အခန်း ၁၉၅
Viewers 43k

အခန်း (၁၉၅) – မိသားစု စုဆောင်းငွေ


နှစ်တိုင်း နွေစပါးရိတ်သိမ်းချိန် ရှိသော်လည်း နွေစပါးရိတ်သိမ်းချိန်တိုင်း လူတိုင်းရဲ့ စိတ်အားထက်သန်မှုက မလျော့ပါးသေးပါ။


လင်းချင်းဟယ်သည် နံနက်ပိုင်းတွင် စာသင်ကြားခဲ့ပြီး နေ့လည်ပိုင်းတွင် နေ့တစ်ဝက် အနားရသည်။ ထို့ကြောင့် သူမရဲ့ လုပ်ခလစာနှင့် အလုပ်ရမှတ်ကို ထက်ဝက် လျှော့ချခဲ့သော်လည်း နွေစပါးရိတ်သိမ်းချိန်ပြီးနောက် သူမ ရိက္ခာ ကျင်းအနည်းငယ်ခန့် ရရှိမည် ဖြစ်သည်။


မနှစ်တုန်းကလည်း ပြောင်းဖူးတွေ ရရှိခဲ့သည်။ ဒီနှစ်ကတော့ မသေချာဘူး။ များသောအားဖြင့် ရိက္ခာက ပြောင်းဖူးနဲ့ ဆင်တူပါလိမ့်မည်။


ဒါကို သူမ စိတ်မပူခဲ့ပေ။ လင်းချင်းဟယ်က နေ့တိုင်း အစားအသောက်တွေကို ပြင်ဆင်ပေးသည်။


လွန်ခဲ့သည့် နှစ်အနည်းငယ်တွင် ကျိုးချင်းပိုင်သည် ပင်စင်ယူပြီး ပြန်လာချိန်မှစ၍ အစားအသောက် ကောင်းမွန်စွာ စားသောက်ရသောကြောင့် အသက်ကြီးလာပုံပင် မပေါ်ပေ။ အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကိုတို့နှင့် ကျိုးချင်းပိုင် ဘေးချင်းယှဥ်ပြီး ရပ်နေလျှင် ခြားနားချက်က အရမ်းသိသာလေသည်။


ကျိုးချင်းပိုင်သည် တတိယအစ်ကိုအောက် နှစ်နှစ်သာ ငယ်သည်။ သို့ရာတွင် တတိယအစ်ကိုသည် ကျိုးချင်းပိုင်ထက် အသက် ငါးနှစ်ထက် ပိုကြီးပုံပေါ်သည်။ 


အစကတည်းက လယ်ယာလုပ်ငန်း လုပ်ကိုင်တာက စွမ်းအင် အရမ်းကုန်ပြီး အရိုးမှ စွမ်းအင်တွေကိုပင် အကုန်ညှစ်ထုတ်ပြီး လုပ်ကိုင်ရခြင်း ဖြစ်သည်။ ထို့အပြင် သူတို့ရဲ့ နေထိုင်စားသောက်မှုပုံစံကလည်း အရမ်းချွေတာသည်။


ဒါ့ပေါ့၊ ရွာမှ တခြားသူတွေနှင့် ယှဥ်ရင် တတိယအစ်ကို ပိုကောင်းပါသည်။ ရွာမှာ အလွန် ခြိုးခြံချွေတာလွန်းသော အမျိုးသမီးတွေ ရှိကြသည်။ သူတို့ရဲ့ အလွန်အမင်း ခြိုးခြံချွေတာခြင်းကြောင့် ဥပမာအားဖြင့် သူတို့ရဲ့ အမျိုးသားတွေဟာ လယ်ထဲ ဆင်းနေရင်း ဆာလောင်လွန်းသောကြောင့် မေ့လဲသွားသည်အထိ ဖြစ်စေခဲ့သည်။


လင်းချင်းဟယ်သည် ဤကဲ့သို့သော တွေးခေါ်မှုမျိုးကို တကယ်ပဲ လက်မခံနိုင်ပေ။


အိမ်ထောင်ဦးစီး လဲကျရင် မြို့သူမြို့သားတွေတောင် ကောင်းကင် ပြိုကျတဲ့ကိစ္စနှင့် ညီမျှသလို ဖြစ်တာကြောင့် ကျေးလက်သူတွေအဖို့ ပိုဆိုးရွားဖို့ပင် ရှိလေသည်။ တကယ်တော့ သူတို့ယောကျာ်းကို ဒီလောက်အထိ ငတ်မြွတ်အောင် ထားတာက ခြွေတာခြင်း မဟုတ်တော့ဘူး။ အဲ့ဒီအစား၊ သူမတို့က သူမတို့ရဲ့ အမျိုးသားတွေကို တစ်ဖက်လှည့်ဖြင့် ရန်ငြိုးထားနေသလိုပင် ဖြစ်နေခဲ့သည်။


လင်းချင်းဟယ်ရဲ့ ဟင်းလျာတွေက အမြဲ ကောင်းသည်။


အဖေကျိုး၊ ကျိုးချင်းပိုင်နှင့် နွေစပါးရိတ်သိမ်းချိန်တွင် ပါဝင်လာခဲ့ကြသော ကလေးတွေက နွေဦးပန်ကိတ်များကို စားသုံးကြရသည်။


နွေရာသီရောက်ပြီဆိုတော့ နွေဦးပန်ကိတ်ကို စားသုံးတာ မမှားပါဘူး။


နွေဦးပန်ကိတ်မှာ သခွားသီး၊ ကြက်ဥ၊ ကြက်သွန်မြိတ်၊ ပဲတွေနှင့် ဝက်သားတွေ အပြည့်ပါသည်။


ဒါတွေအားလုံးကို အတုံးသေးသေးလေးတွေ လှီးဖြတ်ပြီး ကြော်ထားကာ နွေဦးပန်ကိတ်တွင် ထည့်သွင်းထားခဲ့သည်။ စက်ဘီးစီးပြီး ရောက်ရောက်ချင်းမှာပင် နေရာလွတ်ထဲမှ ထုတ်ယူလိုက်သည့် အရိုးစွပ်ပြုတ်သည်လည်း စက်ဘီးခြင်းထဲမှာ ရှိနေခဲ့သည်။  


ဒီအရသာရှိလှတဲ့ နွေဦးပန်ကိတ်နှင့် နှိုင်းယှဥ်လိုက်ရင် အခြားသူတွေရဲ့ အစားအသောက်တွေက တကယ့်ကို သမားရိုးကျဆန်လွန်းသွားသည်။


ပိုမိုကောင်းမွန်သော မိသားစုတွေက ဂျုံကြမ်းကို အနည်းငယ် ပိုကောင်းသည့် သန့်စင်သော ဂျုံမှုန့်ဖြင့် ရောပြီး ပန်ကိတ် သို့မဟုတ် မန်ထိုများ ပြုလုပ်လေ့ရှိပြီး တစ်ခုစီလောက်သာ စားသုံးရသည်။ ဒါတွေကို ဟင်းသီးဟင်းရွက်ချဥ်တွေနှင့် တွဲဖက်စားသုံးကြသည်။


အနည်းငယ် အဆိုးရွားဆုံးက ပန်ကိတ်တွေကို ရေဖြင့် တွဲဖက်စားသုံးတာပင် ဖြစ်သည်။


အမြဲတမ်း ဒီလိုသာ စားသုံးကြတာ ဖြစ်သည်။ နေ့လည် အလုပ်နားချိန်မှာ ထမင်းစားသောက်ပြီးစီးသော်လည်း ညနေ အလုပ်ဆင်းချိန်ဆို ကျောနှင့် ဗိုက် ကပ်တော့မလို ခံစားခဲ့ရသည်။


ထိုကဲ့သို့သာ စားသောက်ရသော သူတွေကိုပင် မပြောနဲ့ဦး၊ ဗိုက်ပြည့်အောင် စားသောက်ရသော ကျိုးချင်းပိုင်၊ အဖေကျိုးနှင့် ကလေးတွေတောင် အလုပ်ဆင်းချိန်လောက်ဆို ဗိုက်အရမ်းဆာလောင်နေကြတာ ဖြစ်သည်။


ကံကောင်းထောက်မစွာဖြင့် သူတို့အိမ်ပြန်ရောက်တာနဲ့ အရသာရှိလှသည့် စွပ်ပြုတ်ဟင်းရည်၊ မန်ထိုပူပူနွေးနွေးလေးနှင့် အရသာရှိလှသော ဟင်းလျာတွေက သူတို့ကို အသင့်စောင့်ကြိုနေမယ် ဆိုတာကို သူတို့အကုန်လုံး သိရှိကြသည်။


နွေစပါးရိတ်သိမ်းချိန် သုံးရက်အတွင်းမှာ ကျိုးချင်းပိုင်က အိမ်ကို ယုန်တစ်ကောင်ဖြင့် ပြန်လာခဲ့သည်။


ကျိုးချင်းပိုင်သည် နွေစပါးရိတ်သိမ်းချိန်နှင့် ‌ဆောင်းဦးရိတ်သိမ်းချိန်တိုင်း ဟင်းလျာတစ်ခွက်တိုးဖို့ ယုန်တစ်ကောင် ဖမ်းဖမ်းလာတာ အဆန်း မဟုတ်တော့ဘူး။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူက နှစ်တိုင်း ယုန်တွေကို ဖမ်းမိခဲ့တယ် မဟုတ်ပါလား။


တစ်ကောင်းတည်း ရှိတာကြောင့် လင်းချင်းဟယ်သည် သဘာဝအတိုင်း ဒါကို မျှဝေပေးမည် မဟုတ်ပေ။ သူမသည် ကျိုးချင်းပိုင်ကို ယုန်ကို ကိုင်တွယ်ခိုင်းပြီးနောက် သူမက ထိုယုန်သားကို ရိုးရိုးရှင်းရှင်းပဲ ချက်ပြုတ်ခဲ့သည်။


တဖန် လူများစွာက သူတို့ ပန်းကန်လုံးတွေကို ကိုင်ပြီး သူတို့နှင့် မလှမ်းမကမ်းတွင် ဝိုင်းဖွဲထိုင်ပြီး စားသောက်ကြသည်။ သူတို့သည် ဒီယုန်သားအနံ့ကို ရလျှင်ပင် သူတို့ရဲ့ စားချင်စိတ်က ပိုမိုတိုးပွားလာတယ်လို့ ခံစားရသည်။


“ဆရာမလင်းရဲ့ ဟင်းချက်လက်ရာက ပြိုင်ဖက်ကင်းပဲဗျ။”


ခြံရှေ့က ဖြတ်သွားသူတိုင်း ထိုယုန်သားနံ့ကို အသက်ပြင်းပြင်းရှုသွင်းမိပြီး စိတ်ကို မထိန်းချုပ်နိုင်ပဲ စိတ်လှုပ်ရှားစွာ ပြောမိကြသည်။


တချို့ အမျိုးသမီးတွေက အသားကို ပေးရင်တောင် အရသာရှိအောင် မချက်ပြုတ်တတ်ကြပါဘူး။ ဟင်းချက်လက်ရာ ကျွမ်းကျင်မှု လုံးဝ မရှိကြဘူး။ လင်းချင်းဟယ်ရဲ့ အချက်အပြုတ်လက်ရာက ရွာမှာ လူသိများ ထင်ရှားသည်။


တကယ့်ကို အရသာရှိတဲ့ ထမင်းတစ်နပ်ကို စားသောက်ပြီးနောက် လောင်စန်းလေးသည် စုချန်လေးကို လက်ဆွဲပြီး အပြင်မှာ ဆော့ကစားဖို့ အိမ်တံခါးဖွင့်ကာ ထွက်လာခဲ့ကြသည်။


ဒီလို အရသာရှိတဲ့ ဟင်းလျာတွေကို စားသောက်ဖို့ အိမ်တံခါး ပိတ်ထားရန် လိုအပ်ပါသည်။ မဟုတ်ရင် အမုန်းတရားတွေကို ဆွဲ‌ဆောင်မိလိမ့်မည်။


လောင်စန်းနှင့် စုချန်လေးသည် အပြင်မှာ ကစားဖို့ ထွက်လာကြသည်။ ကျိုးရှားသည် ခြံတံခါးဝတွင် ရှိနေခဲ့သည်။ ကျိုးရှားက လောင်စန်းတို့ အပြင်ထွက်လာတာကို မြင်လိုက်သည်နှင့် အကြည့်တွေက တောက်ပသွားပြီး “လောင်စန်း၊ အိမ်မှာ ယုန်သားတွေ ကျန်သေးလား။” လို့ အလျင်စလို မေးခဲ့မိသည်။


“သေချာပေါက် ဘယ်ရှိတော့မလဲ။ အကုန်လုံး စားကုန်သွားပြီ။ မင်း အိမ်မှာ ထမင်းမစားရသေးဘူးလား။” ဟု လောင်စန်းက မေးသည်။


“ငါ စားပြီးပါပြီ၊ ဒါပေမယ့် အသားမပါဘူး။” ကျိုးရှားက ယုန်သားကုန်သွားပြီလို့ ကြားသောအခါ သက်ပြင်း ချမိသည်။


“ဒါတော့ ငါလည်း မတတ်နိုင်ဘူး။ မင်းသာ ငါ့မိဘတွေဆီမှာ မွေးဖွားခဲ့ရင် မင်းလည်း သေချာပေါက် ဝေစု ရလိမ့်မယ်။” လောင်စန်းက ပြောသည်။


ကျိုးရှား ခေါင်းငုံ့သွားသည်။ သူသည်လည်း သူ့စတုတ္ထအဒေါ်နှင့် ဦးလေးထံမှာ မွေးဖွားလာဖို့ ဆန္ဒရှိပေမယ့် ဝမ်းနည်းစရာကောင်းစွာပဲ အဲ့တာ မဖြစ်ခဲ့ဘူး။


အခု သူ အသက် နည်းနည်းကြီးလာတော့ ဒါတွေကို နားလည်လာနိုင်ခဲ့ပြီ။ သူ့ကို သူ့ဖခင်နှင့် မိခင်က မွေးဖွားထားတာဖြစ်လို့ သူ့စတုတ္ထဒေါ်လေးနှင့် ဦးလေးတို့ရဲ့ သားအဖြစ်သို့ ပြောင်းလဲလို့ မရနိုင်ဘူး။


“ဒါပေမယ့် စုချန်ကိုလည်း စတုတ္ထဒေါ်လေးနဲ့ စတုတ္ထဦးလေးတို့က မွေးခဲ့တာ မဟုတ်ဘူးလေ။” ကျိုးရှားက စုချန်ကို ကြည့်ရင်း ပြောလိုက်သည်။


စုချန် အေးခဲသွားသည်။ သူ ဘာမှ ပြန်မဖြေနိုင်ပေ။ သူက သူ့အစ်ကိုဖြစ်သူ လောင်စန်းကို လှည့်ကြည့်လိုက်သည်။


“စုချန်လေးရဲ့ မိဘတွေက အစားအသောက်တွေနဲ့ ဥတွေကို လတိုင်း ယူလာပေးတယ်။ သူတို့က နို့သကြားလုံးတွေကိုလည်း ယူလာပေးတယ်။ ငါ့မိသားစုက သူ့ကို အလကား ကျွေးမွေးနေတာလို့ မဆိုနိုင်ဘူး။ ပြီးတော့၊ သူက နည်းနည်းလေးပဲ စားနိုင်သေးတယ်။ သူက မန်ထိုတစ်ခုကိုတောင် ကုန်အောင် မစားနိုင်သေးဘူး။ မင်းရဲ့ အစာစားချင်စိတ်က ငါ့ထက်တောာင် မြင့်သေးတယ်။” လောင်စန်းက ရှင်းပြသည်။


လောင်စန်းသည် သူ့ဝမ်းကွဲညီလေးဖက်က ခုခံကာကွယ်ပေးခဲ့သည်။


“တကယ်လို့ ငါ အများကြီး မစားဘူးဆိုရင်၊ ငါ ခဏခဏ ဗိုက်ဆာနေလိမ့်မယ်။” ကျိုးရှားက ပြန်ဖြေသည်။


“မင်း ဖန်ဂေါ်လီနဲ့ ကစားချင်လား။” လောင်စန်းက ကစားဖို့ ဖိတ်ခေါ်လိုက်သည်။


“ခဏလောက် ကစားမယ်လေ။” ကျိုးရှားက ခေါင်းညိတ်သည်။


ထို့ကြောင့် သူတို့ဟာ စုချန်လေးကိုပါ ခေါ်ဆောင်သွားခဲ့ပြီး ခြံဝင်းအပြင်ဖက်မှာ မျဥ်းတားပြီး ဖန်ဂေါ်လီတွေနဲ့ ဆော့ကစားနေကြသည်။ ခဏကြာတော့ တခြားကလေးတွေပါ ရောက်ရှိလာကြပြီး အတူတူ ကစားကြသည်။


အိမ်ထဲမှ ဖေးယင်းသည် ယုန်ရိုးကို ကိုက်ဝါးရင်း ခြံတံခါးဝတွင် ကလေးတွေ ဆော့ကစားနေတာကို ကြည့်နေခဲ့သည်။


ရိုးရိုးသားသားပြောရရင် ဖေးယင်းရဲ့ အစားအသောက်ကပင် ရွာရှိ အိမ်ထောင်စုတိုင်းရဲ့ အစားအသောက်ထက် ပိုကောင်းမွန်သည်။


ဖေးယင်းသည် သူတို့မိသားစုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ သူ့ရဲ့ လက်ရှိ ခန္ဓာကိုယ်အခြေအနေက နိမ့်ကျနေသော်လည်း အိမ်ရဲ့ စောင့်ရှောက်မှုအတွက် သေချာပေါက် ကောင်းသူတစ်ဦး ဖြစ်သည်။ အိမ်မှာ သူ ရှိနေသောကြောင့် လင်းချင်းဟယ်သည် ယုံကြည်စိတ်ချစွာ အပြင်ထွက်နိုင်တာ ဖြစ်သည်။


“လောင်စန်း၊ ချန်ချန်၊ ရေချိုးဖို့ အချိန်ရောက်ပြီ။” ခဏလောက် ကစားပြီးနောက် လောင်အာ့က အပြင်ထွက်လာပြီး ခေါ်လိုက်သည်။


လောင်စန်းသည် ဖန်ဂေါ်လီတွေကို သိမ်းဆည်းလိုက်ပြီး စုချန်လေးကို ဆွဲခေါ်သွားသည်။ အခြားကလေးတွေက ဆက်လက် ဆော့ကစားနေကြသော်လည်း သိပ်မကြာခင်မှာပင် အိမ်ကနေ ပြန်ခေါ်တာကို ကြားလိုက်ရသည်။


ကျေးလက်နေ လူမှုဘဝက အတော်လေး နှေးကွေးသော်လည်း နွေစပါးရိတ်သိမ်းချိန်ကတော့ အတော်လေး မြန်ဆန်သည်။


ကောက်နှံအကုန် ရိတ်သိမ်းစုဆောင်းပြီးသောအခါ ပြည်သူရာရှင်ကို ရိက္ခာတွေကို အပ်နှံပြီး ကောက်နှံဖြန့်ဖြူးခြင်းကို လုပ်ကိုင်ခဲ့သည်။ လင်းချင်းဟယ်ကလည်း ရိက္ခာတွေကို စုဆောင်းပြီး မြို့ပေါ်တက် ဆက်လက်ရောင်းချခဲ့သည်။ ယွမ် ၁၀၀လောက် ရပြီးနောက်တွင် မြေပဲဆီပုလင်း အနည်းငယ်နှင့် ကြက်ဥခြင်း များစွာကို နောက်ပိုင်းတွင် အသုံးပြုရန်အတွက် နေရာလွတ်တွင် သိုလှောင်ထားဖို့ ဝယ်ယူခဲ့သည်။


လင်းချင်းဟယ်က ပိုက်ဆံ အများကြီး သုံးစွဲခဲ့သည်။ ရိက္ခာတွေ အများကြီးဝယ်ဖို့ ခရိုင်မြို့ကို ရောက်တဲ့အခါတိုင်း သူမ စုဆောင်းငွေကို တကယ်မသုံးခဲ့ဘူး။


သူမ ဝက်သားမှောင်ခိုရောင်းချရာမှ ရရှိသော ဝင်ငွေဖြင့် ဝယ်ယူဖို့ လုံလောက်သည်။ ပြီးတော့ ကျန်တာတွေအတွက် ငွေစုဆောင်းထားဖို့ လိုအပ်နေသေးသည်။

 

နောက်ဆုံးအကြိမ် သူမ ပိုက်ဆံ ရေတွက်ကြည့်တုန်းက အရင်က အိမ်မှာ စုဆောင်းထားတဲ့ငွေက ယွမ် ၃၀၀၀ကျော် (ကျိုးချင်းပိုင် ပင်စင်ယူပြီး ပြန်ပါလာတဲ့ငွေ) ရှိပြီး အခုဆို ယွမ် ၄၀၀၀‌ကျော် ရှိနေပြီ။ ယွမ် ၄၅၀၀ နီးပါး စုဆောင်းမိသည်။


ဒီခေတ်ဒီအခါမှာတော့ ဒီငွေပမာဏက သေချာပေါက် ပမာဏ ကြီးကြီးမားမား ဖြစ်လေသည်။


မိသားစုစားစရိတ်က များနေသောကြောင် ဒီမျှလောက်သာ စုဆောင်းမိတာ ဖြစ်သည်။ မဟုတ်ရင် ယွမ် ၆၀၀၀ကျော် ၇၀၀၀ကျော်သို့ပင် စု‌ဆောင်းမိနိုင်သည်။


သို့ရာတွင် လင်းချင်းဟယ်သည် ယွမ် ၂၀၀၀ အတွက် သူမရဲ့ မိသားစုကို ဆင်းရဲဒုက္ခ ခံစားဖို့ မလိုအပ်ဘူးဟု ခံစားမိခဲ့သည်။


ဒါ့ကြောင့် သူမသည် သုံးစွဲသင့်တာတွေကို ဆက်လက် သုံးစွဲနေဆဲ ဖြစ်သည်။ အနာဂတ်တွင် ပေကျင်းမှာ သူမ အိမ်ခြံဝင်းတစ်ခု ဝယ်ယူရန် သူမရဲ့ အစီအစဥ်နှင့် ပတ်သက်၍ အချိန်တန်ရင် သူမ စီစဥ်ထားသည့်အတိုင်း ဝယ်ယူနိုင်မည် ဖြစ်သည်။ မဝယ်နိုင်မှာကို စိတ်ပူစရာ မလိုအပ်ဘူး၊ မဟုတ်ပါလား။


ကန့်သတ်ချုပ်ချယ်မှု လျော့ပါးသွားသည့်အခါမျိုးဟာ အခွင့်ကောင်းယူဖို့ အချိန်‌ကောင်းတစ်ခု ဖြစ်လေသည်။ ထိုအချိန်ကို အကျိုးရှိအောင် အသုံးချခြင်းသည် သူမအတွက် လွယ်ကူနိုင်ပါလိမ့်မည်။


ဒါပေမယ့် အခုအချိန်မှာတော့၊ ဒါတွေက အဝေးကြီး လိုနေပါသေးသည်။


နွေစပါးရိတ်သိမ်းချိန်ပြီးသွားတော့ လင်းချင်းဟယ်က နွေရာသီ အားလပ်ရက်ကို ကြိုဆိုခဲ့ရသည်။ နွေရာသီ အားလပ်ရက်တွင် စာသင်ဖို့ မလိုအပ်ပါဘူး။ ဟုတ်ပါတယ်၊ ဒီအတွက်ကြောင့် သေချာပေါက် လစာနှင့် အလုပ်ရမှတ် ရရှိလိမ့်မည် မဟုတ်ပေ။


အစားအသောက်ဖြန့်ဖြူးချိန်တွင် ကျောင်းမှ ဆရာ၊ ဆရာမတွေအား ပြောင်းဖူး ကျင်း ၃၀ ထောက်ပံ့ကြေးအဖြစ် အပိုဆောင်း ရရှိခဲ့သည်။ ဒီအကျိုးကျေးဇူးတွေက တော်တော်လေး ကောင်းမွန်သည်။