အခန်း ၂၀၀
Viewers 38k

အခန်း (၂၀၀) - ပစ်မှတ်ထားခြင်း


အချိန်ကို တွက်ချက်နေခဲ့သော လင်းချင်းဟယ်သည် လောင်တအတွက် သင်ခန်းစာများကို အမှန်ပင် တိုးမြင့်ပေးလာခဲ့သည်။ သူမသည် လေ့လာရန် အဓိကအချက်များကို ရှာဖွေရန် ညွှန်ကြားပေးခြ့သည်။ ထိုဖတ်စာအုပ်တွေ အကုန်လုံးကို သူမကိုယ်တိုင် ဖတ်ပြခဲ့သည်။ ဘယ်အရာက အရေးကြီးတယ်၊ ဘယ်အရာက အရေးမကြီးဘူး ဆိုတာကို သူမ အတိအကျ သိပါသည်။


ထို့အပြင် လောင်တသည် တကယ့်ကို ထက်မြက်ပြီး မှတ်ဥာဏ်ကောင်းသည်။ သူက အားထုတ်မှုတစ်ဝက်ဖြင့်ပင် သင်ယူလေ့လာဖို့ အလွန်လွယ်ကူသည်။


သူ့ကို အိမ်မှုကိစ္စတွေ မလုပ်ခိုင်းတော့ဘူး။


“နောင်မှာ ဝက်စာမြက်တွေ စုဆောင်းဖို့ကို နင်တို့နှစ်ယောက်ပဲ သွားရလိမ့်မယ်။ နင်တို့ အစ်ကိုကြီးက အခုနောက်ပိုင်း စာလေ့လာဖို့ အရမ်းအလုပ်များနေတော့ သူ့မှာ အချိန်အား သိပ်မရှိဘူးဆိုတာ နင်တို့ သိသားပဲ။” လင်းချင်းဟယ်သည် အလုပ်မှတ်များရရှိစေရန် ဝက်စာမြက်တွေကို စုဆောင်းဖို့ တာဝန်အား လောင်အာ့နှင့် လောင်စန်းတို့ကို ပေးအပ်ခဲ့သည်။


လောင်အာ့က ဒါကို မကန့်ကွက်ဘူး။


လောင်စန်းက ကန့်ကွက်စကားဆိုသည်၊ “သူက အစ်ကိုအကြီးဆုံးပဲ။ သူက အသုံးမဝင်တဲ့ ပညာတတ်တစ်ယောက်လုပ်ဖို့ စီစဥ်နေတာလား။ ဘာအလုပ်မှ မလုပ်တော့ဘူးလား။”


“နင့်အစ်ကိုကြီး အလုပ်လုပ်နေတုန်းက နင်က အရမ်းကစားနေခဲ့တယ်လေ။” လင်းချင်းဟယ်က ဒါကို ထောက်ပြပြီး ကောင်လေးရဲ့ တင်ပါးကို ပုတ်လိုက်သည်၊ “ဟိုဟိုဒီဒီ ပြောနေတာတွေကို ရပ်လိုက်။ နင့်အစ်ကိုကြီးက စာလေ့လာတာနဲ့ အရမ်းအလုပ်များနေတယ်။”


လောင်စန်းသည် ဒီအကြောင်းကို ပြောရုံသာ ပြောနေတာ ဖြစ်သည်။ သူ့အသိစိတ်တွင် မိသားစုတာဝန်ကို သူ့ပခုံးပေါ်မှာ ထမ်းဆောင်ဖို့ အသိရှိနေဆဲ ဖြစ်သည်။


လောင်တက ဒါကို မလိုအပ်ဘူးလို့ ပြောချင်ပေမယ့် သူ့အမေက သဘောမတူဘူး။ ဒီအတောအတွင်း သူမက သူ့ကို စာကို ပြင်းပြင်းထန်ထန် သင်ကြားပေးခဲ့သည်။ ဒီစာသင်နှစ်မှ သင်ယူစရာ အမျာကြီးရှိသည်။


သူ့အမေက သူ့ကို အလယ်တန်း ပထမနှစ်စာ အားလုံးကို ပြီးအောင် လုပ်စေချင်သည်။ ဒီလိုနဲ့ ဆောင်းရာသီအားလပ်ရက်ကို ရောက်တာနဲ့ အလယ်တန်း ဒုတိယနှစ် ပထမနှစ်ဝက်စာတွေကို လေ့လာရလိမ့်မည်။ ကျောင်းစဖွင့်တာနဲ့ ဒုတိယနှစ်ရဲ့ ဒုတိယနှစ်ဝက် အတန်းသို့ တက်ရောက်ရန် အလွန်ရိုးရှင်းပါသည်။ အလယ်တန်း ဒုတိယနှစ်ကို တက်ရောက်ချင်ရင် အလယ်တန်း ပထမနှစ်ဝက်ရဲ့ စာတွေကို စာမေးပွဲဖြေဆိုရန် လိုအပ်ပြီး စာမေးပွဲအောင်မြင်ခဲ့ရင် အလယ်တန်း ဒုတိယနှစ် ဒုတိယနှစ်ဝက်ကို တက်ရောက်ရုံပါပဲ။


အလျင်လိုသလို ဖြစ်နေပေမယ့် သူ့အဖေက သူ့အမေစကားကို နားထောင်ခိုင်းပြီး မေးခွန်းမထုတ်ခိုင်းပေ။


အမေကျိုးကတော့ နားမလည်ဘူး။ သူမက လင်းချင်းဟယ်ကို သွားမေးခဲ့သည်၊ “လောင်တအမေ၊ လောင်တအတွက် အရမ်းအလျင်လိုနေတာ မဟုတ်ဘူးလား။ သူက အသက်မပြည့်သေးဘူး။”


ဒီနှစ်မှ လောင်တက ၁၀ နှစ်ပဲ ရှိသေးသည်။ ဒီအရွယ်က အတန်းထဲမှာ အငယ်ဆုံးလို့ ပြောလို့ ရပါသည်။


အခြားမိသားစုမှ ကလေးတွေက အသက် ၁၀နှစ်တွင် အလယ်တန်း ပထမနှစ်သို့ပင် မတက်ရောက်နိုင်ပေ။


“သူက ငယ်သေးပေမယ့် အရပ်ရော လူကောင်ရော ထွားပါတယ်။ သူက အလယ်တန်း ဒုတိယနှစ်ကို တက်ရောက်ရင်တောင် တခြားသူတွေက သူ့ကို အနိုင်မကျင့်နိုင်ပါဘူး။ အမေ စိတ်ပူမနေနဲ့။” လင်းချင်းဟယ်က ပြောသည်။


“ဒါပေမယ့် ဒါက အရမ်းမြန်လွန်းတယ်။ လောင်တက မကြာသေးခင်ကမှ နည်းနည်းပိန်လာတယ်လို့ ထင်တယ်။ စာချည်းပဲ လေ့လာတာက ဦးနှောက်ပျက်စီးစေလိမ့်မယ်။” အမေကျိုးက ပြောသည်။


လင်းချင်းဟယ်သည် မကြာသေးခင်က လောင်တ ပိန်သွားတယ်လို့ သိပ်မခံစားခဲ့ရပေ။ သို့သော် စာလေ့လာခြင်းက ဦး‌နှောက်ကို ပြင်းထန်စေသည်မှာ မှန်ပါသည်။ ဒါ့ကြောင့် နေ့တိုင်း နွားနို့ ငါးပုလင်း မှာယူခဲ့သည်။


သေချာတာကတော့ ပိုက်ဆံအများကြီး ကုန်သည်။ လင်းချင်းဟယ်ရဲ့ စကားအရ လောင်တက အတန်းကျော်တက်နိုင်ရင် အတန်းစရိတ် သက်သာပြီး ကုန်ကျစရိတ်ကိုလည်း ထိန်းညှိပေးနိုင်လိမ့်မည်။


ဆောင်းဦးရာသီ ရိတ်သိမ်းချိန်သည် ယခုလကုန်တွင် စတင်မည် ဖြစ်သည်။ လင်းချင်းဟယ်တစ်ယောက်ကတော့ ငါးရှဥ့်တွေနှင့် လယ်ငါးတွေကို စတင်စုဆောင်းနေခဲ့ပြီ ဖြစ်သည်။


ကျိုးချင်းပိုင်က ငါးရှဥ့်ကို အလွန်အကျွံ စားသုံးခဲ့ပြီး ညဖက်တွင် အပူဒဏ်ကို သူမအပေါ် ထုတ်လွှတ်ခဲ့သည်။

 

“ဆောင်းဦးရောက်ခါနီးပြီ။ ရှင့်စွမ်းအင်တွေကို နည်းနည်း ချွေတာထားသင့်တယ်။” လင်းချင်းဟယ်က သူ့ကို ထုရိုက်ရင်း အထွန့်တက်သည်။


ဒါပေမယ့် သိပ်မကြာခင်မှာပဲ စကားပြောဖို့ အချိန်မရှိတော့ဘူး။ ကျိုးချင်းပိုင်သည် ယခုအခါ အတွေ့အကြုံရင့် ဒရိုင်ဘာတစ်ဦး ဖြစ်လာခဲ့သည်။ သူ့စိတ်ကြိုက် မောင်းနှင်နိုင်ဖို့ သူမကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာကို အမြဲသိနေခဲ့သည်။


ကျိုးချင်းပိုင်က ထုံးစံအတိုင်း အရမ်းစိတ်ကျေနပ်သွားသည်။ သူက မောင်းနှင်ပြီးစီးသွားတော့ သူမကို သူ့ရင်ခွင်ထဲ ပွေ့ဖက်ထားရင်း “လောင်တအတွက် အရမ်းစိတ်ပူမနေနဲ့။ အချိန်တန်ရင် သူလည်း စာမေးပွဲ ဖြေနိုင်မှာပါ။ သူ မလုပ်နိုင်ရင်လည်း အဆင်ပြေနေသေးတာပဲ။” လို့ ပြောသည်။


သူလည်း ၁၉၇၇ ခုနှစ်တွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ရမည်ကို ပြန်အမှတ်ရမိသည်။ လက်ရှိအချိန်က ၁၉၇၄ ခုနှစ် ဖြစ်သည်။ နှစ်အနည်းငယ် လိုပါသေးသည်။


“တကယ်လို့ သူ မလုပ်နိုင်ရင်လည်း ဒုတိယနှစ်ကျ သူ ပြန်ဖြေနိုင်မှာပဲ မဟုတ်လား။ သူ့ကို အရင်ဆုံး စမ်းကြည့်ခွင့် ပေးလိုက်တာပေါ့။ တကယ်လို့ အလုပ်မဖြစ်ရင်တော့ မတတ်နိုင်ဘူးပေါ့။” လင်းချင်းဟယ်က ပျင်းရိစွာ ပြောသည်။


“နောက်တစ်ခါလောက်” ကျိုးချင်းပိုင်က သူမကိုကြည့်ရင်း ပြောသည်။


လင်းချင်းဟယ်က ငြင်းပယ်သည်။ သူမသည် သူ့ကို ကောင်းကောင်းအိပ်ဖို့ နှိုးဆော်ပြီး ဒီအကြောင်းကို ထပ်မတွေးနဲ့လို့ ဆိုလိုက်သည်။ တစ်နေကုန် အလုပ်လုပ်ပြီးသော်လည်း ညဖက်တွင် အလွန်တက်ကြွနေနိုင်သေးသည်။


နောက်နေ့မနက်စောစာမှာ လောင့်အာက “မနေ့ညက အစ်ကိုကြီး အိမ်မက်ကောင်း မက်နေပုံပဲ၊ သူက အိပ်ပျော်နေရင်းနဲ့တောင် စာတွေ ရွတ်ဆိုနေတုန်းပဲ။” လို့ ပြောသည်။


“အရမ်း ဆူညံနေတာပဲ။” လောင်စန်းသည်လည်း ခေါင်းညိတ်ထောက်ခံသည်။


စုချန်လေးက ဗလာမျက်နှာဖြင့် ရှိသည်။ ဘာဖြစ်သွားတာလဲ။ သူက ဘာကြောင့် မသိတာလဲ။


“စား၊ စားသောက်ပြီးရင် နင်တို့ လုပ်စရာရှိတာကို လုပ်ကြ။” လို့ လင်းချင်းဟယ်က သူတို့ကို ပြောသည်။


လောင်တ တစ်ဦးတည်း နွားနို့ ၂ပုလင်း သောက်ရသည်။ သူ့ခန္ဓာကိုယ်က အာဟာရပြည့်ဝနေတာ သိသာသည်။ သူ့အရပ်က တော်တော်ရှည်လာသည်။


သာမာန်နေ့ရက်တွေလိုပဲ လင်းချင်းဟယ်က သူ့ကို နှမ်းယာဂုနှင့် မြေပဲပြုတ်ကို အများဆုံးကို စားခိုင်းသည်။


ဒီနေ့မှာတော့ လင်းချင်းဟယ်သည် အစ်မမိန်ထံမှ ချဥ်ဆီရိုး ကျင်းအနည်းငယ် ရလာသည်။ အရိုးထဲမှာ ချဥ်ဆီပဲ ရှိသည်။ သူမက ထိုအရိုးတွေကို ပဲပိစပ်နဲ့ ရိုးရိုးရှင်းရှင်းပဲ ချက်ပြုတ်လိုက်သည်။


သူမသည် ဒီလိုဟင်းမျိုးတွင် စွပ်ပြုတ်ရည်ကိုသာ သောက်လေ့ရှိသည်။ ပဲပိစပ်ကို သူတို့သားအဖတွေကို မျှဝေကျွေးမွေးသည်။


စာလေ့လာခြင်းက အမှန်တကယ် ဦးနှောက်ကို သုံးစွဲရသောကြောင့် လင်းချင်းဟယ်သည် လောင်တအတွက် အစားအသောက်ကို အထူးဂရုစိုက်ထားခဲ့သည်။ သူမသည် စွပ်ပြုတ်ချက်ရန် အရိုးတွေကို စုဆောင်းလေ့ရှိသည်။


လောင်တရဲ့ ထူးချွန်သော ပညာရေးဆိုင်ရာ စွမ်းဆောင်ရည်ကို ရွာသူရွာသားတွေ သိကြသည်။


လောင်တက အလယ်တန်းကျောင်းမှာ ရမှတ် အပြည့်ရရှိခဲ့တယ်လို့ ကြားသိခဲ့ရသည်။ ဆောင်းဦးရိတ်သိမ်းချိန် ဟွန်းသံမမြည်ခင်မှာ ရပ်ရွာ၏ အလယ်တန်းကျောင်းတွင် သူတို့ရဲ့ ပထမဆုံး လစဥ် စာမေးပွဲကို စစ်ဆေးခဲ့သည်။ လောင်တက အလယ်တန်း ပထမနှစ် တစ်တန်းလုံးမှာ ပထမအဆင့်နဲ့ ဒုတိယနှစ်ကို ကြယ်သုံးပွင့်နှင့် အောင်မြင်ခဲ့သည်။


ရွာမှာ အလယ်တန်းကျောင်းတက်နေတဲ့ တခြားကလေးနှစ်ဦးလည်း ရှိသည်။ တစ်ယောက် အဖွဲ့ခေါင်းဆောင်ရဲ့ မြေး ဖြစ်သည်။ ကျန်တစ်ဦးကလည်း မျိုးရိုးနာမည် ကျိုးပဲ ဖြစ်သည်။ ဆွေမျိုး အနည်းငယ် ဝေးကွာသော်လည်း အမျိုးစပ်လျှင် ဆွေမျိုးတော်စပ်နေပါသေးသည်။

 

ကျောင်းစတက်တော့ ကလေးအမေတစ်ဦးက လင်းချင်းဟယ်ကို လာနှုတ်ဆက်သည်။ သူမနှင့်အတူ ကြက်ဥအချို့ကိုလည်း ယူလာခဲ့သည်။


လင်းချင်းဟယ်က ကြက်ဥတွေကို လက်မခံလိုက်ဘူး။ ကျိုးကျစ်လို့ခေါ်တဲ့ ကလေး သူ နားမလည်တဲ့ စာတွေရှိတဲ့အခါ သူမကို လာမေးလို့ ရကြောင်းကိုသာ ပြောလိုက်သည်။


သူမရဲ့ သဘောထားက အလွန်ပြတ်သားသည်၊ သို့ရာတွင် ကျိုးကျစ်က တော်တော်ကြာသည်အထိ လာမမေးခဲ့ပေ။


စာမေးပွဲမေးခွန်းတွေကို လင်းချင်းဟယ်က မထုတ်ပေးပါဘူး။ အလယ်တန်း ပထမနှစ် မေးခွန်းစာရွက်တွေကို အလယ်တန်း ဒုတိယနှစ် သင်္ချာဆရာက ပြုစုသည်။


အလဲအလှယ်တစ်ခုအနေဖြင့် အလယ်တန်း ဒုတိယနှစ်အတွက် သင်္ချာမေးခွန်းတွေကို လင်းချင်းဟယ်က ပြန်ပြုစုပေးသည်။ ဒါက မနှစ်ကနှင့် အတူတူပါပဲ။


ထို့ကြောင့် ကျိုးကျားရွာသားများသည် လောင်တရဲ့ အောင်မြင်မှုတွေကို အစစ်အမှန်ဖြစ်ကြောင်းကို သိကြသည်။ သူတို့သည် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ရဲ့ သားက စာတော်တယ် ဆိုတာကို သိရှိခဲ့ကြသည်။


ကျိုးမိသားစုရဲ့ ရှေးဘိုးဘေးများ၏ မျိုးဆက်သွေးကို ရှင်းလင်းစွာ သိရှိခဲ့ကြသည်။ သူတို့က အမွေဆက်ခံနိုင်ခြင်း ရှိ မရှိကို မည်သို့ သိနိုင်မည်နည်း။


ကျိုးချင်းပိုင်ရဲ့ စွမ်းဆောင်ရည်ကလည်း သူမသာ ကိုယ်မသာလောက်ပါပဲ။ အတန်းတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပြီး ပထမနေရာကို ရယူနိုင်စွမ်းရှိတဲ့ လောင်တလောက်တော့ မကောင်းပါဘူး။ ဒါက မှတ်သားစရာပင်။


ဘယ်သူ့ဆီက အမွေဆက်ခံထားတာလဲ ဆိုတာ ပြောနေစရာတောင် မလိုဘူး။


ဒါက မိမိကိုယ်တိုင် စာပေလေ့လာသင်ယူခဲ့သည် ဆရာမလင်းရဲ့ မျိုးဆက်သွေးကို ဆက်ခံထားတာပဲ ဖြစ်ရမည်။


“လောင်တက နောင်တွင် အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သားတက္ကသိုလ်သို့ အမှန်တကယ် တက်ရောက်ခွင့် ရရှိလိမ့်မည်” ဟု ရွာမှ ပညာရှိလူကြီးအချို့က မှတ်ချက်ပြုသည်။


သူတို့ဆီမှာ အခုအချိန်အထိ ကောလိပ်ကျောင်းသားတစ်ယောက်မှ မရှိသေးပါဘူး။


ကောလိပ်ကျောင်းသားဆိုတာက သူတို့အတွက် ဒဏ္ဏာရီဆန်ဆန် တည်ရှိမှု တစ်ခုလို ဖြစ်နေခဲ့ကြသည်။


ယခုခေတ် ‌ကောလိပ်ကျောင်းသားတွေရဲ့ တန်ဖိုးသည် နောင်မျိုးဆက်များနှင့် နှိုင်းယှဥ်၍ မရပေ။ ‘ဒဏ္ဏာရီဆန်ဆန် တည်ရှိမှု’ ဆိုတဲ့ စကားကိုကြည့်လျှင် ဘယ်လောက်တောင် ထူးခြားသည့် ဖြစ်တည်မှုမျိုးလဲ ဆိုတာကို သိနိုင်ပါသည်။


ဘယ်လောက် အဖိုးတန်လိုက်သလဲ။ ပန်ဒါတစ်ကောင်ရဲ့ တည်ရှိမှုနှင့် ဆင်တူလုနီးပါး ဖြစ်သည်။ 


ဒီလူကြီးတွေက ဤသို့ ဆိုလိုက်သည်နှင့် ရွာသားတွေက လောင်တကို သေချာ ဂရုတစိုက် စောင့်မကြည့်ပဲ မနေနိုင်ကြတော့ဘူး။


သူတို့သည် လောင်တက ထူးချွန်တယ်လို့သာ ထင်ခဲ့ကြဖူးသည်။ လင်းချင်းဟယ်လို မိခင်တစ်ယောက် (လင်းချင်းဟယ် ဆရာမတစ်ယောက် မဖြစ်ခင် အချိန်က) ရှိပေမယ့်လည်း သက်တူရွယ်တူ မိန်းကလေးတွေရှိတဲ့ မိသားစုတချို့က သူတို့ရဲ့ စိတ်နှလုံးသားထဲမှာ လောင်တကို သားမက်လောင်းအဖြစ် ပစ်မှတ်ထားခဲ့ကြသည်။


ဤသည်ကို ကြည့်လျှင် ရွာရှိ လောင်တရဲ့ နာမည်ကျော်ကြားမှုကို သိနိုင်သည်။


နောက်ပိုင်းတွင် လင်းချင်းဟယ်က သူ့ကိုယ်သူ ဆေးကြောသန့်စင်ဖို့ မလုပ်ပဲ အခက်အခဲများကို ကြံ့ကြံ့ခိုင်ပြီး စာကြိုးစားခဲ့တာကို သိရှိသွားခဲ့ကြပြီး ရွာသူရွာသားတွေက သူတို့ ဆရာမလင်းကို အထင်လွဲနေတာမှန်း တွေ့ရှိသွားခဲ့ကြသည်။


လောင်တကိုပင် မပြောနဲ့ဦး၊ လူတော်တော်များများက လောင်အာ့ကိုပါ မျက်စိကျနေကြသည်။


အခု လောင်တက တက္ကသိုလ်တက်ဖို့ အလားအလာ အရမ်းများတယ်လို့ ပြောလာတော့ လူတိုင်း နိုးကြားလာခဲ့ကြသည်။


ဒါနဲ့ လောင်အာ့နှင့် လောင်စန်းတို့ ဝက်စာမြက်တွေ စုဆောင်းပြီး ပြန်လာတော့ ကြက်ဥပြုတ်နှစ်လုံး အိမ်ပြန်ပါလာခဲ့သည်။


သူတို့က ကြက်ဥတွေကို သူတို့အမေကို ပေးလိုက်သည်။


“ဒီကြက်ဥတွေကို ဘယ်က ရတာလဲ။” လင်းချင်းဟယ်က မေးသည်။


“အမျိုးသမီးဝမ်က လောင်တစားဖို့ ကျွန်တော်တို့နဲ့ လူကြုံပါးလိုက်တာ။” ဟု လောင်အာ့က ပြောသည်။