဲ့တာသိပ်မများပါဘူး မင်းရဲ့ဒုတိယအစ်ကိုချိုးလိုက်တဲ့ ချယ်ရီကိုင်းကိုမင်းဆီပို့ပေးလိုက်ရုံပါပဲ"


ကုရွှမ်းတု၏စကားပြောသံသည် သာယာညိမ့်ညောင်းသော်ငြား သူ၏ပြောဆိုပုံက ကလေးတစ်ယောက်မှအနိုင်ကျင့်ခံလိုက်ရသည်အားတိုင်တန်းနေသည့်နှယ်။ 


လင်းရုဖေးကား မကြားဘဲဘယ်နေပါမည်နည်း။ သူသည်ရယ်ရခက်ငိုရခက်နှင့်မနက်ဖြန်မှဒုတိယအစ်ကိုနှင့်စကားသေချာသွားပြောမည် ဟု ပြောလိုက်ရ၏။


"ဒီရက်ပိုင်းမှာပဲ ကျွန်တော့်ရဲ့အစ်ကိုတွေကကျွန်တော့်ကိုတောင်အောက်ဆင်းခွင့်ပေးလိုက်ကြပြီ အကြီးအကဲရွှမ်းတုရော ကျွန်တော်နဲ့အတူလိုက်ချင်လား"


အဆိုပါတောင်းဆိုချက်က အလွန်များသွားပြီမှန်းသူသိလိုက်သည်။ လင်းရုဖေး၏သွေးရောင်ဖျော့တော့သည့် ပါးပြင်သည်စိတ်လှုပ်ရှားမှုကြောင့် ချစ်စရာကောင်းစွာနီမြန်းလာသည်။ 


သူသည်နှုတ်ခမ်းကိုဖွဖွလေးဖိကာတိုးလျစွာဖြင့် "ရပါတယ် အကြီးအကဲမလိုက်ချင်ရင်လည်း ကျွန်တော်အတင်းမတိုက်တွန်းတော့ပါဘူး မသွားခင် ကျွန်တော်ဒုတိယအစ်ကိုကို ခြံထဲကချယ်ရီပင်ကိုမထိဖို့မှာခဲ့ပါ့မယ်"


ကုရွှမ်းတုကထိုစကားအားကြားသည်နှင့် ဖွဖွလေးပြုံးကာ "ကိုယ်လည်းမင်းနဲ့အတူတောင်အောက်ဆင်းချင်ပါတယ် ကိုယ့်ရဲ့တစ်ခုတည်းရှိတဲ့ပွင့်ဖတ်ကမင်းအပေါ်ကျတာလေ မင်းနောက်ကိုမလိုက်ရင် ကိုယ်ကဘယ်သူ့နောက်လိုက်ရမှာလဲ ပြီးတော့...."


လင်းရုဖေး : "ပြီးတော့...."


ကုရွှမ်းတု၏စကားသံက ပို၍အလေးအနက်ဖြစ်လာသည် : "ပြီးတော့ ကိုယ့်မှာမေးချင်တာရှိသေးတယ်"


လင်းရုဖေး : "ဘာများလဲ သိခွင့်ရှိမလား"


ကုရွှမ်းတု : "ကိုယ့်ရဲ့ဝိညာဉ်ကအားနည်းတော့ ခဏခဏပေါ် လာလို့မရဘူး ဒါကြောင့်နေရာမျိုးစုံမှာပျောက်နေတဲ့ ရှေးဟောင်းပစ္စည်းတွေရှာချင်သေးတယ် ကိုယ်ကရှောင်ကျို့နဲ့မလိုက်လို့မဖြစ်ဘူးထင်တယ်"


လင်းရုဖေး : "ရှေးဟောင်းပစ္စည်းလား ဘယ်နေရာမှာပျောက်သွားတာလဲသိလား"


ကုရွှမ်းတု : "ကိုယ်ရေးတေးတေးလေးတော့အာရုံရတယ် ဒါပေမဲ့ အရမ်းကြာခဲ့ပြီဆိုတော့ မသဲမကွဲပါဘဲ ကိုယ်ပိုသေချာသိရဖို့လိုတယ် မင်းတောင်အောက်ကိုဆင်းသွားရင်တော့ လမ်းတလျှောက်လုံးစဉ်းစားသွားလို့ရပါတယ်"


လင်းရုဖေးကပြုံးလိုက်ပြီး "ဒါဆို အကြီးအကဲရွှမ်းတုကကျွန်တော်နဲ့အတူလိုက်လာဖို့သဘောတူလိုက်ပြီပေါ့နော် ကျွန်တော် ခြံထဲကချယ်ရီပင်ကြီးကိုရောယူလာဖို့လိုသေးလား"


ကုရွှမ်းတုက ယောင်ယောင်မျှပြုံး၍ "မလိုပါဘူး ကိုယ့်မှာအခြားနည်းလမ်းရှိတယ်"


လင်းရုဖေးသည် အနည်းငယ်မျှပျော်သွားလေ၏။ လမ်းခရီးတွင် သူသည်သူ့ကိုယ်သူမကာကွယ်နိုင်ဘဲ သူ၏အစ်ကိုများနှင့်အစ်မတို့စိတ်ပူအောင်လုပ်မိမည်ကိုစိုးရိမ်ခဲ့သည်။ ကုရွှမ်းတုသည် မပြောမဆိုပေါ်လာပြီးသူ၏တည်ရှိမှုကဆန်းကြယ်လင့်ကစား အဆုံး၌မူ လမ်းခရီးတွင်သူ့အားကူညီပေးလိမ့်မည်မှာသေချာပေါက်ပင်။ လက်ရှိသူ၏မျှော်လင့်ထားချက်အရ သူသာခွန်းလွန်တောင်တွင်ဆက်နေခဲ့ပါက အသက်သုံးဆယ်ကျော်အောင်ပင်မနေရဘဲ အသုံးမဝင်သည့်ခန္ဓာကိုယ်ကြီးအားချန်ထားခဲ့ရမည်မှာသေချာပေါက်ပင်။ ခွန်းလွန်တောင်မှခွာပြီး လောကကြီးအနှံ့ခြေဆန့်ခရီးနှင်ရန်မှာသူ၏အကြီးမားဆုံးဆန္ဒပင်။


မနက်ခင်းတွင် သူကအသိပညာနှင့်ဘဝ၏လမ်းကြောင်းအမှန်ကိုရှာတွေ့နိုင်လျှင် နေဝင်ချိန်၌နောင်တမရဘဲသေဆုံးနိုင်ပေသည်။ ထိုအတိုင်းဖြစ်လာနိုင်သည်မှာသေချာပေါက်ပင်။


ည၏အမှောင်က ပိုမိုနက်ရှိုင်းလာသည်။


လင်းရုဖေးကအိပ်ရာပေါ်တွင်လှဲနေပြီး ကုရွှမ်းတုကအိပ်ရာအစွန်တွင်ကုလားထိုင်ကိုမှီထိုင်နေကာ တစ်စုံတစ်ခုကိုကြည့်နေသည်။ လင်းရုဖေးသည်သူ့အားခဏကြာအောင်ကြည့်နေပြီးနောက် ငိုက်မျဉ်းလာသည်။ 


သူကမျက်လုံးတစ်ဝက်အထိမှေးထားကာ သူ၏ဝိုးတဝါးအမြင်တွင် ကုရွှမ်းတုကတစ်ခုခုကိုတီးတိုးပြောလိုက်သယောင်ယောင်ရှိ၏။


"ဒီလိုမြင်ကွင်းကိုနှစ်တစ်ရာလောက်သာကြည့်နေရရင် ကျိန်းသေပေါက်ပျင်းစရာကောင်းမှာပဲ"


နှစ်တစ်ရာလား။ လင်းရုဖေးသည်တွေးရင်းစိတ်ရှုပ်ထွေးလာမိသည်။ သူ့အမေသည် လွန်ခဲ့သောနှစ်တစ်ရာက တောင်ခြေတွင်ချယ်ရီတောအုပ်လေးပေါ်လာဖူးကြောင်း ပြောခဲ့ဖူးသယောင်ပင်။ မည်သူများကစိုက်ထားခဲ့ပြီးမည်သည့်အချိန်က ကြီးထွားလာကြသည်လဲမသိကြ။ သို့သော်သူတို့သိလိုက်ကြသည့်အချိန်တွင် နွေဦး၏အကောင်းဆုံးအချိန်ကိုရောက်နှင့်နေပြီး ချယ်ရီပန်းပွင့်များကမိုင်ရာချီပျံ့နှံ့နေကာ ယင်းကတောင်ခါးပန်းတစ်ခုလုံးကိုနီမြန်းစေခဲ့၏။


နောက်တစ်နေ့တွင် နေသာနေခဲ့သည်။


ဖူဟွားသည် မနေ့ကခူးလာခဲ့သောစံကားပန်းများကိုဆေးကြောပြီး ဂျုံဖြင့်နယ်ကာ စံကားပန်းဖက်ထုပ်လေးများလုပ်ရန်ဆုံးဖြတ်ထားသည်။ လင်းဝေရွေ့ပြန်ရောက်လာသည့်အကြောင်းကို ခွန်းလွန်တောင်တကြောလုံးသိထားနှင့်ကြပြီးပြီဖြစ်သည်။ မနေ့ညက သူမသည်တောင်အရှေ့ဘက်သို့သွားကာ လင်းမင်ကျစ်၏တပည့်များနှင့်တွေ့ခဲ့သည်။ သူမသည်ထိုသူတို့နှင့်မိုးလင်းပေါက်အထိသောက်နေခဲ့ပြီး လင်းမင်ကျစ်ကဖမ်းချုပ်ကာသူမအားအခန်းသို့ပြန်ပို့ခဲ့ရသည်။ သူမသည်နောက်တစ်ခါအရိုက်ခံရလုနီးပါးပင်ဖြစ်ခဲ့ရ၏။ လင်းမင်ကျစ်၏တည်တံ့သောအကျင့်စရိုက်မှာ လင်းဝေရွေ့အရှေ့တွင်မူ အချည်းနှီးဖြစ်ရပြီးကြိမ်လုံးကိုဆွဲကာ ဘိုးဘေးခန်းမတွင်အချိန်တိုင်းရိုက်ချင်လာစေသည်။


သို့သော် လင်းဝေရွေ့သည် လင်းမင်ကျစ်ကအပြောသာရှိပြီးလက်တွေ့မလုပ်သည်ကိုသိသည်။ ထိုသူသည်ကြိမ်လွှဲသံတဝှစ်ဝှစ်ပေးပြီးသူမကိုယ်ပေါ်ရောက်လျှင် ယားယံစေရုံသာရိုက်၍သက်ညှာပေးတတ်သည်။ သို့ထိတိုင် သူမကဉာဏ်ကောင်းသောကြောင့် အနည်းငယ်သော်မျှမနာကျင်လျှင်ပင် အော်ဟစ်ပြီးရက်အနည်းငယ်ကြာသည်အထိယိုင်နဲ့နဲ့ဖြင့်ဟန်လုပ်ပြတတ်သည်။ ၎င်းကသူမ၏အစ်ကိုကြီးထံမှမျက်နှာသာပိုရစေ၏။


စံကားပန်းနှင့်ဖက်ရွက်က ဗလာသက်သက်ဖြစ်နေသောကြောင့်ယွီရွေ့သည် အစာသွပ်ရန်မီးဖိုချောင်ထဲသို့ဝက်သားသွားယူသည်။ သူမက လတ်ဆတ်သောဂေါ်ဖီထုပ်လည်းယူလာပြီး ဂေါ် ဖီထမင်းလုပ်ရန်လည်းစိတ်ကူးထားသည်။


ခြံဝန်းမှာပျော်စရာကောင်းနေပြီး လင်းရုဖေးသည်လုပ်စရာမရှိ၊ သို့ဖြစ်၍ မျက်နှာကြီးပုပ်သိုးနေသောဒုတိယအစ်ကိုနှင့်အတူစစ်တုရင်ကစားနေလိုက်သည်။


လင်းပျန့်ယွီသည် သိုင်းတော်သလိုစစ်တုရင်ကစားရာတွင်လည်းတော်သည်၊ သို့သော် ယနေ့တွင်မူ သူသည် မျက်စိရှေ့မှကစားပွဲကိုအာရုံမစိုက်ထားမိ၍ သုံးပွဲဆက်တိုက်ရှုံးနေလေ၏။


လင်းရုဖေး : "ဒုတိယအစ်ကိုဘာတွေစဉ်းစားနေတာလဲ"


လင်းပျန့်ယွီ : "နောက်ရက်တွေကျရင် မိုးရွာလိမ့်မယ်"


လင်းရုဖေးမှာကြောင်တောင်တောင်ဖြစ်သွားပြီး : "မိုးရွာတော့ဘာဖြစ်လဲ"


လင်းပျန့်ယွီ : "မိုးရွာပြီးရင် တောင်ပေါ်လမ်းတွေကချောပြီးမလုံခြုံဘူး အဲဒါကြောင့် နောက်တနေ့မှသွားတာပိုကောင်းမယ်"


လင်းရုဖေးကရယ်၏။ "ဒုတိယအစ်ကို ကျွန်တော်ကသကြားနဲ့လုပ်ထားတာလည်းမဟုတ်ဘူး မိုးရေထဲရပ်နေရင်အရည်ပျော်သွားမှာလား တောင်အောက်ကိုဆင်းတဲ့လမ်းကမကြာပါဘူး အကြောင်းကြားစာပို့ပြီးရင်ချက်ချင်းပြန်လာမှာပါ"


လင်းပျန့်ယွီက မှုန်သုန်နေဆဲဖြစ်ကာ ခြံဝန်းထဲမှချယ်ရီပင်ကြီးကိုမသိလိုက်ခင်မှာပင် ဖျတ်ကနဲကြည့်မိသွားသည်။


လင်းရုဖေးသည် တမဟုတ်ချင်း လင်းပျန့်ယွီကိုသူထွက်သွားသည်နှင့်ခြံထဲရှိမည်သည့်ပစ္စည်းကိုမှမထိရန်သတိပေးချင်သွားသည်။ အထူးသဖြင့်ချယ်ရီပင် ပင်။


လင်းပျန့်ယွီက ခပ်အောအောဖြစ်နေသည့်အသံဖြင့် : "ရှောင်ကျို့အဲဒီအပင်ကြီးကမကောင်းဘူးသိရဲ့လား အစ်ကို့ကို ချော်လဲအောင်လုပ်တယ်"


လင်းရုဖေးမှာထိတ်လန့်သွားပြီး "ချော်လဲအောင်လုပ်တယ်လား"


မနေ့က ကုရွှမ်းတုကသူ့အားစောဒကတက်ခဲ့ပြီး ယနေ့လင်းပျန့်ယွီကသူ့အား တိုင်တောနေပြန်သည်။ 


တည်ငြိမ်ပြီးအိန္ဒြေသိက္ခာရှိသည့်လူနှစ်ယောက်က ကလေးဆန်သည့်ကလေးကြီးများဖြစ်သွားသယောင်ပင်။


"သူကတမင်ထောင်ချောက်ဆင်ပြီး ငါ့ကိုချော်လဲအောင်လုပ်တာ"


ထိုသူက ပြောဆိုပုံကအခြေအနေကိုပိုဆိုးသွားအောင်မလုပ်နိုင်သေးဟန်ဖြင့် ထပ်လောင်း၍ချဲ့ကားပြောလာသည်။


"အခုထိ ငါ့ခြေထောက်ကဆိုးဆိုးရွားရွားကိုနာနေတုန်းပဲ"


လင်းရုဖေးကားမယုံချေ။ ချော်လဲသည်ဆိုလျှင်ပင် အလွန်ဆုံးမှ ရှက်စရာကောင်းသွားရုံဖြစ်ပြီး ကိစ္စကြီးမဟုတ်ပါချေ။ သို့သော် ဖက်ထုပ်များကျက်နေပြီဖြစ်ပြီး လင်းပျန့်ယွီ၏စိတ်ဓာတ်ကျနေသည့်ပုံပျောက်သွားသည်အထိ သူ့မှာစိတ်ရှည်လက်ရှည်ဖြင့်ဖျောင်းဖျချော့မော့လိုက်ရ၏။


ဖက်ထုပ်ပူပူနွေးနွေးအားစားကြသည့်အခါ လင်းဝေရွေ့သည်စားပွဲထံသို့လင်းမင်ကျစ်ဆွဲလာသည့်တလျှောက် တွဲလောင်း တွဲလောင်းဖြင့်ကပ်ပါလာသည်။ လူလေးယောက်သည်ထိုင်ပြီးသည်နှင့် သူတို့၏ကြွေခွက်များကိုအရင်မြှောက်လိုက်ကြသည်။


လင်းရုဖေးကအရက်အစား လက်ဖက်ရည်နဲ့သာခွက်ချင်းတိုက်ရပြီးအားလုံးကရယ်မောကာခွက်များကိုမြှောက်လိုက်ကြသည်။

ထိုအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှနွေဦး၏အရောင်သည်အလွန်တရာလိုက်ဖက်ညီနေပြီး ချယ်ရီပင်၏သစ်ကိုင်းများကလေအနွဲ့တွင်သံယောင်လိုက်ဟန်ဖြင့် မသိမသာတုန်ခါသွားကြပေ၏။


___ ____