အပိုင်း ၂၅
Viewers 15k

Chapter 25

မော့ယွီသို့ခရီးတစ်ခေါက်




လင်းရုဖေး တောင်မှထွက်ခွာမည့်နေ့ရက်မှာရောက်လာခဲ့ချေပြီ။


မိသားစုတွင်အချစ်ခင်ရဆုံး အငယ်လေးထွက်သွားတော့မည်ဖြစ်ရာ အကြီးများကထိုသူအပေါ်တွင်အကောင်းဆုံးအရာများ လုပ်ပေးချင်ကြသည်မှာဓမ္မတာပင်။ ထိုသူတို့သည် အသံလွှင့်မန္တာန်ကိုအခုငါးရာခန့်ဝယ်ကြသည်။ မန္တာန်အဆောင်မှာဈေးကြီးပြီး ငါးရာဆိုသောပမာဏမှာဂိုဏ်းငယ်လေးတစ်ခု၏တစ်နှစ်စာအသုံးစရိတ်နှင့်ညီမျှသည်။ လင်းပျန့်ယွီက လင်းရုဖေးအတွက်ဓားတစ်လက်ရှာပေးချင်သော်ငြား လင်းရုဖေးသည်သူ၏အိမ်တော်အတွင်းလှည့်ပတ်ခဲ့ပြီးနောက် အကြိုက်တွေ့သည့်ဓားမရှိပေ။ အမှန်တွင် သူသည်နှစ်သက်ရာဓားကိုမတွေ့ခြင်းမျိုးမဟုတ်ဘဲ မကိုင်နိုင်ခြင်းသာ။


ပုံမှန်တွင် သာမန်ဓားမျိုးကား ဓားအိမ်နှင့်အသေတွဲထားသည်ဟုထင်ရသည်။ လင်းရုဖေးဆွဲထုတ်ကြည့်သည့်တိုင် ချွတ်မရပေ။


လင်းပျန့်ယွီသည် စိတ်တိုလွန်းသောကြောင့် သူ၏ညီငယ်လေးအား မျက်နှာသာမပေးသောဓားများအားလုံးကို ချိုးပစ်ချင်လုနီးပါးပင်။


ဓားမရှိစေကာမူ ကိစ္စကြီးလည်းမဟုတ်ချေ။ လင်းပျန့်ယွီသည်ချယ်ရီကိုင်းက အတန်အသုံးဝင်သည်ဟုခံစားရ၍ လင်းပျန့်ယွီအားဝိညာဉ်ကျောက်တုံးနှင့်ပင်လုံလောက်သည့်အကြောင်း နှစ်သိမ့်ပေးလိုက်ရ၏။


လင်းပျန့်ယွီသည်စိတ်အလိုမကျဖြစ်နေပြီး လင်းရုဖေးကို တောင်အောက်ဆင်းရန်အကြံပေးသူမှာ ဝမ်ယောင်ဖြစ်ကြောင်းပြောလာခဲ့သည်။ ဝမ်ယောင်သည် ခွန်းလွန်တောင်ကလင်းရုဖေးအတွက်ရေသေကန်တစ်ကန်သာဖြစ်ပြီး လင်းရုဖေးဘဝ၏အခွင့်အရေးကတောင်အောက်တွင်ရှိနေသည်ဟုဆိုခဲ့၏။ 


အဆိုပါစကားဖြင့် လင်းရုဖေးသည်ဝမ်ထန်းကိုအနိုင်တိုက်နိုင်ကြောင်းမြင်သာလာ၍ အကြီးဖြစ်သူတို့မှာလင်းရုဖေးတောင်အောက်ဆင်းရန်ကိစ္စကိုတွန့်ဆုတ်ဆုတ်နှင့်လက်ခံလိုက်ရသည်။


သို့သော် လင်းပျန့်ယွီခမျာစိတ်ထဲတွင်လေးလံနေသည်။ သိုင်းလောကကား အန္တရာယ်များဝိုင်းနေပြီး လင်းရုဖေးကတစ်ကြိမ်ထွက်သွားပြီးသည်နှင့်ထိုသူ့ကိုနောက်တစ်ခါပြန်မမြင်ရတော့မည်ကိုသူကြောက်နေမိသည်။


လင်းရုဖေးကားရိပ်မိသည်။ သူကလင်းပျန့်ယွီအားပြုံးပြကာစိတ်မပူရန်ပြောသည်။ ဝမ်ထန်းနှင့်အကြိမ်ရေအနည်းငယ်ထပ်တွေ့ရလျှင်ပင်သူပြန်တိုက်နိုင်သည်။ သည့်အပြင် ဤလောကတွင်မြောက်များစွာသောဝမ်ထန်းများလည်းရှိမည်မဟုတ်ချေ။


လင်းပျန့်ယွီသည်သက်ပြင်းသာချပြီး စကားမဆိုတော့ချေ။


နှစ်ရက် သုံးရက်အတွင်း လင်းရုဖေး၏သိုလှောင်လက်စွပ်မှာ ပစ္စည်းများဖြင့်ပြွတ်သိပ်ကြပ်ညပ်နေလေသည်။ ဝတ်နေကျအဝတ်အစားများကိုလည်း ဝိညာဉ်ကျောက်တုံးများဖြင့်အစားထိုးထားရသည်။ သူ၏အတွင်းဝတ်များပင် နူးညံသောရွှေရောင်အကာဖြင့်ပတ်ထားရပြီး လင်းရုဖေးမှာ အကာအကွယ်ဝတ်စုံပြည့်ဖြင့် လိပ်ကြီးတစ်ကောင်ကဲ့သို့ခံစားနေရ၏။


၎င်းတို့ရှိနေသည်နှင့် သူသည်မည်သည့်ကျင့်ကြံသူနှင့်မဆိုတွေ့ဆုံခဲ့သည်ဖြစ်စေ ထိုသူတို့သည်လင်းရုဖေး၏အပြင်ဘက်အကာကိုမချိုးဖျက်နိုင်ဘဲ သူတို့ကိုယ်တိုင်သာထိခိုက်မိကြပေလိမ့်မည်။


သို့ထိတိုင် အကြီးများမှာသူသည်သိုင်းလောကစည်းမျဉ်းများဖြင့်ရန်ရှာခံရမည်ကိုစိုးရိမ်နေကြဆဲပင်။ သူတို့က တစ်ဖက်မှအရက်နှင့်ဧည့်ခံလာလျှင် အလွယ်တကူလက်မခံသင့်ကြောင်း၊ လေလွင့်ခရီးသည်များနှင့်တွေ့လျှင် အယုံမလွယ်သင့်ကြောင်းနှင့် အနိုင်မတိုက်နိုင်လျှင်ထွက်ပြေးရန်မှာကြသည်။ သိုလှောင်လက်စွပ်အတွင်းမှပစ္စည်းများမှာ သူခွန်းလွန်တောင်ကိုပြန်လာနိုင်ရန်လုံလောက်သည်ထက်ပိုပေသေးသည်။


လင်းရုဖေးသည် လူသုံးယောက်ထံမှတစ်လှည့်စီသင်ခန်းစာအပေးခံနေရသည်။ သူသည်တောင်အောက်မဆင်းခင် အတော်လေးပင်ပန်းနေပြီဖြစ်ကာ သူ၏ခေါင်းမှာလည်းရေပုံးတစ်ပုံးစာခန့်ကြီးလာသည်။


ရလဒ်မှာ လင်းဝေရွေ့ထံမှပါးဆွဲ၍လှုပ်နှိုးခံရပြီး သင်ခန်းစာကိုပြန်လှန်လေ့ကျင့်ခန်းလုပ်ပေးခြင်းကိုခံရပြန်၏။


လင်းရုဖေးသည် ဖူဟွားနှင့်ယွီရွေ့အားသူနှင့်အတူခေါ်မသွားချင်ပေ။ ကလေးမလေးနှစ်ယောက်က အပြောရပ်သွားကြပြီးမျက်ရည်ပေါက်ကြီးပေါက်ငယ်ကျကာငိုကြပြန်သည်။ ယွီရွေ့ကိုအငိုတိတ်အောင်လုပ်ရန်မှာလွယ်သည်၊ ပြောင်းဖူးအရသာသကြားလုံးနှစ်လုံးခန့်ထုတ်ကာသူမပါးစပ်ထဲထည့်ပေးလိုက်လျှင် အငိုရပ်သွားလိမ့်မည်။ ဖူဟွားကားမလွယ်ချေ။ သူမကလင်းရုဖေးအားစိတ်မကောင်းစွာကြည့်နေပြီး အဝတ်များထည့်ပေးနေစဉ်မှာလည်းငိုနေသေးသည်။


လင်းရုဖေးမှာသူတို့ငိုသံကြောင့်ခေါင်းပင်ကိုက်လာရကာ : "မင်းကဘာလို့ငိုနေတာလဲ"


ဖူဟွားကတဟင့်ဟင့်ရှိုက်နေပြီး : "ဖူဟွားကသခင်လေးကိုဆယ်နှစ်လောက်စောင့်ရှောက်လာပေးတာ သခင်လေးကသွားတော့မယ်ဆိုတော့ ဘယ်အချိန်ပြန်လာမလဲမှမသိတာ သခင်လေးကဖူဟွားကိုမျက်ရည်လေးတစ်ပေါက်နှစ်ပေါက်တောင်ကျခွင့်မပေးတော့ဘူးလား"


လင်းရုဖေးမှာစကားမှားသွားမှန်းသိလိုက်ပြီး အလျင်စလိုပါးစပ်ပိတ်လိုက်ရသည်။


ဖူဟွားကထပ်ပြီးပြောလာပြန်၏ : "ဘာလို့သခင်လေးက ကျွန်မတို့ကိုမခေါ်သွားရတာလဲ လမ်းမှာကျွန်မတို့ကသခင်လေးကိုဂရုစိုက်ပေးနိုင်တာပဲ ကျွန်မတို့အကူအညီမရရင်တောင် တစ်ခုခုဖြစ်လာရင် အကူအညီတောင်းဖို့တစ်ယောက်ကိုလွှတ်လို့ရတာပဲ"


လင်းရုဖေးကတစ်ခုခုပြောရန်ပြင်လိုက်သော်ငြား အနားတွင်ထိုင်နေသောလင်းမင်ကျစ်က ဖူဟွားနှင့်ယွီရွေ့ကိုသူနှင့်အတူခေါ်သွားရန်ပြောလာသည်။ နှစ်ယောက်စလုံးက ကျင့်ကြံဆင့်ပဉ္စမနေရာရောက်နေပြီဖြစ်၍ လင်းရုဖေးကိုခရီးဖင့်စေမည်မဟုတ်ချေ။ လင်းရုဖေးနေမကောင်းဖြစ်ခဲ့သည်ရှိသော်သူတို့ကအနှီသူကိုကောင်းစွာဂရုစိုက်ပေးနိုင်ပေလိမ့်မည်။


လင်းရုဖေးမှာမတတ်သာဘဲလက်ခံလိုက်ရတော့၏။


သို့ဖြစ်၍ မူလကစီစဉ်ထားသောသူရဲကောင်းဆန်ဆန်ခရီးမှာ အထက်တန်းစားသခင်ငယ်လေး၏နွေဦးရာသီအပန်းဖြေခရီးအဖြစ်ပြောင်းသွားတော့သည်။


ထွက်ခွာမည့်ရက်၌ မိုးအနည်းငယ်ရွာပြီးတောင်ပေါ်လမ်းက ဗွက်ထူနေသည်။


လင်းမင်ကျစ်နှင့်ကျန်သူများက လင်းရုဖေးကိုမြို့အထိလိုက်ပို့ပေးပြီးရစ်ငှက်ရထားလုံးပေါ်တက်သွားသည်အထိကြည့်နေကြသည်။ ဖူဟွားကလှည်းမောင်းပေးသည်။ သူမက ဝါးခမောက်ဆောင်းထားကာမိုးကာအင်္ကျီဝတ်ထား၍ ခါးတွင်ဓားချိတ်ထားသည်။ သူမကလင်းရုဖေးထက်သူရဲကောင်းပီသသည့်ပုံပေါ်နေ၏။ 


လင်းရုဖေးကအဖြူရောင်နွေဦးဝတ်စုံဝတ်ထားပြီး အနက်ရောင်ဆံနွယ်များကိုယင်းအတိုင်းသားဆံညှပ်နှင့်တွဲချည်ထား၏။ ရထားလုံးပေါ်ရောက်သည်နှင့် သူလိုက်ကာကို ဆွဲပြီးလမ်းနံဘေးတွင်ရပ်နေသည့်လင်းမင်ကျစ်နှင့်ကျန်သူများကိုကြည့်လိုက်၏။


လူသုံးယောက်မှာထီးမပါကြ၍ မိုးရေစက်များကသူတို့၏ဆံပင်ထက်သို့တတောက်တောက်ကျဆင်းနေလျက်ရှိပြီး အလင်းရောင်အောက်တွင်တလက်လက်ဖြင့်ရောင်ပြန်ဟပ်နေသည်။ သူတို့က လင်းရုဖေးအား မခွဲနိုင်မခွာရက်ဖြင့်နူးညံ့စွာကြည့်နေကြ၏။


လင်းပျန့်ယွီ၏အသံက အက်ကွဲနေသည်။


"ရှောင်ကျို့ အမြန်ပြန်ခဲ့ရမယ်နော်"


လင်းဝေရွေ့က နီရဲနေသောသူမမျက်လုံးများကိုပွတ်သပ်ပြီး "ဟုတ်တယ် အမြန်ပြန်လာရမယ် မင်းကိုအနိုင်ကျင့်တဲ့သူရှိရင် ချက်ချင်းအကြောင်းကြားလိုက်နော်"


လင်းမင်ကျစ် : "အမြန်သွားပြီးအမြန်ပြန်ခဲ့!"


"ဟုတ်ပါပြီ ကျွန်တော်ပြန်လာတာကိုစောင့်နေကြနော်"


လင်းရုဖေးသည် နှလုံးသားအောက်ခြေမှစူးချဉ်မှုကိုခံစားနေရကာ ဤသည်က အနှစ်နှစ်ဆယ်အတွင်း အိမ်မှထွက်ခွာသည့်ပထမဆုံးအကြိမ်ပင်။


ဖူဟွားကကြာပွတ်ကိုဝှေ့လိုက်ပြီး လှည်းရထားကတရွေ့ရွေ့နှင်လေသည်။


လင်းရုဖေးသည်လိုက်ကာကိုမချချင်ပေ။ လူသုံးယောက်၏ပုံရိပ်ကတဖြည်းဖြည်းနှင့်သေးငယ်မှုန်ဝါးသွားပြီး အဆုံးတွင် တောင်နှင့်သစ်ပင်များအကြားနစ်မြုပ်ပျောက်ကွယ်သွားသည်ကို တစ်ချိန်လုံးကြည့်နေမိသည်။


မိုးကပိုသည်းလာပြီး လှည်းရထား၏ပေါင်းမိုးပေါ်သို့တဖျောက်ဖျောက်ကျဆင်းနေသည်။


ယွီရွေ့ကလင်းရုဖေးနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်သည်။ ဘယ်သူမှသူမကိုအာရုံမရှိသည့်အခါ ပြောင်းဖူးအရသာသကြားလုံးကိုလှစ်ကနဲထုတ်စားပြီး သူမ၏ပါးနှစ်ဖက်ပေါက်ထွက်သွားလောက်အောင်ထိုးသိပ်ထည့်တော့သည်။ 


သူမကအစားအသောက်မက်သည့်ကြွက်ကလေးနှင့်တူနေပြီး ပလုတ်ပလောင်းအသံဖြင့်ပြောလာသည်။


"သခင်လေး ကျွန်မတို့တွေမော့ယွီကိုအရင်သွားကြမှာလား"


လင်းရုဖေး : "အင်း ငါတို့ရှဲ့ကျစ်ယောင်ကိုသွားတွေ့ကြမယ်"


ယွီရွေ့ : "မော့ယွီကခွန်းလွန်နဲ့နီးတယ် ဓားနဲ့သွားရင်တစ်ရက်ခွဲလောက်ကြာမယ် ရထားလုံးနဲ့ဆိုရင် တစ်ရက်နှစ်ရက်ကြာမယ် ဒါပေမဲ့ ရပါတယ် ကျွန်မတို့မှာပြင်ဆင်ထားတာတွေရှိတယ် တောလမ်းမှာခြောက်လလောက်လျှောက်လိုက်ရရင်တောင်စိုးရိမ်စရာမရှိပါဘူး"


လင်းရုဖေး : "မင်းရဲ့ပြောင်းဖူးသကြားလုံးကတော့ခြောက်လခံမှာမဟုတ်ဘူး"


၎င်းကိုကြားရသည့်အခါ ယွီရွေ့၏မျက်နှာလေးက တမဟုတ်ချင်းမဲ့ရွဲ့သွားသည်။ ပြောင်းဖူးအရသာသကြားလုံးသည် ခွန်းလွန်တောင်ခြေမှအထူးထုတ်ကုန်ပင်။ ၎င်းကစေးကပ်ချိုရဲပြီးပျော့ပျောင်း၍ သူမအကြိုက်ဆုံးဖြစ်၏။ ပြောင်းဖူးအရသာသကြားလုံးထပ်မရှိတော့လျှင်လည်းကိစ္စမရှိချေ။ သူမ၏သခင်လေးရှိနေသရွေ့ ပြောင်းဖူးသကြားလုံးကအရေးမကြီးပေ။


သူမ၏အတွေးများပြီးဆုံးသွားသည့်အခိုက် သူမထပ်မံပျော်ရွှင်လာသည်။ 


ပါးစပ်ထဲတွင်နူးညံ့သည့်သကြားလုံးကိုဝါးနေရင်း : "စိတ်ပူစရာမရှိပါဘူး မရှိတော့ဘူးဆိုလည်းမရှိတော့ဘူးပေါ့ ကျွန်မစားချင်လာရင်သခင်လေးကိုခဏလောက်ကြည့်လိုက်မယ် အဲဒါဆိုထပ်ပြီးဗိုက်ဆာတော့မှာမဟုတ်ဘူး"


လင်းရုဖေးကားရယ်လိုက်၏။


တောင်ပေါ်လမ်းမှာအကွေ့အကောက်ပေါများပြီး လမ်းကြမ်းသည်။ ရထားလုံးတွင်အဆင့်မြင့်အဆောင်လက်ဖွဲ့ကပ်ထား၍ အတွင်းမှထိုင်နေပါက လမ်းချောတွင်ရောက်နေသလိုသက်သောင့်သက်သာဖြစ်စေသည်။ လင်းရုဖေးက တောင်အောက်ဆင်းသည့်ပထမဆုံးခရီးစဉ်တွင်ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်နှင့်ထူးဆန်းမှုများကိုခံစားနေရသည်။ ပြတင်းပေါက်အနားတွင်ထိုင်နေရင်း ညမှောင်သွားသည်အထိအကြည့်မလွှဲနိုင်ချေ။ ယွီရွေ့ကအနားယူမည့်ဖူဟွားဖြင့်လူလဲပြီးဖူဟွားကအိပ်ရန်တိုက်တွန်းလိုက်သည်။


ညတွင်လေကားအတော်အသင့်အေး၍ ဖူဟွားကလင်းရုဖေးအတွက်အိပ်ရာပြင်ပေးသည်။ သူမကမီးသွေးဖြင့်မီးမွှေးပြီး လင်းရုဖေးဆေးကြောရန်ရေနွေးတည်ပေးသည်။


လင်းရုဖေးကဆေးကြောပြီးနောက် အိပ်ရာအပါးလေးပေါ်တွင်လှဲကာမျက်တောင်ခတ်ပြီး : "တောင်ပေါ်မှာနဲ့ဘာမှမကွာသလိုဘဲ"


ဖူဟွားသည်အိပ်ရာခင်းနှင့်ပွတ်တိုက်နေသောလင်းရုဖေး၏ချစ်စဖွယ်မျက်နှာလေးအားကြည့်ကာ : "ထွက်လာတာတစ်ရက်ပဲရှိသေးတယ် သခင်လေးရယ် ချက်ချင်း ပြန်မလှည့်ပါနဲ့ဦး"


လင်းရုဖေးကသမ်းဝေလိုက်ပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားသည်။


ညလယ်တွင် မိုးကပိုသည်းလာသည်။ တောင်ပေါ်လေက အေးစက်ပြီးတောအုပ်ထဲတွင် တဖောက်ဖောက်အသံများထွက်နေစေသည်။


သို့သော် လေနှင့်မိုးသံအကြားတွင်အခြားအသံတစ်ခုကပါရောပါနေသယောင်ယောင်။ လူများတီးမှုတ်နေသည့်အသံနှင့်ဆင်တူပြီး သာယာနာပျော်ဖွယ်မရှိ၊ ညသန်းခေါင်တွင်ခြောက်ချားဖွယ်ကောင်းနေသည်။


လင်းရုဖေးက အအိပ်ဆတ်တတ်သောကြောင့် ထိုအသံကြားသည်နှင့် ချက်ချင်းထလာသည်။ ယွီရွေ့ကစားပွဲပေါ်တွင်ဟောက်လျက်အိပ်ပျော်နေသည်ကိုသူတွေ့ရသည်။ 


သူကဖူဟွားကိုတိုးလျညင်သာစွာခေါ်ကြည့်လိုက်ရာ အစေခံမလေးကမေးလာ၏။


"သခင်လေးဘာလို့ထလာတာလဲ"


လင်းရုဖေးကမေးလိုက်သည်: "မင်းတစ်ခုခုကြားလိုက်လား"


ဖူဟွားသည်ခေတ္တတိတ်ဆိတ်နေပြီးမှ တိုးလျစွာဖြေလေ၏: "တောင်အနားမှာနေတဲ့ရွာသားတွေက ဈာပနလုပ်နေတယ်ထင်တယ်"


လင်းရုဖေးက ရထားလုံး၏လိုက်ကာကို မ ကြည့်လိုက်သည်။ မည်းမှောင်နေသောတောင်ပေါ်လမ်းတွင် သူကတောက်ပပြီးလင်းချည်မှိန်ချည်နှင့်မီးတန်းကိုတွေ့နေရသည်။ အလင်းရောင်ထဲတွင်အဖြူရောင်ဝတ်စုံနှင့်ပုံရိပ်များလမ်းလျှောက်နေကာ ၎င်းတို့လက်ထဲတွင်မီးတုတ်များကိုင်ထားကြသည်။ လူတချို့က အနက်ရောင်ခေါင်းတလားကိုသယ်လာကြသည်ထင်၏။


ဖူဟွားကရေရွတ်သည်: "သူတို့ဝတ်ထားတဲ့ပူဆွေးဝတ်ရုံပေါ်ကပုံစံတွေက ရင်းနှီးနေသလိုပဲ တနေရာရာမှာမြင်ဖူးထားသလိုမျိုး"


လင်းရုဖေးကမေးလိုက်၏ : "ရင်းနှီးတယ်လား"


ဖူဟွား : "ဟုတ်တယ် ရှဲ့မိသားစုရဲ့ဝတ်စုံပုံစံကထူးခြားတယ်လေ နှစ်တွေကြာသွားပေမဲ့ ကျွန်မသေချာမှတ်မိတယ်...အဲဒီလူတွေရဲ့ဝတ်စုံထောင့်ကပုံစံက အဲဒီချုပ်ထားတဲ့ပုံစံနဲ့နီးစပ်တယ်"


ရှဲ့မိသားစုက မျိုးရိုးကြီးပြီး တင်းကျပ်သည့်စည်းမျဉ်းစည်းကမ်းများရှိသည်။ အထူးသဖြင့် ပင်မမိသားစုတွင်ပင်။


အစားအသောက်၊ အဝတ်အထည်တိုင်းသည် စည်းကမ်းလိုက်နာမှု၏ပြယုပ်အဖြစ်တင်းကျပ်ထားသည်။ အနှီလူစု၏ဝတ်စုံပေါ်မှ ချုပ်ရိုးက ရှဲ့မိသားစု၏ဝတ်စုံအပြင်အဆင်နှင့်ဆက်နွယ်နေ၍ ရှဲ့မိသားစုနှင့်ပတ်သတ်နေနိုင်၏။


သူတို့နှစ်ယောက်ကစကားပြောနေစဉ် တောင်ပေါ်မှဈာပနပို့သည့်လူစုသည်သူတို့အားသတိထားမိသွားပြီး မီးတုတ်အလင်းတန်းကခဏတဖြုတ်ရပ်သွားကာ သူတို့ထံအလျှင်အမြန်ဝိုင်းလာသည်။


ဖူဟွားကမျက်မှောင်ကြုတ်၍ ခါးဘေးမှဓားကိုဆုပ်ကိုင်လျက်: "သခင်လေး ခဏစောင့် ကျွန်မ သူတို့ဘာလုပ်ချင်တာလဲဆိုတာသွားမေးလိုက်မယ်"


လင်းရုဖေး : "အလျင်မလိုနဲ့ သူတို့လာပါစေအုံး"


ထိုသူတို့က သူတို့အရှေ့မှတောင်ပေါ်လမ်းသို့အမြန်ရောက်လာကြပြီး လင်းရုဖေး၏လှည်းရထားကိုဝိုင်းအုံလာသည်။


"မင်းတို့ကဘယ်သူတွေလဲ"


လူအုပ်၏ခေါင်းဆောင်က ခက်ထန်သောအသံဖြင့်မေး၏ : "ဒီအချိန်ကြီးတောင်ပေါ်လမ်းမှာဘာလို့ရှိနေကြတာလဲ"


ဖူဟွားကမေးလာသည့်အသံအနေအထားကိုနားထောင်ပြီးနောက်မျက်မှောင်တင်းတင်းကြုတ်သွားသည်။ သူမတိုက်ခိုက်တော့မည့်အချိန်တွင် လင်းရုဖေးကခေါင်းယမ်း၍ နောက်ဆုတ်ရန်အချက်ပြလိုက်သည်။ လင်းရုဖေးကလှည်းရထား၏လိုက်ကာကို မ ကာလှည်းအား တားသူကိုကြည့်၍ပြောလိုက်၏။ 


"ကျွန်တော်က ခွန်းလွန်တောင်ကလင်းမိသားစုရဲ့လေးယောက်မြောက်သား လင်းရုဖေးပါ ဂိုဏ်းချုပ်အမိန့်အရ နောက်လာမယ့်သိုင်းပြိုင်ပွဲရဲ့အကြောင်းကြားစာကိုရှဲ့မိသားစုဆီလာပို့တာပါ"


ထိုသူကသူ့အားသေချာစေရန် ကြည့်နေပြီးမှ လက်နှစ်ဖက်ကိုယှက်ကာ ကိုယ်ကိုငုံ့ကိုင်းလိုက်သည်။


"ရိုင်းပြမိတာကိုခွင့်လွှတ်ပါ သခင်လေးလင်း ဒီနေရာကမအေးချမ်းပါဘူး လမ်းခရီးမှာဂရုစိုက်ပါ"


လင်းရုဖေးကမျက်လုံးပင့်ကာခေါင်းတလားကိုကြည့်ပြီးမေးလိုက်သည်: "မေးပါရေစ ဒီလူတွေက...."


ထိုလူကဖြေရကောင်းနိုး၊ မဖြေရကောင်းနိုးဖြင့်တွေဝေသွား၏။


လင်းရုဖေးကထိုသူကိုဖိအားမပေးတော့ဘဲ : "ခင်ဗျားမပြောချင်လည်းရပါတယ် ခင်ဗျားတို့ဆက်လုပ်ကြပါ ကျွန်တော်လည်းခရီးဆက်ပါတော့မယ်"


ထိုသူကအံတင်းတင်းကြိတ်လိုက်ပြီး : "ကျွန်တော်တို့ကမိသားစုရဲ့သားအကြီးဆုံးရှဲ့ခုန်းချန်ကိုမြေမြုပ်တော့မလို့ပါ"


လင်းရုဖေးမှာမှင်သက်သွားရပြီး : "ရှဲ့ခုန်းချန်လား"


ထိုသူကအတည်ပြုပေးသည်။ "ဟုတ်ပါတယ်"


လင်းရုဖေးက ဤတစ်ကြိမ်တွင် ရှဲ့မိသားစုကဒုက္ခလှလှတွေ့နေပြီမှန်းသိလိုက်သည်။


ရှဲ့ခုန်းချန်သည် ရှဲ့ကျစ်ယောင်၏အစ်ကိုအကြီးဆုံးပင်။ ရှဲ့မိသားစု၏မျိုးဆက်အငယ်ထဲတွင်စွမ်းအားအကြီးဆုံးလူဖြစ်ပြီး သူ့အစ်ကိုတွေဖြင့်ကျင့်ကြံဆင့်တူသည်၊ ရောဂါဖြင့်သေဆုံးရန်မှာလုံးဝမဖြစ်နိုင်သလို ပြင်ပမှတိုက်ခိုက်မှုကြောင့်ဒဏ်ရာရရန်လည်းမဖြစ်နိုင်ပေ။


ညလယ်ခေါင် ရှဲ့မိသားစု၏စိတ်မကောင်းဖွယ်ဈာပနအခမ်းအနားကျင်းပပုံကိုကြည့်ရလျှင် ဤလက်စားချေသတ်ဖြတ်မှုမျိုးသည် သာမန်ပြိုင်ဘက်တစ်ယောက်ထံမှတော့ဖြစ်ဟန်မတူချေ။


ရှဲ့မိသားစုအားဝမ်းနည်းစကားပြောခဲ့ပြီးနောက် လှည်းရထားကလမ်းပေါ်သို့နောက်တဖန်ပြန်ရောက်လာသည်။ မိုးကားဆက်လက်ရွာသွန်းနေပြီးနွေဦး၏နေ့ရက်လေးကိုပို၍ အအေးပိုနေစေလေ၏။


__ ___ ____


Translated By IQ-Team.