အခန်း ၁၉၆
Viewers 38k

အခန်း (၁၉၆) – နောက်ထပ် ကလေးတစ်ယောက် ထပ်လိုချင်တယ်


လင်းချင်းဟယ်သည် သူမက အလုပ်ရော အိမ်မှုကိစ္စများကိုပါ စီမံခန့်ခွဲနေရသည့်တိုင် ဆရာမတစ်ယောက် ဖြစ်ရခြင်းက အလွန်ကောင်းတယ်လို့ ခံစားခဲ့ရသည်။


ဆရာမတစ်ယောက် လစာဝင်ငွေက ၁၃ယွမ် ဖြစ်သည်။ ယခုနှစ်ကုန်တွင် အထည်ကူပွန်နှင့် အစားအသောက်ကူပွန်အချို့ကိုပါ ထပ်ဆောင်း ထုတ်ပေးခဲ့သေးသည်။ သူတို့မှာ ဒီကူပွန်တွေ မလိုအပ်ဘူးဆိုရင်တောင် လူတော်တော်များများက ဒါတွေကို လိုချင်လို့ အပြေးအလွှား လာရောက် လဲလှယ်ကြလိမ့်မည်။ ဒါကလည်း ထောက်ပံ့ကြေးတစ်မျိုးပါပင်။

 

နွေရာသီအားလပ်ရက်တွင် လင်းချင်းဟယ်တစ်ယောက် ပျင်းရိနေပြီး ကျိုးချင်းပိုင်သည်လည်း အိမ်မှာ မရှိပေ။ ဆန်စပါးရိတ်သိမ်းရမည့် အလုပ်အကိုင် မရှိသေးသော်လည်း တခြား လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ဖို့ လိုအပ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဒီစိုက်ပျိုးထားသည့် မျိုးစေ့တွေက ဆောင်းဦးရိတ်သိမ်းမှုရလဒ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ဒါတွေကို သတိလက်လွတ်လုပ်လို့ မရပါဘူး။


“အမေ၊ ကျွန်တော် အစ်ကိုကြီးရော ကျန်တဲ့သူတွေနဲ့ပါ ရေလိုက်ကူးချင်တယ်။” လောင်စန်းက ပြောသည်။


“ဒီရေမြှုပ်အပိုင်းအစကို နင့်လက်မှာ ချည်သွားချေ။” လင်းချင်းဟယ်က ရေမြှုပ်တစ်ပိုင်းကို လှမ်းပေးလိုက်သည်။


ဒါက သူမ ဘန်းမုန့်တွေ ဝယ်လာတုန်းက ထုပ်ပိုးလာသည့် ရေမြှုပ်သေတ္တာမှ အပိုင်းတစ်စ ဖြစ်သည်။ ဘန်းမုန့်တွေ စားကုန်သွားပြီးနောက် ဘူးခွံက ကျန်ရစ်ခဲ့သည်။ ကျန်ရစ်ခဲ့သော ဘူးခွံတွေကို တစ်စစီ ဖြုတ်ပြီး သေချာသိမ်းဆည်းထားသည်။ ဒါတွေမှာ ပေါလောပေါ်စေနိုင်သော ဂုဏ်သတ္တိရှိသည်။


လောင်စန်းသည် ရေမြှုပ်တစ်ပိုင်းကို ယူပြီး ထွက်သွားခဲ့သည်။


လင်းချင်းဟယ်သည်လည်း သူ့လက်မှာ သေသေချာချာ ချည်နှောင်ထားတာကို တွေ့လိုက်ရသဖြင့် ဘာမှ မပြောတော့ပဲ ကြည့်နေလိုက်သည်။


ကျေးလက်ဒေသရှိ ကလေးတွေက ရေကူးတတ်ရန် သင်ယူရမည် ဖြစ်သည်။ လောင်တလည်း ရေကူးတတ်သလို လောင်အာ့လည်း ရေကူးတတ်သည်။ လောင်စန်းလေးက ရေမကူးတတ်သေးဘူး။ သူလည်း ရေကူးတတ်ဖို့ သင်ယူရမည်။


ရေကူးတာက ကလေးတွေအတွက် နွေရာသီမှာ ပျော်စရာကောင်းသည့်အပြင် ရေကူးခြင်းသည် လေ့ကျင့်ခန်းလုပ်ရန် အကောင်းဆုံးနည်းလမ်းလည်း ဖြစ်သည်။

 

“နင်တို့ညီလေးကို‌ သေချာဂရုစိုက်ပေးလိုက်ဦး။” လင်းချင်းဟယ်က လောင်တနှင့် လောင်အာ့တို့ကို သေချာမှာကြားသည်။


“ဆရာမလင်း၊ စိတ်မပူပါနဲ့။ ကျွန်တော် ဆရာမအစား သူတို့သုံးယောက်ကို သေချာစောင့်ကြည့်ပေးပါ့မယ်။” အသက် ၁၃၊ ၁၄ နှစ် အရွယ်လောက်ရှိသည့် ကောင်လေးတစ်ယောက်က ဝင်ပြောသည်။


“ကောင်းပြီ၊ ကျေးဇူး အများကြီး တင်ပါတယ်။” လင်းချင်းဟယ်က သူ့ကို အပြုံးဖြင့် ပြောလိုက်သည်။


သူမ နောက်ဆုံအကြိမ် မှိုတွေ စုဆောင်းတဲ့အခါက ဒီကောင်လေးဆီက အများကြီး ရခဲ့ဖူးသည်။ ငါးရှဥ့်တွေ စုဆောင်းတဲ့အခါမှာလည်း သူက အများကြီး ဖမ်းဆီးရရှိခဲ့ဖူးသည်။ လင်းချင်းဟယ်သည် အ‌ရောင်းအဝယ်လုပ်ရာတွင် အမြဲတမ်း တရားမျှတမှု ရှိသည်။ သူမသည် သူတို့အပေါ် တစ်ပြားတစ်ချပ်မှ မလျှော့ပေးခဲ့ပေ။ အဲ့တာကြောင့် ဆရာမလင်းအပေါ် လူငယ်တွေရဲ့ အထင်အမြင်က အရမ်းကောင်းမွန်သည်။

 

ပြီးတော့ ကလေးတွေရဲ့ သဘောသဘာဝအရ ဆရာ၊ ဆရာမတွေအပေါ်မှာ သဘာဝကျတဲ့ ကြောက်ရွံ့မှုတွေ ရှိကြသည်။


စုချန်လေးလည်း လိုက်သွားပေမယ့် သူလေးက ရေထဲ မဆင်းခဲ့ပါဘူး။ သူလေးနှင့် သက်တူရွယ်တူ ကလေးများနှင့်အတူ ရွှံ့တူးတိုင်း ကစားနေသည်။ လင်းချင်းဟယ်က သူ့ကို ဒီအတိုင်း ဆော့ကစားစေလိုက်သည်။


ဒီညီအစ်ကိုတွေ အတူတူ အိမ်ပြန်လာတဲ့အချိန်မှာ ညနေစောင်းနေခဲ့ပြီ။


“စတုတ္ထဒေါ်လေး၊ သားတို့ ဒီနေ့ ဘာစားကြမှာလဲ။” စုချန်လေးက ပြန်ရောက်ရောက်ချင်း မေးမြန်းလိုက်သည်။


စုချန်လေးက စုတာ့လင်းရဲ့ စကားထစ်တဲ့ အမွေကို ဆက်ခံရရှိခဲ့ခြင်း မရှိပေ။ အထူးသဖြင့် စုချန်လေးသည် ကျိုးအိမ်ဟောင်းတွင် ကြီးပြင်းခဲ့ပြီး အခြားဥာဏ်ရည်မြင့်သော ကလေးတွေနှင့်ပါ ထိတွေ့ဆက်ဆံခဲ့ရတော့ စကားပြောလည်း အရမ်းကောင်းသည်။


“ဒီနေ့ ဒေါ်လေးတို့ စုချန်လေးရောပြွမ်းဟင်းလျာကို စားကြမယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။


စုချန်လေး အေးခဲသွားသည်။ လောင်စန်းက ရယ်မောလိုက်ပြီးနောက် ‘စုချန်းလေးရောပြွမ်းဟင်းလျာ’ လို့ တီးတိုး စနောက်နေခဲ့သည်။


စုချန်လေးသည်လည်း လိုက်ပါရယ်မောခဲ့သည်။ သူလေးက လိမ္မာပါးနပ်သူလေး ဖြစ်လေသည်။ သူလေးရဲ့ အသက်အရွယ်ကိုကြည့်ပြီး အထင်သွားမသေးလိုက်လေနှင့်။ ဒါကို ဟာသတစ်ခုမှန်း သူလေး သိလေသည်။


ဒီနေ့တော့ သူတို့ဟာ ခရမ်းချဥ်သီးကြက်ဥမွှေကြော်၊ ဝက်သားသခွားသီးကြော်၊ ငါးရှဥ့်တို့ဟူးစွပ်ပြုတ်နှင့် ပုစွန်ဆိတ်စွပ်ပြုတ်တို့ဖြင့် စားသောက်ခဲ့ကြသည်။


နှစ်အစမှာ လောင်တဟာ ကြွက်တက်လိုက်သေးသည်။ ဒါပေမယ့် အခုတော့ အခြေခံအားဖြင့် သိပ်မဖြစ်တော့ပါဘူး။ လောင်တရဲ့ အရပ်ဟာ ဒီနှစ်မှာ အရမ်းမြင့်လာသည်။ လင်းချင်းဟယ်သည် ယခင်က သူ့ကို ဒီနှစ်မှာ အရပ် ၅ပေလောက် ရှိလိမ့်မည်ဟု မှန်းဆထားသည်။ ဒါပေမယ့် သူက နှစ်တစ်ဝက်မှာတင် အရပ် ၅ပေ ဖြစ်သွားခဲ့ပြီ။ နှစ်ကုန်မှာ သူ့အရပ်က ၅ပေ ၂လက်မ လောက် ဖြစ်နေမှာကို စိုးရွံ့မိသည်။


လင်းချင်းဟယ်သည် သူ့အတွက် တစ်ရက်လျှင် နွားနို့နှစ်ပုလင်း အထူးသီးသန့် ဘေးဖယ်ထားခဲ့သည်။ အငယ်နှစ်ယောက်က အရပ်ရှည်မယ့်အချိန်ကို မရောက်သေးတဲ့အတွက် အများကြီး အော်ဒါမှာဖို့ မလိုသေးပါဘူး။


သို့သော် အခုနှစ် အထည်ကူပွန် ထုတ်ပေးတဲ့အခါ လောင်တအတွက် အထည်သစ်များ ပြုလုပ်ရန် လိုအပ်လိမ့်မည် ဖြစ်သည်။ မနှစ်က အဝတ်အစားတွေနှင့် အထည်စ အပိုတွေ ကျန်သေးရင်တောင် ဒီနှစ်အတွက် ဝတ်လို့ မရလောက်တော့ဘူး။ သူမ ဒါတွေကို လောင်အာ့အတွက် ထားလိုက်တော့မည်။


သို့တိုင် သူ့အဖေလို အရပ်မြင့်မြင့် ချောမောခန့်ညားသော ဒီကလေးကို မြင်လျှင် လင်းချင်းဟယ်သည် ပြီးမြောက်အောင်မြင်သွားသလို ခံစားခဲ့ရသည်။


သြဂုတ်လလယ်တွင် စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့ဟာ ကျေးလက်ဒေသကို အပန်းဖြေခရီး ရောက်ရှိလာခဲ့ကြသည်။


စုချန်လေးသည် ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးလာခဲ့သည်။ စုရွှင်းလေးသည်လည်း လျင်မြန်စွာ တွားသွား သွားလာနိုင်ခဲ့ပြီ။ စုရွှင်းလေးကိုတော့ များသောအားဖြင့် အမေကျိုးက ပြုစုစောင့်ရှောက်ခဲ့ရသည်။


လင်းချင်းဟယ်က သိပ်မအားလပ်ပေ။ သူမက စာသင်ရသေးသည်။


သို့တိုင် သူမသည် သူလေးတို့ကို ကောင်းမွန်စွာ ပြုစုပျိုးထောင်ပေးခဲ့သည်။


လင်မယားနှစ်ယောက် ရောက်လာသည့်အခါဝယ် စုတာ့လင်းသည် သူ့ချစ်သားနှစ်ယောက်ကို ရှာရန် သွားခဲ့ပြီး ကျိုး‌ရှောင်မိန်ကတော့ လင်းချင်းဟယ်နှင့် မိန်းကလေးချင်း စကားပြောဆိုရန် နေခဲ့သည်။


အဓိက ပြောဖြစ်သည့်အရာကတော့ စုတာ့လင်းသည် သမီးမိန်းကလေးတစ်ယောက် လိုချင်နေသည့် အကြောင်းပင်။


လင်းချင်းဟယ်တစ်ယောက် ဆွံ့အသွားသည်။ ဒီကိစ္စကို သူမနှင့် ဘာကြောင့် လာဆွေးနွေးဖို့ လိုအပ်တာလဲ။


“ဒီကိစ္စကို နင် မတ်လေးနဲ့ နင်တို့ ကိုယ်တိုင်ကိုယ်ကျ ဆွေးနွေးတိုင်ပင်ရမှာလေ။” လင်းချင်းဟယ်က ပြန်ဖြေသည်။


“ငါက ကလေး ထပ်မမွေးချင်ပေမယ့် သူက တကယ်လိုချင်နေတာ။” ကျိုးရှောင်မိန်က သက်ပြင်းချသည်။


လင်းချင်းဟယ်က ခဏလောက် စဥ်းစားကြည့်ပြီးနောက် သူမကို သေချာကြည့်ပြီး “နင် ငါ အမှန်တိုင်း ပြောတာကို ကြားချင်လား။” လို့ မေးလိုက်သည်။


“စတုတ္ထယောင်းမ၊ ကျေးဇူးပြုပြီး ငါ့ကို ပြောပါ။” ကျိုးရှောင်မိန်က ခေါင်းညိတ်သည်။


သူမနှင့် ဆွေးနွေးတိုင်ပင်နိုင်သည့် တစ်ဦးတည်းသော လူသားမှာ သူမရဲ့ စတုတ္ထယောင်းမပဲ ဖြစ်သည်။ အခြားသူတွေက သူမ ဒီလို ပြောတာကို ကြားလိုက်သည်နှင့် တပြိုင်နက် ကလေးမွေးပေးဖို့ပဲ ပြောကြမှာ ဖြစ်သည်။ သူမ ကလေးမမွေးချင်တော့ဘူး။ သူမမှာ ကလေးနှစ်ယောက် ရှိနေပြီ။


ဒီအသက်အရွယ်မှာ ကလေးနှစ်ယောက်ပဲ ရှိတဲ့သူက တကယ်ရှားပါးသည်။


“တကယ်တော့၊ ဓမ္မဓိဌာန်ကျကျ ပြောရရင် နင့်မှာ ဒီလို ရည်ရွယ်ချက်ရှိရင် နောက်တစ်ယောက် ထပ်မွေးဖို့ မြန်မြန်ကြိုးစားဖို့လိုလိမ့်မယ်။” လင်းချင်းဟယ်က အမှန်အတိုင်း ပြောလိုက်သည်။

 

ကျိုးရှောင်မိန်က သူမဆီလာပြီး အကြံတောင်းတဲ့ဆိုကတည်းက သူမက အကြံကောင်းတော့ ပြန်ပေးရပေမည်။


အမျိုးသမီးတွေအတွက် ကလေးမွေးဖွားခြင်းက အမှန်တကယ် နာကျင်ရသော်လည်း အခက်ခဲဆုံးက ကလေးမမွေးဖွားရခြင်းဖြစ်ပြီး အနာဂတ်တွင် ကလေးယူခြင်းသည် ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာခဲ့သည်။


ကလေးတွေကို ကူညီကြည့်ရှုစောင့်ရှောက်ပေးမယ့် အမေကျိုးလည်း ရှိနေတော့ ရိုးရိုးသားသားပြောရရင်၊ ဒါက ပြဿနာကြီးတစ်ခုတော့ မဟုတ်ဘူး။


စုတာ့လင်းမှာ တည်ငြိမ်သော အလုပ်အကိုင်နှင့် ကိုယ်ပိုင်အိမ်တစ်လုံး ရှိသည်။ ကျိုးရှောင်မိန်ရဲ့ ဝင်ငွေကလည်း လက်ခံနိုင်လောက်သည့် ပမာဏရှိသည်။ နှစ်ယောက်စလုံးဝင်ငွေဖြင့် ကလေးတွေကို ပြုစုပျိုးထောင်ဖို့ ကြောက်ရွံ့နေရန် မလိုအပ်ပေ။


အခုလက်ရှိမှာ နည်းနည်း ခက်ခဲနိုင်ပေမယ့် ဘဝက ဆယ်စုနှစ် အများကြီးကို ဖြတ်သန်းရပေဦးမည်။ အခုလောလောဆယ်တော့ ဒီကလေးတွေအားလုံး မုန်လာဥလေးတွေပဲ ဖြစ်နေသေးသည်။ လာမယ့် အနှစ် ၂၀ လောက်ဆို သူတို့အားလုံးဟာ လူပျို၊ အပျိုတွေ ဖြစ်လာကြလိမ့်မည်။ သူတို့ကို ကောင်းကောင်းမွန်မွန် သင်ကြားပေးထားရင် ပိုအဆင်ပြေလာနိုင်လိမ့်မယ်၊ မဟုတ်ပါလား။


ဘဝက အစပိုင်းမှာ ခက်ခက်ခဲခဲ လုပ်ကိုင်ရမှာကို မကြောက်ပါနဲ့။ ကြောက်သင့်တာက အစပိုင်းမှာ ချိုမြိန်ပြီး နောက်ပိုင်းမှာ ခါးသီးမှာကိုပဲ ဖြစ်သည်။ ဒါကို ခံနိုင်ရည်ရှိဖို့က အရမ်းခက်လိမ့်မည်။


ဒါ့ကြောင့် လင်းချင်းဟယ်က ဒါကို မကွယ်ဝှက်ထားချင်ဘူး။ သူမသည် ကလေးယူဖို့ လုပ်သင့်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သေချာတာတာကတော့ ဆုံးဖြတ်ချက်ရမှာ ကျိုးရှောင်မိန်ပဲ ဖြစ်ကာ ကျိုးရှောင်မိန်အပေါ်မှာပဲ မူတည်လေသည်။


အဆုံး၌ သူမက နှုတ်ခမ်းလေးလှုပ်ရှားပြီး ပြောလိုက်ရုံပါပဲ။ ဆုံးဖြတ်ပြီး လုပ်ကိုင်ရမှာက ကာယကံရှင်တွေရဲ့ အလုပ် ဖြစ်သည်။


ဒါပေမယ့် တကယ်တမ်းမှာ လင်းချင်းဟယ်ကိုယ်တိုင်သာဆိုရင်၊ ကလေးမွေးရတာ နာကျင်ရမှန်း သူမ သိရင်တောင်မှ သူတို့ကို ကူညီပြုစုပျိုးထောင်ပေးမယ့်သူ တစ်ယောက်ရှိနေရင် သူမ ကလေးတစ်ယောက်၊ နှစ်ယောက်လောက် ထပ်မံ မွေးဖွားဖို့ ဆန္ဒရှိသည်။


ကျိုးချင်းပိုင်သည်လည်း သမီးမိန်းကလေးတစ်ယောက် လိုချင်သည်။ သူမသာ တကယ်မွေးဖွားနိုင်ရင် သူမ သူ့အတွက် နောက်ထပ် ကလေးတစ်ယောက် မွေးဖွားပေးချင်သည်။


ကံမကောင်းစွာပဲ မူလခန္ဓာပိုင်ရှင်သည် အလွန်အံ့သြဖွယ်ကောင်းလောက်အောင် သူ့ကိုယ်သူ ရိုးရှင်းစွာ သားကြောဖြတ်ထားခဲ့သည်။

 

ဒါကို နားထောင်ပြီးနောက် ကျိုးရှောင်မိန်တစ်ယောက် နားလည်သွားသည်။


“ဒါပေမယ့် အမေက ကလေးထပ်ထိန်းပေးနိုင်ပါ့မလား မသိဘူး။” ကျိုးရှောင်မိန်က မဝံ့မရဲ ပြောလိုက်သည်။


“အမေ့ကို သွားမေးကြည့်လေ။” လင်းချင်းဟယ်က ပြောသည်။ သူမက ကလေးကို ပြုစုပျိုးထောင်ပေးမည့်သူ မဟုတ်ပဲ အမေကျိုးကသာ ကလေးကို ပြုစုပျိုးထောင်ပေးမည့်သူဖြစ်သည့်အတွက် သူမက ကူညီပြီး ဆုံးဖြတ်ချက် မချပေးနိုင်ပေ။


“ငါ သူ့အတွက် နောက်ဆုံးတစ်ယောက်ပဲ ထပ်မွေးပေးမယ်။ ဒီကလေးမွေးပြီးရင်တော့ ငါ သူ့ကို သားကြောဖြတ်ခိုင်းလိုက်မယ်။” ကျိုးရှောင်မိန်က အံကြိတ်ပြီး ပြောလိုက်သည်။


လင်းချင်းဟယ်က ပြုံးရုံသာ ပြုံးနေပြီး ဘာမှ ပြန်မပြောပေ။ တကယ်တော့ ကလေးသုံးယောက်မွေးတာက သာမန်ပဲလေ။ သူမတို့မိသားစုမှာ သားသုံးယောက် မရှိတာမှ မဟုတ်တာ။


ကျိုးရှောင်မိန်က အမေကျိုးကို သွားရှာသည်။


“ဒါဆိုလည်း ထပ်မွေးပေါ့။ ကလေး တစ်ယောက်ကို ပြုစုတာပဲဖြစ်ဖြစ် နှစ်ယောက်ကို ပြုစုတာပဲဖြစ်ဖြစ် သိပ်မထူးပါဘူး။ နင်နဲ့ တာ့လင်းတို့ ရိက္ခာတွေနဲ့ ကြက်ဥတွေ ပြန်ယူလာဖို့ သတိရကြပေါ့။ ချန်ချန်နဲ့ ရွှင်းရွှင်းတို့က အစားကြီးလာပြီ။ သူတို့ အများကြီး စားနိုင်တယ်။” အမေကျိုးက တုံ့ပြန်ပြောဆိုသည်။


“အမေ ဒါကို သတိပေးစရာ မလိုအပ်ပါဘူးနော်။” ကျိုးရှောင်မိန်က ခပ်ဖွဖွရယ်သည်။


သူမရဲ့ အကြီးဆုံးသားနှင့် ဒုတိယသားက အရမ်းကို ကျန်းမာဝဖြိုးကြသည်။ သူမရဲ့ စတုတ္ထယောင်းမက သူတို့ကို အရသာရှိတဲ့ အစားကောင်းကောင်းတွေ အများကြီး ကျွေးထားတယ် ဆိုတာ ဖွင့်မပြောပဲနဲ့တောင် သူမ သိပါသည်။


သူမနှင့် တာ့လင်းတို့ကလည်း မတွန့်တိုကြပေ။ ဒီတစ်ခါ လာသည့်အချိန်တွင် ဂျုံဖြူ ၁၀ကျင်းနှင့် ကြက်ဥ တစ်ခြင်း ယူလာခဲ့ကြသည်။ သူတို့အားလုံးကို ဒီဖက်အိမ်အတွက်ပဲ ဖြစ်သည်။


ကျန်တဲ့ သုံးအိမ်ကိုတော့ သကြားလုံး လက်တစ်ဆုပ်အပြည့်ပေးခဲ့သည်။