အပိုင်း ၃၁
Viewers 15k

Chapter 31




လင်းရုဖေးသည် အခန်းထဲတွင် ထိုင်နေရင်းက ပျင်းရိလာလေသည်။ မူလကတော့ သူလည်း လမ်းလျှောက်ထွက်ချင်သော်လည်း ရှဲ့ကျစ်ယောင်၏ဘက်၌ မတော်တဆမှု ဖြစ်မည်ကိုလည်း စိုးရိမ်နေမိသည်။ ရှဲ့ကျီသည် ရှဲ့ကျစ်ယောင်၏ပြိုင်ဘက် ဖြစ်နိုင်ပုံမပေါ်သော်လည်း ဤမျှကြာအောင် ရှင်သန်နိုင်လျှင် သူ့တွင် နည်းလမ်းတချို့ ရှိ‌ပေလိမ့်မည်။


ကုရွှမ်းတုက လင်းရုဖေး၏ ဂနာမငြိမ်ဖြစ်နေမှုကို ကြည့်ကာ အဆိုပြုလိုက်သည်။


“ကိုယ်တို့ ……တစ်ချက်လောက် သွားကြည့်ကြရင်‌ရော ဘယ်လိုလဲ”


လင်းရုဖေးက မေးလိုက်သည်။


"ကျွန်တော်တို့ သွားချောင်းကြည့်လို့ရလို့လား"


"ရတာပေါ့"  


ကုရွှမ်းတုက ဆိုသည်။


"မင်း ဆန္ဒမရှိသရွေ့ မင်းကို ဘယ်သူမှ မမြင်နိုင်ဘူး သွားကြည့်ချင်လား"


လင်းရုဖေး၏ မျက်လုံးများက တောက်ပလာပြီး


 “အင်း”


တခဏအကြာတွင် လင်းရု‌ဖေးနှင့် ကုရွှမ်းတုတို့သည် ရှဲ့မိသားစုအကြီးအကဲ၏ စာကြည့်ခန်းအလင်းတန်းထဲတွင် ပေါ်လာကြသည်။ သူတို့ အောက်ဘက်တွင် စကားပြောနေကြသော လူသုံးယောက်ကို ငုံ့ကြည့်လိုက်ကြ၏။


ရှဲ့မိသားစု၏အကြီးအကဲမှာ ရှဲ့ဝမ်လင် ဟု အမည်ရလေသည်။ သူ၏ ကျင့်ကြံမှုအရာမှာ အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီး နှစ်တစ်ရာခန့်တိုင်အောင် အကြီးအကဲ ဖြစ်ခဲ့သည်။ ကံမကောင်းစွာဖြင့် အဋ္ဌမအဆင့်မှာ ကျော်လွန်အောင်မြင်ရန် အလွန်ခက်ခဲ၏။ လွန်ခဲ့သည့် နှစ်တစ်ရာအတွင်း သူက နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေခဲ့ပေမယ့်လည်း ရလဒ်အနေဖြင့် သူ၏သက်တမ်းမှာမူကုန်ဆုံးသွားပေတော့မည်။ ထို့ကြောင့် သူတို့သည် ယခုအချိန်တွင် အခြားမိသားစုအကြီးအကဲကို ရွေးချယ်ရန် အလုပ်များနေသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။


ရှဲ့မိသားစုတွင် သားသမီးများစွာ ရှိ၏။ တိုက်ရိုက် မျိုးရိုးဆက်ခံသူမှာမူ ငါးဦးသာ ရှိသည်။ သို့သော် ကလေးများမှာ မကြာခဏဆိုသလို မတော်တဆ သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။ အားလုံး ပေါင်းနုတ်ကြည့်လိုက်ပါက ယခုမူ အဓိကသားနှင့် တရားမ၀င်သား စုစုပေါင်း ခြောက်ယောက်ခန့်သာ ရှိတော့၏။


ရှဲ့ကျစ်ယောင်က တတိယမြောက်သားဖြစ်ပြီး ရှဲ့ကျီမှာမူ အငယ်ဆုံး ဖြစ်သည်။ သူတို့နှစ်ဦးသည် ရှဲ့ဝမ်လင်၏ စားပွဲရှေ့တွင် မတ်တပ်ရပ်၍ အဖေဖြစ်သူ၏စကားကို နားထောင်ရင်း ခေါင်းကို ငုံ့ထားကြသည်။


"မင်းက လွီအာကို မရှာတဲ့အပြင် သူ့အတွက်ပါ ဖုံးကွယ်ပေးထားတာလား"  


ရှဲ့ဝမ်လင်က ရှဲ့ကျစ်‌ယောင်အား လက်ညှိုးထိုး၍ ပြောဆိုလိုက်သည်။


"သူက ဂြိုဟ်ဆိုးကောင်ပဲ မင်းက ဒီလို နတ်ဆိုးမျိုးကို ကာကွယ်ပေးရဲသေးတယ် ငါ မင်းကို တကယ် သတ်ပစ်ခဲ့သင့်တာ"


ရှဲ့ကျီသည် နာကျင်မှုကြောင့် အနည်းငယ်တုန်ယင်နေသွားသော်လည်း မီးပေါ် ဆီလောင်းရန်မူ မမေ့ပေ။ 


သူက ယုတ်မာစွာ ပြုံးလိုက်ပြီး 


“အဖေ တတိယမြောက်အစ်ကိုက အစေခံတစ်ယောက်အပေါ်ကို ယုံစားဖို့ ဘယ်လိုများ စိတ်ထား ရှိရတာလဲ အဲဒီကောင်လေးက နှုတ်သာ မကောင်းတာ သူ့ရဲ့အသွင်အပြင်နဲ့ ခန္ဓာကိုယ်ကတော့ အကောင်းဆုံးတွေထဲက တစ်ယောက်ပဲလေ တတိယအစ်ကိုက များသောအားဖြင့် အမျိုးသမီးတွေနဲ့ ရင်းရင်းနှီးနှီး မနေတတ်ဘူးလေ အစေခံတွေနဲ့ နည်းနည်းပါးပါး ပျော်ပါးဖို့ဆိုတာကလည်း သာမန်ကိစ္စတစ်ခုလိုပါပဲ”


ရှဲ့ဝမ်လင်က ဒေါသတကြီးဖြင့် ပြောသည်။


"နည်းနည်းပါးပါး ပျော်ပါးဖို့တဲ့လား အပျော်သက်သက်သာဆိုရင် သူ့ကို ရှဲ့မိသားစုရဲ့ စာကြည့်ခန်းထဲဝင်ပြီး ဒီလောက်အဖိုးတန်တဲ့ အရာတွေကို ခိုးယူသွားခွင့်ပြုမှာလား"


ရှဲ့ကျီက ဆိုသည်။


"အဲ့ဒါတော့ ကျွန်တော် မသိဘူး ဒါပေမယ့် အစ်ကိုသုံး... မင်း ဒီလို စျေးပေါတဲ့ ကစားစရာလေးကို မျက်စိကျခဲ့တယ်လို့တော့ ငါ့ကို မပြောနဲ့နော်"


ရှဲ့ကျစ်ယောင်က ရှဲ့ဝမ်လင်နှင့် ရှဲ့ကျီတို့၏ စကားကို တလှည့်ပြီးတလှည့် နားထောင်နေသည်။ သူ၏အမူအရာက မယိမ်းမယိုင်ဖြင့် ခေါင်းကိုငုံ့ထားကာ အရာအားလုံးကို အသားကျနေသည့် အကြည့်ဖြင့် ဖြစ်နေလေသည်။


ရှဲ့ဝမ်လင်က အေးစက်စွာ ပြောသည်။


"မင်း လွီအာကို ရှာမတွေ့နိုင်ရင် ဘိုးဘွားခန်းမထဲမှာ နောက်တစ်ည ထပ်နေရမယ်"


"ဒါပေမယ့် အဖေ...” 


ရှဲ့ကျစ်ယောင်က မျက်မှောင်ကြုတ်လိုက်သည်။


“မနက်ဖြန် ညီ၆နဲ့ ဓားရေးပြိုင်ပွဲ ရှိပါတယ် ဘိုးဘွားခန်းမက……”


"ဒါဆို လွီအာကို တွေ့အောင်ရှာလေ"  


ရှဲ့ဝမ်လင်က ဟောက်လိုက်သည်။ သူ၏ လက်သီးချက်မှာ ပြင်းထန်စွာ ကျဆင်းလာကာ laburnum သစ်သားစားပွဲကို ဖုန်မှုန့်အဖြစ်သို့ ရိုက်ချိုးပစ်လိုက်သည်။ 



သူက ဒေါသတကြီး ဖြစ်နေသော သားရဲတစ်ကောင်ကဲ့သို့ နီရဲသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ "မဟုတ်ရင် မင်းရဲ့ ဖင်ကို ဘိုးဘွားခန်းမထဲ ရွှေ့ပြီး ပြစ်ဒဏ်ခံဖို့သာ တွေးထား"


ရှဲ့ကျစ်ယောင်၏လည်ဇလုတ်မှာ အနည်းငယ် လှုပ်ရှားသွားပြီး နောက်ဆုံးတွင် "ကောင်းပါပြီ" ဟူသော စကားလုံးကို ပါးစပ်ထဲမှ ညှစ်ထုတ်လိုက်၏။


ရှဲ့ကျီကမူ တစ်ဖက်မှ အားရဝမ်းသာဖြင့် ရယ်မောနေလေသည်။


“သွားတော့”  


ရှဲ့ဝမ်လင်သည် ဒေါသတကြီး ကြိမ်းမောင်းပြီးသွားသောအခါ တစ်ဖန်ပြန်၍ ကြင်နာတတ်သော ဖခင်တစ်ဦးပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည်။


“မနက်ဖြန် ပြိုင်ပွဲမှာ အကောင်းဆုံး ကြိုးစားကြပါ” 


နောက်ဆုံး ကျန်ရှိနေသည့် သူ၏သားနှစ်ယောက်အတွက် အသက်နှင့်သေဆုံးခြင်းကြားမှတိုက်ပွဲ မဟုတ်သကဲ့သို့ အရေးမပါလှသည့် ဓားရေးပြိုင်ပွဲတစ်ခုမျှပင် ပေါ့ပေါ့တန်တန် ပြောဆိုခဲ့၏။


ရှဲ့ကျစ်ယောင်နှင့် ရှဲ့ကျီ တို့နှစ်ဦးက ဦးညွှတ်လိုက်ပြီးနောက် ကျောခိုင်းကာ ရှဲ့ဝမ်လင်အား စာကြည့်ခန်းထဲတွင် တစ်ဦးတည်း ထားရစ်ခဲ့သည်။


ရှဲ့ဝမ်လင်သည် ကုလားထိုင်ပေါ်တွင် တစ်ယောက်တည်း ထိုင်နေ၏။ သူသည် ရှေ့မှ ကျိုးနေသော စားပွဲခုံကို အေးစက်စွာ ကြည့်နေပြီးနောက် နားမလည်နိုင်သည့် စာကြောင်းတချို့ကို တိတ်တဆိတ် စတင် ရွတ်ဆိုတော့သည်။ ၎င်းမှာ ဆိုးရွားသည့် ကျိန်စာတိုက်နေခြင်းသကဲ့သို့ ဖြစ်ကာ ဤမြင်ကွင်းကို မြင်တွေ့ရသူတိုင်း စိတ်မသက်မသာခံစားရပေလိမ့်မည်။


ကုရွှမ်းတုသည် အခြား ကြည့်စရာ ဇာတ်လမ်းများ မရှိလာနိုင်တော့သည်ကို မြင်လိုက်ရသောကြောင့် လင်းရုဖေး ကိုခေါ်ကာ စာကြည့်ခန်းထဲမှ ထွက်လာခဲ့သည်။


စာကြည့်ခန်းထဲမှ ထွက်လာပြီးနောက်တွင် သူတို့ နှစ်ဦးသည် ရှဲ့ကျစ်ယောင်၏ခြံဝင်းသို့ ရောက်လာကာ အခန်းအတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေသည့် သူ့ကို တွေ့လိုက်ရလေသည်။ သူ၏မျက်လုံးများက အဝေးသို့ စိုက်ကြည့်နေလျက်ရှိပြီး မည်သည့်အကြောင်းအရာများ တွေးနေမှန်း မည်သူမျှ မသိနိုင်ပေ။


ရှဲ့ကျစ်ယောင်သည် လင်းရုဖေး ချဉ်းကပ်လာသည်ကို ခံစားမိသွားခြင်း ဖြစ်နိုင်သောကြောင့် ရေရွတ်လိုက်၏။


"တကယ်တော့ အဖေက ငါ့ကို အနိုင်ရစေချင်တာ မဟုတ်ပါဘူး"


ရှဲ့ကျစ်ယောင်နှင့် သူ၏အဖေတို့ကြားမှ ဆက်ဆံရေးမှာ မကောင်းမွန်သည်ကို လင်းရုဖေး မြင်နိုင်ပေသည်။ မဟုတ်သေးပေ။ ဆိုးရွားသော ဆက်ဆံရေး၌ပင် ရှိသေးသည်။ ရှဲ့ကျီ၏လေသံအရ ဘိုးဘွားခန်းမမှာ ဤအတိုင်း သာမန် ရိုးရှင်းသည့် ဘိုးဘွားခန်းမတစ်ခုမဟုတ်သည်မှာ ထင်ရှားပါသည်။ ၎င်းက ရှဲ့ကျီနှင့် နောက်တစ်နေ့ ယှဉ်ပြိုင်မှုအပေါ်တွင် သက်ရောက်မှုရှိမည်မှာ သေချာသည်။ သို့သော် ရှဲ့ဝမ်လင်၏ သဘောထားကို ကြည့်ခြင်းအားဖြင့် သူသည် ရှဲ့ကျစ်ယောင်၏အရေးကို နည်းနည်းလေးမျှ ဂရုမစိုက်ပေ။


ထိုသို့သော မတရားမှုများအလယ်တွင် ရှဲ့ကျစ်ယောင်သည် အလွန်တည်ငြိမ်စွာ ပြုမူနေခဲ့၏။ သူ၏လက်ထဲမှ အရိုးဓားကို ခါးတွင် ချိတ်လိုက်ကာ ရေခဲတုံးတစ်တုံးကဲ့သို့ မတုန်မလှုပ် ပြောလာသည်။


"ရုဖေး မင်း အရင် ပြန်နှင့်လိုက် ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်"


လင်းရုဖေးက မေးလိုက်သည်။


"မင်း ဘိုးဘွားခန်းမကို သွားမလို့လား"


ရှဲ့ကျစ်ယောင်က အံ့သြသွားပြီး 


"မင်း ဘယ်လိုသိတာလဲ"


လင်းရုဖေးက ဆိုသည်။


"ခန့်မှန်းကြည့်လိုက်တာပါ"


ရှဲ့ကျစ်ယောင်က ခါးသက်စွာ ပြုံးလိုက်ပြီး 


“ဟုတ်တယ် အပြစ်ပေးခံရဖို့ ဘိုးဘွားခန်းမကို သွားရမယ်”


လင်းရုဖေးက မေးလိုက်သည်။


“မင်း ဘာအမှားလုပ်မိလို့လဲ လွီအာကြောင့် အပြစ်ပေးခံရတာလား"


ရှဲ့ကျစ်ယောင်က မထူးဆန်းသည့်လေသံဖြင့် ပြောသည်။


"လွီအာကြောင့် မဟုတ်ဘူးဆိုရင်တောင် ဟုန်အာ တို့ ပိုင်အာ တို့ကြောင့် ဖြစ်လာဦးမှာပါပဲ 'ခွေးကို နာမည်ဆိုး ထင်ကျန်စေပြီး ကြိုးဆွဲ သတ်ပစ်တယ်' (တစ်စုံတစ်ယောက်ကို အပြစ်ပေးလိုလျှင် အမြဲတစေ အကြောင်းပြချက် ရှာနိုင်သည်) ဆို‌တဲ့အတိုင်းပေါ့ လွီအာက ဘာပဲဖြစ်ဖြစ် ဒီတိုင်း အကြောင်းပြချက်တစ်ခုသက်သက်ပဲရယ်”


ရှဲ့ဝမ်လင်သည် သူ၏သားများကို အဘယ်ကြောင့် ဤမျှ မုန်းတီးသည်ကို လင်းရုဖေး နားမလည်နိုင်ပေ။ သားများအား အချင်းချင်း သတ်ဖြတ်စေရန် သွေးဆောင်ကာ ရှဲ့ကျစ်ယောင်အတွက် သေတွင်းတူးခိုင်းသည်။ သူ့ကို ကြည့်ရသည်မှာ ရှဲ့ကျစ်ယောင်အား အမှန်တကယ် ချက်ချင်းကို သေစေလိုနေသည့်ပုံပင်။


သားတစ်ယောက်အနေဖြင့် ရှဲ့ကျစ်ယောင်သည် ဖခင်ဖြစ်သူ၏ စွပ်စွဲပြစ်တင်မှုများအောက်တွင် အကာအကွယ်မဲ့ခဲ့ရသည်။ ရေနစ်နေသူက နောက်ဆုံးကောက်ရိုးမျှင်အား ဖမ်းဆွဲထားသကဲ့သို့ သူ၏ခါးရှိ နှင်းဖြူအရိုးဓားကို ဆုပ်ကိုင်ထားလေသည်။ 


သူသည် ဤတိုက်ပွဲအတွင်း ကြာမြင့်စွာကတည်းက သေဆုံးသွားခဲ့သင့်သော်လည်း သူ၏မိခင်မျိုးနွယ်ထံမှ လက်ဆောင်အဖြစ် အပ်နှင်းခဲ့သော ဤဓားသည်သာ သူ့အား အသက်ရှင်ရန် မျှော်လင့်ချက် ပေးနိုင်တော့သည်။


"ငါ သွားတော့မယ် မင်းလည်း ဒီရက်ပိုင်း ပိုပြီး သတိထားသင့်တယ်" 


ရှဲ့ကျစ်ယောင်က ဆိုသည်။


"တစ်ခုခုက မူမမှန်ဘူးလို့ အမြဲ ခံစားနေရတယ်"


လင်းရုဖေးက ခေါင်းညိတ်ပြကာ ရှဲ့ကျစ်ယောင် ထွက်သွားသည်ကို ကြည့်နေမိ၏။ ထို့နောက် သူ ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဆိုင်းမဆင့်ဗုံမဆင့် မေးလိုက်သည်။


"စကားမစပ် ဒီမနက် ရှဲ့အိမ်တော်ကနေ ပို့လိုက်တဲ့ ခေါင်းတလားက မင်းရဲ့အစ်ကိုတွေထဲက ဘယ်သူလဲ


"ဟင်... ဒီမနက်.." 


ရှဲ့ကျစ်ယောင်သည် တခဏခန့် တွေးဆလိုက်ပြီး


"ငါ့ရဲ့ စတုတ္ထညီ ဖြစ်နိုင်တယ်... သူ့ကို ရှဲ့ကျီကပဲ သတ်လိုက်တာနေမယ် ဒါပေမယ့် ငါလည်း မသေချာဘူး"


လင်းရုဖေးသည် ပို၍ပင် နားမလည်နိုင်တော့ပေ။ သူ ဤမနက်က မြင်လိုက်ရသည့် မြင်ကွင်းအား ရှဲ့ကျစ်ယောင်ကို ရိုးရိုးရှင်းရှင်း ပြောပြခြင်းသာ ဖြစ်သည်။ သို့သော် ရှဲ့ကျစ်ယောင်သည် နားထောင်ပြီးနောက် အံ့ဩမှုအပြည့် ဖြစ်သွားလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။ သူကိုယ်တိုင်လည်း မည်သည့်ကိစ္စများ ဖြစ်ပျက်နေမှန်း မသိတော့ချေ။


 “ထူးဆန်းတယ်”


ရှဲ့ကျစ်ယောင်က ဆိုသည်။


"မင်း ပြောပြတဲ့ သေဆုံးမှုအကြောင်းကို ငါ မမှတ်မိတော့ဘူး ငါ့ရဲ့စတုတ္ထညီက ဓားအောက်မှာပဲ သေဆုံးသွားပြီး မြေမြှုပ်ပစ်လိုက်ပြီးပြီ သမာရိုးကျအတိုင်းဆို သူ့ကအခုလို လုံးဝ ခြောက်သွေ့သွားဖို့က မဖြစ်နိုင်ဘူး"


လင်းရုဖေးက မေးလိုက်သည်


"ဒါဆို ဘာလို့ ဒီလို ဖြစ်လာရတာလဲ"


ရှဲ့ကျစ်ယောင်က ခေါင်းယမ်းလိုက်၏။


သူတို့ နှစ်ဦးစလုံး ထူးဆန်းသည့် အရိပ်အယောင်ကို သတိထားမိသည်။ ရှဲ့အိမ်တော်အောက်ရှိ ရေစီးကြောင်းမှာ တဟုန်ထိုး စီးဆင်းနေပေသည်။ ထို့အပြင် ငြိမ်သက်ကာ လှိုင်းများကင်းမဲ့နေသော ရေမျက်နှာပြင်အောက်တွင် လူသားစား ဘီလူးတစ်ကောင် ပုန်းခိုနေကာ ရှဲ့အိမ်တော်တစ်ခုလုံးအား တစ်ချက်တည်းဖြင့် ဝါးမျိုပစ်လိုက်နိုင်၏။


တောင်ပေါ်တွင်သာအနေများသည့် လင်းရုဖေး ရုတ်တရက်ပိုလာသည်က ရှဲ့ကျစ်ယောင်အတွက် သတိပေးချက်တစ်ခု ဖြစ်နေပုံရသည်။


"ဘာပဲဖြစ်ဖြစ် ငါ မနက်ဖြန် ရှဲ့ကျီကို သတ်လိုက်တာနဲ့ အရာအားလုံး ပြီးသွားမှာပါ" 


ရှဲ့ကျစ်ယောင်က သက်ပြင်းရှည် မှုတ်ထုတ်လိုက်သည်။ ပင်ပန်းနွမ်းနယ်မှုအချို့က သူ၏မျက်ခုံးကြားတွင် ထွက်ပေါ်လာပြီး မျက်လုံးထောင့်များကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။ သူ့ကိုယ်သူ စိတ်အားထက်သန်နေစေရန် အတင်းအကြပ် စေခိုင်းနေပုံရ၏။


"ငါ အရင် သွား‌တော့မယ် ရှောင်ကျို့ မင်း ဒီည သတိထားသင့်တယ် အခန်းထဲက မထွက်ရင် အကောင်းဆုံးပဲ”


လင်းရုဖေးက မနှုတ်ဆက်ခင် ရှဲ့ကျစ်ယောင်အား ဘိုးဘွားခန်းမတွင် မည်သည်ကများ ထူးခြားနေသနည်းဟု မေးရန် မမေ့လျော့ခဲ့ပေ။


ရှဲ့ကျစ်ယောင်က ခါးသက်စွာ ပြုံးလိုက်ပြီးနောက် ရှဲ့မိသားစု၏ ဘိုးဘွားခန်းမမှာ လူများကို အပြစ်ပေးရန်အတွက် အမြဲ အသုံးပြုခဲ့ကြောင်း ပြောပြခဲ့သည်။ 


ခန်းမအတွင်းတွင် အထူး ကျောက်တုံးတစ်တုံး ရှိသည်။ လူတစ်ဦး ဝင်သွားသည်နှင့် ၎င်းတို့၏ သွေးကြောများ ကွဲအက်လာသကဲ့သို့ ပြင်းထန်‌သော နာကျင်မှုကို ခံစားရပေမည်။ အကယ်၍ ထိုသူသာ အထဲတွင် တစ်ညတာ ကုန်ဆုံးခဲ့ပါက သတိမေ့မြောမသွားလျှင်ပင် နောက်တစ်နေ့တွင် မောပန်းနွမ်းနယ်နေမည် ဖြစ်သည်။


လင်းရုဖေးသည် တစ်ခုခု ပြောချင်မိသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး ရှဲ့ကျစ်ယောင်ကလည်း လှည့်ထွက်သွားခဲ့သည်။ သူ့ရဲ့နောက်ကျောပုံစံမှာ အေးစက်ခက်ထန်နေသောကြောင့် ၎င်းကို လင်းရုဖေးက မြင်သောအခါ သက်ပြင်းတစ်ချက်သာချလိုက်မိ၏။


"ဒီ ရှဲ့မိသားစုရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကြားမှာ ဆက်လက်ရပ်တည်ရှိနေနိုင်ဖို့က တကယ် မလွယ်ကူဘူးပဲ"  


ရှဲ့ကျစ်ယောင် ထွက်သွားပြီးနောက် လင်းရုဖေးက စတင် ညည်းညူလိုက်မိသည်။  


“နာမည်ရှိပြီးသား မိသားစုတစ်ခုက ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အမွေဆက်ခံသူ ရှိဖို့က အရမ်း အရေးကြီးတယ် ဒါပေမယ့် သူ့အတွက်တော့ မိသားစုအကြီးအကဲကို ရွေးချယ်ဖို့ သူ့သားတွေထဲက သုံးလေးယောက်လောက်ကို ရှင်းထုတ်ပစ်လိုက်တာပဲ”


ကုရွှမ်းတုက ဆိုသည်။


"ကူကို သန့်စင်ဖို့ဆိုတာ အဲလောက် မလွယ်ကူဘူး ဒါပြီးတော့ ……"


လင်းရုဖေးက လှည့်ကြည့်လာကာ "ပြီးတော့..."


ကုရွှမ်းတုက ဆိုသည်။


"ဒါ့အပြင် ရှဲ့မိသားစုရဲ့ အခုဖြစ်ပျက်နေတဲ့ကိစ္စက ထင်သလောက် မရိုးရှင်းဘူး"


လင်းရုဖေးက မေးလိုက်သည်။


"အဲ့တာက ဘာအဓိပ္ပါယ်လဲ"


ကုရွှမ်းတုက အဖြေပြန်မပေးဘဲ ဖူဟွား နှင့် ယွီရွေ့ ပြန်ရောက်နေ၊မနေ စစ်ဆေးရန် လင်းရုဖေးကို အိမ်ထဲသို့ ပြန်ဝင်ခိုင်းလိုက်သည်။ လင်းရုဖေး နားမလည်နိုင်။ အပြင်၌ မှောင်နေလေပြီ။ ဈေးဝယ်ထွက်သွားသော မိန်းကလေးနှစ်ဦး ပြန်လာသင့်နေချေပြီ။ သို့သော် ကုရွှမ်းတု၏စကားများကို နားထောင်ကြည့်ပြီးနောက်တွင် အခြေအနေက ပြောင်းလဲသွားပုံရသည်။


လင်းရုဖေးက အိမ်ထဲသို့ အမြန် ပြန်ဝင်ကာ ဖူဟွား နှင့် ယွီရွေ့တို့၏အခန်းတံခါးများကို ခေါက်ကြည့်သည်။ မည်သူကမှ ပြန်မဖြေလာသောကြောင့် တံခါးကို အတင်းအကျပ် ချိုးဖွင့်လိုက်၏။ အခန်းများက လစ်ဟာနေပြီး ဖူဟွား နှင့် ယွီရွေ့အား မည်သည့်နေရာတွင်မှ မတွေ့ရချေ။


ထိုအချင်းအရာကို လင်းရုဖေး မြင်သည်နှင့် သူတို့အား အကွာအဝေးတစ်ခုမှ အဆက်အသွယ်ပြုနိုင်သော စက္ကူကြိုးကြာများကို အမြန် လွှတ်တင်လိုက်သည်။ သို့သော် ကြိုးကြာငှက်များကို လွှတ်တင်လိုက်သောအခါတွင် ၎င်းတို့သည် စက်ဝိုင်းပုံစံ လှည့်ပတ်နေကာ အပြင်သို့ ပျံသန်းရန် ငြင်းဆိုခဲ့၏။ ၎င်းတို့၏ပစ်မှတ်နေရာကို ရှာမတွေ့သကဲ့သို့ပင်။


လင်းရုဖေး အမူအရာ ပျက်ယွင်းသွားသည်။ ဖူဟွား နှင့် ယွီရွေ့တို့ ဒုက္ခကျရောက်နေမည်မှာ ကျိန်းသေ၏။ ဤမနက်ကတည်းက သူတို့ထံမှ အဆက်အသွယ် မရရှိတော့ခြင်း ဖြစ်နိုင်သည်။ ဤကိစ္စများမှာ ရှဲ့အိမ်တော်အတွင်း၌ ဖြစ်ပွားခဲ့ခြင်းပင်လား သို့မဟုတ် သူတို့ ဈေးဝယ်ထွက်သည့်အခါတွင်မှ ဖမ်းဆီးခံရသည်လား သူ မသိနိုင်ပေ။


"စိတ်မပူပါနဲ့ သူတို့ကို ဖမ်းသွားတဲ့လူတွေက သူတို့အသက်ကို ယူဖို့လာတာမဟုတ်ဘူး"  


ကုရွှမ်းတုကလင်းရုဖေး၏ စိုးရိမ်တကြီးဖြစ်နေသော အကြည့်ကို မြင်ပြီး နှစ်သိမ့်စကား ဆိုလိုက်သည်။


"ဒါဆို သူတို့က ကျွန်တော်အနောက်ကို လိုက်လာတာလား" 


လင်းရုဖေးက ဆိုသည်။


“ဒီလိုဆိုရင် သူတို့က ဘာလို့ ကျွန်တော် အနောက်ကိုပဲ ဆက်မလိုက်ကြတော့တာလဲ ကျွန်တော်ရဲ့အစေခံနှစ်ယောက်ဆီ ဘယ်လိုဖြစ်ပြီး ပစ်မှတ်‌ပြောင်းသွားရတာလဲ"


ကုရွှမ်းတုက ပြုံးလိုက်ပြီး "လင်းမိသားစုရဲ့ စတုတ္ထမြောက်သားက ငယ်စဥ်ကတည်းက ဓား မလေ့ကျင့်နိုင်ဘူးဆိုတာ လူတိုင်းက သေချာပေါက် သိထားတဲ့အတွက်ကြောင့်ပေါ့ သခင်လေးလက်တွေက အစွမ်းမှမရှိပဲ"


လင်းရုဖေးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။


ကုရွှမ်းတုက ဆက်ပြောသည်။


“အစေခံနှစ်ယောက်က (ကျင့်ကြံခြင်းအရာမှာ) ပဉ္စမအဆင့်ကို ရောက်နေပြီ ဖြစ်လို့ သာမန်လူတွေက ကိုင်တွယ်လို့ မရနိုင်ဘူး သူတို့နှစ်ယောက်က မင်းကို ကာကွယ်ပေးထားတဲ့အတွက် မင်းက အချိန်မရွေး ၀င် ထွက်သွားလာနိုင်တယ် အခု အစေခံတွေ ပျောက်ဆုံးသွားတဲ့အတွက် ဓားမလေ့ကျင့်နိုင်တဲ့ သခင်လေးဖြစ်တဲ့ မင်းကသာ ရှဲ့အိမ်တော်အတွင်းမှာ ပိတ်မိနေတော့မှာလေ ကြည့်...စက္ကူကြိုးကြာတွေကတောင် သူတို့ကို မဆက်သွယ်နိုင်တော့ဘူး ကြည့်ရတာ အဲဒီလူက အရာအားလုံးအတွက် ပြင်ဆင်ထားပုံရတယ်”


လင်းရုဖေးကလည်း ထိုအချက်ကို နားလည်သွားသည်။ 


သူက ဟိုဟိုသည်သည် လှည့်ပတ်နေပြီးမှ အခန်းထဲတွင် ဝင်ထိုင်လိုက်ပြီးနောက် လက်ဖက်ရည်ပူပူကို တစ်ကျိုက်တည်း မော့ချလိုက်ကာ "ကျွန်တော်ကို ဒီမှာ ချုပ်ထားလို့ရော ဘာအကျိုးရှိမှာမို့လို့လဲ"


“ဒါတော့ ကိုယ်လည်း မသိဘူးလေ” 


ကုရွှမ်းတုက ရယ်မောလိုက်ပြီး "လူတွေဆိုတာ အမြဲဉာဏ်များတတ်တဲ့သူတွေပဲလေ"


လင်းရုဖေးက သူ၏လက်ထိပ်များကို ပွတ်သပ်လိုက်မိသည်။


"ဒါဆို အဲဒီလူ ကျွန်တော်ဆီ ရောက်လာဖို့ စောင့်နေရမှာလား"


ကုရွှမ်းတုက ဆိုသည်။


" 'ယုန်ကို စောင့်ဆိုင်းတာ' က နည်းလမ်းကောင်းတစ်ခုပဲလေ (အခွင့်ကောင်းကို စောင့်ဆိုင်းခြင်း) အဲဒီလူက မင်းကို ပစ်မှတ်ထားတာဆိုတော့ အဲဒီမိန်းကလေးနှစ်ယောက်ကို ဘာမှလုပ်မှာမဟုတ်ပါဘူး ဒါပြီးတော့ မနက်ဖြန် ရှဲ့ကျစ်ယောင် အနိုင်

ရပြီးတာနဲ့ ရှဲ့အိမ်တော်ရဲ့မိသားစုအကြီးအကဲနေရာအတွက် တိုက်ပွဲက ဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်"


ရှဲ့ကျစ်ယောင်က အနိုင်ရသွားပြီး ရှဲ့ကျီကို အောင်မြင်စွာ သတ်ပစ်လိုက်နိုင်သရွေ့ ရှဲ့ဝမ်လင်မှာ ဆန္ဒမရှိလျှင်ပင် ဤအချက်ကို လက်ခံရမည်သာဖြစ်သည်။