အခန်း ၁၉၈
Viewers 43k

အခန်း (၁၉၈) – စာသင်နှစ်သစ်


ဒါပေါ့၊ ဒါက လင်းချင်းဟယ်ရဲ့ ကိုယ်ပိုင်ဘဝ အယူအဆ ဖြစ်သည်။


သူမက ဒါကို အကျယ်ကြီး မ‌ပြောဘူး။ အမေကျိုးသာ ဒီစကားကို ကြားသွားပါက သူမ သေချာပေါက် တမျိုးထင်လိမ့်မည်။


သူမသည် ဖရဲသီးကြီးကို ဝယ်လာခဲ့ပြီး မိသားစုကြား ဝေမျှစားသောက်ခဲ့သည်။ လူတိုင်း တစ်စိတ်စီသာ ရရှိကြပြီး နောက်ထပ် ထပ်မရနိုင်တော့ဘူး။ သို့တိုင် ၎င်းသည် ကောင်းမွန်သော ကျွေးမွေးမှုတစ်ခု ဖြစ်ခဲ့သည်။ 


တကယ်တော့ ရွာမှာ ဖရဲသီးဝယ်စားနိုင်တဲ့ အိမ်ထောင်စုက နှစ်ခု သုံးခုလောက်ပဲ ရှိသည်။


သို့ရာတွင် လောင်စန်း စားသောက်ပြီးသော ဖရဲသီးအခွံကို စားသောက်နေသည့် ကျိုးရှားကို မြင်သောအခါတွင် လင်းချင်းဟယ်တစ်ယောက် အ‌တော်လေး စိတ်မသက်မသာ ဖြစ်မိသည်။


ဒါကို ဒုတိယမရီးသာမြင်ရင် ဒေါသဖြစ်မှာ သေချာတယ်။


“ရှားရှား၊ ဖရဲသီးခွံကို လွှင့်ပစ်လိုက်” လင်းချင်းဟယ်က သူ့ဆီ လျှောက်သွားပြီး သကြားလုံးနှစ်လုံး ထုတ်ပေးကာ ဖရဲသီးခွံကို လွှင့်ပစ်ဖို့ ပြောလိုက်သည်။


“ကျေးဇူးပါ၊ စတုတ္ထဒေါ်လေး” ကျိုးရှားတစ်ယောက် ဝမ်းသာသွားသည်။ သူက အရသာမရှိသော ဖရဲသီးခွံကို လွှင့်ပစ်ပြီးနောက် နို့သကြားလုံးတွေကို လက်ခံလိုက်သည်။


“အခုတလော နင့်ရဲ့ စာလေ့လာမှုက ဘယ်လိုရှိလဲ။” လင်းချင်းဟယ်က မေးသည်။


“ကျွန်တော် သေသေချာချာ နားထောင်ခဲ့ပါတယ်။” ကျိုးရှားသည် ဤကဲ့သို့သာ ပြန်ဖြေနိုင်ခဲ့သည်။


လောင်အာ့သည် အခု မူလတန်း တတိယနှစ်၏ ဒုတိယနှစ်ဝက်တွင် ပညာသင်ကြားနေတာ ဖြစ်ပြီး ကျိုးရှားသည် မူလတန်း ဒုတိယနှစ်တွင်သာ ရှိနေသေးသည်။ ယခင်က သူ စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုနိုင်ရခြင်း အကြောင်းရင်းမှာ လောင်အာ့ရဲ့ စဥ်ဆက်မပြတ် ကူညီပေးမှုကြောင့် ဖြစ်သည်။ မဟုတ်ပါက ကျိုးရှားသည် ထပ်ခါတလဲလဲ အတန်းပြန်တက်ရမှာ သေချာသည်။


ရွာမှာ ထပ်ခါတလဲလဲ အတန်းပြန်တက်နေရသည့် ကလေးတွေ အများကြီး ရှိသည်။


သို့သော် ကျိုးရှားရဲ့ ရလဒ်တွေက တကယ့်ကို ဆိုးရွားနေတာ ဖြစ်သည်။


“တကယ်လို့ မင်း နားမလည်တာရှိရင်၊ အိမ်ကိုလာပြီး ငါ့ကို လာမေးကြည့်ပေါ့။” လင်းချင်းဟယ်က တခြား ဘာပြောနိုင်ပါ့မလဲ၊ ဒါကိုပဲ သူမ ပြောနိုင်သည်။


“ကောင်းပါပြီ” ကျိုးရှားက ခေါင်းညိတ်ပြီး သကြားလုံးတွေကို အိမ်ပြန်ယူသွားသည်။


ကျိုးရှားက သကြားလုံး နှစ်လုံးကို သူ့ဖာသာသူ မစားသောက်ခဲ့ဘူး။ သူက သူ့ညီမအငယ်ဆုံးလေးကို သကြားလုံး တစ်လုံး ပေးလိုက်သည်။ 


“ငါ့ရော ဘာဖြစ်လို့ တစ်လုံး မရတာလဲ။” ကျိုးလျှို့နီက သူ့ကို မေးသည်။ 


“စတုတ္ထဒေါ်လေးက သားကို နှစ်လုံးပဲ ပေးလိုက်တာ။ အစ်မကို ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ။” ကျိုးရှားက ပြန်ဖြေသည်။


ကျိုးလျှို့နီ စိတ်မချမ်းမသာ ဖြစ်သွားသည်၊ “စတုတ္ထဒေါ်လေးရဲ့ ဘဝက အရမ်းကောင်းနေတာပဲကို၊ ဘာဖြစ်လို့ စတုတ္ထဒေါ်လေးက ပိုမပေးနိုင်ရတာလဲ။ နှစ်လုံးလေးပဲ ပေးလိုက်တယ်။ ဦးလေးစုတောင် စတုတ္ထဒေါ်လေးထက် ပိုပေးသေးတယ်။”


ကျိုးစန်းနီက မျက်မှောင်ကြုတ်သွားသည်၊ “နင် ဘာစကား ပြောလိုက်တာလဲ။”


“နင့်ကိစ္စ မဟုတ်ဘူး။” ကျိုးလျှို့နီက စူပွပွ ပြန်ပြောသည်။


ဒုတိယမရီးက တုတ်တစ်ချောင်း ကောက်ကိုင်ပြီး သူမကို သင်ခန်းစာပေးဖို့ လုပ်သည်။ ကျိုးလျှို့နီသည် အပြင်သို့ အမြန်ပြေးထွက်သွားပြီးနောက် ခြံဝင်းထဲ လှည့်ပတ်ပြေးလွှားခဲ့သည်။


ရေလောင်းရန် ထွက်လာသော လင်းချင်းဟယ်က သူမကို တွေ့လိုက်ရသည်။


“စတုတ္ထဒေါ်လေး၊ ဒေါ်လေး သမီးမောင်လေးကို သကြားလုံး နှစ်လုံး ပေးလိုက်တာလား။” ကျိုးလျှို့နီက ပြုံးပြုံးလေး မေးလိုက်သည်။


“အင်း” လင်းချင်းဟယ်က သူမကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အိမ်ထဲ ပြန်ဝင်သွားခဲ့သည်။


သူမသည် ဒုတိယမရီးရဲ့ ဒီသမီးအပေါ် အထင်ကောင်း အမြင်ကောင်း မရှိပေ။ သူမသည် မျက်နှာနှစ်ဖက်ရှိသည့် မိန်းကလေးမျိုး ဖြစ်သည်။ သူမရဲ့ ‌ဒေါသက သူ့မိခင်နှင့်တူသည်။


ဒုတိယမရီးသည် ဝမ်လင်းနှင့် ခပ်ခွာခွာနေပြီး သူမတို့ကြား ဆက်ဆံရေး အနည်းငယ် တိုးတက်လာမှု ရှိသော်ငြား ပြောင်းလဲရန် ခက်ခဲသော သဘောသဘာဝအချို့ ရှိနေသေးသည်။


လင်းချင်းဟယ်က သူမကို အရေးအရာ မလုပ်တာကို မြင်တော့ ကျိုးလျှို့နီက ခြေဆောင့်သည်၊ “ဘယ်လိုတောင် နှလုံးသားမည်းနက်တဲ့ အမျိုးသမီးမျိုးလဲ။”


ထိုသို့ပြောပြီးနောက် ပြန်လှည့်သွားသည်။ ဒါပေမယ့် သူမ ပြန်လှည့်သည့်အချိန်တွင် မည်းမှောင်နေသော မျက်နှာဖြင့် သူမနောက်မှာ ရပ်နေတဲ့ လောင်စန်းကို တွေ့လိုက်ရသည်။


ကျိုးလျှို့နီတစ်ယောက် ရင်တုန်သွားသည်၊ “လောင်စန်း၊ နင် ဘာလုပ်နေတာလဲ။ လူတွေကို သေလုမတတ် ခြောက်လှန့်နေတာပဲ။”


“နောင်ကျရင် ငါ့အိမ်ကို ဘယ်တော့မှ မလာနဲ့။ နင်က ငါ့အမေကို နှလုံးသားမည်းနက်တဲ့ အမျိုးသမီးလို့ ခေါ်ဝံ့တယ်၊ နင့်နှလုံးသားကမှ အမည်းနက်ဆုံးလို့ ငါထင်တယ်။” လောင်စန်းက သူမကို တွန်းဖယ်ပြီး အိမ်ထဲ ဝင်သွားခဲ့သည်။


ကျိုးလျှို့နီက အမြန်ဆုံး ပြန်ဖြေရှင်းသည်၊ “ငါ အဲ့လိုပြောတာ မဟုတ်ပါဘူး။”


လောင်စန်းက သူမကို လျစ်လျူရှုထားသည်။ သူက အိမ်ထဲ ဝင်လာပြီးပြီးချင်းမှာပင် သူ့မိခင်ကို နောက်ကွယ်မှာ ကျိုးလျှို့နီက မကောင်းပြောကြောင်း ပြောပြလိုက်သည်။


လင်းချင်းဟယ်က ဒါကို ကြားတော့ နှာခေါင်းရှုံ့လိုက်ပြီး ပြန်ပြောသည်၊ “သူမကို စိတ်ပူမနေနဲ့။ ဒီကောင်မလေးကို ကြည့်ရတာ စိတ်ထားမမှန်တဲ့ပုံပဲ။”


“ဘယ်သူက စိတ်ထားမမှန်ကန်တာလဲ။” ဒီအချိန်မှာ စုရွှင်းလေးကိုချီပြီး အပြင်ကနေ ပြန်လာသည့် အမေကျိုးက လှမ်းမေးသည်။


“ဘာမှ မဟုတ်ပါဘူး။” လင်းချင်းဟယ်က ဒီအကြောင်းကို ထပ်မပြောချင်တော့ဘူး။


လောင်စန်းကတော့ ဒီအတိုင်း မထားလိုက်နိုင်ဘူး။ “ကျိုးလျှို့နီလေ။ သူမက သားအမေကို အမေ့နောက်ကွယ်မှာ နှလုံးသားမည်းနက်တဲ့ အမျိုးသမီးလို့ ခေါ်တယ်။”


အမေကျိုးက အံ့သြသွားပြီးတော့ လင်းချင်းဟယ်ကို ကြည့်လိုက်သည်၊ “ဘာဖြစ်တာလဲ။”


“ရှားရှားက လောင်စန်း စားပြီးသား ဖရဲသီးခွံကို ကိုက်နေတာကို ကျွန်မ တွေ့လိုက်ရတယ်။ ကျွန်မလည်း ဒါကို မကြည့်နိုင်တော့ ရှားရှားကို ဖရဲသီးခွံ လွှင့်ပစ်ခိုင်းပြီး သူ့ကို သကြားလုံး နှစ်လုံး ပေးလိုက်တယ်။ လျှို့နီက ဘာမှ မရတော့ ဒီကို ရောက်လာတာ ဖြစ်နိုင်တယ်။ ကျွန်မက သူ့ကို လျစ်လျူရှုလိုက်တော့ ဒေါသထွက်သွားတာ ဖြစ်လိမ့်မယ်။” လင်းချင်းဟယ်သည် ဟင်းချက်ဖို့ ပါဝင်ပစ္စည်းတွေကို ရွေးချယ်နေရင်း ပြောပြလိုက်သည်။


သူမသည် ဒါကို စိတ်ထဲ မထည့်ခဲ့ဘူး။ ကျိုးလျှို့နီရဲ့ စိတ်အခြေအနေက သူမနဲ့ ဘာဆိုင်လို့လဲ။


ဒါပေမယ့် နောက်ဆုံးမှာတော့ သူမက ငယ်ငယ်လေးပဲ ရှိသေးတယ်။ ဒီကိစ္စကို အမေကျိုးကို ပြောပြပြီး ဒုတိယမရီးနဲ့ ဆွေးနွေးတိုင်ပင်ဖို့ သူ့ယောက္ခမလက်ထဲ ဒီကိစ္စကို အပ်လိုက်တာက ပိုကောင်းတယ်။ ကျိုးမိသားစုက အကျင့်မကောင်းတဲ့ သမီးမိန်းကလေးမျိုးကို မမွေးထုတ်ပဲ ကယ်တင်လိုက်နိုင်ရင် ပိုကောင်းလိမ့်မည်။


ကျိုးရှားရွာမှာ ဝမ်လင်းရဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာပြီးကတည်းက မိသားစုတိုင်း သူတို့ရဲ့ သမီးမိန်းကလေးတွေကို စည်းကမ်းတင်းကြပ်ထားခဲ့ကြသည်။


အမေကျိုးက ဒီကိစ္စကို မပြောမဖြစ်ပြောဖို့ လုပ်ရသည်။ သူမသည် စုရွှင်းလေးကို လင်းချင်းဟယ်တို့အိမ်မှာ ချန်ထားခဲ့ကာ ဒုတိယမရီးထံ တီးတိုးသွားပြောခဲ့သည်။


ဒုတိယမရီးသည် သူမရဲ့ ဒုတိယသမီးက ဤမျှ စိတ်ကြီးဝင်နေလိမ့်မယ်လို့ မထင်ခဲ့ပေ။ သူမသည် တစ်ယောက်တည်း လျှို့ဝှက်ပြောဆိုနေချိန်တွင် လောင်စန်းနှင့် ပက်ပင်းတိုးခဲ့မိသည်။


ထို့ကြောင့် မျှစ်ဖြင့် ဝက်သားကြော်စားရန် မဖြစ်နိုင်ပေ။


ဒုတိယအစ်ကိုကတော့ ဒီကိစ္စကို သိပြီးနောက် သူမ သင်ကြားပြသပေးတာကို မတားမြစ်ခဲ့ပေ။


ဒုတိယအစ်ကိုက ဒုတိယမရီးကို အပြစ်တင်သည်၊ “ဒီကောင်မလေးက မင်းရဲ့အရင်ပုံစံနဲ့ ချွတ်စွပ်တူနေတယ်။ ဒါပေမယ့် သူမက အခု မင်းလို မစဥ်းစားတတ်ဘူး။ မင်း သူ့ကို အပြုအမူ အကျင့်စရိုက်တွေ မသင်ပြပေးလို့ တစ်ခုခုဖြစ်ရင် နောင်အနာဂတ်မှာ ငါတို့ မျက်နှာပျက်ရလိမ့်မယ်။”


ဒုတိယမရီးသည်လည်း ရှက်ရွံ့ဒေါသထွက်လာပြီး ကျိုးလျှို့နီဘက်သို့လှည့်ကာ အေးစက်စွာ ပြောလိုက်သည်၊ “နင် နောက်တစ်ခါ လူကြီးတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောတာကို ငါ ပြန်ကြားရရင် ငါ နင့်ရဲ့ ခွေးခြေထောက်တွေ ရိုက်ချိုးမှာကို နင် တွေ့ရလိမ့်မယ်။”


ကျိုးလျှို့နီသည် ကျိုးအိမ်ဟောင်းတွင် ဆက်ဆံရေး ညံ့ဖျင်းသည်။ ပထမအိမ်ခွဲနှင့် တတိယအိမ်ခွဲမှ ကောင်မလေးတွေက ကျိုးလျှို့နီနှင့် မကစားပဲ ကျိုးစန်းနီနှင့်သာ ဆော့ကစားကြသည်။


ကျိုးလျှို့နီမှာ အဆိပ်ပြင်းသော ပါးစပ်ရှိသည်။ တစ်ခုခုဖြစ်ခဲ့ရင် သူမက ဒီအတိုင်း ထားမှာ မဟုတ်ဘူး။ ထို့အပြင် သူမသည် အကျင့်ဆိုးတွေကို တတ်မြောက်လွယ်ပြီး လူအများရဲ့ ချို့ယွင်းချက်တွေကို ရှာဖွေပြောဆိုဖို့ကို နှစ်သက်သဘောကျသည်။


ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ သူမ ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရပြီး ဘာကြောင့်လဲ ဆိုတာကိုတော့ လူတွေ မသိခဲ့ကြပါဘူး။


ကျိုးတာ့နီသည် အရွယ်ရောက်ပြီး မိန်းမပျိုလေး ဖြစ်သည်။ သူမသည်လည်း ဖျောင်းဖျပြောဆိုဖို့ ရောက်လာခဲ့သည်။ နောက်နှစ်ဆို ကျိုးတာ့နီက အိမ်ထောင်ပြုတော့မှာပဲ ဖြစ်သည်။ ဒီနှစ်မှာ အကြီးဆုံးမရီးက ကျိုးတာ့နီကို လယ်ထဲဆင်းခွင့်မပေးဘူး။ အိမ်အလုပ်တွေ ကူညီဖို့ အိမ်မှာပဲ ကျန်ခဲ့ရသည်။ အများစုကတော့ သူမကို အိမ်ထောင့်တာဝန်တွေနှင့် ရင်းနှီးကျွမ်းဝင်သွားဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာ ဖြစ်သည်။


ပြောရရင် ရက်တွေ ကုန်ဆုံးတာ မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးတာ့နီတစ်ယောက် လက်ထပ်ထိမ်းမြားဖို့ ပြင်ဆင်နေခဲ့ပြီ။


လင်းချင်းဟယ်က ဒါကို စိတ်ထဲမှာ စွဲထင်နေသည်။ သူမသည် အကြီးဆုံးမရီးနှင့် ဆက်ဆံရေးကောင်းသည်။ ထို့အပြင် ကျိုးတာ့နီအပေါ် သူမရဲ့ အမြင်က ကောင်းမွန်သည်။ သူမသည် ဥာဏ်ကောင်းတဲ့ မိန်းကလေးတစ်ဦး ဖြစ်သည်။


ဒါ့ကြောင့် သူမသည် ခန်းဝင်ပစ္စည်း ထည့်ဝင်ပေးဖို့ ရည်ရွယ်ထားသည်။ ပစ္စည်းကောင်းတွေတော့ သူမမှာ မရှိဘူး။ ကျိုးတာ့နီအတွက် အဝတ်အစားအသစ်တစ်စုံ ပြင်ဆင်ပေးရန် စီစဥ်ခဲ့သည်။


ဒါက အရမ်းကောင်းမွန်တဲ့ လက်ဆောင်တစ်ခု ဖြစ်သည်။


ဆင်းရဲနွမ်းပါးသော မိန်းကလေးအချို့သည် အိမ်ထောင်ကျပြီးချိန်တွင် အဝတ်အစားသစ်များ မရရှိနိုင်ပေ။


လင်းချင်းဟယ်သည် အကြီးဆုံးမရီးအား နောက်ထပ်တစ်စုံကို ထပ်ပြီး ပြင်ဆင်မိမှာကို စိုးရိမ်၍ ကြိုတင်အကြောင်းကြားခဲ့သည်။


သင်ခန်းစာ အပေးခံလိုက်ရသည့် ကျိုးလျှို့နီရဲ့ ကိစ္စသည် လှိုင်းလုံးများကို မဖြစ်စေပဲ တစ်ချက်တည်းနှင့် ပြီးဆုံးသွားခဲ့သည်။

 

စက်တင်ဘာလ ၁ ရက်နေ့တွင် လောင်စန်းလေးသည် မူလတန်း ပထမနှစ်ကို စတက်ရသည်။ လင်းချင်းဟယ်က ဒီကလေးကို အတန်းကျော်ပြီး မတက်ရောက်စေချင်ဘူး။ သူလေးက တစ်နှစ်တစ်တန်း အေးအေးဆေးဆေး တက်ရောက်နိုင်သည်။


သူ့အခြေခံအုတ်မြစ်က သူ့အစ်ကိုနှစ်ယောက်လောက် မကောင်းမွန်ဘူးလို့ သူ့ကို ဘယ်သူ ပြောနိုင်မှာလဲ။ လောင်တနှင့် လောင်အာ့တို့တုန်းက အရမ်းသတိထားနေတုန်းပဲ။ လောင်စန်းအလှည့်ရောက်တော့ သူက ခဏလောက်ပင် မထိုင်တော့ချေ။


သူ ငယ်သေးတုန်းကတော့ သူ့ကို ထိုင်ခိုင်းလို့ ရသေးသည်။ ဒါပေမယ့် သူက ကြီးပြင်းလာသည်နှင့်အမျှ ပို၍ပင် စနောက်ကျီစယ်တတ်လာသည်။


သူက စုချန်း‌လေးကို သစ်ပင်ပေါ်တက်ပြီး ငှက်သိုက်နှိုက်ဖို့နှင့် လယ်ကွင်းထဲမှာ ကန်စွန်းဥတွေ သွားတူးဖို့ကိုပင် မကြာခဏ ဆိုသလို ခေါ်သွားတတ်သည်။


လင်းချင်းဟယ်က ဘာလုပ်နိုင်ပါတော့မလဲ။ ထုံးစံအတိုင်း သူမ သူ့ကို တစ်ချက်လောက် ရိုက်ပြီး ထုတ်လုပ်ရေးအဖွဲ့ထံ တောင်းပန်ရသည်။


ဒါက သူမရဲ့ မိသားစုတင်မကတာကြောင့် ကိစ္စကြီးကြီးမားမားတော့ မဟုတ်ဘူး။ ဒါပေမယ့် အကြီးနှစ်ယောက်နဲ့ ယှဥ်ရင် ဒီကောင်လေးက အဆိုးဆုံးပဲ။


ဒါပေမယ့် စက်တင်ဘာလ ၁ ရက်နေ့ သူ ကျောင်းစတက်ရတော့ အရမ်းပျော်နေခဲ့သည်။ သူ ဒီအချိန်ကို စောင့်မျှော်နေခဲ့တာ ကြာပါပြီ။


လောင်စန်းသည် သူ့ဒုတိယအစ်ကိုနှင့်အတူ မူလတန်းကျောင်းကို အတူသွားခဲ့သည်။


လောင်တကတော့ လင်းချင်းဟယ်ရဲ့ စက်ဘီးနောက်ထိုင်ခုံမှာ လိုက်ပါပြီး အလယ်တန်း ပထမနှစ် သူ့ရဲ့ စာသင်နှစ်သစ်ကို စတင်ခဲ့ပါသည်။