အခန်း ၁၉၇
Viewers 38k

အခန်း (၁၉၇) – ငါတို့ကို ဂရုစိုက်ပြုစုပေးဖို့ ငါတို့သားတွေကို အားကိုးရန် အစီအစဥ်မရှိ


ကျိုးရှောင်မိန်တို့ လင်မယား ပြန်သွားသောအခါ လင်းချင်းဟယ်က အမေကျိုးအား “သူတို့နှစ်ယောက်က တကယ့်ကို ဆက်ဆံရေးကောင်းကြတယ်။” လို့ မှတ်ချက်ပြုခဲ့သည်။


“တာ့လင်းက စကားနည်းနည်းထစ်ပေမယ့် ရှောင်မိန်ကိုတော့ ပြုစုစောင့်ရှောက်ပေးတဲ့နေရာမှာ တော်တယ်။” အမေကျိုးက ခေါင်းညိတ်ထောက်ခံသည်။


အမေကျိုးသည် သူ့သားမက်လေးရဲ့ စကားထစ်တာကို အခုအချိန်မှာတော့ လက်ခံနိုင်ခဲ့ပြီ။


စုတာ့လင်းက မိသားစုကို ပြုစုပျိုးထောင်နိုင်တဲ့ အမျိုးသားဖြစ်ပြီး အရက်သေစာ သောက်စားပြီး အပြင်မှာ လမ်းများတဲ့ အမျိုးသား မဟုတ်ပဲ သူ့ဇနီးနဲ့ သားသမီးတွေကို စောင့်ရှောက်ပေးနိုင်တဲ့ လူကောင်းတစ်ယောက် ဖြစ်သည်။


ဒါ့ကြောင့် ချို့ယွင်းချက်လေး တချို့ ရှိနေတာက လက်သင့်ခံနိုင်ပေသည်။


အနည်းဆုံးတော့ အခုအချိန်မှာ အိမ်ထောင်ကျသွားသည့် သမီးသုံးယောက်အထဲမှာ အငယ်ဆုံးသမီးလေးက အိမ်ထောင်ကျ ကံအကောင်းဆုံး ဖြစ်သည်။


“အဲ့တာကို ပြောရရင်၊ ဒါတွေအားလုံး နင့်ကြောင့်ပါပဲ။” အမေကျိုးက အပြုံးလေးဖြင့် စကားဆိုခဲ့သည်။


အမေကျိုးသည် သူမ သမီးငယ်လေးထံမှ မိဘမဲ့၊ ကားနှင့် အိမ်ရှိသည့် လူမျိုးကို ရွေးချယ်သင့်ကြောင်း လင်းချင်းဟယ် ပြောပြခဲ့သည့် ခင်ပွန်းရွေးချယ်ခြင်းဆိုင်ရာ စံနှုန်းတွေ အကြောင်း ကြားသိခဲ့ရသည်။


ဒီစကားလုံးတွေက နားထဲကြားရတာ ကန့်လန့်ဖြစ်နေပေမယ့် အခု သူမ စဥ်းစားကြည့်‌တော့ ဒါက ပိုကောင်းနေတယ် မဟုတ်ပါလား။


တစ်ကိုယ်ရေ အိမ်ထောင်စုသည် အခြားသူများနှင့် ငြင်းခုန်ရန်ဖြစ်ရန် ခက်ခဲသည်။ ဒါပေမယ့် သူတို့ဘဝကို ဆက်လျှောက်နိုင်သ‌ရွေ့ အဆင်ပြေနေမှာပဲ မဟုတ်ပါလား။


ကျိုးတုန်းနဲ့ လက်ထပ်ထိမ်းမြားခဲ့သည့် ချိုင်ပါ့မိန်ကိုပဲ ကြည့်ပါလား။


သူမရဲ့ နေ့ရက်တွေက သူမရဲ့ မိသားစုဝင် ရှောင်မိန်နှင့် ဆင်တူသည်။ အိမ်တံခါးဝကို ဝင်လိုက်သည်နှင့် သူမသည် အိမ်ထောင်အကြီးအကဲ ဖြစ်သွားပြီး သူမရဲ့ အထက်တွင် ယောက္ခမလည်း မရှိဘူး၊ ဒါက ဘယ်လောက် ကောင်းလဲ။


လင်းချင်းဟယ်က ဒါကို သူမကြောင့်လို့ ဂုဏ်မယူပေ၊ “ဒါက ကျွန်မနဲ့ မဆိုင်ပါဘူး။ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံခဲ့ကြတာပဲ။ တစ်ခါတစ်ယေ ကံကြမ္မာက ဒီလိုပါပဲ။”


အမေကျိုးက ရယ်မောနေသည်။


လင်းချင်းဟယ်က မေးသည်၊ “အမေ၊ ဒုတိယအစ်မအိမ်ဖက်ကို သွားမစစ်ဆေးဘူးလား။ သူ့ခင်ပွန်းရဲ့ မိသားစုက ဆက်ဆံရ လွယ်ကူတယ်လို့ မထင်ဘူး၊ အရမ်းလွန်ကဲလာရင်၊ မိခင်ဖက် မိသားစုအနေနဲ့ ဝင်ပါသင့်ရင် ဝင်ပါရမယ်။”


ဒါကို ယုံကြည်မှုရှိရှိနဲ့ မောက်မာဝံ့ကြွားစွာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။


အမေကျိုးသည် စတုတ္ထရဲ့ ဇနီးသည်က ယခုအခါ ပို၍ ပြီးပြည်စုံလာသည်ကို သတိပြုမိခဲ့သည်။ သူမသည် အခြားသော ချွေးမတွေထက် ပိုထက်မြက်ပြီး အစွမ်းထက်သည်။


ဒါပေမယ့် သူမသည် ဤသို့ ပြန်တုံ့ပြန်ပြောဆိုခဲ့သည်၊ “သူမက လက်ထပ်ပြီးသား အိမ်ထောင်သည် ဖြစ်နေပြီလေ။ အတိုင်းအတာတစ်ခုအထိ မရောက်သေးသရွေ့တော့ ငါတို့ ကြားဝင်စွက်ဖက်စရာ မလိုဘူး။ နောက်ပြီး၊ သူမက ငါတို့ကို ဒီအကြောင်း ဆွေးနွေးတိုင်ပင်တာမျိုး မရှိဘူးလေ။”


သမီးတွေက အိမ်ထောင်ကျပြီးရင်တောင် သူမရဲ့ ရင်းမြစ်ဇာတိက သူမရဲ့ မိခင်ဖက်မိသားစု ဖြစ်နေဆဲပါပဲ။ တကယ်လို့ သူမ ယောက္ခမမိသားစုမှာ အနိုင်ကျင့်ခံနေရရင် သူမရဲ့ မိခင်ဖက်မိသားစုထံ ရင်ဖွင့်ပြောဆိုသရွေ့ သူမရဲ့ မိခင်ဖက်မိသားစုက သူတို့ စိတ်ကြိုက် အနိုင်ကျင့်ဖို့ လွယ်လွယ် ခွင့်ပြုမှာ မဟုတ်ဘူး။


တစ်ကြိမ်ပြီးလျှင် နှစ်ကြိမ်ဆိုတာ ရောက်လာလိမ့်မည်။


မနှစ်တုန်းက ဒုတိယသမီး ပြင်းထန်စွာ ရန်ဖြစ်ပြီးနောက် အိမ်ပြန်လာချိန်တွင် သူမက ဒီအကြောင်းကို အိမ်ကို ပြန်မပြောခဲ့ဘူး။ ဒုတိယသားမက်သည်လည်း ဒီအကြောင်းနှင့် ပတ်သက်ပြီး မည်သည့်စကားတစ်ခွန်းကိုမှ မပြောခဲ့ဘူး။ မိခင်ဖက်မိသားစုအနေဖြင့် ဘယ်လိုလုပ်ပြီး ကြားဝင်စွက်ဖက်နိုင်မလဲ။


သူမ အိမ်ပြန်လာပြီး တိုင်ကြားခဲ့မယ်ဆိုရင် သူမမိသားစုက သူမရဲ့ ဒေါသတွေကို ကူညီဖြေဖျောက်ပေးနိုင်လိမ့်မည်။ သူမသည် သူတို့ကို မပြောခဲ့သည့်အတွက် သူမရဲ့ မိခင်ဖက်မိသားစုက ကြားဝင်စွက်ဖက်တဲ့အခါ လူတွေက ဘယ်လိုထင်ကြမလဲ။


ဒါ့ကြောင့် အမေကျိုးက ဒီကြားထဲ ပါဝင်ဖို့ မလုပ်ခဲ့ဘူး။


သို့တိုင် သူမသည် တခါလောက်တော့ သွားကြည့်ရန် အချိန်အားလပ်မည့်အချိန်ကို ရှာဖွေခဲ့သည်။


သူမသည် စုရွှင်းလေးကိုပါ ခေါ်သွားခဲ့သည်။ ယူသွားတဲ့ ပစ္စည်းတွေက သိပ်မများပါဘူး။ မြေပဲနှစ်ကျင်းလောက်ကိုသာ သဘောလောက်အနေဖြင့် ယူသွားခဲ့သည်။


ဒုတိယအစ်မရဲ့အိမ်ဖက်ကိုရောက်တော့ ဒုတိယအစ်မရဲ့ အုပ်ကြွပ်မိုး အုတ်ကာအိမ်ကို တွေ့လိုက်ရသည်။ အိမ်ကို ‌တော်တော်လေး ကောင်းမွန်အောင် ဆောက်လုပ်ထားသည်။


ဒုတိယအစ်မနှင့် ဒုတိယသားမက်က အိမ်မှာ မရှိကြဘူး။ သူတို့ရဲ့ အငယ်ဆုံး သမီးလေးနှင့် သားလေးသာ အိမ်မှာ ရှိနေကြသည်။


သူတို့နှစ်ယောက် ငယ်သေးပေမယ့် သူတို့နှစ်ဦးစလုံးက အမေကျိုးဟာ သူတို့အဖွားမှန်း အသိအမှတ်ပြုကြသည်။


သူတို့က သူတို့ရဲ့အဖွားကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ဒုတိယအစ်မရဲ့ သားအငယ်ဆုံးက ဒုတိယအစ်မကို လိုက်ခေါ်ဖို့ အပြင်ပြေးထွက်သွားခဲ့သည်။


ဒုတိယအစ်မတစ်ယောက် ဝက်စာမြက်တွေကို စုဆောင်းလက်စဖြစ်နေချိန်တွင် သူမအမေက သူမကို အိမ်မှာ လာရှာကြောင်း ကြားသိလိုက်ရသည်။ သူမသည် လုပ်လက်စ အလုပ်တွေအကုန်လုံးကို ဘေးဖယ်ထားပြီး အိမ်ကို အမြန်ပြန်သွားခဲ့သည်။


“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ငါ နင့်အိမ်ကို လာကြည့်ရုံလေးတင်ပါ။” အမေကျိုးက ပြုံးကာရယ်ကာ ရှင်းပြသည်၊ “ဒီအိမ်ကို တော်တော်လေး ကောင်းအောင် ဆောက်ထားတာပဲ။”


ဒုတိယအစ်မက အမေကျိုးအတွက် ရေတစ်ခွက် လောင်းထည့်ပေးခဲ့သည်၊ “ဒါတွေအားလုံးက သမီးကို ပိုက်ဆံချေးငှားပေးတဲ့ သမီးရဲ့ မိခင်ဖက်မိသားစုက မောင်နှမတွေနဲ့ သမီးယောင်းမတွေရဲ့ ကျေးဇူးကြောင့်ပါပဲ။ မဟုတ်ရင်၊ သမီး ဒီအိမ်ကို ဆောက်နိုင်မှာ မဟုတ်ဘူး။”


“ဟိုဖက်က ဘာပြောသေးလဲ။” သားအမိအချင်းချင်းကြားမှာ ဖုံးကွယ်ထားစရာ မလိုအပ်တဲ့အတွက် အမေကျိုးက သူမသမီးကို မေးသည်။


“စတုတ္ထလေးက အုတ်ကြွတ်နဲ့ အုတ်တွေ အများကြီးယူလာတာကိုမြင်တော့ အရှက်မရှိတဲ့ လူအိုကြီးနှစ်ယောက်က သူတို့အိမ်ခေါင်မိုးမှာ ထပ်ထည့်ချင်လို့ တချို့တဝက်လောက် ဝေစုလာခွဲဖို့ လုပ်သေးတယ်၊ ဒါပေမယ့် သမီးရဲ့ အိမ်ဆောက်ဖို့ လုံလောက်တာမို့ သမီး သူတို့ကို မပေးလိုက်ဘူး။” ဒုတိယအစ်မက နှာခေါင်းရှုံ့ရင်း ပြောသည်။

 

ရိုးသားတဲ့လူတွေဆို လူတွေက တကယ့်ကို အနိုင်ကျင့် ဖိနှိပ်လိုကြသည်။


ဒါပေမယ့် ရွာထဲက ဘယ်သူကမှ သူမ မှားတယ်လို့ မပြောကြပါဘူး။


သူတို့လင်မယားနှစ်ယောက် ကလေးငါးယောက်နဲ့အတူ အိမ်ခွဲလာကြတာ ဘာတွေပဲ ရလာလဲ ဆိုတာကို သိကြရဲ့လား။


နှစ်ပေါင်းများစွာ နွားတစ်ကောင်လို မြင်းတစ်ကောင်လို အလုပ်ကြိုးစားလုပ်ကိုင်ပြီး အိမ်ထောင့်တာဝန်ကို ထမ်းဆောင်ခဲ့ကြပေမယ့် သူတို့အိမ်ခွဲတဲ့အခါ ယွမ် ၅၀ပဲ ရရှိခဲ့ကြသည်။ အခြားပရိဘောဂပစ္စည်းတွေကိုလည်း ပေါပေါပဲပဲ ပစ္စည်းများကိုသာ ပေးလိုက်လေသည်။


ရွာသူရွာသားတွေက ရံဖန်ရံခါဆိုသလို လူအိုကြီးလင်မယားကို ဘယ်မိဘမှ သားသမီးကို ဒီလိုမျက်နှာလွှဲခဲပစ်မလုပ်ဘူးလို့ ပြစ်တင်ခဲ့ကြသည်။


“သူတို့ ဘာမှ မပေးလိုက်တာ မှန်တယ်။ နောက်ဆုံးတော့ ချင်းပိုင်က နင့်အတွက် အဲ့ပစ္စည်းတွေကို ခက်ခက်ခဲခဲ ရအောင် ရှာဖွေပေးလာခဲ့တာ၊ ဘာဖြစ်လို့ နင်က သူတို့ကို ဒီအုတ်တွေကို ပေးရမှာလဲ။” အမေကျိုးက အေးစက်စွာ နှာခေါင်းရှုံ့သည်။


“သူတို့ရဲ့ အကြောင်းနဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေကို မပြောတော့ဘူး။ အမေ၊ သမီး သိပ်မကြာခင် သမီးမောင်နှမတွေရဲ့ ပိုက်ဆံကို ပြန်မဆပ်နိုင်မှာကို စိုးရိမ်တယ်။” ဒုတိယအစ်မက ပြောသည်။


“နင် ဒီမှာ အခြေချနေထိုင်ဖို့ကို အရင်ဆုံး လုပ်ဦး။ ဟိုက ကိစ္စတွေကို သိပ်မတွေးပူနဲ့ဦး။ နင် နောက်ပိုင်း အချိန်ယူပြီး ပြန်ဆပ်လို့ရတယ်။” အမေကျိုးက ဖျောင်းဖျသည်။


ဒုတိယအစ်မ ခေါင်းညိတ်သည်။


အိမ်မှာ ကြက်နည်းနည်းရှိတယ်။ အမေကျိုးက စုရွှင်း‌လေးနဲ့ အိမ်ပြန်ဖို့ လုပ်‌တော့ ဒုတိယအစ်မက အမေကျိုးကို ကြက်တစ်ကောင်လောက် ဖမ်းပြီး ပေးချင်ခဲ့သည်။


အမေကျိုးက သူမကို တားမြစ်လိုက်သည်၊ “နင့်ရဲ့ ပိန်ချုံးနေတဲ့ မျက်နှာကိုပဲ ပြည့်လာအောင် အရင်လုပ်ပါဦး။ အိမ်မှာ နေထိုင်စားသောက်ရတာ မလွယ်ကူတာကို နင်က ငါ့ကို ကြက်ဖမ်းပြီး ပေးချင်နေတုန်းလား။”


ထို့နောက် သူမသည် ဒုတိယအစ်မကို မနှောင့်ယှက်တော့ပဲ သူမမြေးလေးနဲ့ အိမ်ပြန်လာခဲ့သည်။


သူမ အိမ်ပြန်ရောက်တော့ သူမသည် ဖြစ်သမျှ အကြောင်းစုံကို လင်းချင်းဟယ်ကို ပြန်တင်ပြသည်၊ “သူတို့ရဲ့ နေထိုင်မှုဘဝက နည်းနည်းတော့ နွမ်းပါးပေမယ့် အိမ်က ကျယ်တယ်။ နောင်အနာဂတ် ကလေးတွေ အိမ်ထောင်ပြုတဲ့အရွယ်လောက်ကျမှ ပြဿနာဖြစ်လိမ့်မယ်။ ဒါပေမယ့် အဲ့တာက နောက် ငါးနှစ်၊ ခြောက်နှစ်လောက် လိုသေးတော့ သိပ်စိတ်ပူစရာ မလိုပါဘူး။”


လင်းချင်းဟယ်က ပြောသည်၊ “ဖြည်းဖြည်းချင်း လုပ်ကြတာပေါ့။ နေ့ရက်တွေက ပိုကောင်းလာပါလိမ့်မယ်။”


အခုလက်ရှိအချိန်က ၁၉၇၄ ခုနှစ် ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကန့်သတ်ချုပ်ချယ်မှုတွေ လျော့ပါးလာဖို့ နှစ်အနည်းငယ်သာ လိုပါတော့သည်။ လုံ့လဝီရိယရှိသူတွေအတွက် နေ့ရက်တွေက ပိုကောင်းလာလိမ့်မည်။


နွေရာသီအားလပ်ရက် ရနေတုန်းမို့ လင်းချင်းဟယ်က ပိုက်ဆံ ပိုရှာဖို့ ဆုံးဖြတ်လိုက်သည်။ သူမသည် အစ်မမိန်ထံ ဝက်သားထောက်ပံ့မှုကို တိုးပေးဖို့ တောင်းဆိုခဲ့သည်။ အခြေခံအားဖြင့် ခရိုင်မြို့ကို ရက်အနည်းငယ်ကြာ တစ်ခေါက်သွားဖို့ လိုအပ်သည်။


ထိုနေ့တွင် ခရိုင်မြို့မှ ပြန်လာသည့် လင်းချင်းဟယ်တစ်ယောက် ဖရဲသီးတစ်လုံးနှင့် ကျောင်းသုံးပစ္စည်းတွေကို အိမ်ပြန်သယ်လာခဲ့သည်။


ဒီနှစ်မှာတော့ သူမသည် အထည်တစ်စကို အသုံးပြုပြီး ကောင်စုတ်လေး လောင်စန်းအတွက် ကျောင်းလွယ်အိတ် တစ်လုံး ပြုလုပ်ပေးခဲ့သည်။ ‌ကျောင်းလွယ်အိတ်အတွက် အထည်တစ်စကို သုံးစွဲလိုက်တာက တကယ့်ကို ကြီးကျယ်လွန်းသည်။


“အမေ၊ အမေ ပိုက်ဆံတွေ အများကြီး သုံးနေတာပဲ။ အမေ့ရဲ့ လစာတွေ အကုန် သုံးစွဲနေတာလား။” ထိုသို့မေးလိုက်တာ ညီအစ်ကိုသုံးယောက်ထဲမှ လောင်အာ့ပဲ ဖြစ်သည်။


လောင်တနှင့် လောင်စန်းတို့ကတော့ ဒါတွေကို သိပ်ဂရုမစိုက်တဲ့ စိတ်နေစိတ်ထားတွေ ရှိသည်။


“ဟုတ်တယ်၊ နင့်ကို ကျွေးမွေးရတာ လွယ်ကူပေမယ့် နင့်ညီအစ်ကိုတွေကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ဖို့က မလွယ်ကူဘူး။” လင်းချင်းဟယ်က ဖရဲသီးကို ရေတွင်းမှာ အအေးခံရင်း ပြောလိုက်သည်။


လောင်အာ့သည် တက်ကြွရွှင်လန်းစွာ ရယ်မောလိုက်သည်၊ “ကျွန်တော်တို့ ကြီးပြင်းလာပြီး အောင်မြင်တဲ့အခါ ကျွန်တော်တို့က အမေ့ကို သေချာပေါက် ကောင်းကောင်းမွန်မွန် ကျွေးမွေးပြုစုပေးမှာပါ၊ အမေရဲ့။”


“နင်တို့ ကြီးလာတဲ့အခါ၊ နင်တို့ လက်ထပ်ရမယ့်အချိန် ရောက်ပြီ။ နောက်တော့ နင်တို့က တခြားတစ်ယောက်လို ဖြစ်သွားလိမ့်မယ်။ ငါ နင်တို့ကို အားမကိုးရဲပါဘူး။” လင်းချင်းဟယ်က ပြန်ဖြေသည်။


သူမရဲ့ မော်ဒန်ခေတ်မှာပင် ဒီစကားတွေကို အသုံးပြုကြရသည်။


ကလေးတွေကို မွေးဖွားခြင်းနှင့် ကလေးတွေကို ပြုစုပျိုးထောင်ခြင်းက တာဝန်တစ်ရပ်ဖြစ်ပြီး ကလေးတွေကို မှီခိုအားထားတာက အမှားတစ်ခုဖြစ်တယ်လို့ ဆိုကြသည်။


ဒါက အရမ်းကောင်းမွန်တဲ့ စကားပင်၊ ဒါပေါ့၊ လင်းချင်းဟယ်သည်လည်း ဒီအဆိုပြုချက်ကို လက်ခံသဘောတူသည်။


သက်ကြီးရွယ်အိုတွေကို ကြည့်ရှုစောင့်ရှောက်ပေးရန် မျိုးဆက်ဟောင်းတွေက ကလေးတွေကို ပြုစုပျိုးထောင်ခဲ့ကြသည်။ ဒါပေမယ့် မျိုးဆက်တစ်ခုစီတိုင်းမှာ သူတို့ကိုယ်ပိုင်ဖိအားတွေ ရှိကြသည်။ မိဘတွေအနေဖြင့် မိမိတို့၏ သားသမီးတွေကို အောက်သို့ ဆွဲမချတာက မိမိတို့၏ သားသမီးပေါ် ချစ်ခြင်းမေတ္တာတရားကို ပြသရာ ရောက်ပေလိမ့်မည်။


တဖက်က ကြည့်ရင်တော့ မင်းတို့ အသက်ကြီးပြီး အငြိမ်းစားယူတဲ့အခါ လက်ထဲမှာ ပိုက်ဆံအလုံအယောက်ရှိရင် ချွေးမတွေက ပြုစုစောင့်ရှောက်မပေးမှာကို စိုးရိမ်စရာ မလိုအပ်တော့ဘူး မဟုတ်လား။


ပိုက်ဆံသာ လက်ထဲရှိနေရင် မင်းတို့ကို ပြုစုစောင့်ရှောက်ပေးဖို့ တစ်ယောက်ယောက်ကို ငှားရမ်းလို့ရသည်။


ဒါမှ တစ်ယောက်နဲ့တစ်ယောက်ကြား ဆက်ဆံရေးက အလွန်ကောင်းမှာ ဖြစ်သည်။


သူမရဲ့ သင်ကြားပေးမှုအောက်တွင် ကလေးသုံးယောက် မူရင်းစာအုပ်ထဲကနှင့် အလွန်ကွာခြားသော်လည်း ချမှတ်ထားသည့် အချို့သော အယူအဆများကတော့ အလွယ်တကူ ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။


သို့ပေမယ့် လင်းချင်းဟယ်က အဲ့တာကို အရင်ကတည်းက စီစဥ်ထားပြီး ဖြစ်သည်။


နောင်အနာဂတ်တွင် သူမတို့လင်မယားသည် သူမတို့ရဲ့ သက်ကြီးပင်စင်အတွက် ငွေစုဆောင်းထားမည် ဖြစ်သည်။ သူတို့ကို ထောက်ပံ့ပေးဖို့ သူတို့သားတွေကို အားကိုးရန် အစီအစဥ်မရှိပေ။ မဟုတ်ပါက နောင်အခါမှာ သူတို့ချွေးမတွေက သူတို့ကို နှင်ထုတ်တာ ခံရလိမ့်မည်။ ဒါကိုတွေးကြည့်ရုံနဲ့တင် အရမ်းသနားဖို့ကောင်းသည်။