Chapter 29
ရှဲ့အိမ်တော်သည် ညစာပြင်ထားပြီးသည့်တိုင် ရှဲ့ကျစ်ယောင်နှင့်ရှဲ့မိသားစုခေါင်းဆောင်ကပျောက်နေပြီး ခြံဝန်းတစ်ခုလုံးမှာလည်း တစပြင်အလားတိတ်ဆိတ်ကာဟင်းလင်းပြင်ဖြစ်နေသည်။
လူဟူ၍ လင်းရုဖေးနှင့်အစေခံနှစ်ယောက်သာရှိကြသည်။
လင်းရုဖေးသည်လမ်းတစ်လျှောက်၌ အဆာပြေမုန့်များစားလာခဲ့သဖြင့် ခံတွင်းအနည်းငယ်ကောင်းလာသည်။
သူကတူကိုင်၍အနည်းငယ်စားပြီးနောက် ဖူဟွားကိုလှည့်ကြည့်ကာမေးလိုက်သည်။
"ပြောစရာတစ်ခုခုရှိလို့လား"
ဖူဟွားကအောက်နှုတ်ခမ်းကိုကိုက်ကာတိုးလျစွာဖြင့်ဆိုသည်။
"သခင်လေး...သခင်လေးအပြင်ထွက်သွားတော့ ကျွန်မရှဲ့အိမ်တဝိုက်ကိုမေးမြန်းကြည့်သေးတယ် နောက်ဆုံးရှဲ့အိမ်တော်ထူးဆန်းနေရတဲ့အကြောင်းကိုသိသွားပြီ"
လင်းရုဖေး : "အို့...ဆိုစမ်းပါဦး"
ဖူဟွား : "ရှဲ့မိသားစုခေါင်းဆောင်မှာ ရောဂါရှိနေတယ်ထင်တယ် သူ့ကိုယ်ကလည်း အကြာကြီးခံနိုင်တော့မယ်မထင်ဘူး သူတို့ကအဲဒါကိုအခွင့်ကောင်းယူပြီး နောက်ထပ်ခေါင်းဆောင်အသစ်တစ်ယောက်ကိုရွေးချင်နေတဲ့ပုံပဲ"
လင်းရုဖေးက ကြွေခွက်ကိုကစားနေပြီးခပ်ပေါ့ပေါ့ပင်ပြောလိုက်သည်။
"မိသားစုရဲ့နောက်ထပ်ခေါင်းဆောင်ကရှဲ့ခုန်းချန်ဖြစ်မယ်"
သို့သော်ငြား ရှဲ့ခုန်းချန်မှာသေသွားခဲ့ချေပြီ။
ဖူဟွား : "ဟုတ်တယ် မတော်တဆမှုက ရုတ်တရက်ကြီးထဖြစ်သွားတော့ ရှဲ့အိမ်ကလုံး၀ရှုပ်ထွေးကုန်တာ ဒါပေမဲ့ ကျွန်မကြားမိတာ....အဲဒီကိစ္စကလွီအာနဲ့ပတ်သတ်တယ်တဲ့"
"လွီအာလား"
ထိုနာမည်ကြားသည်နှင့် လင်းရုဖေး၏လှုပ်ရှားမှုများရပ်တန့်သွားသည်။
"ဆက်ပြော"
ဖူဟွား : "ရှဲ့မိသားစုက ပညာသင်ရင် အဆင့်မြင့်ဝိညာဉ်ကျောက်တုံးနဲ့သင်ပေးတတ်တာသခင်လေးသိတယ်မလား လွီအာကသူနဲ့ရှဲ့ခုန်းချန်တို့ဆက်ဆံရေးကောင်းတာကိုအခွင့်အရေးယူပြီး စာဖတ်ခန်းထဲခိုးဝင် ပြီးတော့ ကျောက်တုံးကိုခိုးသွားတာ ကိစ္စကြီးဆိုတော့ ရှဲ့အိမ်တစ်အိမ်လုံးသိနေတယ်"
လင်းရုဖေးမှာ ပဟေဠိဖြစ်သွားသည်။
"သူ့ကိုအခုထိမဖမ်းမိသေးဘူးလား"
ဖူဟွားကခေါင်းယမ်းပြီး "ဟင့်အင်း"
အလွန်ထူးဆန်းသည်။ လွီအာက သာမန်အစေခံသာဖြစ်ပြီး ဓားကိုမည်သို့အသုံးပြုရမည်မှန်းမသိနိုင်ပေ။ ရှဲ့မိသားစု၏တင်းကျပ်မှုနှင့်သာဆိုလျှင်သူသိုင်းပညာကိုသင်နိုင်စရာအကြောင်းမရှိ။
အားအင်မရှိသောသေမျိုးတစ်ယောက်သည် စာဖတ်ခန်းထဲခိုးဝင်ပြီး စောင့်ရှောက်ထားသည့်ကျောက်တုံးကိုခိုးသွားနိုင်ခြင်းမှာ မယုံကြည်နိုင်စရာပင်။
လင်းရုဖေး၏လက်ညိုးလေးက စားပွဲပေါ်တွင်စက်ဝိုင်းပုံစံဖွဖွလေးရေးဆွဲနေမိသည်။
ဖူဟွားကဆက်ပြောလာ၏။
"သခင်လေး မရှင်းတာလည်းဖြစ်သင့်ပါတယ် ရှဲ့မိသားစုကအရမ်းထူးဆန်းတယ် တတိယသခင်လေးရှဲ့ကိုတောင်သံသယဝင်နေကြတာ သူကလွီအာနဲ့ပတ်သတ်နေတာလေ"
လင်းရုဖေးကားတွေးလိုက်၏။
'သံသယမဝင်တာမှထူးဆန်းအုံးမယ်'
ဖူဟွား : "မတော်တဆဖြစ်တာကြောင့် ရှဲ့အိမ်တော်တစ်ခုလုံးကအစေခံတွေရှင်းထုတ်ခံရပြီး အစေခံတွေအများကြီးနှင်ထုတ်ခံလိုက်ရတယ် အဲဒါကြောင့်ဒီလိုမျိုးခြောက်ကပ်သွားတာ"
လင်းရုဖေး : "ရှဲ့ခုန်းချန်ဘယ်လိုသေသွားလဲရော မေးကြည့်ခဲ့သေးလား"
ယနေ့တွေ့ခဲ့ရသည့်ဆိုင်ရှင်သည် ရှဲ့မိသားစု၏သားအကြီးဆုံးသေသွားသည့်အကြောင်းကိုသိပုံမရသေးပေ။
ဖူဟွားကခေါင်းယမ်းလိုက်ပြီး "သူတို့ကဒီကိစ္စနဲ့ပတ်သတ်ပြီးအရမ်းသတိထားနေကြတာ သူတို့ပါးစပ်ကတစ်ခွန်းစနှစ်ခွန်းစထွက်လာအောင်တောင်လုပ်လို့မရဘူး ရှဲ့ခုန်းချန်နာမည်ကြားတာနဲ့ ခေါင်းတွေငုံ့ပြီးချက်ချင်းထွက်သွားကြတော့တာပဲ"
လင်းရုဖေး : "သိပြီ ဒီရက်ပိုင်း မင်းတို့တွေသတိထားပြီးနေကြ"
ဖူဟွားနှင့်ယွီရွေ့က "ဟုတ်ကဲ့" ဟုဆိုကာခေါင်းညိတ်ပြကြသည်။
လင်းရုဖေးသည် စားသောက်ပြီးနောက်အစေခံများကိုပြန်လွှတ်လိုက်ကာ အခန်းလွတ်ကြီးအားကြည့်၍ပြုံးမိ၏။
"ရှဲ့မိသားစုကဘာလို့ငါ့ရဲ့အကြောင်းကြားစာကိုလက်မခံတာလဲလို့စဉ်းစားနေတာ လက်စသတ်တော့ငါ့ကိုဒီမှာထောင်ချောက်ဆင်ထားတာကိုး"
ကုရွှမ်းတု၏အသံကခေါင်းပေါ်မှထွက်လာသည်။ သူခေါင်းမော့ကြည့်လိုက်သည်တွင် အနှီသူသည်ထုတ်တန်းပေါ်တွင်ထိုင်နေလေ၏။
သူကပြတင်းပေါက်ကိုကြည့်ကာ အထင်မြင်သေးဟန်ဖြင့် တစ်ချက်မဲ့၍ဆိုသည်။
"ဟမ့်...တိုက်ပွဲဖြစ်နေပါလား"
လင်းရုဖေးသည် ကုရွှမ်းတုကြည့်သည့်အတိုင်း လိုက်ကြည့်သော်ငြားမည်သည်ကိုမှမတွေ့ရပါချေ။
ကုရွှမ်းတုကသူ့အားငုံ့ကြည့်ပြီး လက်ကမ်းပေးသည်။
"လာခဲ့"
လင်းရုဖေးသည် တစ်ကိုယ်လုံးပေါ့ပါးသွားသလိုခံစားလိုက်ရပြီးနောက် တုတ်တန်းပေါ်သို့မြောက်တက်သွားသည်။ ကုရွှမ်းတု၏လက်များက သဘာဝကျနေဟန်ဖြင့် လင်းရုဖေး၏ခါးကိုသိုင်းဖက်လိုက်ပြီးလက်မောင်းအတွင်းသို့ဆွဲယူလိုက်သည်။
လင်းရုဖေး၏မျက်လုံးများကပြူးကျယ်သွားရကာ "ခင်ဗျား...."
ကုရွှမ်းတုကသူ့အား ခပ်မဆိတ်နေရန်အချက်ပြလိုက်ပြီး အဝေးတစ်နေရာသို့လက်ညိုးထိုးပြ၏။
"ကြည့်လိုက်"
လင်းရုဖေးကလှမ်းကြည့်လိုက်သည့်အချိန်တွင် ဓားသွားမှပေါက်ကွဲထွက်လာသောမီးတောက်ကိုမြင်လိုက်ရသည်။ တောင်တန်းနှင့်အပြောကျယ်လှသောသမုဒ္ဓရာရေပြင်မှာ ဓားချီဖြင့် အပိုင်းခြားခံလိုက်ရပြီး မိုးကောင်းကင်တခွင်တွင် မျက်စိကျိန်းစပ်ဖွယ်တဟုန်းဟုန်းတောက်နေသည့်အနီရောင်ကရောင်ပြန်ဟပ်နေ၏။
ဓား၏ပါးလွှာသောအလင်းတန်းများမှာ ကောင်းကင်မှအမှောင်ထုကိုဖြိုခွင်းပစ်တော့မယောင်ထင်ရသည်။ ယေဘူယျအားဖြင့် အဆိုပါလှုပ်ရှားမှုက လူအများအပြားကိုဆွဲဆောင်နိုင်သင့်သည်။
သို့သော် မော့ယွီတစ်မြို့လုံးကားတိတ်ဆိတ်နေ၏။ ၎င်းကြီးကျယ်ခမ်းနားသောပြကွက်တိုင်းသည် အထင်အရှားမြင်တွေ့နေရသည့်တိုင် အသံမကြားရချေ။
ကုရွှမ်းတု : "မင်းသူငယ်ချင်းပဲ သွားကြည့်ချင်လား"
လင်းရုဖေး : "ရှဲ့ကျစ်ယောင်လား"
ကုရွှမ်းတုကခေါင်းညိတ်ပြသည်။
လင်းရုဖေး : "ဘယ်သူနဲ့တိုက်နေတာလဲ"
ကုရွှမ်းတု : "မမှတ်မိဘူး"
လင်းရုဖေးကတုံ့ဆိုင်းမနေဘဲမေးလိုက်သည်။
"သွားကြည့်လို့ရမလား ဒါမှမဟုတ် ဒုက္ခပေးသလိုများဖြစ်သွားမလား"
ကုရွှမ်းတုသည်သူ၏လက်မောင်းတွေကြားမှလင်းရုဖေးအားငုံ့ကြည့်ကာ "ဒုက္ခပေးတယ် ဟုတ်စ မင်းဆိုတဲ့လင်းရုဖေးကသာ သူ့ကိုတွေ့ချင်တယ်ဆိုရင် အဲ့ဒါကသူ့ကိုမျက်နှာသာပေးတာပဲ"
ပြောပြီးသည့်နောက် သူတို့နှစ်ယောက်ဘေးရှီမြင်ကွင်းများက အမြန်ဆုံးနည်းဖြင့်အနောက်တွင်ကျန်ရစ်ခဲ့ပြီး မျက်စိတမှိတ်အတွင်းတွင်တိုက်ပွဲနေရာသို့ရောက်လာကြသည်။
လင်းရုဖေးသည်အဝေးမှ ရဲတောက်နေသော အနီရောင်အားတွေ့လိုက်ချိန်က ၎င်းကမီးပင်လယ်ဟုတွေးလိုက်မိသည်။ သို့သော် အသေအချာကြည့်သည့်အခါ မီးပင်လယ်မဟုတ်သည်ကို သိလိုက်ရ၏။
ယင်းက ကျောက်စိမ်းအရောင်ထင်ဟပ်နေသောရေသေကန်အပေါ်ဘက်တွင် လွင့်ပျံနေသော မီးတောက်နှင့်တူသည့်ချီစွမ်းအင်များဖြစ်နေခြင်းပင်။
ရှဲ့ကျစ်ယောင်သည် လေပေါ်တွင်ပျံ၀ဲလျက် ရေနှင့်လေတို့ဖြင့်အတူတွဲလှုပ်ရှားနေသောလူတစ်ယောက်နှင့်တိုက်ခိုက်နေ၏။
ကုရွှမ်းတုကရုတ်တရက်ဆိုသည်။
"ဒါနဲ့ မင်းသူတို့ကိုမတွေ့ဖူးသေးဘူးနော်"
လင်းရုဖေးသည်တဖြည်းဖြည်းနှင့်အေးခဲသွားရကာ ဖြစ်ပျက်နေသမျှကိုနားလည်သွားပြီး ကုရွှမ်းတု၏ခါးပေါ်မှဓားအတိုနှင့်အရှည်ကိုငုံ့ကြည့်လိုက်မိသည်။
"ကုယွီ သုံးပေနဲ့ခုနစ်လက်မရှည်တယ် ရှစ်ပေါင်နဲ့ခုနစ်အောင်စလေးတယ် ရွှမ်းကျန်းက ခြေဖဝါးတဝက်လောက်ပဲရှိပြီးတိုတယ် ဆယ့်သုံးပေါင်နဲ့ရှစ်အောင်စလေးတယ် နှစ်လက်လုံးက ကိုယ်နဲ့အတူနှစ်ရာချီကြာအောင်ရှိနေခဲ့တာ"
ကုရွှမ်းတုက လင်းရုဖေးအားငေးကြည့်လျက်သူမြတ်နိုးသောဓားများကိုမိတ်ဆက်ပေးသည်။
ခါးပေါ်တွင်တွဲလောင်းရှိနေသော ကုယွိနှင့်ရွှမ်းကျန်းသည် တုံ့ပြန်သည့်အနေဖြင့် မသိမသာလှုပ်ခတ်ပြလာ၏။
ကုရွှမ်းတုက နူးညံ့သောအသံလေးဖြင့်ဆိုလိုက်သည်။
"ကိုယ်သိပ်သဘောကျတဲ့ တာ့ဟန်ဆိုတဲ့ဓားလည်းရှိသေးတယ် ဒါပေမဲ့ အဲဒီနှစ်ကပျောက်သွားပြီးတည်းက ဘယ်မှာမှရှာမတွေ့တော့ဘူး"
လင်းရုဖေး၏နှလုံးသားလေးကအနည်းငယ်လှုပ်ခတ်သွားပြီးလေသံပျော့လေးဖြင့်မေးလိုက်သည်။
"ခင်ဗျား....."
ကုရွှမ်းတု၏မျက်လုံးများမှာအနည်းငယ်လှိုင်းထနေပြီး လင်းရုဖေးပြောလာမည့် နှစ်သိမ့်စကားလေးကိုစောင့်မျှော်နေလိုက်၏။
"ခင်ဗျားမှာ ဓားတွေအများကြီးရှိတာ...ခါးကတောင့်ခံထားနိုင်ပါ့မလား"
ကုရွှမ်းတု၏နူးညံ့သိမ်မွှေ့နေသောအမူအရာလေးမှာ ချက်ချင်းဆိုသလိုလွင့်စင်သွားရသည်။
သူကဒေါသထွက်လွန်း၍သွားများကို ကြိတ်မိလိုက်ပြီး ဒေါသတကြီးဖြင့်ပြန်ဖြေလိုက်သည်။
"ကိုယ့် ခါးပေါ်မှာချိတ်ထားလို့မရရင်လည်း ကျောပေါ်မှာသယ်ထားမယ်ကွာ..."
လင်းရုဖေးက ကုရွှမ်းတု၏ဒေါသတကြီးဖြစ်နေသောအကြည့်ကိုအဖြေရှာမရဖြစ်နေမိသည်။ သူက အနှီအကြီးအကဲ၏ဒေါသမှာ ခန့်မှန်းရခက်ပြီး လူတွေကိုအခက်တွေ့စေသည်ဟု တွေးနေမိ၏။
နှစ်ယောက်စလုံး စကားပြောဆိုနေစဉ်မှာပင် မိုးပေါ်မှတိုက်ပွဲကအဆုံးသတ်ခါနီးသို့ရောက်လာချေပြီ။
ရှဲ့ကျစ်ယောင်ကအသာစီးရပြီး တစ်ဖက်လူကရှုံးနိမ့်သွားသည်။ နောက်တစ်ခေါက်အရွေ့တွင် ရှဲ့ကျစ်ယောင်၏ဓားကတစ်ဖက်လူ၏ရင်ဝသို့စိုက်ဝင်သွားသည်။ ကြယ်ကြွေဆင်းသွားသည့်နှယ် အနှီသူသည် ချီစွမ်းအင်များဝေ့ဝိုက်ရစ်ခွေနေသောကန်အတွင်းသို့တန်းမတ်စွာကျဆင်းသွားတော့သည်။
သို့သော် ရှဲ့ကျစ်ယောင်ကမူ အနောက်မှလိုက်သွားနေဆဲပင်။ ထိုသူ ကျသွားရာနောက်သို့တဟုန်ထိုးလိုက်သွားပြီးနောက် ဓားကကန်ထဲသို့တိုးဝင်သွားကာကန်ထဲရှိမသေရုံတမည်လူကို မ တင်လိုက်သည်။
"ရှဲ့ကျစ်ယောင်....ချမ်း..ချမ်းသာပေးပါ"
ထိုသူ၏မျက်နှာက ဖွေးဖြူနေပြီးသူ၏အသက်ရှူသံသည် လေထဲတွင်ငြိမ်းသွားတော့မည့်ဖယောင်းတိုင်လေးသဖွယ်ဖျော့တော့နေသည်။
"အနည်းဆုံးတော့ ငါကမင်းရဲ့အစ်ကိုဖြစ်နေတုန်းပဲလေ"
ရှဲ့ကျစ်ယောင်၏မျက်နှာအမူအရာမှာမှုခံစားချက်တို့ကင်းမဲ့နေ၏။
သူ့မျက်နှာတွင်ပေနေသောသွေးများကိုသုတ်ပစ်လိုက်ပြီးနောက် အေးစက်သွာဖြင့်ပြောလိုက်သည်။
"ရှဲ့တုယီ အဲဒီအဓိပ္ပါယ်မရှိတဲ့စကားကဘယ်ကထွက်လာတာလဲ"
ပြောပြီးပြီးချင်း သူကဓားကိုမြှောက်၍ တစ်ဖက်လူ၏လက်မောင်းကိိုတိကနဲဖြတ်တောက်ပစ်လိုက်သည်။
ရှဲ့တုယီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သွေးများကသူ၏ညာဘက်လက်မောင်းမှပန်းထွက်လာသည်။
ရှဲ့ကျစ်ယောင်ကထပ်မံ၍ဆိုလိုက်သည်။
"ပါးစပ်ပိတ်ထား"
ရှဲ့တုယီသည် ချက်ချင်းပါးစပ်ပိတ်သွားပြီးရှဲ့ကျစ်ယောက်အားထိတ်လန့်မှုအပြည့်ဖြင့်ကြည့်လာသည်။
သူကတစ်စုံတစ်ခုအားနားလည်သွားပုံရကာတုန်ယင်နေသောအသံဖြင့်ပြောလိုက်၏။
"ငါ့...ငါ့ကိုမသတ်ပါနဲ့...ငါလွီအာရှိတဲ့နေရာကိုသိတယ်"
လွီအာ၏အမည်အားကြားရသည့်အခါ ရှဲ့ကျစ်ယောင်၏နှုတ်ခမ်းများကတင်းတင်းစေ့သွားသည်။
သူ၏မျက်လုံးများက ကျဉ်းမြောင်းသွားကာ
"မင်းဘာပြောလိုက်တယ် လွီအာရှိနေတဲ့နေရာကိုသိတယ် ဟုတ်လား"
"ဟုတ်တယ် ဟုတ်တယ် သူသွားတဲ့နေရာကိုငါသိတယ်"
ရှဲ့တုယီသည် ပြင်းထန်သောနာကျင်မှုကိုတောင့်ခံထားပြီးခက်ခက်ခဲခဲပြောနေရ၏။
"အဲဒီနေ့က သူအဖေ့ရဲ့ရတနာကိုခိုးသွားတော့ ချန်းလန်တောင်ကိုလိုက်ကြတယ် သူ့ကိုတစ်ယောက်ယောက်ကကယ်သွားတယ် အဲဒီလူတွေကမင်းအမေရဲ့ဂိုဏ်းကလူတွေဖြစ်မယ်"
ရှဲ့ကျစ်ယောင် : "ငါ့အမေရဲ့ဂိုဏ်းလား"
ရှဲ့တုယီ: "ဟုတ်တယ်၊ မင်းအမေရဲ့ဂိုဏ်း"
ရှဲ့ကျစ်ယောင် : "ငါ့အမေရဲ့ဂိုဏ်းနဲ့လွီအာကဘယ်လိုလုပ်ပတ်သက်နေမှာလဲ"
ရှဲ့ကျစ်ယောင်၏အမေသည် သူ၏အဖေနှင့်လက်ထပ်ရန်ဂိုဏ်းမှထွက်လာခဲ့သည်မှာ အတော်ကြာသွားခဲ့ပြီဖြစ်သည်။ လွန်ခဲ့သောနှစ်နှစ်ဆယ်ကျော်လုံး မည်သည့်အဆက်အသွယ်မှမရှိခဲ့ပေ။
သူ၏အမေကွယ်လွန်ချိန်တွင်လည်း တစ်ယောက်မှရောက်မလာခဲ့ကြ။ ရှဲ့မိသားစုအရေးကြုံလာရချိန်တွင် ရှဲ့ကျစ်ယောင်နှင့်တိတ်တဆိတ်ဆက်သွယ်ကာ သားရဲဝိညာဉ်၏ကျောရိုးဖြင့်လုပ်ထားသောဓားကိုလက်ဆောင်မပေးခင်အချိန်အထိသာ။ ဤဓားမရှိဘဲ သူသည်အနှီအကျဉ်းအကျပ်ထဲတွင် အသက်ရှင်နိုင်လိမ့်မည်မဟုတ်ချေ။
သို့သော် တုယီ၏ပြောပုံအရ အနှီသူတို့ကလွီအာကိုကယ်တင်သွားခဲ့ကြပုံပင်။ သူ၏အဖေစာဖတ်ခန်းတွင်းမှ ကျောက်တုံးကိုခိုးယူသွားခြင်းမှာသူတို့နှင့်တစ်ခုခုပတ်သတ်နေနိုင်သည်မဟုတ်လား။
ထိုရတနာကအလွန်အမင်းထူးခြားသည်ဟုဆိုကြသည်။ ငယ်စဉ်ကတည်းကရှဲ့ကျစ်ယောင်သည်အဖေဖြစ်သူနှင့်နီးကပ်ခဲ့လင့်ကစား ထိုကျောက်တုံးကိုတစ်ခါလေးပင်မမြင်ဖူးခဲ့ပေ။
ရှဲ့ကျစ်ယောင်က အေးစက်နေသောအသံဖြင့်မေးလိုက်၏။
"မင်းငါ့ကိုလိမ်နေတာမဟုတ်လား"
ရှဲ့တုယီကခါးသက်စွာပြုံးလျက်ဆို၏။
"ငါကဒီလိုပုံစံတောင်ဖြစ်နေပြီ မင်းကိုလိမ်တော့ရောဘာထူးမှာလဲ ဒါပေမဲ့ အဲဒီလူကမင်းအမေရဲ့ဂိုဏ်းကလူတွေဆိုတာအဖေကမသိခဲ့ဘူး အခုရက်ပိုင်းအတွင်းမှာသူသိသွားတော့...."
ရှဲ့ကျစ်ယောင် : "ဆိုလိုချင်တာက လွီအာ...အသက်ရှင်နေသေးတယ်ပေါ့"
ရှဲ့တုယီ : "သူအသက်ရှင်နေသင့်တယ်...မင်းအမေကသူ့ကိုအများကြီးမျှော်လင့်ထားတာ"
ထိုနေရာအရောက်၌ သူ၏လေသံကမြင့်လာသည်။
"ဒီလောက်နှစ်တွေအကြာကြီး ဒီလိုခွေးမျိုးကိုမင်းကာကွယ်လာတာအရမ်းထူးဆန်းတယ်"
ပြောပြီးသွားမှ သူကတစ်ခုခုအားနားလည်သွားပုံရကာပေါ်တင်လှောင်ပြောင်တော့သည်။
"အံ့ဩစရာမရှိတော့ဘူး သူ့မှာရွံစရာအတွေးတွေရှိနေရင်တောင် ဒီရှဲ့အိမ်တစ်အိမ်လုံးမှာ သူ့တစ်ယောက်ထဲကိုပဲ မင်းသဘောကျတဲ့အကြောင်းကို"
သူကကျယ်လောင်စွာဖြင့်အော်ရယ်၏။ မကြာခင်သေဆုံးတော့မည့်လူတစ်ယောက်၏ရူးသွပ်နေသောလှောင်ရယ်ခြင်းမျိုးဖြင့်ပင်။
ရှဲ့ကျစ်ယောင်က အမူအရာကင်းမဲ့နေဆဲပင်။
"ငါမင်းကိုအလောင်းချန်ထားပေးချင်ခဲ့တာ ဒါပေမဲ့ အခုတော့မလိုအပ်တော့ဘူးထင်တယ်"
နောက်အခိုက်အတန့်တွင် ရှဲ့ကျစ်ယောင်ကဓားကိုလွှဲယမ်းလိုက်သည်။ ဓားအလင်းရောင်အနည်းငယ်လတ်သွားပြီးနောက် ကောင်းကင်ပေါ်မှသွေးမိုးများရွာကျလာသည်။ ရှဲ့တုယီ၏ကိုယ်က ရေကန်ထဲသို့အပိုင်းအစများအဖြစ်ပြုတ်ကျလာသည်။
ရှဲ့ကျစ်ယောင်သည် သွေးများဖြင့်စေးပျစ်သွားသောအစိမ်းရောင်ရေကန်ကိုငုံ့ကြည့်ကာ လင်းရုဖေးရှိနေသည့်နေရာကိုလှည့်ကြည့်လုက်သည်။
သူက အေးစက်စက်ဖြင့်ဆို၏။
"အကြာကြီးကြည့်လာပြီးမှတော့ ထွက်လာဖို့လည်းအချိန်တန်ပြီ"
ကုရွှမ်းတုက အတားအဆီးကိုဖျက်ပစ်လိုက်သည့်အခါ လင်းရုဖေး၏ပုံရိပ်ကဖြည်းဖြည်းချင်းပေါ်လာသည်။
ရှဲ့ကျစ်ယောင်က လင်းရုဖေးအားတွေ့ပြီးအံ့အားသင့်သွားသည်။ လင်းရုဖေးတွင် အားနည်းသည့်ကိုယ်ရှိပြီးဓားရေးလေ့ကျင့်၍မရသည်ကိုသူမှတ်မိသည်။ သို့သော် သူ၏အရှေ့မှလူသည်ဝတ်ရုံဖြူနှင့် ဓားပေါ်တွင်ရပ်နေကာ ဝတ်ရုံလက်အနားစများက လေနှင့်အတူ တလူလူလွင့်နေပုံမှာ ကောင်းကင်ဘုံကအမတကျင့်ကြံသူတစ်ယောက်နှယ်။
ရှဲ့ကျစ်ယောင်သည်လင်းရုဖေး၏အနားသို့လျှောက်လာကာ အံ့အားသင့်နေဟန်ဖြင့်မေးလာ၏။
"ရှောင်ကျို့...မင်း ဘယ်တုန်းက....ဓားသုံးလို့ရသွားတာလဲ"
လင်းရုဖေး : "မကြာခင်တုန်းက ငါအကြီးအကဲတစ်ယောက်နဲ့တွေ့ခဲ့တယ် သူကငါ့ကိုနည်းနည်းသင်ပြပေးခဲ့လို့ ငါဓားကိုင်လို့ရသွားတာပဲ"
ရှဲ့ကျစ်ယောင် : "ဒီလိုကိုး မင်းဒီကိုရောက်နေတာ...ဘယ်လောက်ကြာနေပြီလဲ"
လင်းရုဖေး : "ခုနကပဲ"
ရှဲ့ကျစ်ယောင်ကလှောင်ရယ်လျက်ဆိုလာ၏။
"ငါ့မိသားစုရဲ့အရှုပ်အထွေးတွေကိုမင်းမြင်လိုက်ရတာစိတ်မကောင်းပါဘူး"
လင်းရုဖေးကခေါင်းယမ်းသည်။
"မင်းဒဏ်ရာတွေဘယ်လိုနေလဲ"
ယနေ့မနက် ရှဲ့ကျစ်ယောင်ကိုသူတွေ့ရချိန်က အားအင်ချိနဲ့စွာဖြင့်အိပ်ရာပေါ်တွင်လှဲနေခဲ့ရသည်။ မကြာခင်သေးကမူ ထိုလူက လူတစ်ယောက်ဖြင့်တိုက်ခိုက်ခဲ့ရသဖြင့် ဒဏ်ရာကပိုရင်းသွားမည်ကိုစိုးရိမ်မိသည်။
သို့သော် ရှဲ့ကျစ်ယောင်ကပြုံးလျက်ဖြေလိုက်သည်။
"ဒဏ်ရာကမပြင်းပါဘူး ဆေးသောက်လိုက်ရင်သက်သာသွားမှာပါ"
သူကအင်္ကျီပေါ်မှ သွေးစက်များကိုခါထုတ်ပစ်ပြီး 'ကျစ်' တစ်ချက်စုတ်သက်လိုက်သည်။
"သွားရအောင် ငါအဝတ်လဲပြီးတော့မှဖြည်းဖြည်းချင်းပြောကြတာပေါ့"
____ __ ____
Translated By IQ-Team.
T/N - တစ်ခုပြောချင်လို့ပါ သိုင်းစာစဥ်တွေဖတ်နေကြသူတွေအတွက်ကတော့ တောင်ကိုခြမ်းပြီးမြစ်ကိုခွဲတယ်ဆိုတဲ့စကားမျိုးက လုံ
း၀သာမန်ဆန်ပါတယ် တချို့ဆို ကမ္ဘာမြေကြီးတုန်ဟီးတာတို့ ကောင်ကင်ကြီးထက်ခြမ်းခွဲခံလိုက်ရတာကို့တောင်ရှိပါတယ် ဒါမျိုးအမျိုးအစားတွေကိုမဖတ်ဘူးတဲ့သူတွေအတွက်တော့ ယုတ္တိမတန်သလိုဖြစ်နေမှာဆိုးမိပါတယ် ဆိုရလျှင် တရုတ်သိုင်း၀တ္ထုတွေက ဥပမာပေးတဲ့အခါ အနည်းငယ်ချဲ့ကားတတ်ပါတယ်လို့ ကြိုပြောထားပါရစေနော်🤗