အပိုင်း ၃၀
Viewers 15k

Chapter 30

 ထွက်ပြေးတိမ်းရှောင်ခြင်း။




အပြန်လမ်းတွင် ရှဲ့ကျစ်ယောင်၏မျက်နှာအမူအရာမှာ အလွန် စိတ်ရှုပ်ထွေးနေပုံ ရလေသည်။ သူ၏စိတ်ထဲတွင် လင်းရုဖေးအား သူ၏အစ်ကိုအရင်းဖြစ်သူကို သတ်ပစ်ခဲ့သည့်ကိစ္စအကြောင်း မည်သို့ ရှင်းပြရမည်ကို အကြိမ်ကြိမ် တွေးနေမိ၏။ 


လင်းရုဖေးသည် ငယ်စဉ်ကတည်းက ခွန်းလွန်တောင်တန်းများပေါ်တွင် နေထိုင်ခဲ့ပြီး သူ၏ညီအကိုမောင်နှမများက ကောင်းမွန်စွာ စောင့်ရှောက်ပေးခဲ့သည်။ ဤသို့ အန္တရာယ်ကြီးမားသည့် အချင်းအရာများကို တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသည်မှာ သူ့အတွက် ပုံမှန်သာ ဖြစ်သည်။ ရှဲ့ကျစ်ယောင်က ထိုအကြောင်းအရာကို ပိုပိုတွေးတောလေလေ ပို၍ပို၍ စိတ်ပူလာလေလေပင်။ 


သူ လင်းရုဖေးကို တစ်ချိန်လုံး ကြည့်နေမိပြီး စကားပြောသင့်၊ မပြောသင့် အကြိမ်ကြိမ် ချီတုံချတုံ ဖြစ်နေမိသည်။


လင်းရုဖေး၏ အမူအရာမှာမူ မပြောင်းမလဲပင် ဖြစ်သည်။ သူက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေကာ ပတ်ဝန်းကျင်ကို အလွန် စိတ်ဝင်စားနေပုံရလေသည်။ ရှဲ့ကျစ်ယောင်သည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။ နောက်ဆုံးတွင် လင်းရုဖေးက သူ့အား မိတ်ဆွေတစ်ဦးအနေဖြင့် မျက်နှာသာပေးခဲ့သည်။ သူ စိတ်သက်သာရာရစေရန်အတွက် ပတ်ဝန်းကျင်ရှုခင်းများကို တမင် စိတ်ဝင်တစားကြည့်ရှုဟန်ဆောင်နေ၏။


လင်းရုဖေးသည် လတ်တလော၌ စိတ်ကောင်းဝင်နေသည်ကို သူ မရိပ်မိပေ။ ယခုလေးတင် မြင်လိုက်ရသည့် သွေးစွန်း မြင်ကွင်းမှာ အစောတည်းက သူ၏အနောက်တွင် ကျန်ရစ်ခဲ့ပြီး ဖြစ်သည်။ သူ့ရဲ့ဓားနှင့်အတူ တစ်ကိုယ်တည်း ခရီးမသွားခဲ့ဖူးသည့် လင်းရုဖေးမှာ စိတ်ဝင်စားစရာကောင်းသော အရုပ်တစ်ရုပ်ကို ရှာတွေ့သွားသည့် ကလေးငယ်တစ်ဦးလိုပင်။ သူ၏မျက်လုံးများနှင့် မျက်ခုံးများက စူးစမ်းချင်စိတ်ဖြင့် မှုန်ကုပ်ကုပ် ဖြစ်နေပြီး ရှဲ့ကျစ်ယောင်၏ မျက်နှာပေါ်ရှိ ထူးဆန်းသောအကြည့်ကိုပင် သတိမထားမိပေ။


သူတို့နှစ်ဦးသည် ရှဲ့အိမ်တော်သို့ ဓားပျံစီး၍ ပြန်လာခဲ့ကြပြီး ရှဲ့ကျစ်ယောင်၏ခြံဝင်းထဲတွင် သက်ဆင်းလိုက်ကြသည်။ ရှဲ့ကျစ်ယောင်၏ စိတ်နှလုံးထဲတွင် စိုးရိမ်မှု အတော်များများ ရှိနေသော်လည်း လင်းရုဖေးကမူ စိတ်မကျေနပ်သေးပေ။


စံအိမ်ရှိ အစေခံများက ၎င်းတို့ တတိယသခင်လေး၏ သွေးများဖြင့် စွန်းထင်းနေသော အသွင်အပြင်ကို ကျင့်သားရနေသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ၎င်းတို့ဘေးမှ ရှဲ့ကျစ်ယောင် ဖြတ်သွားသောအခါ မျက်တောင်ပင်မခတ်ရဲကြပေ။


ရှဲ့ကျစ်ယောင် ကိုယ်လက်သန့်စင်နေချိန်အတွင်း လင်းရုဖေးသည် အိမ်ရှေ့ခန်းတွင် စောင့်ဆိုင်းနေစဥ်အတွင်း အစေခံများက လတ်လတ်ဆတ်ဆတ် ဖျော်စပ်ထားသော လက်ဖက်ရည်ပူပူကို အလွန် အရိုအသေကြီးသည့် အမူအရာဖြင့် ယူဆောင်လာကြသည်။


အမွှေးတိုင်တစ်ဝက်ခန့်အကြာတွင် သန့်ရှင်းသောအဝတ်အစားဖြင့် ပြောင်းလဲဝတ်ဆင်ပြီးဖြစ်သော ရှဲ့ကျစ်ယောင်က လင်းရုဖေး အရှေ့သို့ ရောက်လာသည်။ သူက လင်းရုဖေး၏ နဘေးတွင် ထိုင်ကာ လက်ဖက်ရည်ပန်းကန်ကို ကောက်ယူပြီးမှ ပြန်ချလိုက်သည်။ 


ထို့နောက် သူက အသက်ပြင်းပြင်းတစ်ချက်ရှူကာ “ငါ့မိသားစုထဲက ဒီအချင်းအရာတွေအားလုံးကို မြင်လိုက်ရစေတဲ့အတွက် တောင်းပန်ပါတယ်”


လင်းရုဖေးက တွေးတွေးဆဆဖြင့် ပြန်ပြောလိုက်သည်။


 "အခုလို ပြောဖို့က အဆင်ပြေရဲ့လား"


ရှဲ့ကျစ်ယောင်က ရွံ့ရှာစပ်စုတ်နေဟန်ဖြင့်ဆိုလိုက်သည်။


“အဆင်မပြေစရာ အကြောင်းရယ်တော့ မရှိပါဘူး ဒီလို ပုပ်အဲ့နေတဲ့ မိသားစုအရေးတွေကို အပြင်လူတွေ သိသွားရင် ရှက်ရွံ့စရာပဲ ဖြစ်မိလိမ့်မယ်”


လင်းရုဖေးသည် ကုရွှမ်းတုထံမှ ရှဲ့မိသားစုနှင့် ပတ်သက်သည့် မူလကိစ္စတချို့ကို သိရှိထားပြီးဖြစ်သောကြောင့် သူက စိတ်ကိုပြင်ဆင်ပြီး ဖြစ်လေသည်။


“ဒီအကြောင်းတွေကို မပြောချင်ဘူးဆိုရင် ကိုယ့်ကိုယ်ကိုယ် အတင်းအကြပ် ဖိအားပေးစရာ မလိုပါဘူး”  


မည်သို့ပင်ဆိုစေ သူသည်လည်း အပြင်လူတစ်ဦးသာ ဖြစ်လေသည်။


ရှဲ့ကျစ်ယောင်က ဆိုသည်။


"ဒါတွေကို ပြောရလို့ အကျိုးယုတ်စရာတော့လည်း မရှိပါဘူးလေ"


သူက လက်ကို ဝှေ့ယမ်းကာ တံခါးအား ပိတ်လိုက်သည်။ ထို့နောက် လက်ဖက်ရည်ပူပူတစ်ခွက်ကို မော့ချလိုက်ပြီးမှ ရှဲ့မိသားစုအကြောင်း စတင် ပြောလာခဲ့သည်။


ရှဲ့ကျစ်ယောင်သည် အသေးအဖွဲကိစ္စတစ်ခုအား ပြောပြနေသကဲ့သို့ပင် အလေးအနက် မထားရှိပေ။ သို့သော် လင်းရုဖေးအတွက်မူ ပို၍ နားထောင်ကြည့်လေ ကြက်သီးမွေးညင်းများ ထလာလေ ဖြစ်သည်။ မြောင်ကျန်းတွင် အသန့်စင်ဆုံး ကူ ကိုလိုချင်လျှင် အဆိပ်ပြင်းရှိသော အင်းဆက်ပိုးမွှားများကို စုစည်းကား ကရားတစ်ခုထဲသို့ ထည့်သွင်းကြပေ၏။ ပြီးလျှင် ထိုအင်းဆက်ပိုးမွှားများက အချင်းချင်း သတ်ဖြတ်ကြပြီး နောက်ဆုံး အသက်ရှင်ကျန်ရစ်ခဲ့သူအား ကူဘုရင် ဟု သတ်မှတ်ကြလေသည်။ 


ရှဲ့ မိသားစုတွင်လည်း ကူ ကို အစဉ်အလာမပြတ် သန့်စင်ခဲ့ကြသည်။ သို့သော် သူတို့ အသုံးပြုခဲ့သည်မှာ အင်းဆက်ပိုးမွှားများမဟုတ်ဘဲ ထို့အစား ရှဲ့မိသားစု၏ ခေါင်းဆောင် ဖြစ်လိုသော သားစဉ်မြေးဆက်များသာ ဖြစ်ချေသည်။


[ T/N : ကူဘုရင် အကြောင်း ပြောတုန်းက မရှင်းပြခဲ့ရပေမယ့် ကူ က အခြေခံအားဖြင့် အဆိပ်ကောင်တစ်မျိုးပါပဲ...သူ့အကြောင်းကို ဒီမှာ ဆက်ဖတ်နိုင်ပါတယ် ]


"ရှဲ့မိသားစုဘိုးဘေးတွေအတွက် ဒီလို နည်းလမ်းမျိုးကို လုပ်ဆောင်ဖို့က လုံး၀မခက်ခဲဘူး"  


ရှဲ့ကျစ်ယောင်က ရွှံရှာနေဟန်ဖြင့် ဆက်၍ပြောသည်။


"တခြားမိသားစုတွေက သူတို့ရဲ့ သားသမီး မြေးမြစ်တွေကို အခက်အလက် ဝေဝေဆာ‌ဆာနဲ့ ရှင်သန်လာနိုင်အောင် ကြိုးစားနေကြတယ် ငါတို့ ရှဲ့ မိသားစုကတော့ သားယောကျာ်းလေး မွေးဖွားလာဖို့ကို မစောင့်ဆိုင်းဘဲမနေနိုင် ဖြစ်နေကြတာ"


ရှဲ့ကျစ်ယောင်၏ ကိုယ်ရည်ကိုယ်သွေးမှာ ကောင်းမွန်လှသော်လည်း မိခင်ဖြစ်သူမှာမူ စောစီးစွာ ဆုံးပါးသွားခဲ့ပြီး သူ့မိခင်မျိုးနွယ်စု၏ အထောက်အပံ့ကိုပင် ဆုံးရှုံးခဲ့ရသည်။ 


ဖခင်ဖြစ်သူထံမှလည်း မျက်နှာသာပေးမခံရဘဲ ရှဲ့မိသားစုအတွင်း အာရုံစိုက်မှု တစ်စုံတရာ မရရှိခဲ့ပေ။ သူ၏ အစားအသောက်နှင့် အဝတ်အစားစရိတ်မှာ အစ်ကိုကြီးဖြစ်သူဘက်မှ နာမည်ရှိ ဘဏ္ဍာစိုးတစ်ဦးထက်ပင် နည်းပါးသေးသည်။


ယုတ္တိကျကျပြောရလျှင် ထိုအချက်ကြောင့် သူက မိသားစုခေါင်းဆောင်ရာထူးနှင့် လားလားမှ မသက်ဆိုင်သင့်သော်လည်း ရှဲ့မိသားစု၏ အကြီးအကဲကမူ သူ၏သားတစ်ဦးဦးသာအသက်ရှင်ကျန်နေသရွေ့ ထိုသူမှာ ရှဲ့မိသားစု၏ အကြီးအကဲ အစစ်အမှန် ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့၏။


လင်းရုဖေးက မေးလိုက်သည်။


"အဖေဖြစ်သူက ပြောတဲ့ ပါကိုပါဝင်ရမယ် ဆိုတာ ဘယ်လို အဓိပ္ပါယ်များလဲ"


 “အင်း”  


ရှဲ့ကျစ်ယောင်က လေးနက်သောသော အသံဖြင့် ဖြေလာသည်။


“ငါတို့မှာ ကိုယ့်သဘောအရ နှုတ်ထွက်ပိုင်ခွင့် မရှိဘူး” 


သူက သွားများကို အံကြိတ်ကာ မုန်းတီးမှုများ ပြည့်နှက်နေသော လေသံဖြင့် ဆက်ပြောသည်။


“အနိုင်ရသည်ဖြစ်စေ အသက်သေသည်ဖြစ်စေ” 


လင်းရုဖေးမှာ ချက်ချင်းပင် ထိတ်လန့်သွားလေသည်။ သူက ရှဲ့မိသားစုအပေါ် အကောင်းဘက်မှ တွေးနေခဲ့ဆဲပင်။ သူတို့ မယှဥ်ပြိုင်သရွေ့ ဘေးကင်းမည်ဟု ယူဆထားမိခဲ့သည်။


ရှဲ့ကျစ်ယောင်က ဆက်ပြောလေသည်။


"ကံကောင်းထောက်မစွာနဲ့ပဲ မကြာခင်မှာ အရာအားလုံး ပြီးဆုံးသွားမှာပါ" 


သူသည် အသက်မပါစွာဖြင့် ပြုံးလိုက်ပြီး “အခုတော့ ငါနဲ့ ညီအငယ်ဆုံးပဲ ကျန်ပါတော့တယ် ငါက သူ့ကို သတ်သည်ဖြစ်စေ သူက ငါ့ကို သတ်သည်ဖြစ်စေပေါ့"


ရှဲ့ကျစ်ယောင်သည် စကားဆုံးသောအခါတွင် သက်ပြင်းရှည် မှုတ်ထုတ်လိုက်ပြီး အားအင်များ ဆုံးရှုံးသွားသကဲ့သို့ ကုလားထိုင်ပေါ် မှီ၍ လှဲချလိုက်သည်။ 


သူက လင်းရုဖေးကို ကြည့်ရန် ခေါင်းကို လှည့်လာကာ "ငါ့အကြောင်းတော့ ပြောပြပြီးပြီ မင်း အကြောင်းလည်း ပြောရအောင် မတွေ့ရတာ နှစ်အတော်ကြာပြီးတဲ့နောက်ပိုင်း မင်း အတော် ပြောင်းလဲသွားပြီပဲ"


ထို့နောက် လင်းရုဖေးသည် လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်က ခွန်းလွန်တောင်တန်းများပေါ်တွင် ဆရာတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ဓားကို ထိန်းချုပ်လာနိုင်ခဲ့ကြောင်း အကျဉ်းချုံး၍ ပြောပြခဲ့သည်။ သို့သော်လည်း သူ့ကိုယ်သူ ဓားသမား ဟူ၍တော့ မသတ်မှတ်နိုင်သေးပေ။


ရှဲ့ကျစ်ယောင်သည် စိတ်ဝင်တစား နားထောင်နေပြီး လင်းရုဖေး စကားဆုံးသောအခါ သူ့ကိုယ်သူ ရှုတ်ချဟန်ဖြင့် ရယ်မောလိုက်သည်။


"ရှောင်ကျို့...ငါ မင်းကို အရင်က ပြောဖူးလားတော့ မသိဘူး ခွန်းလွန်တ‌ဝိုက်မှာ မင်းက ဓားကို ကောင်းကောင်းမွန်မွန် မလေ့ကျင့်နိုင်ပေမယ့် ငါ မင်းကို မနာလိုအဖြစ်ဆုံးပဲ"


လင်းရုဖေးက ရယ်မောလိုက်သည်။


" 'ခွန်းလွန်' တဝိုက်ရယ်လို့သာ ပြောလို့ပါ အကယ်၍ ကျန်းဟူ တစ်ခုလုံးမှာဆိုရင် ဓားလေးတောင် ကျွမ်းကျွမ်းကျင်ကျင် မကိုင်နိုင်တဲ့ ငါ့ကို မနာလိုဖြစ်နေဦးပါ့မလား"


ရှဲ့ကျစ်ယောင်က ဆိုသည်။


"မင်း ပြောတာ ယုတ္တိရှိပါတယ်"


နှစ်ယောက်သား ဆက်လက်၍ စကားစမြည်ပြောနေကြစဉ် ရှဲ့ကျစ်ယောင်၏အမူအရာမှာ အနည်းငယ်ပြောင်းလဲသွားပြီး "တစ်ယောက်ယောက် ဒီမှာ ရှိနေတယ် ရှောင်ကျို့ မင်း အရင် ပြန်သွားသင့်တယ်"


စကားမဆုံးမီ ရှဲ့ကျစ်ယောင်၏အခန်းရှိ သစ်သားတံခါးမှာ ပွင့်ထွက်သွားပြီး ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားလေသည်။


"ရှဲ့ကျစ်ယောင်"  


ဝင်ရောက်လာသောဧည့်သည်မှာ ရှဲ့ကျစ်ယောင် ဝတ်ဆင်ထားသည့် အနက်ရောင်ဝတ်စုံနှင့် တူညီစွာ ၀တ်ဆင်ထားပြီး ၎င်း၏အသွင်အပြင်သည်ပင် ရှဲ့ကျစ်ယောင်နှင့် ဆင်တူနေသည်။


ထိုသူက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်သည်။


 “အဖေက မင်းကို ခေါ်ခိုင်းလိုက်တယ်” 


ရှဲ့ကျစ်ယောင်၏မျက်နှာမှာ ညိုမှိုင်းနေပြီး ထိုဧည့်သည်၏အမည်ကို ရေရွတ်လိုက်သည်။


 "ရှဲ့ကျီ မင်း ဒီမှာ ဘာလုပ်နေတာလဲ"


"အဖေရဲ့ အမိန့်အရ မင်းကို အခေါ်လွှတ်လိုက်တာ" 


ရှဲ့ကျီသည် ရှဲ့ကျစ်ယောင် ပြောခဲ့ဖူးသည့် ညီအငယ်ဆုံး ဖြစ်နိုင်ချေ များ၏။ သူက ရှဲ့ကျစ်ယောင် နံဘေးတွင် ထိုင်နေသော လင်းရုဖေးကို သတိထားမိသွားကား ခြေအစခေါင်းအဆုံး အသေအချာ ကြည့်နေလေသည်။ လင်းရုဖေးထံတွင် သူ့အား တိုက်ခိုက်နိုင်မည့် မည်သည့်ဓားမှ ပါမလာဘဲ သေလူတစ်ဦးကဲ့သို့ ဖြစ်နေသည်ကို သူ သတိပြုမိပေလိမ့်မည်။


ထို့ကြောင့် လှောင်ပြောင်ရယ်မောသံတစ်ချက် ထွက်ပေါ်လာကာ "အိုး... မင်းက အစေခံအသစ်တောင် ရှာတွေ့သွားပြီလား သူ့ရဲ့အသွင်အပြင်က တော်တော် အဆင်ပြေတာပဲ အဲဒီ လွီအာ ဆိုတဲ့တစ်ယောက်ထက် အများကြီး ပိုသာတယ် ဒါပေမယ့် ကံဆိုးစွာနဲ့ မင်းက မကြာခင် သေရတော့မှာပဲ ဒီလောက် ချောမောတဲ့ရုပ်ရည်နဲ့ နှ‌မြောစရာကောင်းလိုက်တာ....."


ရှဲ့ကျစ်ယောင်က ကြိမ်းမောင်းလိုက်သည်။


 “ရှဲ့ကျီ တိတ်တိတ်နေ ဒါက..."


စူးရှသောအသံက လေထဲတွင် ဖြတ်သွားသည်ကို ကြားလိုက်ရသောအချိန်၌ သူသည် စကားဆုံးအောင်ပင် မပြောရသေးပေ။ လွန်ခဲ့သည့် တစ်မိနစ်ခန့်က ထောင်လွှားနေခဲ့သော ရှဲ့ကျီမှာ အော်ဟစ်လိုက်လေသည်။ သူသည် ပါးစပ်ကို အုပ်၍ မြေပြင်ပေါ် လဲကျသွား၏။ ခေါင်းကို တစ်ဖန် မော့ကြည့်လာသောအခါ သူ၏ မျက်နှာတစ်ပြင်လုံးက သွေးများဖြင့် ဖုံးလွှမ်းနေသည်။ နှုတ်ခမ်းထက်တွင် ကြည့်ရဆိုးသော ပြတ်ရှရာတစ်ခု ရှိနေပြီး ပါးစပ်ကိုသာ လျင်မြန်စွာ မအုပ်လိုက်ပါက သူ၏လျှာတစ်ပိုင်းမှာ ပြတ်တောက်သွားနိုင်သည်။


၎င်းမှာ ကုရွှမ်းတု၏ လှုပ်ရှားမှု ဖြစ်သည်။ လင်းရုဖေး၏ အနောက်ရှိ ဒေါသတကြီးဖြစ်နေသောမျက်နှာထားနှင့်လူအား မည်သူမျှ မမြင်နိုင်ကြပေ။ ထိုင်ခုံပေါ်တွင် အမူအရာကင်းမဲ့စွာ မလှုပ်မယှက် ထိုင်နေသော လင်းရုဖေးကိုသာ တရားခံ ဟု ထင်မြင်ကြလေသည်။


“မင်း……” 


ရှဲ့ကျီသည် ခက်ခက်ခဲခဲဖြင့် ခေါင်းကို ထောင်လိုက်သည်။ သူက လင်းရူဖေးကို ထိတ်လန့်သောအကြည့်ဖြင့် ကြည့်ကာ ဗလုံးဗထွေး ရေရွတ်သည်။


"မင်း ရှဲ့ မိသားစုကို ပြဿနာရှာရဲတာပဲ......"


"မင်း ဉာဏ်မရှိတဲ့ကောင်"


ရှဲ့ကျစ်ယောင်က ဒေါသတကြီး ဖြစ်နေသည်။ သူအမှန်တကယ်ကို အပြေးအလွှားသွား၍ ညီဖြစ်သူ၏ အာချောင်နေသောပါးစပ်အား ဆွဲဖြဲချင်မိ၏။


"သူက ခွန်းလွန် မိသားစုရဲ့ စတုတ္ထမြောက်သား လင်းရုဖေး"


ရှဲ့ကျီသည် အံ့အားသင့်သွားပြီး မြေပြင်ပေါ်မှ တုန်လှုပ်စွာဖြင့် ထလာသည်။ သူက ခက်ခက်ခဲခဲဖြင့် နှစ်လိုသော အပြုံးတစ်ခု ပြုံးပြလိုက်သည်။ သူ လင်းရုဖေးအား တောင်းပန်ရန် ပြင်လိုက်စဉ်တွင် လင်းရုဖေးက လက်ကို မြှောက်ပြကာ စကားပြောရန် မလိုအပ်ကြောင်း အမူအရာဖြင့် ပြသည်ကို တွေ့လိုက်ရ၏။


“မိသားစုအကြီးအကဲက မင်းကို ရှာနေတာ မဟုတ်လား မင်း အရင် သွားသင့်တယ်”  


လင်းရုဖေးက ညင်သာစွာဖြင့် ပြောလိုက်သည်။


“အဖေကို စောင့်နေရအောင် မလုပ်ပါနဲ့”


၎င်းက လျှော့ပေါ့ ပြောဆိုမှုတစ်ခုပင်။ သို့သော် မြေပြင်ပေါ်တွင် သွေးများဖြင့် လဲကျနေသော ရှဲ့ကျီသည် သူ၏ရှေ့မှလူအပေါ် ကြောက်ရွံ့မှုများ ခံစားမိနေသည်။ သူ၏ရှေ့မှ ချောမောသော လူငယ်လေးထံတွင် တိုက်ခိုက်လိုသည့် ဓားတစ်ချောင်းကိုပင် မမြင်နိုင်ပေမယ့် ဖြူဖျော့နေသော အသွင်အပြင်ဖြင့်ပင် ရယ်မောလျက်ပင် လူတို့၏ ဦးခေါင်းကို ဖြတ်ယူနိုင်သော အမှောင်သခင်တစ်ဦး ကဲ့သို့နှယ်။


“သွားပါ”  


ရှဲ့ကျစ်ယောင်သည်လည်း လင်းရုဖေး၏ စိတ်မသက်မသာဖြစ်နေမှုကို သတိပြုမိသည်။ သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းကာ ညီငယ်အား တွဲထူရန် လက်ကို ဆန့်ပေးလိုက်သည်။


ထို့နောက် လင်းရုဖေး ရှိရာသို့ ခေါင်းကို လှည့်ကာ ပြောလိုက်၏။


"ရှောင်ကျို့ ငါ တကယ် စိတ်မကောင်းပါဘူး မင်း အနားယူဖို့ အခန်းကို အရင် ပြန်သွားသင့်တယ်" 


လင်းရုဖေးက ခေါင်းညိတ်ပြလိုက်သည်။


လွန်ခဲ့သည့် တခဏခန့်က မောက်မာကာ ထောင်လွှားနေခဲ့သော ရှဲ့ကျီသည် လုံးဝ ခေါင်းမထောင်ရဲပေ။ သူသည် သနားစရာကောင်းသည့် ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ရှဲ့ကျစ်ယောင်ထံမှ ဆွဲယူသွားခြင်း ခံလိုက်ရ၏။ သူ ထွက်သွားသည့်တိုင်အောင် လင်းရုဖေးကို ပြန်မကြည့်ဝံ့ပေ။


ထိုသူတို့နှစ်ယောက် ထွက်သွားပြီးနောက်တွင် လင်းရုဖေးသည်လည်း အခန်းသို့ ပြန်သွားရန် ပြင်သည်။


သူ၏နောက်မှ ကုရွှမ်းတုက ဆိုလာသည်။


"ရှောင်ကျို့က စိတ်မချမ်းသာဖြစ်နေတာလား ကိုယ် နည်းနည်းလေး အားပြင်းသွားပေမယ့် ရှဲ့ကျီက ဒီလိုစကားမျိုး ပြောရဲတဲ့အထိ ကိုယ့်သေတွင်းကိုယ် တူးနေတာလေ လင်းမိသားစု မျက်နှာမပျက်ရအောင်တော့ သူ့ကို အသက်ချမ်းသာခွင့် ပေးလိုက်ပါတယ်"


လင်းရုဖေးက ရှုပ်ထွေးနေမိသည်။


"ကျွန်တော်က ဘာလို့ စိတ်မချမ်းသာရမှာလဲ"


ကုရွှမ်းတုက ပြန်ဖြေသည်။


"ရှောင်ကျို့က ငယ်ငယ်လေးတည်းက ခွန်းလွန်မှာ နေခဲ့တာဆိုတော့ ဒီလို သွေးထွက်သံယိုကိစ္စတွေကို မနှစ်သက်တာက ပုံမှန်ပဲ မဟုတ်ဘူးလား"


လင်းရုဖေးသည် တခဏခန့် တွေးတောလိုက်မိ၏။


"ကျွန်တော် ဆယ်နှစ်သားအရွယ်လောက်တည်းက လင်းမိသားစုမှာ ဓားမကိုင်နိုင်တဲ့ စတုတ္ထသားလေးတစ်ယောက်ရှိတယ်ဆိုတာ ခွန်းလွန်တောင်က လူတိုင်း သိကြတယ်"


လင်းမိသားစု၏ သားသမီးများ ဖြစ်ကြသော လင်းမင်ကျစ် ၊ လင်းဝေရွေ့တို့သည် ဆယ်နှစ်သားအရွယ်ကပင် ဓားသိုင်းအရာ၌ အံ့သြဖွယ် ဖြစ်နေပြီး ဖြစ်သည်။ အထူးသဖြင့် လင်းပျန့်ယွီအား ခွန်းလွန် တောင်တန်းများတလျှောက်လုံးတွင် မည်သူမျှ မယှဉ်နိုင်ပေ။


ဆယ်နှစ်သားအရွယ်တုန်းက လင်းရုဖေး၏ မွေးနေ့ပွဲကို ကျင်းပနေချိန်တွင် မွေးနေ့ပွဲသို့တက်ရောက်လာသူများသည် လင်းရုဖေး၏ ခန္ဓာကိုယ်ပေါ်တွင် ဓားနှင့်တူသည့် အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပေ။ ထိုအချိန်မှစ၍ လင်းရုဖေးမှာ စွန့်ပစ်ပစ္စည်းတစ်ခုသာသာ ဟူသည့် ကောလဟာလများက ခွန်းလွန်တောင်တန်းများပေါ်တွင် ပြန့်နှံ့လာတော့သည်။


ထိုအကြောင်းကို လင်းပျန့်ယွီ ကြားသိသောအခါ ထျန်းရှောင်ကို ယူဆောင်၍ ကောလဟာလ ဖြန့်သည့်လူများအားလုံးကို ရှာဖွေခဲ့သည်။ သူသည် ထိုသူများအား လင်းရုဖေး ရှေ့မှောက် ခေါ်ဆောင်ကာ ၎င်းတို့၏ လျှာများကို တစ်ယောက်ပြီးတစ်ယောက် ဖြတ်ပစ်ခဲ့၏။


၎င်းက ပထမဆုံးအကြိမ်အဖြစ် လင်းရုဖေး သွေးများကို မြင်တွေ့ခဲ့ရခြင်းပြီး သူ၏အစ်မဖြစ်သူက သူ ကြောက်ရွံ့ထိတ်လန့်သွားမည်ကို စိုးရိမ်နေခဲ့သည်။ သို့သော် တကယ်တမ်းတွင် ထိုငိုကြွေးနေသူများကို ကြည့်၍ သွေးရနံ့များ ထုံလွှမ်းနေသည့် လေထုကို ရှူရှိုက်နေရင်းဖြင့် လင်းဝေရွေ့၏ လက်မောင်းကို ဆုပ်ကိုင်ထားသည့် လင်းရုဖေးက ထူးထူးခြားခြား သိပ်မခံစားခဲ့ရပေ။ ထိုအခိုက်အတန့်တွင် သူ၏မျက်လုံးများကို ထိုမြင်ကွင်းမှ ရွေ့လျား၍မရခဲ့ချေ။


နောက်ပိုင်းတွင် လင်းရုဖေးသည် ထိုအကြောင်းကို စဉ်းစားမိသောအခါ ၎င်းမှာ လင်းမိသားစု၏သွေးပါသောကြောင့် ဖြစ်နိုင်သည်ဟု ခံစားခဲ့ရ၏။ သို့သော်လည်း သူ၏ဒုတိယအစ်ကို လင်းပျန့်ယွီသည် သွေးကိုပထမဆုံးအကြိမ် မြင်တွေ့ခဲ့စဉ်က အပြည့်အဝ နလန်မထူလာမီ ရက်အတော်ကြာအောင် ထုံအသွားခဲ့သည်ကိုတော့ သူ မသိရှိခဲ့ပေ။


လင်းရုဖေး၏ပုံပြင်ကို နားထောင်ပြီးနောက် ကုရွှမ်းတု၏အမူအရာမှာ အနည်းငယ် ထူးဆန်းလာသည်။


"ဟုတ်ပါပြီ လင်းသခင်ငယ်လေးက သွေးကို မကြောက်ဘူး"


လင်းရုဖေးက မျက်တောင်ခတ်လိုက်ပြီးနောက် မျက်၀န်းထဲတွင်အနည်းငယ် ဉာဏ်များလိုမှုလေးများ ထွက်ပေါ်လာလေသည်။


"ဒါပေမယ့် နောက်ဆုံးမှာတော့ ရှဲ့ကျီက ရှဲ့ကျစ်ယောင်ရဲ့ ပြိုင်ဘက်ပဲလေ ခင်ဗျားက သူ့ကို ဒဏ်ရာရအောင် လုပ်ပြီး ကျွန်တော်သူငယ်ချင်းကို မျက်နှာသာပေးလိုက်တာပဲ"


ကုရွှမ်းတုက "အိုး ဒါမှန်း သိရင် ဒီထပ်ပိုပြီး နည်းနည်း ပြင်းပြင်းလေး လုပ်ခဲ့ပါတယ်”


သူတို့ နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ရယ်မောလိုက်ကြ၏။


လင်းရုဖေးသည် အခန်းထဲသို့ ဖြည်းညှင်းစွာဖြင့် အေးရာအေးကြောင်း ပြန်လာခဲ့သော်လည်း ဖူဟွားနှင့် ယွီရွေ့

ကိုတော့ မတွေ့ခဲ့ရပေ။ အခြားအစေခံများကို မေးမြန်းကြည့်သောအခါ သူ၏ အစေခံနှစ်ယောက်မှာ စျေးဝယ်ထွက်သွားခဲ့ကြောင်း သိလိုက်ရသည်။


သူမတို့နှစ်ဦးက သူ့အား အသိမပေးခဲ့ဘဲ ထွက်သွားခြင်းက အနည်းငယ်တော့ ထူးဆန်းနေသည်။