အခန်း ၁၉၄
Viewers 38k

အခန်း (၁၉၄) - အနာဂတ်အိမ်စျေး


သိပ်မကြာခင် ဇွန်လသို့ ရောက်ပြီ။


ကျိုးချင်းပိုင်သည် အပြင်ကနေ ဓာတ်မြေသြဇာ ဝယ်ပြီး ပြန်လာတော့ အိမ်ကို ချယ်ရီသီး တစ်ခြင်း ပြန်ပါလာခဲ့သည်။


လင်းချင်းဟယ်က အံ့အားသင့်သွားသည်၊ “ကျွန်မတို့ဆီမှာ ချယ်ရီသီးတွေ မရှိဘူး မဟုတ်လား။”


“တခြားနေရာက ရလာတာ။” ကျိုးချင်းပိုင်က ပြောသည်။


ချယ်ရီသီးတွေက တော်တော်ချိုတယ်။ မည်သည့် ဓာတုဆေးဝါးများဖြင့် စိုက်ပျိုးထားခြင်း မရှိတာကြောင့် သူမသည် ချယ်ရီသီးတွေ ဆေးကြောပြီး စားသောက်ဖို့ ပန်းကန်တစ်လုံးထဲ ထည့်ထားလိုက်သည်။


“ဒီနေ့ ရှင် အလုပ်ပင်ပန်းလာလား။” လင်းချင်းဟယ်က သူ့ကို အတူစားဖို့ လှမ်းခေါ်ရင်း မေးသည်။

ကျိုးချင်းပိုင်က ပြန်ဖြေသည်၊ “မပင်ပန်းပါဘူး။”


သူက သူ့အင်္ကျီအိတ်ကပ်ထဲကနေ လက်စွပ်တစ်ကွင်း ဆွဲထုတ်လိုက်သည်။


ရွှေလက်စွပ် တစ်ကွင်း မဟုတ်သည့် ကျောက်စိမ်းလက်စွပ် တစ်ကွင်း ဖြစ်သည်။


လင်းချင်းဟယ်ရဲ့ မျက်ဝန်းတွေက တောက်ပသွားသည်။ ဒီအချိန်အခါမှာ ဆယ်ကြိမ်တွင် ကိုးကြိမ်က ပစ္စည်းအစစ်အမှန်တွေ ဖြစ်ကြသည်။


“ရှင် ဒါကို ဘယ်က ရလာတာလဲ။” လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်သည်။


“ကိုယ် ဒါကို လမ်းပေါ်က ကောက်ရလာတာ။” ကျိုးချင်းပိုင်က ပြန်ဖြေသည်။


လင်းချင်းဟယ်ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ကွေးညွှတ်သွားခဲ့သည်။ ပြောရရင် ဒီခေတ်ဒီအခါမှာ ‌ရွှေ၊ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာများကို အပြင်ဖက်မှာ တွေ့ရင်တောင် ဘယ်သူမှ မလိုချင်ကြဘူး။


တန်ဖိုးရှိရင်တောင် ဘယ်သူမှ မပြောပဲ ထွက်သွားပေမယ့် အခြေခံအားဖြင့် ဘယ်သူမှ မယူရဲကြဘူး။ အခုလောလောဆယ် အပြင်ဖက်မှာ ကန့်သတ်ချက်တွေ အရမ်းများနေသေးသည်။ ပိုင်ဆိုင်ထားတယ်ဆိုရင်တောင် ဘယ်သူမှ မထုတ်ဝံ့ကြဘူး။


ပြောရရင် လင်းချင်းဟယ်က မြို့တော်ရဲ့ မှောင်ခိုစျေးကွက်ကနေ အနည်းငယ် ရရှိလာသေးသည်။ သူမသည် ကြီးမားသော လှုပ်ရှားမှုတွေကို မပြုလုပ်ဝံ့တာကြောင့် ‌ရွှေဆွဲကြိုး အနည်းငယ်ခန့်ကိုသာ ရရှိခဲ့သည်။ နောက်ပိုင်း မျိုးဆက်တွေကျ ဒါကို ဝယ်ယူရင် သောင်းနှင့်ချီ၍ ကုန်ကျမည်ဟု ခန့်မှန်းရသည်။ လည်ဆွဲ သေးသေးလေးတွေ မဟုတ်ဘူး၊ အလေးချိန်စီးသည်။


“အနာဂတ်မှာ ဒါတွေက အရမ်းအဖိုးတန်မှာလား။” ကျိုးချင်းပိုင်က သူမကို ကြည့်ပြီး မေးသည်။


“ဒါတွေက တော်တော် အဖိုးတန်တယ်။ ဒါပေမယ့် အနာဂတ်မှာ တန်ဖိုးအရှိဆုံးအရာက အိမ်ပဲ။ ကျွန်မတို့ နောင်အနာဂတ်မှာ ပေကျင်းကို သွားတဲ့အခါ ခြံဝင်း တစ်ခု နှစ်ခုလောက် ဝယ်ထားလိုက်ရင် ဒီတစ်သက်လုံး စားဝတ်နေရေး စိတ်ပူစရာ မလိုတော့ဘူး။” လင်းချင်းဟယ်က ချမ်းသာကြွယ်ဝလာဖို့ နေခင်းဖက် အိမ်မက် မက်နေခဲ့သည်။


ကျိုးချင်းပိုင်က ပြုံးပြီး “ဒါက အဝေးကြီး လိုပါသေးတယ်။”


လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်သည်၊ “ဘာ... ရှင်က မယုံဘူးလား။ နောက် မျိုးဆက်သစ်တွေအတွက် ငွေကြေးဥစ္စာက ဘယ်လောက် တန်ဖိုးရှိလဲ ဆိုတာကို ရှင် သိလို့လား။”


“ကိုယ့်ကို ပြောြပလေ။” ကျိုးချင်းပိုင်သည် အနာဂတ်တွင် တိုင်းပြည်က မည်သို့မည်ပုံ တိုးတက်လာမည်ကို အမှန်တကယ် သိချင်သည်။

 

လင်းချင်းဟယ်က ရှင်းပြသည်၊ “အနည်းငယ် ပိုကောင်းတဲ့ မြို့တစ်မြို့မှာ စတုရန်းမီတာ တစ်ရာလောက်ပဲ ရှိတဲ့ အိမ်တစ်လုံး ဆိုရင်တောင် အခြေခံအားဖြင့် အနည်းဆုံး ယွမ်တစ်သန်းလောက် ကုန်ကျတယ်။ သာမာန်ခရိုင်မြို့လေးမှာ ဆိုရင်တောင် ယွမ်သိန်းနဲ့ချီပြီး တန်ကြေးရှိတယ်လို့ ခန့်မှန်းရတယ်။ ပေကျင်းမြို့တော်မှာ ရှိတဲ့ အိမ်စျေးဆို တစ်စတုရန်းမီတာကို ယွမ်တစ်သိန်းကျော်ရှိတယ်လို့ ပြောကြတယ်။”


ကျိုးချင်းပိုင်သည် နောင်အနာဂတ်သည် အခုလက်ရှိထက် ပိုမို ကောင်းမွန်လာမည်ကို သိရှိသော်လည်း ဒီအချက်ကို နားထောင်ပြီး အံ့သြသွားခဲ့သည်။


သူ့မျက်နှာမှာ ဒီလိုအမူအရာမျိုးကို တွေ့ရခဲပြီး နောက်ပိုင်း မျိုးဆက်တွေရဲ့ အိမ်ရာစျေးတွေကြောင့် သူ ဘယ်လောက်ထိ တုန်လှုပ်သွားတယ် ဆိုတာကို ပြသနေပါသည်။


“အခု အိမ်ယာတွေက ရှားပါးနေပေမယ့် အိမ်စျေးတွေက သိပ်မဆိုးဘူး။” ကျိုးချင်းပိုင်က ပြောသည်။


“အခု ဖြန့်ချိပေးတာတွေ မရှိသေးဘူးမလား။ အလျင်စလို မဖြစ်သေးသရွေ့ ဖြန့်ဖြူးမှုကို စောင့်မျှော်နေတဲ့ အိမ်စျေးက သဘာဝအတိုင်း တန်ဖိုးမဲ့သွားလိမ့်မယ်။ နောက်ပိုင်း မျိုးဆက်တွေရဲ့ အယူအဆက အခုနဲ့ မတူဘူး။ လူတိုင်းက ကိုယ့်အိမ်နဲ့ကိုယ် သီးခြားစီ နေချင်ကြတော့ အိမ်စျေးတွေက တက်သွားကြတယ်။” လင်းချင်းဟယ်က ရှင်းပြသည်။


ဒီခေတ်ဒီအခါက အိမ်စျေးတွေက လျှပ်စစ်ပစ္စည်းတွေလောက် တန်ဖိုးမရှိပါဘူး။


အခု လျှပ်စစ်ပစ္စည်းတွေက ဘယ်လောက် တန်ဖိုးကြီးလိုက်သလဲ။


ဥပမာအားဖြင့်၊ ရုပ်မြင်သံကြားစက်၊ တယ်လီဖုန်း စသည်ဖြင့် လျှပ်စစ်ပစ္စည်းတွေဟာ နောက်ပိုင်း မျိုးဆက်များတွင် သမာရိုးကျ အလွန်အသုံးများကြသော်လည်း အခုလက်ရှိတွင် သူတို့ရဲ့ စျေးနှုန်းတွေက ယွမ် ရာဂဏန်းအထိ ရှိသည်။


ဟိုးအရင်တုန်းက သူမအဖေက တောင်ဖက် ပင်လယ်ကမ်းရိုးတန်းကို သွားစဥ်က စတီရီယို ဓာတ်စက် တစ်လုံးကို ယွမ် တစ်သောင်းကျော်ဖြင့် ဝယ်လာခဲ့ဖူးတယ်လို့ သူမရဲ့ ကောလိပ်သူငယ်ချင်းတစ်ယောက် ပြောတာကို ကြားဖူးသည်။ ထိုအချိန်က ယွမ်တစ်သောင်းက ပထမတန်းစား မြို့တစ်မြို့မှာ စတိုးဆိုင်တစ်ဆိုင်ကို ဝယ်နိုင်သည့်အတွက် အရမ်းအဖိုးတန်တယ်လို့ ဆိုရပေမည်။


ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်ပြီး ပြောသည်၊ “ကိုယ်တို့မှာ သားသုံးယောက် ရှိတယ်။”


“ဟုတ်တယ်။ နောင်အနာဂတ်ကျရင် မိသားစုဝင်တွေ အများကြီး ရှိလာမှာပဲ။” လင်းချင်းဟယ်က သက်ပြင်းချသည်။ တစ်ယောက်ပြီး တစ်ယောက် ကလေးတွေ မွေးကြဦးမှာ ဆိုတော့ လူဦးရေ များသထက် မများလာပဲ ဘယ်နေပါ့မလဲ။


“ဒါဆို မင်း နောက်ဆုံးအကြိမ် ပေကျင်းရောက်တုန်းက ဘယ်လောက် စုမိသလဲ။” ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို ကြည့်လိုက်သည်။


“ရှင် အထဲကို လိုက်လာခဲ့။” လင်းချင်းဟယ်က သူ့ကို အခန်းထဲ ပြန်ခေါ်သွားသည်။


ထို့နောက် သူမသည် မြို့တော်မှ စု‌ဆောင်းရရှိလာသည့် ရွှေချောင်းများ၊ ရွှေလက်ကောက်များ၊ ကျောက်စိမ်းဆံထိုးများနှင့် ရှေးဟောင်းပစ္စည်းတွေကို ထုတ်ယူပြသခဲ့သည်။


ဒီအရာတွေက နောင်အနာဂတ်တွင် ငွေအမြောက်အများ တန်ကြေးရှိသည်၊ ထို့အပြင် သူမ စု‌ဆောင်းထားသော တံဆိပ်ခေါင်းတွေက အလွန်အဖိုးတန်ပါသည်။


သို့ရာတွင် ကျိုးချင်းပိုင်ရဲ့ မျက်နှာတွင် ပျော်ရွှင်သည့် အရိပ်အယောင် မရှိပေ။ သူက မျက်မှောင်ကြုတ်ပြီး ဒီပစ္စည်းတွေကို စိုက်ကြည့်နေပြီးနောက် သူ့အကြည့်တွေက လင်းချင်းဟယ်ထံ ကျရောက်သွားသည်။


လင်းခငျ်းဟယ်က သူမ အရမ်းဂုဏ်ယူဝင့်ကြွားမိကြောင်းကို နောက်ပိုင်းမှ သိလိုက်ရသည်။


နည်းလမ်း မရှိပေ။ သူမမှာ လှည့်စားရန် နေရာလွတ် ရှိသည်။ သူမသည် ဒီခေတ်ဒီအခါကို အခွင့်ကောင်းယူပြီး ဒီပစ္စည်းများစွာကို စု‌ဆောင်းမိသော်လည်း မည်သူကိုမျှ မျှဝေနိုင်ခြင်း မရှိခဲ့ပေ။ သူမ ဒီအရာတွေ ရရှိဖို့ သူမ အလွန်ရုန်းကန်ခဲ့ရသည်။ ဒါ့ကြောင့် သူမ ဒီပစ္စည်းတွေကို ထုတ်ယူပြသတဲ့အခါ ဂုဏ်ယူဝံ့ကြွားသည့် အမူအရာမျိုး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။


သူမ အရမ်း ဘောင်ကျော်သလို ဖြစ်သွားခဲ့ပြီပဲ။


“ကျွန်မ ရှင့်ကို ကတိပေးတယ်၊ နောင် ဘယ်တော့မှ မစွန့်စားတော့ဘူး။ ကျွန်မတို့ ပေကျင်းကို မသွားတော့ဘူးလေ၊ ပြီးတော့ အဲ့အချိန်က ကျွန်မ ပစ္စည်းတွေ ဖလှယ်ခဲ့တဲ့ အဖွားကြီးက ဘယ်လို ဘယ်ပုံစံမျိုးလဲ ဆိုတာကို ကျွန်မ မေ့သွားပြီ။ သူမလည်း ကျွန်မကို မေ့သွားပြီလို့ ထင်တယ်။” လင်းချင်းဟယ်က လိမ္မာပါးနပ်စွာ ကတိပြုသည်။


ထိုမှသာ ကျိုးချင်းပိုင်က ဒီအကြောင်းကို ဆက်မပြောတော့ပဲ “ဒါတွေက အနာဂတ်မှာ အဖိုးတန်လိမ့်မယ်၊ အခုအချိန်မှာတော့ ဒါမျိုးကိစ္စတွေကို မင်း ထပ်မလုပ်တော့နဲ့၊ ဒါ့အပြင်၊ ဒါတွေနဲ့တင် လုံလောက်နေပါပြီ။”


သူက ထိုသို့ပြောရင်း သူမကို စိုက်ကြည့်နေသည်။


လင်းချင်းဟယ်က ချက်ချင်းပင် နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်၊ “ကျွန်မ ရှင့်စကားကို နားထောင်ပါ့မယ်။”


ကျိုးချင်းပိုင်က သူမရဲ့ တင်ပါးကို အသာရိုက်လိုက်သည်။ လင်းချင်းဟယ်က ရှက်သွေးဖြာသွားပြီး “လူဆိုး” လို့ ပြောလိုက်သည်။


ကျိုးချင်းပိုင်ရဲ့ မျက်ခုံးတွေက ရွှင်မြူးစွာ ပင့်တက်သွားပြီး အက်ရှရှအသံဖြင့် “အဲ့တာ ပြီးသွားပြီလား။” လို့ မေးသည်။

 

လင်းချင်းဟယ်က ရှက်သွေးဖြာသွားပေမယ့် ခေါင်းညိတ်ပြမိတုန်းပါပဲ။


ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး ထင်းခုတ်ဖို့ တောထဲ သွားခဲ့သည်။ ဒီည သူ အသားစားနိုင်ပြီ။


လင်းချင်းဟယ်က သူ ထင်းခုတ်ပြန်လာပြီးနောက် ဝက်စာကျွေးဖို့ ခိုင်းစေလိုက်သည်။ သူမသည် ဖိနပ် အောက်ခံကို ဆက်ချုပ်နေခဲ့သည်။ ဒီနေ့ နေ့လယ်မှာ စာသင်ချိန်မရှိလို့ ကျောင်းသွားဖို့ မလိုအပ်ဘူး။ သူမ အ‌တော်လေး အားလပ်နေခဲ့သည်။


မကြာခင်မှာပဲ ကျိုးချင်းပိုင်က ဝက်စာ ရောစပ်ပြီး ဝက်တွေကို အစာကျွေးဖို့ သွားခဲ့သည်။ လင်းချင်းဟယ်က ဖိနပ်အောက်ခံ ချုပ်နေတာကို ဘေးဖယ်ထားပြီး အိုးတွေ ဆေးကြောကာ လှောင်ထားသည့် ငါးရှဥ့်ကို သတ်လိုက်သည်။


ဒီငါးရှဥ့်က ၂၅၀-၃၀၀ ဂရမ်ခန့်ရှိသည်။ ဇူလိုင်လနှင့် သြဂုတ်လများတွင် ငါးရှဥ့်ရဲ့ အလေးချိန်က ၃၅၀-၄၀၀ ဂရမ်ခန့် ရှိသည်။


ဒါတောင်မှ ဒီငါးရှဥ့်က တော်တော်လေး ဆူဖြိုးသည်။


လင်းချင်းဟယ်က ဓားကို ကောက်ကိုင်ပြီး ငါးရှဥ့်ကို ခုနစ်ပိုင်း ပိုင်းလိုက်သည်။ ထို့နောက် သူမသည် ဟင်းသီးဟင်းရွက်ချဥ်တွေကို ထုတ်ယူလိုက်သည်။ ငါးရှဥ့်စတူးဟင်းကို ဟင်းသီးဟင်းရွက်ချဥ်နှင့် တွဲဖက်လိုက်လျှင် အရသာက နောက်တစ်ဆင့်ကို ထပ်တက်သွားခဲ့သည်။


ပဲစေ့၊ ဂေါ်ဖီထုပ်နှင့် ခရမ်းချဥ်သီးကြက်ဥဟင်းရည်လည်း ရှိသေးသည်။ မန်ထိုနှင့် တွဲဖက်လိုက်လျှင် ညစာအတွက် လုံးဝ ပြီးပြည့်စုံသွားပြီ။


တကယ်တော့ အဆီပါဝင်မှု အနည်းငယ် နည်းပါးနေရင်တောင် အာဟာရပါဝင်မှုက လုံးဝ မဆိုးရွားပါဘူး။


ဒါ့အပြင်၊ သားသုံးယောက်ကို ပြုစုပျိုးထောင်ရန် ဖိအားတွေ ရှိသည်။ လောင်တသည် ဆယ်နှစ်သားအရွယ်သို့ပင် ရောက်ရှိလာပြီ။


ဒီကလေးက အခုဆို အရမ်း စားချင်စိတ် သောက်ချင်စိတ် ရှိနေသည်။ သူတို့အဖေက ထမင်းတစ်နပ်လျှင် မန်ထို ငါးခု စားနိုင်သည့်အခါ လောင်တကလည်း မန်ထို လေးခု စားနိုင်နေပြီ။ ပြီးတော့ စွပ်ပြုတ်ဟင်းရည်ကိုလည်း ချန်မထားသင့်ပါ။


ဒီလို မန်ထိုမျိုး တစ်ဝက်ဆိုလျှင်ပင် လင်းချင်းဟယ်အတွက်က လုံလောက်နေပြီ ဖြစ်သည်။


လောင်အာ့ကတောင် သူမထက် ပိုစားနိုင်သည်။ လောင်အာ့သည် မန်ထို နှစ်ခုနှင့် တစ်ပိုင်း စားနိုင်သည်။


လင်းချင်းဟယ်ရဲ့ စားသောက်နှုန်းသည် လောင်စန်းလေးနှင့် အတူတူပင်။ ဒီလိုအခြေအနေမျိုးမှာ ‌လောင်စန်းလေးက သူမထက် ငါးရှဥ့်တွေကို ပိုစားထားလို့ ဖြစ်လေသည်။ မဟုတ်ရင် သူက မန်ထို နှစ်ခုလောက်ကို အသာလေး စားနိုင်သည်။ ဒီလို ဖြစ်လာတော့ သူမ ဝမ်းနည်းမျက်ရည်ကျမိသည်။


အဘယ်ကြောင့်ဆိုသော် သူမရဲ့ တည်ငြိမ်သော လုပ်ခလစာအပြင် ဝက်သားနှင့် ရိက္ခာများကို မှောင်ခိုရောင်းချဖို့ လိုအပ်သလို ကျိုးချင်းပိုင်ရဲ့ အလုပ်မှတ် ဆယ်မှတ် ရရှိရန်ပါ လိုအပ်လေသည်။ ထို့အပြင် ကလေးတွေက အလုပ်တွေကို ကူညီလုပ်ကိုင်ပေးတဲ့အပြင် သူတို့က ဝက်တွေကိုပါ အိမ်မှာ မွေးထားသေးသည်။ ထိုသို့သာမဟုတ်ရင်၊ လွယ်မှာ မဟုတ်ဘူး...


အမေကျိုးက သူမကို အတိတ်မှာ နည်းနည်း ချွေတာသုံးစွဲဖို့ တိုက်တွန်းခဲ့တာ အံ့သြစရာ မဟုတ်ပါဘူး။ အခုမှ သူမ ဒါကို စဥ်းစားမိတော့ အဲ့တာက အဓိပ္ပါယ်ရှိတာပဲ။ အဆုံး၌၊ အမေကျိုးသည် သားလေးယောက် ပြုစုပျိုးထောင်ခဲ့ရတာပဲ ဖြစ်သည်...


လင်းချင်းဟယ်သည် ဇွန်လကုန်ထိ စာသင်ကြားပေးခဲ့ရသည်။ ထို့နောက် နွေစပါးရိတ်သိမ်းခါနီးဆိုတော့ ကျောင်းတွေက နေ့တစ်ဝက်သာ သင်ကြားရေး စတင်ခဲ့သည်။


ဒီရက်ပိုင်း ရာသီဥတုက သာယာသည်။


ဇွန်လလယ်တွင် မိုးအနည်းငယ် ရွာသွန်းလိုက်သေးသည်။ ယခုလကုန် နွေစပါးရိတ်သိမ်းခါနီးအချိန်ထိ ကောင်းကင်ဟာ အကန့်အသတ်မရှိ သာယာကြည်လင်နေခဲ့သည်။ ရွာမှ သက်ကြီးရွယ်အိုတွေက ကောင်းကင်ဘုံက ကောင်းချီးပေးတယ်လို့ ဆိုပါသည်။


လကုန်တွင် နွေစပါးရိတ်သိမ်းချိန် ခရာသံ မြည်လာခဲ့သည်။