Chapter 28
နှစ်ယောက်မှသုံးယောက်သို့သေဆုံးခြင်း။
နောက်တစ်နေ့နံနက်တွင် နေရောင်ခြည်အလင်းတန်းက အိပ်ပျော်နေသောလင်းရုဖေးကိုနှိုးလိုက်သည်။
တိတ်ဆိတ်သောခွန်းလွန်တောင်နှင့်မတူဘဲ တောင်အောက်သည်အတန်အသင့်စည်ကားသည်။ တစ်နေ့တာ စတင်သည်နှင့် သေးငယ်သောဆူညံအသံလေးများကိုစတင်ကြားရသည်။
နွေဦးမိုးသည်တစ်ညလုံးရွာနေခဲ့သည့်တိုင် မနက်မိုးလင်းသည့်အခါတိတ်သွားလေ၏။ ရေစက်လေးများမှာ ကျောက်တုံးပေါ်တွင်တင်ကျန်နေပြီး အစေခံများကအိမ်တွင်စတင်လှည့်ပတ်သွားနေကြသည်။
ဖူဟွားနှင့်ယွီရွေ့သည် အစောပိုင်းတည်းကသူ့အတွက်ရေနွေးပြင်ဆင်ပေးထားသားဖြစ်ပြီး ရှဲ့မိသားစုကမူ ပူပူနွေးနွေးမနက်စာကိုယူလာပေးကြသည်။
အရာအားလုံးသည်ပုံမှန်အတိုင်းဖြစ်နေပြီး ထူးခြားနေသည့်အရာမျိုးမရှိချေ။ မနေ့က ကုရွှမ်းတုပြောခဲ့သည့်စကားကြောင့်ပေလားမသိ၊ လင်းရုဖေးက ရှဲ့အိမ်တော်၏နေရာအနှံ့တွင်ထူးဆန်းသည့်အနံ့အသက်ကိုရနေမိ၏။
မနက်စာစားပြီးသည့်နောက် ရှဲ့ကျစ်ယောင်က စကားစမြည်ပြောရန်အစေခံအားလင်းရုဖေးကို အခေါ် လွှတ်လိုက်လေသည်။ လင်းရုဖေးသည်ဖူဟွားနှင့်ယွီရွေ့အားခေါ်မလာတော့ဘဲ သူထီးယူ၍အစေခံ၏အနောက်သို့လိုက်လာလိုက်သည်။
သူအခန်းတွင်းသို့မဝင်ရသေးမီ ဆေးနံ့ပြင်းပြင်းကိုရလိုက်သည်။ တံခါးအားဖွင့်လိုက်သည့်အခါ ရှဲ့ကျစ်ယောင်ကခုတင်ခေါင်းရင်းအားမှီထိုင်နေသည်ကိုတွေ့လိုက်ရ၏။ ခန္ဓာကိုယ်၏အောက်ပိုင်းကိုစောင်ထူထူတစ်ထည်ခြုံထားပြီး သူ၏မျက်နှာအရောင်ကမနေ့ကမြင်တွေ့ခဲ့ရသည်ထက် ပို၍ပင်ဖြူရော်နေသည်။ သူ့နှုတ်ခမ်းများက အလွန်အကျွံနေမကောင်းဖြစ်ထားသလိုအရောင်အဆင်းမဲ့နေ၏။ အနှီသူ၏မျက်နှာက မည်မျှမကောင်းနေစေကာမူ စိတ်အခြေအနေမှာမူကောင်းနေသေးသည်။
ကုတင်အားမှီထားရင်း လင်းရုဖေးကိုပြုံး၍နှုတ်ဆက်လာ၏၊ "ရောက်လာပြီလား"
"မင်းဘယ်လိုလုပ်ဒဏ်ရာရလာတာလဲ"
လင်းရုဖေးမှာ အံ့ဩသွားရသည်။ ရှဲ့ကျစ်ယောင်၏အနားသို့ခြေလှမ်းစိပ်စိပ်ဖြင့်သွားလိုက်၏။ ဓား၏ချီစွမ်းအင်ကြောင့် ပါးပေါ်တွင်သွေးစို့ထားသောဒဏ်ရာကိုမြင်နေရသည်။
ရှဲ့ကျစ်ယောင်သည်ပြုံးလျက်ပင် : "အင်း...ငါမနေ့ညကသူခိုးလေးတွေနဲ့တွေ့ခဲ့ရတယ်လေ အပေါ်ယံရှပ်ထိတဲ့ဒဏ်ရာလောက်လေးပါ ကိစ္စမရှိပါဘူး"
လင်းရုဖေးက ထိုမျှမရိုးရှင်းမှန်းခံစားနေရသည်။ ရှဲ့ကျစ်ယောင်၏အသက်ရှူပုံကအားနည်းနေကာ ပြင်းထန်သောဒဏ်ရာရလာသည်မှာသေချာနေ၏။ သို့သော်ငြား သူသည်ဂရုစိုက်ပုံမရချေ။ သူ၏ပြုမူပုံများမှာ မနေ့ညကနှင့်နှိုင်းယှဥ်လျှင် အရေးကြီးသောအရာတစ်ခုကိုလွှတ်ချလိုက်နိုင်သောကြောင့် စိတ်ပေါ့ပါးနေဟန်ရသည်။
လင်းရုဖေး : "အဲဒီလိုလား အဲဒီသူခိုးလေးတွေကိုဖမ်းမိလိုက်လား"
ရှဲ့ကျစ်ယောင်ကတိုးညှင်းစွာဖြင့် : "သူတို့အကုန်လုံးအသတ်ခံလိုက်ရတယ်"
လင်းရုဖေး : "အဲဒီလိုဆိုလည်းကောင်းတာပဲ"
ရှဲ့ကျစ်ယောင် : "မင်းကတကယ်ဆိုး၀ါးနေတဲ့အချိန်မှရောက်လာတာပဲ ဒီရက်ပိုင်းမှာ ရှဲ့မိသားစုကပြဿနာတွေအများကြီးဖြစ်နေတော့ မင်းကိုကောင်းကောင်းဧည့်မခံနိုင်ဘူး မင်းအလျင်မလိုရင် ဒီမှာရက်နည်းနည်းလောက်နေသွားပေါ့ ကိစ္စတွေဖြေရှင်းပြီးသွားရင် ငါမင်းကိုမော့ယွီမြို့ထဲလိုက်ပြပေးမယ် ဘယ်လိုလဲ"
လင်းရုဖေး : "ငါ့မှာအလျင်လိုစရာ ဘာကိစ္စမှမရှိဘူး မင်းရဲ့ဒဏ်ရာအခြေအနေကိုကြည့်ရတာတော့ သိပ်မပေါ့လှဘူးနော်"
ရှဲ့ကျစ်ယောင် : "ဒဏ်ရာက သေးသေးလေးပါကွာ"လူငယ်လေးနှစ်ယောက်သည် ခွန်းလွန်တောင်ပေါ်တွင်ငယ်စဉ်ကကုန်ဆုံးခဲ့သော ရှေးဟောင်းနှောင်းဖြစ်များကိုပြန်လည်ပြောဖြစ်ကြသည်။ ရှဲ့ကျစ်ယောင်၏အတိတ်ကိုအောက်မေ့နေပုံအားမြင်ရသည်တွင် လင်းရုဖေးကသူ့အားထိုနေ့ရက်များကိုပြန်သွားချင်လားဟုမေးကြည့်လိုက်၏။
သို့သော် ရှဲ့ကျစ်ယောင်ကခေါင်းယမ်း၍ : "ဟင့်အင်း ဒီအချိန်တွေကိုဖြတ်သန်းလာရတာအရမ်းခက်ခဲတယ် ငါကတော့နောက်ထပ်မလုပ်ချင်တော့ဘူး"
လင်းရုဖေး : "အမှန်ပဲ"
"ရှဲ့အိမ်တော်ရဲ့အပြင်ဘက်မှာ ယွဲ့လိုင်ဆိုတဲ့စားသောက်ဆိုင်ရှိတယ် အရမ်းစားလို့ကောင်းတာ မင်းအားတဲ့အချိန် သွားမြည်းကြည့်လို့ရတယ်"
ရှဲ့ကျစ်ယောင်သည် မည်မျှပင်တက်ကြွနေလင့်ကစား အဆုံး၌မူဒဏ်ရာရထားသူပင်။ ရှဲ့ကျစ်ယောင်က အားကုန်မသွားခင် လင်းရုဖေးအားရှဲ့အိမ်တော်အနီးတစ်ဝိုက်မှဆိုင်ငယ်လေးများကိုအစုံအလင်ပြောပြလိုက်သေး၏။
လင်းရုဖေးက မသိတတ်သည့်လူမျိုးမဟုတ်သဖြင့် မကြာမီပင် ရှဲ့ကျစ်ယောင်အနားယူနိုင်ရန် နှုတ်ဆက်စကားဆိုပြီးနောက် ထရပ်လိုက်သည်။
သူရှဲ့ကျစ်ယောင်၏အခန်းမှထွက်လာသည့်အချိန်တွင် ကောင်းကင်ကကြည်လင်နေ၍ အပြင်ထွက်လမ်းလျှောက်ရန်စီစဉ်လိုက်သည်။ သူအရှေ့သို့ရောက်သည်နှင့် လူအုပ်ကြီး၏အတွန်းခံရလိမ့်မည်ဟုမမျှော်လင်းထားခဲ့မိချေ။
အဆိုပါလူအုပ်ကြီးကား ရုတ်တရက်ပေါ်လာသည်ထင်ရ၏။ အနှီသူတို့သည် အယောက်နှစ်ဆယ်ကျော်ခန့်ရှိပြီး ပူဆွေးဝတ်ရုံအဖြူရောင်ကိုဝတ်ထားသည်၊ မျက်စိထဲတွင်အထင်ရှားဆုံးဖြစ်နေသည်က လူအုပ်ကြီးအလယ်မှအခေါင်းတလားပင်။
ရှဲ့မိသားစု၏ကျန်ရစ်သူများလည်း အဆိုပါလူစုကိုမြင်ကြလိမ့်သည့်တိုင်မည်သူမှ အကြည့်တစ်ချက်ပင်မစွန့်ကျဲကြချေ။ ခေါင်းငုံ့ပြီးမမြင်ဟန်သာဆောင်သွားကြသည်။ လူစုသည်အခေါင်းတလားအား မကောင်းဆိုးရွားတစ္ဆေသရဲကိုကိုင်ထားရသကဲ့သို့ သွပ်သွပ်လျှောက်ကာ ခြေသံလုံလုံဖြင့်သယ်သွားကြလျက် လင်းရုဖေးရဲ့နဘေးမှဖြတ်ကျော်သွားကြ၏။
ကုရွှမ်းတု၏အသံကလင်းရုဖေးရဲ့နားအနားတွင်ကပ်လျက်တီးတိုးပြောလိုက်သည့်နှယ်ပေါ်လာ၏ : "အခေါင်းတလားထဲကလူကဘယ်သူလဲဆိုတာသိချင်လား"
လင်းရုဖေးကဘာမှပင်မပြောရသေးခင် ကြမ်းပြင်ပေါ်မှကျောက်ခဲတစ်ခဲသည်လွင့်ထွက်သွားကာ အရှေ့ဆုံးမှခေါင်းတလားသယ်လာသူ၏ဒူးကွေးကိုတန်းတန်းမတ်မတ်ထိသွားသည်။ လျှပ်တပြက်ထိခိုက်မှုကြောင့် ထိုသူသည်အော်ဟစ်၍ ခြေလှမ်းအနည်းငယ်ဒယိမ်းဒယိုင်ဖြင့်လဲကျသွားတော့သည်။ သစ်သားအခေါင်းတလားမှာ အင်မတန်လေးလံလှ၏။လူတစ်ယောက်လဲသည်နှင့် အခေါင်းတလားပါဟန်ချက်ပျက်ကာအရှေ့သို့လျှောကျလာသည်။
"မကောင်းတော့ဘူး"
လူအုပ်ကြီးမှာ သတိပေးသည့်နှယ်သံကုန်အော်ဟစ်လိုက်ပြီးတပြိုက်နက်တည်းဆိုသလို အခေါင်းတလားကြီး၏ကြမ်းပြင်သို့ကျသွားသည့် အသံကျယ်ကြီးထွက်ပေါ်လာသည်။ အခေါင်းတလား၏အဖုံးက အလုံစေ့ပိတ်မထားသောကြောင့် မြေပေါ်ကျသည့်အခါ တိုက်ရိုက်ပွင့်သွား၍အတွင်းဘက်မှအလောင်းကထွက်ကျလာလေသည်။
ဈာပနဝတ်စုံနှင့်လူသေအလောင်းရဲ့ပုံပန်းသဏ္ဍာန်မှာ လွန်စွာအကျည်းတန်လှ၏။ အချက်ကျကျဆိုရသော် သေပြီးသားသူသည်ရုပ်ဆိုးသင့်သည်မှန်သော်ငြားသူ၏အရှေ့မှအလောင်းမှာမူ အလွန်တရာမှအကျည်းတန်လွန်းလှသည်။ အနှီသူ၏ခန္တာသည် အသက်ရှစ်နှစ်ကိုးနှစ်အရွယ်ကလေးတစ်ယောက်၏ပုံစံကဲ့သို့သေးကွေးလွန်းသည်။ အလောင်းကကွေးကောက်နေပြီး မြင်သာသည့်အသားအရေက ပုံမှန်ထက်ရှုံ့တွန့်နေလေရာ မျက်နှာကိုပို၍ကြည့်ရဆိုးသွားစေ၏။
ထိုသူ၏မျက်လုံးများမှာ တုန်လှုပ်ဖွယ်အကောင်းဆုံးဖြစ်သည်။ ၎င်းတို့က တွင်းနက်ကြီးနှစ်ခုပမာ ပြူးကျယ်စွာဖွင့်ဟထားပြီး စူးစိုက်နေသောအကြည့်က အမှန်တကယ်ထိတ်လန့်ဖွယ်ရာပင်။
လင်းရုဖေးသည် လူသေအလောင်းအများအပြားတွေ့ဖူးလင့်ကစား ဤမျှရုပ်ဆိုးသောအလောင်းကိုမူမမြင်ဖူးသေးချေ။
ခြံဝန်းတစ်ခုလုံးသည် မထင်မှတ်ထားသောမတော်တဆမှုကြောင့်ငြိမ်သက်သွားကြပြီး မကြာမီရှဲ့မိသားစုခေါင်းဆောင်၏အသံကဟိန်းထွက်လာသည်။
ရှဲ့မိသားစု၏အကြီးအကဲသည် လင်းရုဖေး၏အနောက်တွင်ချက်ချင်းပေါ်လာကာ ကြိမ်းမောင်းလေ၏။
"ဘာလုပ်နေကြတာလဲ ရှုပ်နေတာကိုအမြန်ရှင်းလိုက်ကြလေ"
အလောင်းသယ်လာသူတို့မှာ အိပ်မက်မှတမဟုတ်ချင်းနိုးထလာသကဲ့သို့ အလောင်းကိုအခေါင်းတလားတွင်းသို့ အမြန်ထည့်လိုက်ကြသည်။ ယင်းကိုသယ်သွားကြပြီးနောက် အနောက်တံခါးမှထွက်သွားကြလေ၏။
လင်းရုဖေးလှည့်ကြည့်လိုက်သည့်အခါ ရှဲ့မိသားစုခေါင်းဆောင်ကပြုံးနေသည်ကိုတွေ့လိုက်ရသည်။ ထိုအပြုံးသည်ယခင်နေ့များကနှင့်နှိုင်းယှဉ်ပါကပို၍အတုအယောင်ဆန်ပြီး မျက်နှာဖုံးတစ်ခုတပ်ထားသည့်နှယ်။
ရှဲ့မိသားစုခေါင်းဆောင်ကပြောလာသည်။ "သခင်လေးလင်း"
လင်းရုဖေးကပြန်ဖြေ၏။ "ခေါင်းဆောင်ရှဲ့"
ရှဲ့မိသားစုခေါင်းဆောင် : "မကြာခင်မိုးကရွာတော့မယ် အပြင်ထွက်ရင်ထီးယူသွားဖို့မမေ့ပါနဲ့"
လင်းရုဖေးကား ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေသည်။
"ဂရုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
ရှဲ့မိသားစုခေါင်းဆောင်က ခေါင်းညိတ်လျက်လှည့်ထွက်သွားသည်။
လင်းရုဖေးသည် ထိုသူ၏ကျောပြင်ကိုငေးကြည့်နေပြီးနောက် သူ့ကိုယ်သူပြောနေသလိုတီးတိုးရေရွတ်လိုက်သည်။
"ဘာကြီးလဲဟ"
ကုရွှမ်းတု : "ပြောရရင်....လူပေါ့"
အမှန်တကယ်လည်းလူတစ်ယောက်ပင်။ သို့သော် မည်သို့များထိုသို့သော ပုံဆိုးပန်းဆိုးဖြင့်သေဆုံးသူမျိုးရှိနေရသနည်း။
သာယာကြည်လင်သောနေ့လေးတွင် ရှဲ့မိသားစု၏အိမ်မှကျောက်တုံးလေးများမှာအသက်ဝင်မှုများနှင့်တောက်ပနေ၏။ လင်းရုဖေးသည်အစိမ်းရောင်ကျောက်စရစ်ခဲလေးအပေါ် သို့ နင်းလျက် လမ်းလျှောက်နေ၏။ မနေ့ကအပြန်နောက်ကျခဲ့ပြီး မဆင်မခြင်ဈေးဝယ်ထွက်ခဲ့သောကြောင့် ယနေ့တွင်လုပ်စရာမရှိတော့သဖြင့် ဖြည်းဖြည်းချင်းလျှောက်ကြည့်နေမိသည်။
ရှဲ့ကျစ်ယောင်ပြောသည့်အတိုင်း ရှဲ့မိသားစုအိမ်တော်ဘေးရှိ ယွဲ့လိုင်စားသောက်ဆိုင်မှ ဟင်းလျာက အမှန်တကယ်ပင်အရသာရှိသည်။ ၎င်းကလတ်ဆတ်၍အပေါ့အငံလည်းသင့်တင့်မျှတသည်။ သို့သော် လင်းရုဖေး၏ခံတွင်းတွေ့သည့်အစားအသောက်ဆိုသည်မှာနည်းပါးတာကြောင့် နချို့အားမြည်းကြည့်ပြီးသည်နှင့်တူအားပြန်ချထားလိုက်သည်။
သူက လက်တစ်ဖက်ကိုမေးထောက်ထားပြီး ကျန်တစ်ဖက်ဖြင့်စားပွဲပေါ်မှလက်ဖက်ရည်ပန်းကန်ကိုပွတ်သပ်နေကာ အသံတိုးတိုးဖြင့်မေးလိုက်၏။
"ခေါင်းဆောင်ကလုပ်တာများလား"
"ဖြစ်နိုင်ပါတယ်"
ကုရွှမ်းတုသည်လင်းရုဖေး၏အနားတွင်ထိုင်နေပြီး ကြောက်နေပုံရသောလင်းရုဖေးအားနှစ်သိမ့်ပေးနေ၏။
"အရမ်းကြီးလည်းမကြောက်ပါနဲ့ အဲဒါကသေပြီးသားပါ"
လင်းရုဖေး : "ကျွန်တော်လူသေတွေကိုမကြောက်ပါဘူး"
"တကယ်မကြောက်ဘူးလား"
ကုရွှမ်းတုက သံသယရှိနေဟန်ဖြင့်ခေါင်းလေးစောင်း၍ကြည့်လိုက်သည်။ သူက လင်းရုဖေးလိမ်ညာနေတဲ့သဲလွန်စအား တွေ့လို့တွေ့ငြှားဆိုသည့်ပုံဖြင့် စေ့စေ့စပ်စပ်ကြည့်ရှုနေသည်။
သို့သော် လင်းရုဖေး၏အမူအရာက လုံး၀မပြောင်းလဲချေ။ သူ၏အရောင်ဖျော့ဖျော့မျက်ဝန်းနက်လေးများမှာ ရေသေကန်တစ်ကန်နှယ်တည်ငြိမ်နက်ရှိုင်းနေသည်။
သူကကုရွှမ်းတုကိုကြည့်ကာ "ကျွန်တော်က နောက်တလှည့်မှာ ရှဲ့ကျစ်ယောင်ဖြစ်နေမှာကိုစိုးရိမ်တာ"
ကုရွှမ်းတု : "ဖြစ်နိုင်စရာမရှိဘူး"
မနေ့ညက ရှဲ့ကျစ်ယောင်သည်ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ယနေ့ရှဲ့အိမ်တော်တွင်အလောင်းတစ်လောင်းပေါ်လာသည်။ ရှဲ့အိမ်တော်၏သဘောထားကိုကြည့်ရလျှင် အနှီသူသည်အဆင့်အတန်းတစ်ခုရှိဟန်ပေါ်သည်၊ သို့မဟုတ်ပါက ဤမျှလူအများအပြားကသူ၏ဈာပနကိုကျင်းပပေးလိမ့်မည်မဟုတ်ချေ။
လင်းရုဖေးကထပ်မေးပြန်၏။
"ဒါမှမဟုတ်...သူပဲအဲဒီလူကိုသတ်လိုက်တာများလား"
ကုရွှမ်းတု : "လုံးဝကြီးမဖြစ်နိုင်တာလည်းမဟုတ်ဘူး"
နှစ်ယောက်သားအပြန်အလှန်ကြည့်နေကြပြီးနောက် လင်းရုဖေးကမျက်တောင်လေးတဖြတ်ဖြတ်ခတ်၍မေးလိုက်သည်။
"အကြီးအကဲ သူ့ရဲ့ရည်ရွယ်ချက်ကိုခန့်မှန်းကြည့်ပါလား"
ကုရွှမ်းတုကပြုံးလိုက်ပြီး "မင်း ကိုယ့်ကိုအကြီးအကဲရွှမ်းတုလို့ထပ်ခေါ်ရင် ကိုယ့်ရဲ့ခန့်မှန်းချက်ကိုပြောပြမယ်"
လင်းရုဖေးက ထပြီးထွက်သွားလေတော့၏။
ကုရွှမ်းတုက သူ၏အနောက်မှနေ၍သက်ပြင်းချလိုက်ပြီး "အကြီးအကဲနဲ့အကြီးအကဲရွှမ်းတု စကားလုံးလေးနှစ်လုံးတည်းကွာတာ မင်းကဘာလို့ဒေါသထွက်နေရတာလဲ"
လင်းရုဖေး : "ခင်ဗျားနားမလည်ပါဘူး"
ကုရွှမ်းတု : "ဟမ်...?"
လင်းရုဖေးကခံစားချက်မဲ့နေသောမျက်နှာဖြင့် "ခင်ဗျားပြောတာသာအမှန်ဆိုရင် ခင်ဗျားရဲ့မျက်နှာကတည်တည်ငြိမ်ငြိမ်ဖြစ်နေမှာပေါ့ အခု ခင်ဗျားရဲ့ပုံစံက လက်မထပ်ရသေးတဲ့ မိန်းမငယ်လေးကို လာပွေလီမြူဆွယ်နေတဲ့ လူဆိုးကောင်လိုပဲ"
ကုရွှမ်းတုကခေတ္တခဏခန့်ပြောစရာစကားမဲ့သွားပြီး အတော်ကြာစကားမှပြန်ပြောနိုင်၏။
"မင်းပြောတာမှန်တယ် မင်းကမိန်းမငယ်လေးမဟုတ်ဘူး"
လင်းရုဖေး၏နှုတ်ခမ်းထောင့်စွန်းလေးများမှာ ကွေးတက်တော့မယောင်ဖြစ်ခါနီးမှ ကုရွှမ်းတုပြောလာသည့်စကားကြောင့်ပြန်လည်ကွေးကျသွားတော့သည်။
"ပြီးတော့ မင်းက တကယ်လည်း လက်မထပ်ရသေးဘူးလေ"
လင်းရုဖေးမှာ ဒေါသများတဖွားဖွားထွက်လာရသည်။ ခရီးအတူသွားခဲ့ကြသည့်တလျှောက် ကုရွှမ်းတု၏ပါးစပ်ကပိုပိုဆိုးလာသည်ကိုသူသတိထားမိသည်။ အနည်းဆုံး သူတို့စကားများလျှင်ပင် သူ့ခမျာ ထိုသူအားအခွင့်အရေးမယူနိုင်ချေ။ ထို့အစား သူချည်း အခွင့်အရေးအယူခံနေရသည်။
ဟင်းလျာကိုမြည်းစမ်းကြည့်ပြီးသည်တွင် လင်းရုဖေးသည်အနီးနားရှိရှေးဟောင်းပစ္စည်းဆိုင်တချို့ကိုသွားကြည့်သည်။ ဆိုင်တွင်ရောင်းချသည့်ပစ္စည်းများမှာ သာမန်လူများနှစ်သက်တတ်ပြီး ဝိညာဉ်စွမ်းအင်အနည်းငယ်ရှိသောပစ္စည်းအများစုသာဖြစ်ကြ၏။
ဆိုင်ရှင်၏အမြင်ကစူးရှပြီး လင်းရုဖေးအားအပေါ်အောက်တစ်ချက်ကြည့်ပြီးနောက် ပြုံးပြနှုတ်ဆက်ကာ ဆိုင်ထဲမှရောင်းကုန်များကို စိတ်ပါလက်ပါရှင်းပြပေးသည်။
"သခင်လေးကမော့ယွီကမဟုတ်ဘူးမလား ကျွန်တော်အရင်ကသခင်လေးကိုမတွေ့ဖူးဘူး"
ဆိုင်ရှင်ကစိတ်အားထက်သန်စွာဖြင့်ဆက်ပြောလာသည်။
"သခင်လေးဝတ်ထားတဲ့တိမ်လွှာနဂါးခါးစည်းကြိုးကအရမ်းလှတာပဲ ကျွန်တော်ကျို့ထိုမှာလည်း တစ်ခါတွေ့ခဲ့ဖူးတယ် မော့ယွီမှာလည်းတွေ့ရမယ်လို့မထင်ထားဘူး"
လင်းရုဖေး၏အစားအသောက်နှင့်အဝတ်အစားများကို အစေခံများကသာ အမြဲဂရုစိုက်ပေးကြခြင်းပင်။ သူသည်အဝတ်အစားနှင့်ပတ်သတ်သောအဆင်တန်စာများကို နကန်းတစ်လုံးပင်နားလည်သူမဟုတ်ချေ။ သို့သော်လည်း ဆိုင်ရှင်၏စကားများကိုခေါင်းတညိတ်ညိတ်ဖြင့်နားထောင်ပေးနေသည်။
ဆိုင်မှာသေးငယ်လင့်ကစား ပစ္စည်းပစ္စယမှာအပြည့်စုံရှိသည်။ လင်းရုဖေးသည် ဖူဟွားနှင့်ယွီရွေ့တို့နှစ်ယောက်အတွက် ဆံထိုးဝယ်ရန် ငွေစအနည်းငယ်သုံးလိုက်သည်။ ဆိုင်ရှင်က အပြုံးလေးတွေဝေကာ ရွှင်မြူးစွာဖြင့် လင်းရုဖေးအတွက်ပစ္စည်းများထုပ်ပိုးပေး၏။
ပစ္စည်းများထုပ်နေခိုက် လင်းရုဖေးသည် ဤရက်ပိုင်းအတွင်းရှဲ့အိမ်တော်၏ထူးခြားနေမှုကိုမေးမြန်းကြည့်သည်။
"ရို့...သခင်လေးကမသိသေးဘူးလား"
ဆိုင်ရှင်ကအသံကိုတိုးနှိမ့်လိုက်ကာ : "လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ရှဲ့အိမ်တော်ကတစ်ယောက် အကြီးအကျယ်ဒုက္ခရောက်သွားတယ်လေ"
လင်းရုဖေး : "ဒုက္ခရောက်တယ် ဟုတ်လား ဘယ်လိုဒုက္ခမျိုးလဲဗျ"
"ကျွန်တော်လည်းကြားမိရုံလောက်ပါပဲ"
ဆိုင်ရှင်သည်ဘေးဘီတွင်လူရှိမရှိသေချာအောင်လုပ်ပြီးမှဆက်ပြောလေသည်။
"သေချာတာကတော့ ရှဲ့အိမ်တော်ကသားဖြစ်သူရဲ့အစေခံက မျိုးရိုးအစဉ်အဆက်ပစ္စည်းကိုယူပြီးထွက်ပြေးသွားတယ်တဲ့ အဲဒီကိစ္စကကြီးလွန်းလို့ မော့ယွီမြို့ကိုတောင်ရက်တော်တော်ကြာပိတ်လိုက်ရသေးတယ်"
လင်းရုဖေး : "လူရောပြန်တွေ့လား"
ဆိုင်ရှင် : "သေချာတော့မသိရဘူး ဖမ်းမိလို့ပြန်ပို့လိုက်ပြီဆိုပြီး သတင်းတွေထွက်နေတာပဲ မှန်လားမှားလားမသိတာတောင် နားထောင်ရတာတော့ကြက်သီးထစရာပဲ"
သတင်းသိရပြီးနောက် ဆိုင်ရှင်ပြောသည့် ဘိုးဘေးပိုင်ပစ္စည်းခိုးသွားသူမှာ အတိအကျကို လွီအာဖြစ်မည်ပင်။ ဤရက်ပိုင်းအတွင်း ရှဲ့အိမ်တော်တွင်ထူးဆန်းနေသောအဖြစ်အပျက်မှန်သမျှကို ထိုသူများ သေချာမသိရုံသာရှိပေသည်။
ဆိုင်ရှင်ကထပ်မံမေးလာသည်။
"သခင်လေးကရှဲ့မိသားစုကိုသွားမလို့လား"
လင်းရုဖေး : "အင်း ရှဲ့မိသားစုကမိတ်ဆွေဟောင်းတွေဆီသွားလည်မလို့ပါ"
ဆိုင်ရှင် : "အို့...ဒီလိုကိုး"
သူကပြောချင်နေသေးသော်ငြား အဆုံးတွင်မပြောတော့ချေ။ ထုပ်ပိုးပြီးသားဆံထိုးကိုသာ လင်းရုဖေးထံတရိုတသေကမ်းပေးလိုက်လေသည်။
လင်းရုဖေးကဆံထိုးကိုယူပြီးသည်နှင့် ဆိုင်ထဲမှပြန်
ထွက်လာသည်။
သူ၏အရှေ့ရှိသက်ဝင်လှုပ်ရှားနေသောလမ်းနှင့် အုံ့မှိုင်းနေသောရှဲ့အိမ်တော်သည် ပြဒါးတစ်လမ်းသံတစ်လမ်းနှယ်။ လင်းရုဖေးက မှောင်သည်အထိအိမ်အပြင်တွင် တစ်နေကုန်အလေလိုက်နေပြီးမှ ရှဲ့အိမ်တော်သို့ပြန်လာလိုက်၏။