Chapter 32
ရှဲ့ဝမ်လင်
လင်းရုဖေးကလည်း ထိုအချက်ကို ရိပ်စားမိသည်။ ဤစံအိမ်အတွင်း သူ့အား တိုက်ခိုက်လိုသူများကို လက်တစ်ဖက်တည်းဖြင့် ရေတွက်နိုင်သည်။ အနည်းငယ် စဉ်းစားကြည့်ပြီးနောက် သူသည် မည်သူလုပ်ခဲ့သည်ကို အလွယ်တကူ ခန့်မှန်းနိုင်၏။
သို့သော် မည်သူ လုပ်ကြံခဲ့သည်ကို သူ မှန်းဆပြီးသည့်တိုင်အောင် အဘယ်ကြောင့် ထိုသို့ လုပ်ခဲ့မှန်းကို သူ နားမလည်နိုင်ပေ။ မည်သို့ပင်ဆိုစေ လင်းမိသားစုနှင့် ရှဲ့မိသားစုမှာ မိတ်ဆွေဟောင်းများအဖြစ် သတ်မှတ်နိုင်ဆဲ ဖြစ်သည်။ ထိုသူ စတင် လှုပ်ရှားလိုက်သည်နှင့် လင်းမိသားစုအား စစ်ကြေညာလိုက်သကဲ့သို့ပင် ဖြစ်နေသည်။
"ပြောကြည့် ရှဲ့ကျစ်ယောင် အနိုင်ရမယ်လို့ ခင်ဗျားထင်လား"
လင်းရုဖေးက ရုတ်တရက် မေးလိုက်သည်။
"အနိုင်ရမှာလားဆိုတော့..."
ကုရွှမ်းတုသည် ထိုစကားလုံးကို တခဏကြာသည်အထိ ပြန်လည်ရေရွတ်နေပြီးမှ လေးနက်စွာဖြင့် ပြောလိုက်သည်။
“အဲဒီဓားကို ဆက်ပြီး အသုံးပြုနေသရွေ့တော့ သူ သေချာပေါက် အနိုင်ရပါလိမ့်မယ်”
"ခင်ဗျား ဘယ်လိုလုပ်ပြီး ပြောနိုင်တာလဲ"
လင်းရုဖေးက နားမလည်ချေ။
ကုရွှမ်းတုသည် စကားဆက်မပြောတော့ဘဲ အဓိပ္ပါယ်ပါသော အပြုံးမျိုးဖြင့်သာ ပြုံးနေ၏။
လင်းရုဖေးက သူ၏အပြုံးကြောင့် ပဟေဠိဖြစ်သွားကာ "ခင်ဗျား ဘာပြုံးနေတာလဲ"
ကုရွှမ်းတုက ဆိုသည်။
"ကိုယ်ကဗျာတစ်ပုဒ်ကို သတိရမိလို့ပါ"
လင်းရုဖေးက မေးလိုက်သည်။
"ဘာကဗျာများလဲ"
ကုရွှမ်းတုက ဆိုသည်။
"အခုတော့ ငါက စီးတော်မြင်းကို
လည်ဆံအရောင်ကိုကြည့်ပြီး
အားကိုးမှု ပြုတယ်......"
လင်းရုဖေးက နောက်စာကြောင်းကို ရေရွတ်လိုက်၏။
“နားရွက်စိမ်းနှင့်မြင်းက
လူကို သတ်ပြီး ငွေရှာနိုင်မည်လော”
ကုရွှမ်းတုက ဆက်၍ ရေရွတ်သည်။
”စီးတော်မြင်းကို ခွဲခြားသိမြင်ဖို့
လည်ဆံမွေးအရောင်ကိုခွဲခြားသိမြင်နိုင်ဆိုလျှင်
နားရွက်စိမ်းနှင့်မြင်းကို
ချန်လှပ်ထားခဲ့ကြမည်တဲ့လား...။
မင်းပြောကြည့်လေ...တကယ်လို့များ လွီအာက ရှဲ့ကျစ်ယောင် ချန်လှပ်ထားခဲ့တဲ့ နားရွက်စိမ်းနဲ့ စီးတော်မြင်းလို့ ထင်မိလား"
လင်းရုဖေးသည် တခဏခန့် တွေဝေသွားပြီးနောက် မျက်လုံးတွေကို ကွေးညွှတ်ကာ ညင်သာစွာ ပြုံးလိုက်မိသည်။
“ဒါဆို သူ့ရဲ့ စီးတော်မြင်း ပါးစပ်ထဲမှာ တစ်စုံတစ်ခု ရှိနေရမယ်”
မဟုတ်လျှင် သခင်ဖြစ်သူက ထိုမြင်းကို အစောကြီးထဲက ဒေါသတကြီး မောင်းထုတ်လိုက်မည်ကို သူ စိုးရိမ်မိ၏။
****
ကောင်းကင်တခွင်မှာ အမှောင်ထုကကြီးစိုးလာချေပြီ။ ငှက်ကလေးများမှာ အနက်ရောင်အရိပ်ကိုအနောက်တွင်ချန်ရစ်ကာ ခိုနားရာအသိုက်အမြုံထံသို့ပြန်နေကြပေပြီ။ ညစောင့်က လူသွားကျောက်ခင်းလမ်းလေးပေါ်တွင်ဖြတ်သန်းသွားသည်အခါ သူ၏အသံကပဲ့တင်ထပ်ကျန်ရစ်နေခဲ့၏။
အခန်းထဲမှအနီရောင်ဖယောင်းတိုင်သည် ထွန်းထားသည်မှာကြာခဲ့သည့်တိုင် လင်းရုဖေးမှာအိပ်ချင်စိတ်မရှိသေးချေ။ သူသည်အိပ်ရာပေါ်တွင်တစောင်းလှဲ၍ သက်ပြင်းချလိုက်၏။ ယနေ့တွင် သူမရေတွက်နိုင်လောက်သော ကိစ္စမျိုးစုံကြုံတွေ့ခဲ့ရပြီး သူ၏အားနည်းသောခန္ဓာကိုယ်က၎င်းတို့ကိုခုခံနိုင်စွမ်းမရှိသေးချေ။ ညရောက်သည်နှင့် သူသည်စတင်ပြီးချောင်းဆိုးလာသဖြင့် မပြင်းထန်၍တော်သေးသည်ဟုပင်ဆိုရချေမည်။ သူသည်အသက်ရှူချိန်ပင်မရအောင်အထိ ချောင်းမဆိုးချင်သောကြောင့်လည်ချောင်းအတွင်းမှယားယံမှုကို မနည်းချုပ်တည်းထားရသည်။
ကုရွှမ်းတုကအိပ်ရာအစွန်းတွင်ထိုင်နေသည်။
သူသည်လင်းရုဖေး၏ပါးပေါ်မှ ပုံမှန်မဟုတ်သည့်နီမြန်းမှုနှင့်မနားတမ်းလှုပ်နေသောပုခုံးကိုမျက်တောင်မခတ်ဘဲကြည့်နေပြီး ချင့်ချိန်မေးလိုက်၏: "ရေနွေးနည်းနည်းသောက်မလား"
လင်းရုဖေးကခေါင်းညိတ်ပြသည်။
ကုရွှမ်းတုသည် ရေနွေးတစ်ခွက်ငှဲ့လာပြီးလင်းရုဖေး၏နှုတ်ခမ်းပေါ်တင်ပေး၍ ထိုသူတစ်ခါတည်းသောက်လိုက်သည်ကိုကြည့်နေသည်။
ရေသောက်ပြီးနောက် လင်းရုဖေးမှာလည်ချောင်းယားနေခြင်းကအနည်းငယ်သက်သာသွားသည်။ သို့သော် သူ၏ကိုယ်မှာအားနည်းနေသေးလေရာ အိပ်ရာပေါ်သို့ပြန်မလှဲချနိုင်ချေ။
သူသည်တိုးလျစွာဖြင့် : "ဒီခန္ဓာကိုယ်ကြီးကလည်းတဒုက္ခပဲ"
အနည်းငယ်ထိရုံဖြင့် သူနေမကောင်းပြန်ဖြစ်လာသည်။
ကုရွှမ်းတုက စကားမဆိုပါချေ။ လက်ဆန့်ကာလင်ရုဖေး၏နဖူးအားစမ်းသပ်ကြည့်သည်။ အဖျားမဟုတ်မှန်းသေချာမှသာ စိတ်အေးသွားရလေ၏။
သူတို့တောင်ပေါ်မှဆင်းလာချိန်တွင် လင်းမိသားစုသည် လင်းရုဖေးအတွက်ဆေးအမြောက်အမြားကိုပြင်ဆင်ပေးလိုက်ကြသည်။ အများစုမှာချောင်းဆိုးပျောက်ဆေးများပင်။ လင်းရုဖေးက ရေနွေးပူဖြင့်ဆေးတဖုံသောက်ပြီးနောက် သက်သာသွားသည်။
ကုရွှမ်းတု : "ဒီလောက်နောက်ကျနေပြီကို မအိပ်ချင်သေးဘူးလား"
လင်းရုဖေးက အသံတိုးတိုးလေးဖြင့်ဆိုလိုက်၏။
"ကျွန်တော် ဖူဟွားနဲ့ယွီရွေ့ကိုနည်းနည်းစိတ်ပူလို့ အိပ်မပျော်နိုင်ဖြစ်နေတာပါ"
ကုရွှမ်းတုက နှစ်သိမ့်ပေးသည်။
"အဆင်ပြေမှာပါ အဲဒီလူကမင်းအနောက်ကိုပဲလိုက်လာတာ မင်းကိုကြိုးကိုင်ဖို့ ဖူဟွားနဲ့ယွီရွေ့ကိုဓားစာခံအဖြစ်ခေါ်သွားတာ အဲဒီလူကတကယ်ပဲ ဖူဟွားနဲ့ယွီရွေ့အသက်ကိုလိုချင်တာဆိုရင် သူတို့ကိုတိတ်တိတ်လေးအဝေးကြီးခေါ်သွားပြီးဒုက္ခခံမနေဘူး"
သူတို့စကားပြောနေစဉ်မှာပင် ပြတင်းအပြင်၌မိုးကြိုးပစ်သံများပေါ်လာပြီးဗြုန်းစားကြီးမိုးရွာချလာသည်။ မိုးချုန်းသံနှင့်အတူ ရှဲ့အိမ်တော်တစ်ခုလုံးသည် ရေစက်ရေပေါက်များအကြားတဖြည်းဖြည်းနစ်မြုပ်သွားတော့မယောင်ပင်။
မိုးသံတဖျောက်ဖျောက်သည် တရွေ့ရွေ့ချဉ်းကပ်လာသောခြေသံကိုမတားဆီးနိုင်ပေ။ လင်းရုဖေးက တံခါးကိုလှည့်ကြည့်လိုက်သည့်အခါ သော့ခတ်ထားသောတံခါးက ပွင့်လာရန်အတွန်းခံနေရသည်ကိုတွေ့လိုက်ရ၏။ မကြာမီ သော့ခတ်ထားသည့်တံခါးက ပြင်ပမှပြင်းထန်သည့်အားကိုတောင့်မထားနိုင်သောကြောင့် ကျိုးသွားသောအသံဖြင့်အတူ ပျက်စီးသွားလေသည်။
တံခါးပွင့်သွားကာ ကြမ်းတမ်းသောလေနှင့်မိုးပေါက်များမှာ အရှိန်ဖြင့်ဝင်ရောက်လာ၍ တစ်ခန်းလုံးကိုပွစာကြဲသွားစေခဲ့၏။
လင်းရုဖေးက မျက်လုံးပင့်ကြည့်လိုက်သည်။ တံခါးတွင်အနက်ရောင်အရိပ်တစ်ခုရပ်နေပြီး အလင်းရောင်ကြောင့်အသေအချာမမြင်ရပေ။
သို့သော် လင်းရုဖေးသည် လူပုံစံကိုကြည့်ရုံဖြင့် ခန့်မှန်းမိပြီးသားပင်။
"ခေါင်းဆောင်ရှဲ့"
ထိုလူက အရှေ့သို့တိုးလာကာ လေနှင့်မိုးကြောင့်ငြိမ်းသွားသောဖယောင်းတိုင်ကို မီးပြန်ထွန်းနေသည်။ ဖယောင်းတိုင်အလင်းအောက်မှခံစားချက်မဲ့သောမျက်နှာသည် နေ့ဘက်တွင်သာမြင်တွေ့ရသောမိသားစုခေါင်းဆောင်ရှဲ့မှအပ အခြားသူမဟုတ်ချေ။
"ခေါင်းဆောင်ရှဲ့ကဒီလောက်နောက်ကျပြီးမှရောက်လာတာ ဘာကိစ္စများရှိလို့လဲ"
လင်းရုဖေးသည် နှစ်ခုမျှခန့်မှန်းမိသော်ငြား ရှဲ့ဝမ်လင်ရုတ်တရက်ရောက်လာမည်ကိုမမျှော်လင့်ခဲ့ပေ။
ရှဲ့ဝမ်လင် : "လင်းမိသားစုရဲ့လေးယောက်မြောက်သားက အားနည်းလွန်းလို့ ငယ်ငယ်တည်းက ဓားမကိုင်နိုင်ဘူးလို့ ကျွန်တော်ကြားဖူးတယ် ဒါပေမဲ့ ကျွန်တော်ကိုယ့်မျက်လုံးနဲ့ကိုယ်မမြင်ရသရွေ့ ကောလာဟလလို့ပဲမှတ်ထားတယ်"
လင်းရုဖေးကချောင်းဖွဖွဆိုးကာ အက်ကွဲနေသောအသံဖြင့်: "အဲဒီတော့ဘာများဖြစ်သလဲ"
ရှဲ့ဝမ်လင်သည်ခုံရှာတွေ့သွားပြီးနောက် ထိုင်ချကာ လင်းရုဖေးအားထိန်းချုပ်မထားနိုင်တော့ပုံဖြင့်အပေါ်အောက်ကြည့်လာသည်။
"သိုင်းလောကကြီးက လှည့်စားတတ်တယ် လင်းမိသားစုက တောင်အောက်ဆင်းပြီးခရီးသွားရုံကလွဲလို့ဘာမှမသိ ချူချာတဲ့သားတစ်ယောက်ကိုလွှတ်လိုက်တယ် သူတို့ကဖြစ်နိုင်ချေရှိတဲ့မတော်တဆမှုမျိုးကို စီစဉ်ထားပြီးလောက်ပြီလို့ကျွန်တော်ခန့်မှန်းမိတယ်"
လင်းရုဖေးက တည်တည်ငြိမ်ငြိမ်ပင်လှည့်ကြည့်လိုက်သည်။ ရှဲ့ဝမ်လင်သည် ယုံကြည်မှုအပြည့်ရှိနေသင့်သော်ငြား လင်းရုဖေး၏အရောင်ဖျော့ဖျော့မျက်ဝန်းများနှင့်ရင်ဆိုင်ရသည်တွင် ရှင်းပြရခက်ခဲသောနောက်ပြန်လှည့်ချင်စိတ်အားခံစားရသည်။
ထိုနောက်ဆုတ်ချင်စိတ်သည် ခဏချင်းပြန်ပျောက်ကွယ်သွားလေရာ ရှဲ့ဝမ်လင်က သူအတွေးလွန်နေခြင်းသာဖြစ်ကြောင်းတွေးမိလိုက်သည်။ သည့်အပြင် အိပ်ရာပေါ်မှလူငယ်လေးသည်ချောင်းသာဆိုးနေပြီး ချီစွမ်းအင်လည်းမရှိပေ။ အလွယ်တကူနင်းချေ၍ရသောပုရွက်ဆိတ်လေးနှင့်တူနေသည်။
လင်းရုဖေး : "မတော်တဆကတော့တကယ်ဖြစ်ခဲ့တာပဲ ခေါင်းဆောင်ရှဲ့က ကျွန်တော့်အပေါ် အဲဒီလိုမျိုးလုပ်မယ်လို့ တွေးတောင်မထားမိဘူး"
ရှဲ့ဝမ်လင်ကရယ်မောလိုက်ပြီး "သခင်လေးလင်း တွေးတာများနေပါပြီ သခင်လေးကပူးပေါင်းပေးပါ့မယ်ဆိုရင်တော့ ဒီနိမ့်ကျတဲ့ရှဲ့မျိုးရိုးက သခင်လေးလင်းကိုမဆန့်ကျင်နိုင်ပါဘူး"
လင်းရုဖေး : "ကျွန်တော်ကမပူးပေါင်းပေးရင်ရော"
ရှဲ့ဝမ်လင်သည် ယခင်ကနှင့်မတူတော့ဘဲ ချက်ချင်းပင်မျက်မှောင်ကြုတ်သွားပြီး "ဒီအစေခံအလှလေးနှစ်ယောက်က သခင်လေးနောက်လိုက်နေကြတာကြာပြီမဟုတ်လား သူတို့သာသေရင် သခင်လေးတော့ဝမ်းနည်းမှာပဲ"
လင်းရုဖေး၏အကြည့်ကအေးစက်သွားပြီး ရှဲ့ဝမ်လင်အားစကားမပြောဘဲကြည့်နေသည်။
ရှဲ့ဝမ်လင်ကအရေးမစိုက်ဘဲစကားဆက်သည်။
"ပြောရရင် ဒီကိစ္စအတွက် ကျွန်တော့်ရဲ့သားအမိုက်အမဲကိုပဲအပြစ်တင်ရတော့မယ်"
ပြတင်းအပြင်တွင် မိုးချုန်းသံနှင့်အတူမိုးမှာသည်းကြီးမည်းကြီးရွာသွန်းနေသည်။ အခန်းတွင်းမှဖယောင်းတိုင်မီးသည် တလက်လက်နှင့်တောက်ပနေသော မြက်ခင်းထဲမှပိုးစုန်းကြူးလေးပမာအားနည်းလှ၏။
လင်းရုဖေးက အပြုံးမည်သောအပြုံးကိုပြုံးကာ ခုတင်ခေါင်းရင်းကိုမှီလိုက်ပြီး : "အို့...ရှဲ့ကျစ်ယောင်က ခင်ဗျား ကျွန်တော့်ရဲ့အစေခံတွေခေါ်သွားခံရတဲ့အတွက်အပြစ်တင်ခံရမယ့်လူပေါ့"
ရှဲ့ဝမ်လင် : "အဲဒီအတိုင်းပါပဲ"
အနှီသူသည်ခါးတွင်ချိတ်ထားသည့် ဓားကိုဖြုတ်ကာ ဘေးမှစားပွဲပေါ်သို့အသံမြည်အောင်ပစ်ချလိုက်ကာ အေးစက်သောလေသံဖြင့်ဆိုလာ၏။
"အဲ့ဒီကောင်က ရှဲ့ကျစ်ယောင်အမေရဲ့ ဂိုဏ်းကလူတွေသာပေါ်မလာခဲ့ရင် ခုန်းချန်ရဲ့ဓားချက်အောက်မှာသေသွားကြတာကြာလောက်ပြီ ကျွန်တော်လှုပ်ရှားစရာတောင်လိုမှာမဟုတ်ဘူး"
ထိုစကားက အင်မတန်စိတ်ဝင်စားဖွယ်ကောင်းသည်။ ရှဲ့မိသားစုသည်သူတို့၏သားများကို အချင်းချင်းသတ်ဖြတ်ခွင့်ပေးထားသည်က အကြောင်းမဟုတ်သော်ငြား ရှဲ့ဝမ်လင်ကသူ၏အကြီးဆုံးသားကိုသာဦးစားပေးသည်။ ထိုအတိုင်းသာဆိုပါက တိုက်ခိုက်ခြင်းကမည်သို့များအဓိပ္ပါယ်ရှိနိုင်ပါမည်နည်း။
ရှဲ့ဝမ်လင်က လင်းရုဖေးတွေးနေသည့်အရာကို အတိအကျခန့်မှန်းမိသည်။
သူ၏မျက်နှာကခက်ထန်နေပြီး: "ဒါပေါ့ ဖြစ်နိုင်ရင် ကျွန်တော့်ဓားနဲ့ ကိုယ်တိုင် သူသိပ်ဂရုစိုက်တဲ့အဲဒီအစေခံကိုသတ်ပစ်ချင်တာ"
လင်းရုဖေး၏ရီဝေသော အကြည့်သည်ပြတင်းပေါက်ကိုဖြတ်သန်းသွားသည်။
မိုးချုန်းသံတဂျိမ်းဂျိမ်းအလယ်တွင် ကောင်းကင်ပြင်သည်မိုးစက်များဖြင့်ကာရံခြင်းခံထားသည်ကိုမြင်နေရ၏။
သူမေးလိုက်မိသည်။
"လွီအာ သူက တကယ် ဘာကိုခိုးသွားတာလဲ"
"ဟား...မှန်းကြည့်လေ"
ရှဲ့ဝမ်လင်က စကားအဆုံးတွင်ရယ်မောပြန်သည်။
"ခိုးတယ် အဲ့ဒီအစေခံကသေမျိုးလေးတစ်ယောက်သာသာကလွဲပြီးဘာမှမဟုတ်ဘူး သူကစာဖတ်ခန်းကနေဘာများခိုးလို့ရမှာလဲ တစ်ခုခုကြားရုံနဲ့တင်ထွက်မပြေးသင့်ဘူး သူတို့အကုန်လုံးအစောကြီးတည်းကသေသင့်တာ သေသင့်တယ် သေသင့်တယ်"
ရှဲ့ဝမ်လင်သည်ပြောလေ ဒေါသထွက်လေဖြစ်လာပြီး သူ၏မျက်လုံးများပင်နီရဲလာ၏။
"သနားစရာကောင်းလိုက်တဲ့အဖေ့ရဲ့ခုန်းချန်ရယ်"
ရှဲ့ဝမ်လင်မှာရှိုက်ကြီးတငင်ဖြင့်သူ၏ရင်ဘတ်ကိုထုကာ : "မင်းတို့တွေစဉ်းစားနေတာငါသိတယ် မင်းတို့တွေကငါဘက်လိုက်တယ်လို့ထင်ကြမှာပေါ့ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ်လူတွေရဲ့နှလုံးသားကတဖက်စောင်းနင်းနိုင်ကြတာပဲမဟုတ်လား ခုန်းချန်ကငယ်ငယ်တည်းကငါ့ဘေးမှာရှိလာတာ ငါတစ်ယောက်တည်းသူ့ကိုပျိုးထောင်ပေးခဲ့တာ သူကနောင်လာမယ့်ရှဲ့မိသားစုရဲ့ခေါင်းဆောင်ဖြစ်သင့်တယ် အဲဒါတွေအကုန်လုံးက မိစ္ဆာကောင်ရှဲ့ကျစ်ယောင်ကြောင့်ပဲ"
စိတ်ခံစားချက်များပြင်းထန်လာသည့်အခါ သူအော်ဟစ်လိုက်သည်။
မျက်ရည်များကမိုးရွာသလိုလိမ့်ဆင်းလာပြီး ရင်ထုမနာဖြစ်စွာငိုကြွေးလေ၏။
"ငါ့သားလေးခုန်းချန် မြေမမြုပ်ခင်ကို ဈာပနလေးတောင်မလုပ်ပေးလိုက်ရဘူး သနားစရာကောင်းတဲ့ငါ့သားလေးခုန်းချန်ရယ်"
ရှဲ့ဝမ်လင်ကရက်စက်သည်ဆိုလျှင် အမှန်တကယ်ရက်စက်သည်။ ထိုသူသည် ရှဲ့ကျစ်ယောင်ကို ချက်ချင်းမရှုမလှသေသွားရန်ပင်မစောင့်နိုင်တော့ပေ။ သို့သော်ငြား ရှဲ့ခုန်းချန်ကပါ ပတ်သတ်နေသည့်အခါရှဲ့ဝမ်လင်သည်ပြိုင်ဘက်ကင်း ကြင်နာတတ်သောနှလုံးသားဖြင့်မိဘတစ်ယောက်ဖြစ်သွားပြန်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ လူတိုင်းသူ့သက်တမ်းနှင့်သူရှိသည်။ ရှဲ့ခုန်းချန်သည်ကပ်ဘေးကိုမကျော်လွှားနိုင်ဘဲ ရှဲ့ကျစ်ယောင်၏အရိုးသွားဓားအောက်တွင်သေဆုံးသွားခဲ့သည်။
ရှဲ့မိသားစု၏အဆိုပါ အပုပ်အပွသတင်းကို လူများမသိစေရန် ပြိုင်ပွဲ၌သေဆုံးသွားပြီးသောမိသားစုဝင်သည် ဈာပနကျင်းပခွင့်မရှိပေ။ သူတို့သည်ညအချိန်တွင် တွန့်ဆုတ်စွာဖြင့်မြေမြုပ်လိုက်ရပြီး နေရာတွင်ကျောက်တုံးပင်တင်ထားခွင့်မရပေ။ ၎င်းက ရှဲ့ခုန်းချန်အားနှစ်နှစ်ကာကာချစ်ရသော ရှဲ့ဝမ်လင်အတွက်စိတ်အထိခိုက်ရဆုံးဖြစ်စေခဲ့သည်။
ရှဲ့ဝမ်လင်၏ဝမ်းနည်းပက်လက်ဖြစ်နေပုံသည် အလွန်သနားဖွယ်ကောင်းသည်။ သို့သော် အဆုံး၌ စကားတစ်ခွန်းကသက်သေဖြစ်လာခဲ့၏။ သနားစရာကောင်းသူများသည် အသည်းမာသူများပင်။ သူ၏နှလုံးသားထဲတွင် ရှဲ့ခုန်းချန်ဆိုသောသားတစ်ယောက်သာရှိနေလင့်ကစားရှဲ့ခုန်းချန်သည် ရှဲ့ကျစ်ယောင်၏ဓားအောက်တွင်သေသွားခဲ့ချေပြီ။
လင်းရုဖေးသည်ရှဲ့ခုန်းချန်၏မခံမရပ်နိုင်ဖြစ်နေပုံကို ကြည့်ကာသိချင်သွားရသည်။
"ဘာလို့ရှဲ့ကျစ်ယောင်ကိုမသတ်တာလဲ ခင်ဗျားရဲ့ကျင့်ကြံဆင့်က ရှဲ့ကျစ်ယောင်ထက်မြင့်တာပဲလေ သူ့ကိုလွယ်လွယ်လေးသတ်ပစ်လို့ရတာပဲ"
ရှဲ့ဝမ်လင်က အံတင်းတင်းကြိတ်လိုက်ပြီး "ကျွန်တော်လည်းသတ်ချင်ပါတယ် ကံဆိုးတာက သခင်လေးဖြစ်စေချင်သလိုမဖြစ်နိုင်တာတွေရှိတယ်"
ထိုသူသည် ရှဲ့ကျစ်ယောင်ကိုစိတ်ထဲရှိသည့်အတိုင်းတွန်းလှန်ရန် ခွင့်မပြုထားသောအရာချို့ရှိနေပုံရသည်။ ထိုအစား နှစ်ယောက်မပြိုင်ခင်ညက ရှဲ့ကျစ်ယောင်ကိုနှိပ်စက်ခဲ့သည်ထင်၏။ သူသည်ရှဲ့ကျစ်ယောင်ကိုအပြစ်ပေးရန် ဘိုးဘေးပူဇော်ရာခန်းမတွင်းသို့မောင်းသွင်းထားပြီး နောက်တစ်နေ့ ရှဲ့ကျီနှင့်ယှဉ်ပြိုင်သည့်အခါ ရှုံးသွားစေရန်မျှော်လင့်နေမိသည်။
အပြင်ဘက်မှမိုးချုန်းသံသည် ပိုကျယ်လောင်လာပြီးတောက်ပသောရွှေရောင်မိုးကြိုးသွားက မှောင်မိုက်သည့်ကောင်းကင်ယံကိုဖြိုခွင်းသွားသည်။ တစ်စင်းပြီးတစ်စင်းကျလာပုံက လူများ၏မျက်လုံးအိမ်ကိုတဖျတ််ဖျတ်တောက်နေစေသည်။
အခန်းတွင်းမှစကားဝိုင်းကရှေ့ဆက်နေဆဲပင်။
လင်းရုဖေး : "ခင်ဗျားကကျွန်တော့်ကိုနှောင့်ယှက်ချင်တာ ကျွန်တော်ကရှဲ့ကျစ်ယောင်နဲ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်နေလို့လား"
ရှဲ့ဝမ်လင်က ကောက်ကျစ်ဉာဏ်များချင်သည့်အပြုံးကိုပြုံးလိုက်ပြီး "အို့...အဲဒါတင်မဟုတ်ပါဘူး သခင်လေးကိုနောက်ထပ်သုံးရမယ့်နေရာရှိသေးတယ် သခင်လေးနေရာမှာသာ ကျွန်တော်ဆိုရင် ရှဲ့ကျီအနိုင်ရဖို့ကိုမျှော်လင့်နေမှာ"
လင်းရုဖေးကမျက်ခုံးကိုအသာပင့်သည်။
ရှဲ့ဝမ်လင် : "ရှဲ့ကျီသာနိုင်ခဲ့ရင် သခင်လေးက ကျွန်တော့်ကိုဂုဏ်ပြုပေးရမှာနော်"
ပြောပြီးနောက် သူထပ်ရယ်ပြန်သည်။ အနှီသူ၏စိတ်အခြေအနေကကျိန်းသေပေါက် ပျက်ယွင်းတော့မည့်အနေအထားကိုရောက်နေသည်။ ထိုသူသည် သူနှင့်ပထမဆုံးစတွေ့စဉ်ကရှိခဲ့သောဂုဏ်သိက္ခာနှင့်တည်ကြည်မှုတို့ပျောက်ဆုံးကာ ငိုလိုက်ရယ်လိုက်နှင့်အရူးတစ်ယောက်နှယ်ဖြစ်နေသည်။ အပြင်ဘက်မှလူများက ချီးမွမ်းထားရသောရှဲ့ဝမ်လင်ကဤသို့ဖြစ်နေမည်ဟုမည်သူကများထင်မိပါမည်နည်း။ လင်းရုဖေးက ကြောက်ရွံ့ခြင်းအလျဥ်းမရှိဘဲ သက်ပြင်းသာချလိုက်မိ၏။
စကားအရှည်ကြီးပြောပြီးသည့်အခါ ရှဲ့ဝမ်လင်သည်ဖြည်းဖြည်းချင်းစိတ်တည်ငြိမ်သွား၏။ သူကလက်ထဲတွင်သာဓားကိုကိုင်ထားပြီးအဝေးကိုကြည့်နေသည်။ သူ၏ငေးငိုင်နေသောအကြည့်သည် မိုးရွာနေသည့်မြင်ကွင်းကိုဖြတ်ပြီး အဝေးမှညမြင်ကွင်းကိုကြည့်နေသည်။
အခန်းအပြင်၌ လေနှင့်မိုးချုန်းသံများကဖရိုဖရဲဖြစ်နေသည်။
ရှဲ့ဝမ်လင်ကရုတ်ချည်းရေရွတ်လေ၏
"ရှဲ့ကျီ ဒီအရူးကောင်ကတော့"
သူပြောပြီးသည်နှင့် လင်းရုဖေးသည် အဝေးမှအသည်းခိုက်စွာအော်လ်ိုက်သည့်အသံကိုကြားလိုက်ရသည်။ သို့သော် သူ့အတွက်၎င်းအသံက တဝေါဝေါရွာနေသောမိုးရေများအကြား မကြာမီမြေမြုပ်ခံရတော့မည့်ပုံရိပ်ကိုမြင်ယောင်မိလာစေသည်။
......
စာရေးသူမှာ ပြောစရာရှိတယ်~
ကုရွှမ်းတု : ဘယ်သူက ချစ်စရာ မြင်းပုလေးကို မလိုချင်ဘဲ နေမှာလဲ
လင်းရုဖေး : ခင်ဗျား တစ်ကောင် လိုချင်လို့လား
ကုရွှမ်းတု : ကိုယ့်မှာ တစ်ကောင် ရှိပြီးသားလေ
လင်းရုဖေး : ဒါပေမယ့် ကျွန်တော်မှာ တစ်ကောင်မှ မရှိသေးဘူး
ကုရွှမ်းတု : မင်းက ကိုယ့်ကို တစ်ခါတစ်လေ စီးရင်လည်း စိတ်မဆိုးပါဘူး.....နော်
လင်းရုဖေး : ? ? ? ? ? ?
__ __ _____
Translated By IQ-Team.