အပိုင်း ၂၇
Viewers 14k

Chapter 27

 နှစ်ယောက်မှသုံးယောက်သို့သေဆုံးခြင်း။




ရှဲ့မိသားစု၏ဧည့်ခန်းမဆောင်က အနောက်ဘက်ဥယျာဉ်တွင်ရှိပေသည်။ ရှဲ့မိသားစု၏မိသားစုခေါင်းဆောင်က လင်းရုဖေးဖြင့်ပထမဆုံးအကြိမ်တွေ့သည်ဆိုပေမယ့် အတော်လေးကိုတက်ကြွနေသည်။ သူကလင်းရုဖေးအားပျာပျာသလဲဆီးကြိုကာ ပင်မထိုင်ခုံတွင်နေရာပေး၏။


"သခင်လေးလင်းက ကိုယ်တိုင်အကြောင်းကြားစာလာပို့ပေးတာ ကျွန်တော်တို့ရှဲ့မိသားစုအတွက် ဘုရားမတာပါပဲ ဒီရက်ပိုင်းထဲ ကျွန်တော်တို့မိသားစုထဲမှာကိစ္စလေးတွေနည်းနည်းရှိနေလို့ဧည့်ခံတာလိုအပ်ချက်ရှိနေရင် သခင်လေးကပဲခွင့်လွှတ်ပေးပါ"


ရှဲ့မိသားစုခေါင်းဆောင်၏ကျင့်ကြံဆင့်မှာ အဌမနေရာတွင်ရှိသည်။ သူ၏အသက်မှာနှစ်ပေါင်းနှစ်ရာကျော်နေပြီဆိုပေမယ့် ခေတ်နှင့်အညီနေထိုင်တတ်သည်။ သူ့ထံတွင်အသက်ကြီးသူတစ်ယောက်၏အသွင်အပြင်မျိုးအနည်းငယ်သော်မျှမတွေ့ရဘဲ သူ၏အပြုံးမှာလည်းနှစ်လိုဖွယ်ကောင်းသည်။


လင်းရူဖေးကခေါင်းညိတ်ကာ နွေးထွေးမှုရှိစွာဖြင့် : "ခေါင်းဆောင်ကအားနာလွန်းနေပါပြီ"


ရှဲ့မိသားစုခေါင်းဆောင်နှင့်လင်းရုဖေးသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ခွန်းလွန်တောင်ကိစ္စအချို့ကိုစကားစမြည်ပြောဆိုကြသည်။ အဓိကအားဖြင့်လင်းမိသားစုသည် အကြောင်းကြားစာပို့ပေးရန် ဤသို့သောချုချာအားနည်းသည့်လေးယောက်မြောက်သခင်လေးအားလွှတ်လိုက်သောအကြောင်းအရင်းကိုသိချင်နေကြသည်။


မေးမြန်းခံရသည့်အခါ လင်းရုဖေးကတိုက်ရိုက်တပည့်များက အသက်ပြည့်လျှင်မဖြစ်မနေ တောင်အောက်သို့ဆင်းရသည့်စည်းမျဉ်းရှိကြောင်းပြောပြရသည်။ 


ထိုအခါမှ ရှဲ့မိသားစုခေါင်းဆောင်ကပြုံးကာ "ဒီလိုကိုး" ဟူသောအမူအရာပြလာသည်။


"ကိစ္စမရှိပါဘူး မော့ယွီမြို့ကလုံခြုံပါတယ် သခင်လေးလင်း စိတ်ကြိုက်လည်ပတ်လို့ရပါတယ်..."


လင်းရုဖေးကပြုံးကာခေါင်းညိတ်၍ ရှဲ့ကျစ်ယောင်အကြောင်းမေးမြန်းကြည့်သည်။


ရှဲ့မိသားစုသည် လင်းရုဖေးနှင့်ရှဲ့ကျစ်ယောင်တို့က ကလေးအရွယ်တည်းမှကစားဖော်များမှန်းသိကြသည်။ လင်းရုဖေးက သူ၏သုံးယောက်မြောက်သားအကြောင်းမေးမြန်းလာသည့်အခါ မအံ့သြမိချေ။


သူကမျက်မှောင်ကြုတ်ကာသက်ပြင်းအသာချလိုက်ပြီး : "ကျစ်ယောင်...အဲဒီကောင်လေးက ရှဲ့မိသားစုရဲ့ဘိုးစဉ်ဘောင်ဆက်ကျင်းပလာတဲ့လေ့ကျင့်ရေးတစ်ခုမှာ ရန်ဖြစ်ခဲ့တယ်လေ သူ့ကိုဘိုးဘေးပူဇော်တဲ့ခန်းမထဲမှာ ရက်နည်းနည်းလောက်ဒူးထောက်ခိုင်းထားတယ် ဒါပေမဲ့ သခင်လေးလည်းဒီကိုရောက်နေတယ်ဆိုတော့ မနက်ဖြန်ရောက်ရင် သခင်လေးနဲ့တွေ့လို့ရအောင်ပြန်လွှတ်လိုက်ပါ့မယ်"


လင်းရုဖေး : "ဒါဆို ခေါင်းဆောင်ကိုပဲဒုက္ခပေးရတော့မယ်"


နှစ်ဦးသားမှာစားသောက်လျက်စကားပြောနေကြပြီးလေထုအနေအထားမှာမဆိုးလှပေ။ သို့သော် ရှဲ့မိသားစု၏အမျိုးသမီးများက ကိန်းကြီးခမ်းကြီးနိုင်လွန်းသည်ထင်ရ၏။ အစမှအဆုံးတိုင် သူတို့သည်ခေါင်းငုံ့စားနေပြီး စကားမပြောကြပေ။


စားသောက်ပြီးကြသည့်အခါ လင်းရုဖေးသည်အကြောင်းကြားစာကို ရှဲ့မိသားစုလက်ထဲသို့ပေးကာ နောက်ထပ်သိုင်းပြိုင်ပွဲအကြောင်းပြောပြလိုက်သည်။ သို့လင့်ကစား ရှဲ့မိသားစုခေါင်းဆောင်သည်အကြောင်းကြားစာကိုတွေ့ပြီးနောက် ချီတုံချတုံဖြစ်နေ၏။


လင်းရုဖေးကားအနည်းငယ်အံအားသင့်သွားလျက် : "ဘာဖြစ်လို့လဲ ရှဲ့မိသားစုကနောက်တစ်ခေါက်သိုင်းပြိုင်ပွဲမှာမပါတော့ဘူးလား"


ရှဲ့မိသားစုခေါင်းဆောင် : "မဟုတ်ပါဘူး အတိတ်ကကိစ္စတစ်ခုကိုသတိရသွားလို့ပါ"


ရှဲ့မိသားစုခေါင်းဆောင်သည် စာကိုအသာတကြည်ယူ၍ရင်ဘတ်ကြားသို့ထိုးထည့်လိုက်သည်။ ကိုယ်တိုင်ကိုယ်ကျ လင်းရုဖေးအားတည်းခိုသည့်အခန်းသို့လိုက်ပို့ပေးကာ ညတွင်လေတိုက်ပြီးအေးတတ်၍အပြင်မထွက်ဘဲ အအေးမမိအောင်ဂရုစိုက်သင့်ကြောင်းမှာလိုက်သည်။


လင်းရုဖေးကလက်ခံကြောင်းပြောကာ အားလုံးစားပွဲမှထသွားကြတော့၏။


အခန်းသို့ပြန်ရောက်သည့်အခါ လင်းရုဖေးက ရှဲ့မိသားစုသည် အမှန်တကယ်ထူးဆန်းနေမှန်းခံစားလိုက်ရသည်။ ရှဲ့ခုန်းချန်ကသေဆုံးသွားခဲ့ပြီဖြစ်လင့်ကစား အဖေဖြစ်သူသည် ဝမ်နည်းမှုတစ်စက်ပင်ပြမနေချေ။ အိမ်တော်ထဲရှိနေသူများတွင် တစ်ယောက်မှစိတ်မကောင်းဖြစ်နေကြပုံမပေါ်ပေ။ ရှဲ့ခုန်းချန်က မည်သူမှမမြင်ရသည့်ဝိညာဉ်တစ်ခုနှယ်။ 


ယနေ့ဧည့်ခံပွဲတွင်လည်း ရှဲ့မိသားစု၏အငယ်တန်းတပည့်တစ်ယောက်ကိုမျှမမြင်တွေ့ခဲ့ရပေ၊ သူကအမျိုးသမီးအားလုံးနီးပါး၏မျက်နှာတွင် ကြောက်ရွံ့မှုအချို့ကိုမြင်တွေ့နေရသည်။


ဖူဟွားသည် လင်းရုဖေးအတွက်လက်ဖက်ရည်ဖျော်ပေးနေရင်းညင်သာစွာဆို၏၊ "သခင်လေးဘာတွေတွေးနေတာလဲ"


လင်းရုဖေး : "ရှဲ့မိသားစုရဲ့ထူးဆန်းနေတဲ့အကြောင်းကိုတွေးနေတာ"


ဖူဟွား : "တကယ်ကိုထူးဆန်းတယ် အိမ်တော်တစ်ခုလုံးကိုထူးဆန်းနေတာ"


လင်းရုဖေးသည် နေ့အချိန်က ကုရွှမ်းတုပြောခဲ့ဖူးသည့်စကားများကိုပြန်အမှတ်ရသွားပြီး တွေးဆကြည့်နေပြီးနောက် ဖူဟွားနှင့်ယွီရွေ့အားအနားယူခိုင်းလိုက်သည်။ မနက်ဖြန် ရှဲ့ကျစ်ယောင်နှင့်တွေ့မှထိုအကြောင်းကိုပြောရန်တွေးထားလိုက်သည်။


ဖူဟွား : "ရာသီဥတုကိုကြည့်ပါဦး မိုးကထပ်ရွာအုံးမယ်ထင်တယ် သခင်လေး ညဘက်ရောက်ရင်စောင်ခြုံအိပ်ဖို့မမေ့နဲ့နော်"


ယွီရွေ့ : "ဟုတ်တယ် ဟုတ်တယ် ချမ်းစိမ့်စိမ့်နဲ့ အရမ်းအေးရင် ညလယ်ရောက်မှ သခင်လေးအတွက်ကျွန်မတို့တွေ မီးဖိုပေးမယ်လေ"


လင်းရုဖေး : "မလိုဘူး အေးလည်းမအေးဘူး မင်းတို့အရင်နားနှင့်ကြတော့ တစ်ခုခုဆိုမှငါခေါ်လိုက်မယ်"


ထိုအခါမှ မိန်းကလေးနှစ်ယောက်ကထွက်သွားကြသည်။ သူတို့ထွက်သွားသည့်အခါ တံခါးမကြီးနှင့်ပြတင်းပေါက်များကိုပိတ်ပေးသွားကြ၏။


ဆေးကြောသန့်စင်ပြီးနောက် လင်းရုဖေးက မအိပ်ချင်တော့ပေ၊ သို့ဖြစ်၍ ဖယောင်းတိုင်မီးဖြင့်အိပ်ရာအစွန်တွင်ထိုင်ကာ အခန်းထဲမှစာအုပ်တစ်အုပ်ကိုလှန်လှောဖတ်နေလိုက်သည်။ ခဏအကြာတွင် ဖူဟွားပြောသည့်အတိုင်းမိုးစရွာလာသည်။


တစ်ရှီချန်အချိန်ပင်မရောက်သေးသော်ငြား ခြံဝန်းထဲတွင်လူရှင်းနေပြီးတစ်ယောက်သော်မှမတွေ့ရတော့ပေ။


လင်းရုဖေးသည် စာအုပ်ဖတ်ပြီးခဏအကြာတွင် ဈေးထဲမှဝယ်လာသည့် ဈေးမကြီးသော ပစ္စည်းတချို့ကို ကစားနေလိုက်သည်။ ခွန်းလွန်တောင်ခြေမှမြို့လေးသည် သေးလွန်းသောကြောင့်ရောင်းချစရာ လက်မှုပစ္စည်းမှာမရှိသလောက်ပင်။ ဥပမာ သူ၏အရှေ့မှရှိခိုးကောင်လေးသည် တကယ့်အစစ်အတိုင်းအသက်ရှိနေသလိုထင်ရသည်။


"အဲဒါကစိတ်ဝင်စားစရာကောင်းလား"


ကုရွှမ်းတု၏အသံက သူ့အနောက်မှ ရုတ်တရက်ထွက်လာသည်။


လင်းရုဖေးကရယ်ကာ : "ကျွန်တော်အရင်ကတစ်ခါမှမမြင်ဖူးဘူး"


ကုရွှမ်းတု : "အို့...ကိုယ်အဲဒါမျိုးကို ကျန်းဟွေ့မှာတွေ့ဖူးတယ် တစ္ဆေဈေးမှာလေ ရောင်းတဲ့ပစ္စည်းတွေကစိတ်ဝင်စားစရာကောင်းတယ် သွားဖို့အချိန်ရရင် ကိုယ်မင်းကိုခေါ်သွားပေးမယ်"


ပြောပြီးမှ သူသည်တစ်ခုခုအားသတိရသွားသည့်နှယ် ခေတ္တရပ်သွားကာ "အချိန်တွေကကြာခဲ့ပြီဆိုတော့ အဲဒီနေရာကရှိပါအုံးမလား ကိုယ်လည်းမသေချာဘူး"


လင်းရုဖေးကပြုံးလိုက်ပြီး : "ကျွန်တော်လည်းအဲဒီနေရာရှိနေသေးဖို့မျှော်လင့်ပါတယ်"


နှစ်ယောက်စလုံးသည် စိတ်ဝင်စားဖွယ်ရာစကားအချို့ပြောဖြစ်ကြသည်။ ညဥ့်နက်နေပြီဖြစ်သောကြောင့် လင်းရုဖေးကားပင်ပန်းနေချေပြီ။ သူကလက်ထဲမှပစ္စည်းကိုချကာ ခုံတန်းရှည်ပေါ် ၌အနားယူတော့မည့်အချိန် ပြတင်းအပြင်မှ မိုးသံတဖျောက်ဖျောက်ကြားတွင် လမ်းလျှောက်လာသည့်အနက်ရောင်အရိပ်ကိုမြင်လိုက်ရသည်။ ၎င်းကအတော်အတန်ဝေးနေသော်ငြား လင်းရုဖေးသည်ထိုသူ၏ပုံစံကိုမှတ်မိနေဆဲဖြစ်သောကြောင့် ဝုန်းကနဲထကာလှမ်းခေါ်လိုက်၏။


"ရှဲ့ကျစ်ယောင်..."


မိုးရေထဲရှိလူကရပ်ကာ သူ့ထံလှည့်ကြည့်လာ၏။


အမှန်တကယ်ကိုရှဲ့ကျစ်ယောင်ပင်။ သည်အချိန်တွင် ည၏မိုးရေအောက်တွင်ရပ်နေကာ သူထံတွင် တစ်ချိန်က ကလေးဆန်မှုများနှင့်ငယ်ရွယ်နုပျိုစဉ်အချိန်ကမရေရာမှုများကိုထပ်မမြင်တွေ့နိုင်တော့ပေ။ 


အနှီသူကအနက်ရောင်ဝတ်စုံဖြင့် ရေခဲစိုင်တမျှအေးစက်ခက်ထန်နေလေသည်။ ယင်းရေခဲစိုင်သည်လင်းရုဖေးအားတွေ့ပြီးသည့်နောက် ဖြည်းဖြည်းချင်းအရည်ပျော်ကျသွားသည်။


ရှဲ့ကျစ်ယောင်သည် တွေဝေမှုအနည်းငယ်ဖြင့်သူ၏ပါးစပ်ကိုဖွင့်ဟလာသည်။


"လင်း....ရုဖေး လား"


လင်းရုဖေးကရယ်လျက် : "ဟုတ်တယ်...ငါပဲ ငါမင်းကိုမတွေ့ရတာဆယ်နှစ်တောင်ရှိပြီ မင်းအတော်လေးပြောင်းလဲသွားတာပဲ"


ရှဲ့ကျစ်ယောင်ကပြုံးလာသည်။ သူကလင်းရုဖေးထံလျှောက်လာပြီးတံခါးဖွင့်၀င်လိုက်သည်။ 


မတွေ့ရသည်မှာကြာမြင့်လှပြီဖြစ်သော ကလေးဘဝမှသူငယ်ချင်း ဖြစ်သူအားစုန်ဆန်ကြည့်ကာ "မင်းကတော့အရမ်းမပြောင်းသွားသေးဘူးပဲ"


ပြောပြီးသည့်နောက် သူကယောင်ယောင်မျှပြုံးလေ၏။


"ဒီအချိန်ကြီးမှဘာလို့ရောက်လာတာလဲ"


လင်းရုဖေးကရယ်ကာမောကာဖြင့် : "လင်းမိသားစုကတိုက်ရိုက်တပည့်တွေကိုတောင်အောက်လွှတ်ဖို့အချိန်ကျပြီလေ ငါ့အစ်မပြန်လာတော့ငါ့အလှည့်ပေါ့"


ရှဲ့ကျစ်ယောင်သည်ပြောချင်နေသေးသည့်တိုင် ရပ်တန့်လိုက်၏။


သူကလင်းရုဖေး၏ခန္ဓာကိုယ်အကြောင်းကိုသိထားသည်၊ သူသည်ဓားရေးလေ့ကျင့်ရန်အားနည်းလွန်းပြီး သေမျိုးနှင့်မကွာခြားလှပေ။ လင်းရုဖေးသာ အခြားမိသားစုတွင်ဤသို့သောခန္ဓာကိုယ်မျိုးနှင့်မွေးဖွားလာပါက အခြားသူများသနားမှသက်သာရာရမည့်နယ်ရုပ်လေးတစ်ရုပ်ဖြစ်လာမည်မှာသေချာပေါက်ပင်။ သို့သော် လင်းမိသားစုတွင်မူ သူက သူ့မိသားစု၏လက်ထဲမှပုလဲလုံးလေးနှင့်တူပြီး မည်သူမှအနိုင်မကျင့်ရဲကြချေ။


"ငါ့ကိုစိတ်ပူမနေပါနဲ့"


လင်းရုဖေးကနွေးထွေးစွာပြုံးလိုက်ပြီး : "ဒီနှစ်တွေမှာအနားယူပြီးသွားတော့ ငါ့ကိုယ်ကပိုကောင်းလာပြီ အကူနှစ်ယောက်ကလည်းငါ့နောက်ကလိုက်လာတော့ ပြဿနာကြီးမဟုတ်ပါဘူး"


ရှဲ့ကျစ်ယောင်ကခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာက အနည်းငယ်ပြေလျော့သွား၏။


"နေ့ခင်းတုန်းက မင်းအဖေကိုမင်းအကြောင်းမေးမိတော့ မင်းအဖေက မင်းဘိုးဘေးပူဇော်တဲ့ခန်းမမှာ အပြစ်ပေးခံထားရတယ်တဲ့ ငါမင်းကိုမနက်ဖြန်မှတွေ့လို့ရမယ်ထင်ခဲ့တာ ဒါပေမဲ့....ဘာဖြစ်တာလဲ"


ရှဲ့ကျစ်ယောင်က နှုတ်ခမ်းကိုအသာဖိထားကာ ဖြေသင့်မဖြေသင့်တွန့်ဆုတ်နေမိသည်။


အပြင်တွင်မိုးရွာနေသည်။ ရှဲ့ကျစ်ယောင်သည် မိုးကာရန်လောက်နှင့်ချီစွမ်းအင်သုံးသည့်ကျင့်ကြံသူမျိုးမဟုတ်သဖြင့် သူ၏ဆံပင်နှင့်ပုခုံးသားများကစိုရွှဲနေသည်။ အနက်ရောင်ဝတ်ထားသောကြောင့် ရေစိုနေသောလက္ခဏာကိုမမြင်တွေ့နိုင်ပေ။ 


သို့သော် ရေစက်လေးများမှာမှုန်ဝါးစွာဖြင့်ပါးပြင်ပေါ်မှမေးစေ့သို့စီးကျနေသည်။ သူ၏မျက်နှာကသွေးရောင်ဖျော့နေကာ ကြောက်လန့်မှုကြောင့် သူ၏မျက်လုံးအိမ်ကားနက်မှောင်နေသည်။


သူ၏လက်သည်ခါးပေါ်မှဆီးနှင်းဖြူဓားကိုညင်သာစွာဆုပ်ကိုင်ထားသည်။ ၎င်းဓားရှည်၏ပုံစံကထူးခြားသည်။ ဓားအိမ်ပေါ်ကနေပင် ဓား၏ထက်ရှမှုကိုပြတ်သားစွာခံစားနေရပြီး ဓားသွားကရှည်လျားသည်။ ဓားကဓားအိမ်မှမထုတ်ရသေးသည်ကိုပင် ထိတ်လန့်ဖွယ်ရာအေးစက်မှုများကိုသယ်ဆောင်ထားပြီး ရှဲ့ကျစ်ယောင်၏လက်ထဲ၌တည်ငြိမ်စွာရှိနေသည့်တိုင်


ယခုလေးတင်ကျွတ်ထွက်လာတော့မယောင်ခံစားနေရ၏။


"ပြောဖို့အဆင်မပြေရင်လည်းမပြောနဲ့တော့"


လင်းရုဖေးသည် သူ၏အချစ်ဆုံးသူငယ်ချင်းကိုခက်ခဲအောင်မလုပ်ချင်ပေ။


"ငါဒီကိုလာရတာ ပထမတစ်ခုကအကြောင်းကြားစာလာပို့တာ ဒုတိယတစ်ခုက မင်းကိုလာတွေ့တာ"


ရှဲ့ကျစ်ယောင်ကသက်ပြင်းချလိုက်ပြီး : "ကိစ္စကြီးမဟုတ်ပါဘူး ငါ့ရဲ့အစေခံလွီအာကပြဿနာရှာလိုက်လို့ပါ"


လင်းရုဖေး : "လွီအာကပြဿနာရှာတယ်...ဟုတ်လား"


ရှဲ့ကျစ်ယောင်ကခေါင်းညိတ်ပြ၏။


လင်းရုဖေး : "ဘာလို့မင်းကိုသူနဲ့မတွေ့ရတာလဲ သူရောအပြစ်ပေးခံရလို့လား"


ရှဲ့ကျစ်ယောင်က လေပူတချို့ကိုမှုတ်ထုတ်လိုက်ပြီးတည်ငြိမ်စွာဖြင့်ဆိုလိုက်သည်။


"ပြဿနာတက်တာနဲ့သူကထွက်ပြေးသွားတာပဲ အပြစ်ပေးခံရမှာကြောက်လို့နေမယ် ရှဲ့မိသားစုကဒီရက်ပိုင်းကို ကိစ္စတွေအများကြီးဖြစ်နေတာ ငါသူ့ကိုလိုက်မရှာခင်အခြေအနေကိုငြိမ်သွားအောင်အရင်လုပ်ရမယ်"


လင်းရုဖေးကအကဲခတ်မြန်သည့်သူမျိုးဖြစ်သဖြင့် ရှဲ့ကျစ်ယောင်သည်လွီအာ၏အမည်ကိုပြောသည်နှင့် အနှီသူ၏ပကတိအေးတိအေးစက်မျက်နှာကနူးညံ့သွားသည်ကိုသတိထားမိသည်။ 


မထူးဆန်းပေ၊ သူ၏နံဘေးတွင်နှစ်ပေါင်းများစွာနေလာခဲ့သောအစေခံဖြစ်၍ သူတို့တွင်နက်ရှိုင်းသောခံစားချက်များရှိနေသည်မှာပုံမှန်ပင်။ သို့သော် လင်းရုဖေးက ရှဲ့ကျစ်ယောင်ငယ်စဉ်တုန်းက လွီအာအား သဘောမကျတာကို ခပ်ရေးရေးမှတ်မိသည်၊ သထို့အပြင် ထိုအစေခံကစကားပြောတိုင်းလည်း ကောင်းသည့်အရာများထွက်မလာတတ်ပေ။


လွန်ခဲ့သောဆယ်နှစ်က မည်သို့သောကိစ္စများဖြစ်ပျက်ခဲ့၍သူ့သူငယ်ချင်းဖြစ်သူ၏စိတ်ကပြောင်းလဲသွားရသည်လဲ သူမသိချေ။ 


ရှဲ့ကျစ်ယောင်သည်ပြတင်းပေါက်သို့လှမ်းကြည့်ကာ : "ဒီနေ့ကအရမ်းနောက်ကျနေပြီ မနက်ဖြန်မှထပ်ပြောကြမလား"


လင်းရုဖေး : "ကောင်းသားပဲ"


ရှဲ့ကျစ်ယောင်က ခပ်ဖြည်းဖြည်းပင်ခေါင်းညိတ်ကာ သွားဟန်ပြင်ပြီးမှ တံခါးနားအရောက်တွင်ပြန်လှည့်လာကာဆို၏။


"ဒီညမိုးကြီးလိမ့်မယ် ရုဖေးစောစောနားတာကောင်းလိမ့်မယ်"


ရှဲ့မိသားစုခေါင်းဆောင်ပြောသည့်အတိုင်းပင်။ ထိုသူတို့ကတစ်စုံတစ်ခုကိုအရိက်အမြွက်ပေးချင်နေကြသည်။


လင်းရုဖေးကလိုက်လျောညီထွေရှိပြီး စဉ်းစားချင့်ချိန်တက်သည်။ သူကခေါင်းသာညိတ်ပြလိုက်ပြီး ရှဲ့ကျစ်ယောင်၏စေတနာဖြင့်သတိပေးမှုအတွက် ကျေးဇူးတင်ကြောင်းပြသလိုက်သည်။


ရှဲ့ကျစ်ယောင်က လှည့်ထွက်သွားသည်။ သူ၏မည်းနက်နေသောဝတ်စုံမှာ သည်းထန်နေသောမိုးအတွင်းနစ်မြုပ်သွားပြီးခြံဝန်းသည်နောက်တဖန်တိတ်ဆိတ်သွားပြန်၏။


လင်းရုဖေးက ပြတင်းပေါက်ကိုပိတ်ကာ ဖယောင်းတိုင်မီးကိုငြှိမ်း၍အိပ်ရာဝင်ရန်ပြင်သည်။ မည်သူထင်ထားမည်နည်း၊ လင်းရုဖေးလှည့်ကြည့်သည်နှင့် ကုရွှမ်းတုကသူအိပ်သောအိပ်ရာခေါင်းရင်း၏နံဘေးတွင်လှဲနေသည်။ သူက မေးထောက်၍ သူ့အားစိတ်ဝင်တစားကြည့်နေ၏။


သူကလင်းရုဖေးနှင့်ရှဲ့ကျစ်ယောင်တို့၏ စကားဝိုင်းကိုပေါ်တင်နားထောင်နေခဲ့တာပင်။


"ဒီရှဲ့ကျစ်ယောင်က အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်"


လင်းရုဖေး : "အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်လား"


ကုရွှမ်းတု : "သူ့ရဲ့အဲဒီဓားကသာမန်ဓားမျိုးမဟုတ်ဘူး"


လင်းရုဖေး : "ရှဲ့မိသားစုကလူတိုင်းသုံးတဲ့ဓားတွေက သာမန်မဟုတ်ဘူးလေ"


ကုရွှမ်းတုကခေါင်းယမ်းသည် : "အဲဒီဓားကမင်းကိုင်နေတဲ့သံမဏိဓားမျိုးမဟုတ်ဘူး"


လင်းရုဖေးကသိချင်သွားသဖြင့်အပြုံးလေးဖြင့်မေးလိုက်သည်။


"ဒါဆိုအဲဒီဓားကဘယ်လိုဓားမျိုးလဲ"


ကုရွှမ်းတုကပြန်ဖြေမည့်အစား စနောက်ချင်နေသည့်အပြုံးလေးဖြင့် သူ့နဘေးရှိ နူးညံ့သည့်အိပ်ရာလေးကိုပုတ်ပြလာ၏။


"လာ...လာ...လာ...ကိုယ် မင်းကို ဖြည်းဖြည်းချင်းပြောပြမယ်"


လင်းရုဖေးက ထိုသူ၏သူ့အားကျီစယ်ရသည်ကိုနှစ်သက်သည့်သူမျိုးမှန်းသိထားပြီးသားဖြစ်သဖြင့် 'အကြီးအကဲကု' ဟုသာ ကူကယ်ရာမဲ့စွာခေါ်လိုက်တော့သည်။


ကုရွှမ်းတုက 'အကြီးအကဲကု' ဟူသောအသံကြောင့်စိတ်ပိုလှုပ်ရှားလာသည်။ လင်းရုဖေး၏လက်ကောက်ဝတ်လေးကိုလှမ်းဆွဲကာ အိပ်ရာပေါ်ဆွဲချလိုက်သည်။ သူတို့၏မျက်နှာနှစ်ခုမှာတိုက်မိလုနီးပါးပင်။


လင်းရုဖေးက တံတောင်နှင့်ထောက်ပြီးအားယူကာ နောက်ဆုတ်ရန်ကြိုးစားလိုက်ပေမယ့် ကုရွှမ်းတုကအရှေ့သို့ကိုင်းချလာသဖြင့် သူတို့၏နှာခေါင်းထိပ်လေးများကထိစပ်သွားကြသည်။


သူ၏ပါးလျသောနှုတ်ခမ်းလေးများက ယောင်ယောင်မျှကွေးတတ်သွားပြီးနောက် တီးတိုလေးဆိုလာ၏။


"ကိုယ်သာ မမှားရင် ရှဲ့ကျစ်ယောင်ရဲ့အဲဒီဓားကသားရဲဝိညာဉ်ရဲ့ကျောရိုးကနေလုပ်ထားတာဖြစ်လိမ့်မယ်"


ယင်းအားကြားလိုက်ရသည့်အခါ လင်းရုဖေးသည်နေရာတွင်တခဏမျှအေးခဲသွားမိသည်။ 


"သားရဲဝိညာဉ်ရဲ့ကျောရိုး ဟုတ်လား ဒီကမ္ဘာမှာသားရဲဝိညာဉ်တွေကအများကြီးကျန်တော့တာမဟုတ်ဘူးလေ ရှဲ့မိသားစုကဘယ်လိုလုပ်ရှာတွေ့တာလဲ ပြီးတော့ ရှဲ့မိသားစုရဲ့အခြေအနေနဲ့ဆို သားရဲဝိညာဉ်ရဲ့ကျောရိုးကနေဓားလုပ်ဖို့ဆိုရင် ရှဲ့ကျစ်ယောင်အလှည့်မှမဖြစ်...နိုင်..."


ရှဲ့မိသားစု၏အခြေအနေက လင်းမိသားစုနှင့်လုံးဝကွဲပြားသည်။ ရှဲ့မိသားစုတွင် နေရာအလိုက်ရှိသည်။ အတော်ဆုံးသူကသူ၏အကြီးဆုံးအစ်ကိုရှဲ့ခုန်းချန်ဖြစ်ပြီး ထို့ကြောင့်ပင် ရှဲ့မိသားစု၏တန်ဖိုးအရှိဆုံးအရင်းအမြစ်တိုင်းက ရှဲ့ခုန်းချန်၏အိတ်ထဲသို့သာရောက်သွားတတ်သည်။ ရှဲ့ကျစ်ယောင်သည်ခွန်းလွန်တောင်သို့အပို့ခံရပြီး ဆိုးသွမ်းလွန်းသည့်လွီအာနှင့်အတူရှိနေသည့်နှစ်မှစ၍ လင်းရုဖေးကသူတို့၏အခြေအနေကိုတစ်ခုနှစ်ခုခန့်နားလည်ခဲ့သည်။


ကုရွှမ်းတု : "အဲဒါတော့ ကိုယ်လည်းမသိဘူး ဒါပေမဲ့ သူ့ဓားကတော့မလွယ်ဘူး"


လင်းရုဖေးက အတော်ဝေးဝေးအထိစဉ်းစားနေမိသည်။


ကုရွှမ်းတုက အရောင်ဖျော့ဖျော့မျက်ဝန်းလေးများကိုငုံ့ကြည့်နေပြီးမှ ရုတ်ချည်းမျက်တောင်ခတ်ကာမေးလိုက်၏။


"ကိုယ် မင်းနဲ့အရမ်းကပ်နေတာကို အဆင်မပြေတာမျိုးမဖြစ်ဘူးလား"


ထိုအခါမှလင်းရုဖေးသည် အသိစိတ်ဝင်လာကာအနောက်သို့ဆုတ်လိုက်ပြီး : "ဟုတ်ကဲ့ နည်းနည်းတော့အဆင်မပြေဖြစ်မိတယ်"


ကုရွှမ်းတုကသူ၏နှုတ်ခမ်းများကို အပြုံးအဖြစ် လှပစွာကွေးညွှတ်ပုံဖော်လိုက်ပြီး "တကယ်ကိုအဆင်မပြေဖြစ်တာပဲ"


လင်းရုဖေးက အနည်းငယ်ပြန်ထိန်းပြောသင့်သည်ဟုထင်သော်ငြားနောက်ဆက်တွဲကြားလိုက်ရသည်မှာ...။


"ဒါဆိုနည်းနည်းလောက်ပိုကပ်လာခဲ့ နောက်ပိုင်း ကျင့်သားရသွားအောင်"


လင်းရုဖေးခမျာ ပြောစရာစကားပင်မရှိတော့ချေ။


ကုရွှမ်းတုက ဟာသတစ်ခုကိုပြောလိုက်ဟန်ဖြင့်သာ ဆက်လာပြောသောကြောင့်သာ သက်သာရာရသွားမိသည်။


"ကောင်းပြီ ထပ်မပြောတော့ဘူး စောစောအနားယူတော့ အချိန်တွေဒီလောက်ကြာခဲ့တာတောင် ဘာလို့ရှဲ့မိသားစုကဒီလောက်ဒုက္ခပင်လယ်ဝေနေရတာလဲ"


ထိုသို့ပြောပြီးသည့်နောက် သူ၏ခန္တာကိုယ်ကပျောက်ကွယ်သွားကာ အခန်းတစ်ခုလုံးတွင်ချယ်ရီပန်းပွင့်ရနံ့ဖျော့ဖျော့လေးသာကျန်ရစ်ခဲ့တော့၏။


ကုရွှမ်းတု၏ပုံရိပ်သည် အခြားသူများအတွက်မမြင်နိုင်သလိုရနံလည်းမရနိုင်ပေ။ လင်းရုဖေးတစ်ယောက်တည်းသာသူ၏ပုံစံကိုမြင်နိုင်ပြီးအသံကိုကြားနိုင်သည်။


၎င်းသည် ဝမ်ယောင်

တစ်ခါပြောခဲ့ဖူးသလို 'ကံကြမ္မာဆိုသည်ကားသူတစ်ယောက်တည်းဖြင့်သာ သက်ဆိုင်ရသည့်အရာပင်...။'


လင်းရုဖေးက တဖြည်းဖြည်းသမ်းဝေလာသည်။ ပြတင်းအပြင်မှမိုးသံအားနားစွင့်နေရင်းဖြင့် တချိုးတည်းအိပ်ပျော်သွားတော့သည်။


အိပ်မက် မရှိသောညလေးတစ်ညပင်။