အပိုင်း ၂၆
Viewers 14k

Chapter 26

မော့ယွီမြို့အတွင်း၌



ရထားလုံးက မော့ယွီမြို့အတွင်းသို့ရောက်ရန်ရက်အနည်းငယ်အကြာအထိခရီးနှင်လာရသည်။


ခွန်းလွန်တောင်သည်လင်းမိသားစု၏ပိုင်နက်ဟုဆိုရလျှင် မော့ယွီမြို့ကလင်းမိသားစု၏လက်အောက် ခံဟုဆိုနိုင်သည်။


ရက်အနည်းငယ်ခန့် တောင်ပေါ်တွင်လမ်းလျှောက်ခဲ့ရပြီးနောက် အဆုံးတွင်မြေပြန့်သို့ချေချနိုင်ပြီဖြစ်၏။ ကုန်းစောက်အနိမ့်အလျှောများနှင့်တောင်တန်းတောအုပ်အသွယ်သွယ်မှာကျဲပါးလာ၍ လူများကိုတစတစတွေ့လာရသည်။


မြို့ထဲသို့ဝင်သည့်အခါ သူတို့၏လှည်းကိုအရှိန်လျှော့လိုက်သည်။ လင်းရုဖေးကား လိုက်ကာကိုပင့်မြှောက်ကာ ဆိုင်ငယ်လေးများနှင့်လမ်းပေါ်မှလူသွားလူလာများကိုလေ့လာနေမိသည်။


မော့ယွီမြို့သည် ကူးသန်းသွားလာသောကုန်သည်များနှင့် စီးပွားရေးအချက်အချာကျသည့်နေရာတွင်ရှိပေ၏။ ၎င်းကယန်ကွမ်းစီရင်စုရဲ့ အနောက်ဘက်အကျဆုံးစီးပွားရေးမြို့လေးလည်းဖြစ်၏။ လင်းရုဖေးသည် ယခင်ကတစ်ကြိမ်မှပင်မမြင်ဘူးမတွေ့ဘူးသော အထူးအဆန်းပစ္စည်းများကိုတွေ့ခဲ့ရသည်။


အထိန်းတော်လေးနှစ်ယောက်မှာ ၎င်းတို့ကိုမကြည့်ရမနေနိုင်အောင်ဖြစ်နေပြီး အထူးသဖြင့်အငယ်လေးယွီရွေ့မှာ မကြာခဏတံတွေးမြိုချနေလေသည်။


ရှဲ့အိမ်တော်မှာ လမ်း၏အလယ်တွင်ရှိပြီး အဝင်ဝတွင်ကြီးမားလွန်းလှသောခြင်္သေ့ကျောက်ရုပ်ကြီးနှစ်ရုပ်ရှိနေသည်။ ဖူဟွားကတံခါးဖွင့်ပေးရန်လှမ်းခေါ်သည့်အခါ လင်းရုဖေးကနံဘေးတွင်ရပ်စောင့်နေပြီး ခြင်္သေ့ရုပ်ကြီးနှစ်ရုပ်ကအရှေ့ဘက်လှည့်နေရာမှ သူဘက်သို့ဖြည်းညှင်းစွာခေါင်းလှည့်လာသည်ကိုတွေ့လိုက်ရ၏။


ယွီရွေ့ : "ကျောက်တုံးကဘာလို့လှုပ်လာတာလဲ"


လင်းရုဖေးကတခဏခန့်မှင်သက်သွားပြီးမှအသာရယ်လိုက်ကာ : "ကျောက်တုံးမဟုတ်လောက်ဘူး ကျောက်တုံးသားရဲဝိညာဉ်"


ယွီရွေ့ကားနားမလည်နိုင်ရှာ : "ကျောက်တုံးသားရဲဝိညာဉ်ဟုတ်လား ဘာကြီးလဲ"


လင်းရုဖေး : "အိမ်ကိုအစောင့်အရှောက်ထားလို့ရတဲ့ရှားပါးသားရဲဝိညာဉ်လေ အမြင်အရ ကျောက်တုံးနဲ့တူပေမဲ့ မှော်နက်ဝိညာဉ်အစွမ်းလည်းထုတ်နိုင်တယ်"


နှစ်ယောက်စကားပြောနေစဉ်မှာပင် ရှဲ့အိမ်တော်၏တံခါးပွင့်လာသည်။ ဖူဟွားကရောက်လာရသည့်အကြောင်းအရင်းအားရှင်းပြစေကာမူ တံခါးစောင့်သည်တွန့်ဆုတ်နေဟန်ဖြင့် သူတို့သုံးယောက်ကိုခြေဆုံးခေါင်းဆုံးသေချာကြည့်နေလေသည်။


လူသုံးယောက်တွင် လင်းရုဖေးက သံသယဖြစ်ဖွယ်အကောင်းဆုံးပင်။ သူကတည်ငြိမ်သည့်အသွင်အပြင်ရှိပြီး နွေဦးတွင်ဝတ်ဆင်ရသော အဖြူရောင်အောက်ခံကိုမှရွှေရောင်ပိုးချည်မျှင်ဖြင့် တိမ်လွှာသဏ္ဏာန်ဖော်ထားသော ဝတ်စုံကိုဝတ်ထားပေသည်။ 


ညာဘက်လက်မတွင်လိပ်ပုံစံကျောက်စိမ်းတုံးရှိကာ ခါးထက်တွင်မည်သူမှနားမလည်နိုင်လောက်မည့်ချည်ထိုးဟန်ဖြင့်အမွှေးအိတ်ကိုချိတ်ထားသေးသည်။ သူ့ထံတွင်ချောမောသောရုပ်ရည်ရှိလင့်ကစား သွေးရောင်ဖျော့တော့သည့်အသွင်ကကျန်းမာရေးမကောင်းသောပုံပေါ်စေသည်။ သို့သော်ငြား သူ၏မျက်နှာတွင်သာမန်အနက်ရောင်မျက်လုံးများထက် တောက်ပသောမျက်ဝန်းတစ်စုံသည်အထင်ရှားဆုံးဖြစ်နေသည်။ တံခါးစောင့်သည်အဆိုပါမျက်လုံးကိုမြင်ပြီးနောက် တစ်ခုခုကိုမှတ်မိသွားဟန်ဖြင့်ချက်ချင်းမေးမြန်းလာ၏။


"မေးပါရစေ လင်းမိသားစုက လေးယောက်မြောက်သားများလား"


လင်းရုဖေး : "အတိအကျပါပဲ"


"ဒါဆို ကြွပါခဗျာ"


တံခါးစောင့်ကအလျှင်အမြန်ပင် ဖူဟွားအား လှည်းကိုအထဲသွင်းနိုင်ရာတွင်ကူညီရန် အခြားတစ်ယောက်ကိုခိုင်းစေလိုက်သည်။


ထိုနေ့က လင်းရုဖေးနှင့်လင်းမိသားစုတို့ တောင်ပေါ်တွင်တွေ့ဆုံကြပြီးနောက် လင်းမိသားစုထံသို့သတင်းရောက်လာသည်။ ရှဲ့မိသားစုသည်အရေးကြီးဧည့်သည်အတွက်ပြင်ဆင်ထားပုံရသည်။


လင်းရုဖေးသည် ရှဲ့အိမ်တော်တွင်းသို့ဝင်လိုက်သည်နှင့် ထူးဆန်းသောလေထုကိုသတိပြုမိသည်။ ကျယ်ဝန်းလှသောရှဲ့အိမ်တော်တွင် လူအနည်းငယ်ကိုသာသူတွေ့ရသည်။ လူတစ်ယောက်ဖြတ်သွားလျှင်ပင် သူတို့မှာထိတ်လန့်နေပုံရသည်။ လူစိမ်းများဖြစ်သောလင်းရုဖေးနှင့်သူ့လူများကိုတွေ့သည့်အခါ သူတို့၏အမူအရာကတစ္ဆေသရဲအားမြင်တွေ့လိုက်ရသလိုပြောင်းလဲသွားကြ၏။


တံခါးစောင့်သည် လင်းရုဖေးနှင့်အကူမိန်းကလေးနှစ်ယောက်အားအခန်းတစ်ခုသို့ခေါ်သွားပြီး ထိုသူက ရှဲ့မိသားစုသည်အလုပ်များနေ၍ မိုးချုပ်မှပြန်လာနိုင်ကြောင်းနှင့် သူတို့အားအနားယူနေပြီး ထိုသူတို့ပြန်ရောက်လာချိန်မှသာ လာနှုတ်ဆက်နိုင်ကြောင်းပြောပြသည်။


လင်းရုဖေးသည်ကျေးဇူးတင်ကြောင်းပြောကာ ခေတ္တခန့်တုံ့ဆိုင်းနေပြီးနောက် သခင်လေးအိမ်တော်တွင်ရှိမရှိမေးမြန်းကြည့်လိုက်သည်။


လင်းရုဖေးထံမှအမေးစကားကြားရသည့်အခါ အိမ်တော်ထိန်း၏မျက်နှာမှာတောင့်တင်းသွားလျက်သက်ပြင်းချလေ၏။


"ဟုတ်ကဲ့ သူအိမ်တော်မှာရှိနေပါတယ် ပြီးတော့လည်း..."


လင်းရုဖေး : "ပြီးတော့...."


တံခါးစောင့် : "သခင်လေးကအခုထိ ဘိုးဘေးပူဇော်ခန်းမထဲမှာအပြစ်ပေးခံထားရတုန်းရှိပါသေးတယ်"


လင်းရုဖေး : "အပြစ်ပေးခံထားရတယ် ဘယ်လိုဖြစ်တာလဲ"


တံခါးစောင့်သည် ခါးသက်သည့်အပြုံးဖြင့် : "စိတ်မရှိပါနဲ့ သခင်လေးလင်း ဒီကိစ္စက ကျွန်တော်တို့လိုနိမ့်ကျတဲ့အစေခံတွေပြောလို့ရတာမျိုးမဟုတ်ပါဘူး မေးချင်တယ်ဆိုရင်တော့ ကျွန်တော်တို့သခင်ပြန်လာတဲ့အထိစောင့်ပြီးမှမေးကြည့်ပါ ရက်နည်းနည်းကြာရင် တတိယသခင်လေးလည်းအပြစ်ပေးခံရတာပြီးမှာပါ"


လင်းရုဖေးကအနှီသူကိုခက်ခဲအောင်မလုပ်နေတော့ဘဲလွှတ်ပေးလိုက်သည်။


"ကျွန်မတော့ ရှဲ့အိမ်တော်ကထူးဆန်းနေတယ်လို့အမြဲခံစားနေရတယ်"


အထုပ်အပိုးများကိုသယ်သွားကြပြီးနောက် ဖူဟွားနှင့်ယွီရွေ့သည်လင်းရုဖေး၏အခန်းကိုလိုက်လာကြသည်။ 


အစေခံမိန်းကလေးနှစ်ယောက်တို့သည်လည်း အိမ်တော်တွင်းမှသံသယဖြစ်ဖွယ်လေထုကိုခံစားမိပုံရကာ တိုးညှင်းစွာဆိုလာ၏: 


"တစ်ခုခုကတော့ထူးဆန်းနေတယ်"


"တကယ်ကိုမူမမှန်ဘူး"


လင်းရုဖေးက လက်ထဲတွင်ပူနွေးနေသောလက်ဖက်ရည်ပန်းကန်ကိုကိုင်ထားပြီးကုလားထိုင်တွင်ထိုင်နေသည်။ 


လက်ဖက်ရည်ခွက်ကိုမြှောက်ကာ တစ်ငုံသောက်လိုက်ပြီးနောက်တိုးတိမ်သောအသံဖြင့် : "ရှဲ့အိမ်ရဲ့သားကြီးဩရသက ကောက်ကာငင်ကာသေသွားတယ် ရှဲ့အိမ်တစ်အိမ်လုံးမှာဈာပနအပြင်အဆင်မရှိဘူး မီးပုံးဖြူလေးတောင်မချိတ်ထားဘူး"


သူမှတ်မိသည်မှာမှန်လျှင် ရှဲ့ခုန်းချန်သည်ရှဲ့မိသားစု၏အားအထားရဆုံး အငယ်တန်းမိသားစုဝင်ပင်။ ထိုသူသည်ရုတ်တရက်ကြီးသေဆုံးသွားရပြီး ညသန်းခေါင်တွင်လူမသိသူမသိမြေမြုပ်ခံလိုက်ရသည်။ ရှဲ့အိမ်တော်တွင် ထိုသူရှိခဲ့ဖူးကြောင်း အစအနလေးပင်မကျန်ရစ်ခဲ့ချေ။


"ကိစ္စမရှိဘူး ညမိုးချုပ်တဲ့အထိစောင့်ကြတာပေါ့"


ရက်အနည်းငယ်အတွင်း ခက်ခဲပင်ပန်းစွာဖြင့်ခရီးနှင်လာကြပြီးနောက် လင်းရုဖေးမှာပင်ပန်းလှပြီဖြစ်ရာ : "အရင်ဆုံးအနားယူကြ အခြားကိစ္စတွေမပြောခင် ရှဲ့မိသားစုရဲ့လက်ထဲကိုအကြောင်းကြားစာအရင်ထည့်ပေးရမယ်"


ဖူဟွားနှင့်ယွီရွေ့သည် လက်ခံပြီး နာခံမှုရှိစွာဖြင့်ထွက်သွားကြတော့၏။


လင်းရုဖေးကအစားကိုပုံမှန်အတိုင်းစားပြီး အခန်းထဲမှစာအုပ်များကိုလှန်လှောဖတ်နေလိုက်သည်။


ပြတင်းပေါက်မှလေပြည်တသုတ်ဝင်လာပြီး လူတစ်ယောက်သည်ဖြစ်နေကျအတိုင်း သဘာ၀ကျကျ လင်းရုဖေး၏အနားတွင်ပေါ်လာသည်။ 


ထိုသူကပြောလာ၏ : "နှစ်ပေါင်းတစ်ရာတောင်ရှိပြီ ရှဲ့မိသားစုကအရင်အတိုင်းပဲကိုး"


လင်းရုဖေးက ထိုသူ၏မပြောမဆိုပေါ်လာတတ်ခြင်းကိုကျင့်သားရနေချေပြီ။ 


သူကစာအုပ်ကိုသာဆက်ဖတ်နေပြီးခေါင်းမမော့ဘဲပြောလိုက်သည်။ 


"အရင်အတိုင်းပဲ ဟုတ်လား အကြီးအကဲက ရှဲ့အိမ်တော်ကိုအရင်ကရောက်ဖူးတာလား"


"မရောက်ဖူးပါဘူး" 


ကုရွှမ်းတုသည် ပြတင်းပေါက်ကိုပျင်းရိပျင်းတွဲမှီနေလျက် ခြံဝန်းထဲမှထိုင်းမှိုင်းသောမြင်ကွင်းကိုကြည့်နေမိသည်။


"ဒါပေမဲ့ ကိုယ်ကြားဖူးတာတစ်ခုနှစ်ခုလောက်တော့ရှိတယ်"


လင်းရုဖေးက "အို့" ဟုအသံပြုကာ : "ဒါဆို အကြီးအကဲက ရှဲ့မိသားစုဘာဖြစ်ခဲ့လဲဆိုတာသိတာလား"


ကုရွှမ်းတု : "ကိုယ်နည်းနည်းတော့ခန့်မှန်းလို့ရပါတယ်"


လင်းရုဖေးက မျက်တောင်ခတ်ကာသိချင်စိတ်ဖြင့်ခေါင်းမော့ကြည့်လိုက်သည် : "ပြောလို့ရလား"


ကုရွှမ်းတုကလုပ်ပြုံးလေးပြုံးလိုက်ပြီး : "ပြောလို့ရပါတယ်...ဒီတိုင်း...."


လင်းရုဖေး : "ဒီတိုင်းဘာဖြစ်လို့လဲ"


ကုရွှမ်းတု : "အဲဒီကိစ္စတွေကစိတ်ပျက်ဖို့ကောင်းလွန်းလို့ မင်းနားထောင်ရင် နားတွေညစ်ပတ်လိမ့်မယ်"


လင်းရုဖေးကရယ်လျက်ဆိုလိုက်၏ : "ရပါတယ် နားကိုမညစ်ပတ်အောင်ပြောဖို့ကလည်းခက်တာပဲလေ"


ကုရွှမ်းတုက လင်းရုဖေး၏အနားကိုလျှောက်လာသည်။ 


သူ့ခန္ဓာကိုယ်ကိုလင်းရုဖေး၏ပါးအနီးရောက်သည်အထိငုံ့ကိုင်းလိုက်ကာ : "ကိုယ်မြင်ရသလောက် တော်တော်လေးကိုညစ်ပတ်နေတာ"


ထိုသူ ရှူထုတ်လိုက်သည့်လေက လင်းရုဖေး၏နားကိုယားယံသွားစေသည်။ လင်းရုဖေးသည်ရှောင်လိုက်ချင်သော်ငြား ကုရွှမ်းတုကမတ်မတ်ပြန်ရပ်လိုက်သဖြင့်ရပ်တန့်လိုက်ရ၏။


"မိသားစုတိုင်းက ရာစုနှစ်များစွာသူတို့ရဲ့အမွေတွေကို သူတို့နည်းသူတို့ဟန်နဲ့ယူလာတာလေ မင်းတို့ရဲ့လင်းမိသားစုမှာ ပြိုင်ဘက်ကင်းဓားစွမ်းရည်နဲ့ဓားသွန်းလုပ်တဲ့ပညာရှိတယ် ရှဲ့မိသားစုလည်းသူဟာသူရှိတာပေါ့"


လင်းရုဖေး : "ဘယ်လိုနည်းလမ်းလဲ"


ကုရွှမ်းတု : "အရှင်သခင်ကုကိုဘယ်လိုသွန်းလုပ်ထားလဲမင်းသိလား"


လင်းရုဖေးက ကုရွှမ်းတုပြောသည့်စကားအဓိပ္ပါယ်ကိုချက်ချင်းနားလည်လိုက်ပြီး အနည်းငယ်မယုံသင်္ကာဖြင့် : "ကောင်းကင်ဘုံနဲ့လိုက်ဖက်ညီအောင်လုပ်တဲ့နည်းလမ်းမျိုးကအန္တရာယ်ရှိတယ်မဟုတ်လား"


ကုရွှမ်းတု : "ဘာကောင်းကင်ဘုံနဲ့လိုက်ဖက်ညီတာလဲ အချို့လူတွေအတွက် မိသားစုရဲ့တည်မြဲမှုနဲ့ကြီးပွားချမ်းသာမှုကကောင်းကင်ဘုံအလိုကျပဲလေ"


သူ၏အသံကားပျင်းတွဲလေးလံနေ၏။


"အထက်ကနေရာတွေရဲ့အောက်မှာမြုပ်ထားတဲ့အရိုးတွေအများကြီးရှိတယ် ညစ်ညမ်းနေတာတွေလည်းအများကြီးပဲ စောစောစီးစီးကျင့်သားရအောင်လုပ်ထားတာပိုကောင်းလိမ့်မယ်"


လင်းရုဖေးကား တိတ်ဆိတ်နေသည်။ သူစာအုပ်အများအပြားတွင်ဖတ်ဖူးသော်ငြား အားလုံးကမာတိကာလောက်သာ။ သူ၏မျက်လုံးနှင့်သူကိုယ်တွေ့မြင်တွေ့လိုက်ရပြီးနောက် ထိတ်လန့်ရမှုနှင့် မည်သို့များနှိုင်းယှဉ်နိုင်မည်နည်း။ ထို့အပြင် သူ၏ကလေးဘဝက ကစားဖော်များနှင့်လည်းပတ်သက်နေသေးသည်။


စာအုပ်ထဲမှစာရွက်အချို့ကို လှန်နေပြီးနောက် သူအိမ်ထဲတွင်နေရသည်ကိုငြီးငွေ့လာမိသည်၊ ထို့ကြောင့် သူအပေါ်ထပ်ဝတ်ရုံကိုခြုံကာခြံဝန်းထဲထွက်လာလိုက်သည်။ သူမော့ယွီ၏လမ်းကြားလေးများတွင်လမ်းလျှောက်ချင်မိသည်။


တံခါးစောင့်သည် သူအပြင်ထွက်တော့မည်ကိုတွေ့ရသည့်အခါ ကပျာကယာတံခါးဖွင့်ပေးပြီး သူနှင့်အတူလိုက်လာရန်လူလိုသေးလားဟုမေးလေသည်။ လင်းရုဖေးက တစ်ယောက်တည်းသာလမ်းလျှောက်ချင်သည့်အကြောင်းပြောကာ ယဉ်ယဉ်ကျေးကျေးဖြင့်ငြင်းပယ်လိုက်၏။


ကုရွှမ်းတုသည် လင်းရုဖေး၏အနောက်မှလိုက်လာသည့်တိုင် လင်းရုဖေးမှလွဲကာ မည်သူမှသူ့အားမမြင်တွေ့ရပေ။


မော့ယွီမြို့မှလမ်းများမှာ ပြေပြစ်ကျယ်ဝန်းကာ ခွန်းလွန်တောင်နှင့်နှိုင်းယှဉ်လျှင်ကွဲပြားသောမြင်ကွင်းမျိုးရှိသည်။ လင်းရုဖေးကလမ်းလျှောက်နေရင်းမှ မကြာခင် စိတ်ဝင်စားဖွယ်အရာတစ်ခုတွေ့သွားသည်။ သကြားရည်အသုံးပြုထားသော ကျောက်ပြားချပ်ပေါ်တွင် လူပုံစံသေးသေးလေးများထွင်းထားပြီး အကြော်အိုးထဲတွင် ပျော့အိသောဂျုံမုန့်လုံးလေးများရှိနေသည်၊ ၎င်းက ကလေးများအကြိုက်ဖြစ်ပုံရပြီး လင်းရုဖေး၏မျက်လုံးများက တဖျတ်ဖျတ်လက်နေကာသူ၏ခြေထောက်များကမရွေ့တော့ပေ။


ပျံကျဈေးသည်များကား ဉာဏ်ကောင်းကြသည်။ သူတို့ဆိုင်ရှေ့တွင်မျိုးရိုးမြင့်သခင်လေးတစ်ယောက်ရပ်နေသည်ကိုမြင်သည့်အခါ အသံကျယ်ကျယ်ဖြင့်အော်ရောင်းကြတော့သည်။ တက်ကြွသောဈေးသည်များဆိုလျှင်လင်းရုဖေးကိုဖိတ်ခေါ် ပြီး မြည်းစမ်းခိုင်းကြသည်။ အရသာမရှိလျှင်ပိုက်ဆံမပေးစရာမလိုပါဟုပင်ဆိုကြသေး၏။


လင်းရုဖေးခမျာ မက်လုံးပေးသည်ကိုမလွန်ဆန်နိုင်တော့သဖြင့်ပိုက်ဆံအိတ်ထဲမှငွေစအနည်းငယ်ထုတ်ယူလိုက်သည်။ သူကအစာသွပ်မုန့်များနှင့်အချိုကဲသောမုန့်များလည်းဝယ်ခဲ့သေးသည်။ သကြားချောင်းရောင်းသည့်ဆိုင်သို့သွား၍ဆိုင်ရှင်ကို ချယ်ရီပွင့်ပုံစံလုပ်ခိုင်းလိုက်သည်။


"ရော့...ခင်ဗျားအတွက်"


လင်းရုဖေးသည် ချယ်ရီပွင့်ပုံသကြားချောင်းကိုယူလာပြီးမည်သူမှမရှိသောတစ်နေရာအရောက်တွင် ဘေးမှကုရွှမ်းတုကိုကမ်းပေးလိုက်သည်။


"ခင်ဗျားကိုင်လို့ရလား"


ကုရွှမ်းတုကပစ္စည်းများကိုင်၍ရမရ သူလည်းသေချာမသိပေ။


ကုရွှမ်းတုကားစကားမပြောပေ။ သူကရိုးရိုးတမ်းတမ်းလှမ်းယူပြီးနောက် ကျွတ်ကနဲ တစ်ကိုက်ကိုက်ကြည့်ပြီး ဝါး၍မြိုချလိုက်တော့သည်။ သူအမြန်စားလိုက်၍ သကြားညိုများကသူ၏နှုတ်ခမ်းပေါ်တွင်အမှတ်အသားအဖြစ်ကျန်ရစ်ခဲ့သည်။ 


လင်းရုဖေးသည်သူ့နှုတ်ခမ်းထောင့်သူထိုးပြလိုက်ကာ : "ဒီနားလေးမှာ..."


ကုရွှမ်းတုကခေါင်းမော့ကာသူ့ကိုကြည့်သည်။


လင်းရုဖေးကဆက်ပြောသည် : "ဒီနားမှာ...ဟို..."


သူပြော၍မပြီးသေးခင် ကုရွှမ်းတု၏မျက်နှာက အနားသို့ကပ်လာသည်။ 


အေးစက်သည့်နှုတ်ခမ်းလွှာက သူ၏ပါးစပ်ထောင့်ကိုငှက်မွှေးလေးနှယ်ပွတ်သပ်ကျီစယ်သွားသည်၊၊ 


ကြက်သေသေနေသောလင်းရုဖေးခမျာအနောက်ကိုခြေနှစ်လှမ်းဆုတ်မိပြီး သူ၏သွေးဆုပ်ဖြူဖျော့နေသောမျက်နှာမှာလည်း ချက်ချင်းပင်နီမြန်းလာတော့၏။ 


"ခင်ဗျား...ခင်ဗျားဘာလုပ်တာလဲ"


ကုရွှမ်းတုသည်အပြစ်မလုပ်ထားသည့်လူနှယ်ဖြူစင်သည့်အကြည့်လေးဖြင့်ကြည့်လာသည်။


"မဟုတ်ရင်..မင်းကဘာကိုဆိုလိုချင်တာလဲ"


လင်းရုဖေးခမျာ ကူကယ်ရာမဲ့နေသလိုခံစားလိုက်ရသည်။


"ကျွန်တော်ပြောချင်တာက ခင်ဗျားရဲ့ပါးစပ်ထောင့်မှာသကြားစက်တွေလို့"


ကုရွှမ်းတုသည် 'အို့' ဆိုသောအသံဖြင့် လျှာထုတ်ကာပါးစပ်ထောင့်ကိုလျက်လိုက်သည်။ ထိုသူသည်အင်မတန်လှပချောမောလွန်းသဖြင့် ယခုကဲ့သို့သောအပြုအမူမျိုးက တချို့သောလိင်ပိုင်းဆိုင်ရာဆွဲဆောင်သည့်ခံစားမှုမျိုးကိုပေးစွမ်းနေပေသည်။ လင်းရုဖေးသည်မျက်နှာမလွှဲဘဲမနေနိုင်ပေ။ 


သူသည်အစောပိုင်းကဖြစ်ပျက်ခဲ့သည့်ကိစ္စကိုမေ့ဖျောက်ရန်ကြိုးစားနေသောကြောင့် ကုရွှမ်းတု၏မျက်လုံးထဲမှအပြုံးကိုမမြင်လိုက်ရပေ။


လင်းရုဖေးက နှစ်နှစ်ဆယ်ကျော်ကြာရှင်သန်ခဲ့သည်။ ထိုသူနှင့်အချိန်အတန်ကြာထိတွေ့ခဲ့သူများမှာ ဆွေမျိုးများအပြင် ဖူဟွားနှင့်ယွီရွေ့တို့နှစ်ယောက်သာရှိချေသည်။ ထိုသူတို့နှင့်ပတ်သတ်၍သူ့ထံတွင် အခြားအတွေးများဘယ်သောအခါမှမရှိခဲ့ဖူးသောကြောင့် ယခုကြုံတွေ့လိုက်ရသောခံစားချက်အား ရှင်းရှင်းလင်းလင်းကိုသတိထားမိနေ၏။


ကုရွှမ်းတုထံမှကျီစယ်ခံလိုက်ရသည့်အခါ သူအနည်းငယ်ရှက်မိသည်။ ကုရွှမ်းတုကသူ့အားစောနကလုပ်လိုက်သည်မှာ မရည်ရွယ်ဘဲနှင့်လား၊ တမင်တကာပေလားမသိချေ။


ကုရွှမ်းတု၏သဘောထားမှာကား ယခင်ကအတိုင်းပင်။ သူသည်ပျံကျဈေးဆိုင်လေးပေါ်မှ နဂါးပုံစံသကြားချောင်းလေးကိုလက်ညိုးထိုးပြပြီးထိုအရာကအရသာရှိ၍ပြန်သည့်အခါ ဝယ်သွားရန်ပြောလာသည်။


လင်းရုဖေးကနှစ်ဘူးဝယ်ခဲ့လိုက်သည်။ နှစ်ယောက်သား လမ်းပေါ်တွင်ဈေးဝယ်ပြီးပြန်လာကြသည့်အချိန်တွင် လင်းရုဖေး၏လက်ထဲ၌အစာပြေမုန့်ထုပ်များနှင့် ထူးထူးဆန်းဆန်းပုံစံကိရိယာအမျိုးမျိုးပါလာသည်။ အမှန်အတိုင်းဆိုရလျှင် နှစ်ယောက်သားသည် ထိုမျှလောက်ဖြင့်မလုံလောက်ကြသေးချေ။ သူတို့ထပ်မသယ်နိုင်တော့၍သာမဟုတ်လျှင် ပစ္စည်းများကိုဆက်ဝယ်နေနိုင်လောက်သေး၏။


မှောင်ပင်မှောင်တော့မည်ဖြစ်သည်။ လင်းရုဖေးက ရှဲ့အိမ်တော်သို့နှေးတိနှေးကန်ဖြင့်ပြန်ရောက်လာသည်။ ဖူဟွားနှင့်ယွီရွေ့သည် လင်းရုဖေး၏ ပျော်ရွှင်မှုအပြည်ဖြင့်ခရီးမှပြန်လာသည်ကိုမြင်လိုက်ရသည့်အခါ အံ့ဩသွားကြသည်။ သူမတို့သည် သူ၏လက်ထဲမှပစ္စည်းများကိုအမြန်ယူလိုက်ကြပြီး သူမတို့သခင်လေးကအပြင်ထွက်သွားသည်ကိုပင် သူမတို့အားမခေါ်၍အပြစ်တင်ကြတော့သည်။


လင်းရုဖေး : "ငါဟာငါလမ်းလျှောက်ထွက်သွားရုံပါ မင်းတို့စိတ်ရှုပ်ခံစရာမလိုပါဘူး"


ဖူဟွား : "ရှဲ့မိသားစုရဲ့အစေခံက အခုလေးတင်လာပြောသွားတယ် သခင်ရှဲ့အိမ်တော်ကိုပြန်ရောက်လာပြီတဲ့ သခင်လေးလည်းပြန်ရောက်ပြီဆိုတော့ တန်းပြီးသွားတွေ့လို့ရတာပေါ့ သခင်လေးသွားတော့မလား"


လင်းရုဖေး : "သွားမယ်"


အချိန်ကျချေပြီ။


နေဝင်ရီတရော်အချိန်ဖြစ်၍ ရှဲ့အိမ်တော်တစ်ခုလုံးအား ညနေခင်းဆည်းဆာအလင်းတန်းများဖြင့်ဖုံးအုပ်ထားသည်။ လင်းရုဖေးအားပင်မခန်းဆောင်သို့ခေါ်သွားသည့်အစေခံမှလွဲ၍ ရှဲ့အိမ်တော်တစ်ခုလုံး၌လူတစ်ယောက်ပင်မတွေ့ရဘဲ ခြောက်ချားဖွယ်ရာတိတ်ဆိတ်နေ၏။


တံစက်မြိတ်များပေါ်တွင် အနက်ရောင်ငှက်အချို့နားနေသည်။ ယင်းတို့က ကျီးကန်းနှင့်ဆင်တူပြီးတကျည်ကျည်မြည်နေခြင်းမရှိချေ။ သူတို့ကတစ်စုံတစ်ခုကိုစောင့်နေသည့်ပုံဖြင့် ရှဲ့အိမ်တော်၏အပေါ်ဘက်မှငေးကြည့်နေကြသည်။


လမ်းလျှောက်နေသည့်အချိန်တွင်း လင်းရုဖေးသည်အစေခံအားပုံမှန်အတိုင်းစကားအနည်းငယ်ပြောကြည့်သည်။ အစေခံက ကျိုးနွံကာခပ်တိုးတိုးသာဖြေသည်။ သို့သော် ရှဲ့ကျစ်ယောင်နှင့်ပတ်သက်သောမည်သည့်မေးခွန်းမဆို အဖြေပြန်မလာတတ်ပေ။


သည့်အပြင် ရှဲ့ကျစ်ယောင်၏အမည်ကြားသည်နှင့် အနှီသူ၏မျက်နှာသည်ရှုံ့မဲ့သွားပုံမှာရှဲ့ကျစ်ယောင်သည် နမိတ်နမာမကောင်းသောလူတစ်ယောက်နှယ်။


အစေခံသည် အတုန်တုန်အယင်ယင်ဖြင့် : "သခင်လေးလင်း မေးချင်တာရှိရင် အိမ်တော်ခေါင်းဆောင်ကိုသာမေးပါ ကျွန်တော်တို့ပြောရမယ့်စကားမျိုးမရှိလို့ပါ"


လင်းရုဖေးကခေါင်းညိတ်ပြီးလက်ခံလိုက်သည်။


ရှဲ့အိမ်တော်သည်ကြီးမားလွန်းသောကြောင့် အထဲသို့ဝင်ရသည်မှာအဆုံးမရှိသောဝင်္ကပါတွင်း ဝင်နေရသည်နှင့်တူ၏။ အတန်ကြာလျှောက်ပြီးသည်အထိ သူတို့သွားရမည့်နေရာကိုမရောက်သေးပေ၊ ထိုအချိန်မှာပင် လှပသောဥယျာဉ်ကိုဖြတ်သန်းသွားလိုက်ရသည်။


နွေဦးရာသီ၏ဥယျာဉ်လေးသည်အလှပဆုံးဖြစ်နေသင့်သော်ငြား ကံဆိုးစွာဖြင့် ရှဲ့မိသားစု၏အိမ်တော်မှာအသေအချာဂရုစိုက်မခံရပေ။ သစ်ပင်ပန်းပင်များမှာ ရေညှိအလိမ်းလိမ်းတက်နေသည်။ လျှောက်လမ်းပင်စွန့်ပစ်ခံရထားသောတစပြင်နှင့်တူနေ၏။


အစေခံသည် သတိထားလျှောက်နေပြီးလင်းရုဖေးကိုပါကြမ်းပြင်ချောနေသည့်အကြောင်းသတိပေးလာသည်။


လင်းရုဖေး : "ရောက်ဖို့ဘယ်လောက်လိုသေးလဲ"


အစေခံ : "မကြာတော့ပါဘူး ရောက်တော့မှာပါ နည်းနည်းလောက်ထပ်လျှောက်လိုက်တာနဲ့ရောက်ပါပြီ"


ပြောပြီးသည်နှင့် ထိုသူကထောင့်ချိုးနှစ်ခုအားကွေ့ပြီးနောက် လင်းရုဖေးသည် ရှဲ့မိသားစုခေါင်းဆောင်နှင့်မိသားစုဝင်များက အလင်းရောင်အောက်တွင်ငြိမ်သက်စွာထိုင်စောင့်နေသည်ကိုမြင်လိုက်ရပေ၏။


........



စာရေးသူမှာပြောစရာရှိတယ်~



ကုရွှမ်းတု : အရမ်းချိုတာပဲ...!



လင်းရုဖေး : သကြားချောင်းကတကယ်ချိုတယ်


ကုရွှမ်းတု: ကိုယ်ကမင်းကိုပြောတာ😘


လင်းရုဖေး : .......



____ ____



Translated By IQ-Team.