အခန်း (၂၀၂) - နေရာတိုင်းကို ဒုက္ခမပေးဘူး။
သူ့အသိစိတ်ထဲတွင် စတုတ္ထလေး၏ဇနီးသည် တခြားသော ချွေးမများအနက် အပေးကမ်းဆုံးမှန်း သိရှိသေးသည်။
တခြားသုံးဦးနှင့် သူမကို နှိုင်းယှဉ်၍ပင် မရချေ။
သူမသည် သုံးဖြုန်းသော်လည်း သူမက ရှာနိုင်ပေသည်။
လတိုင်း လစာ၁၀ယွမ်နှင့် အလုပ်မှတ် ၁၀မှတ်တို့ဖြင့် ကလေးများအားလုံးကို ကောင်းစွာ ကြီးပြင်းလာစေသည်။
သူမသည် သက်ကြီးရွယ်အိုနှစ်ဦးကိုလည်း ပေးကမ်းသေး၏။
သူတို့(လင်းချင်းဟယ်တို့) ဘာစားစား သူတို့(အဘိုးအဘွားနှစ်ဦး)တွင်လည်း ရှိပေသည်။ သူတို့က ပမာဏများများစားလျှင်ပင် သူမက မည်သည်ကိုမှ မပြောပေ။ တစ်လုံးမျှ မပြောဘဲ ထပ်မံသာ လုပ်လေ့ ရှိသည်။
ရိုးရိုးသားသား ဆိုရလျှင် သူနှင့် သူ့ဇနီးသည်တို့သည် အငယ်ဆုံးသားကို အချစ်ဆုံးဖြစ်သည်။ သို့တိုင် သူတို့သည် တခြားသုံးယောက်ကိုလည်း လျစ်လျူမရှုခဲ့ပေ။ ပေးသင့်သည်ကို ပေးပြီး ဘက်မလိုက်သလို ကန့်သတ်မထားခဲ့ချေ။
အတိတ်တုန်းက သူတို့သည် အနာဂတ်၌ စတုတ္ထလေးတို့၏ မိသားစုနှင့် နေရန် စီစဉ်ထားသည်။ သို့သော် နောက်ပိုင်းတွင် စတုတ္ထလေး၏ဇနီးကြောင့် မမျှော်လင့်ရဲခဲ့ကြပေ။
မထင်မှတ်ထားစွာဖြင့် စတုတ္ထလေး အိမ်သို့ ပြန်ရောက်လာသည်တွင် ပြောင်းလဲသွားပြီး ပိုကောင်းလာခဲ့လေသည်။
အဖေကျိုးသည် စတုတ္ထလေး အိမ်၌ ရှိနေသရွေ့ စတုတ္ထလေး၏ဇနီးက ပြန်ပြောင်းလဲမည်မဟုတ်ဟု တွေးမိသည်။
ထို့ကြောင့် သူနှင့် သူ့ဇနီး၏ လက်ကျန်ဘဝတွင် မျှော်လင့်ချက် ရှိသလို ခံစားလာရပေပြီ။
“အဘိုး မတ်ပဲစွပ်ပြုတ် လာသောက်ပါ”
အချိန်အတော်ကြာ ငြင်းဆိုကြပြီးနောက် လောင်စန်းက သူ့ကို လာခေါ်သည်။ အဝေးမှ သူ့ကို တွေ့လိုက်ပြီးနောက် အော်လိုက်သည်။
“ဆက်မပြောတော့ဘူး ငါ မတ်ပဲစွပ်ပြုတ်သောက်ဖို့ သွားတော့မယ်” အဖေကျိုးက ထရပ်ပြီးနောက် ပြောလိုက်သည်။
အခြားသူများက သက်ပြင်းချလိုက်ကြ၏။
မတူညီသောဘ၀နှင့် မတူညီသောလူများ ဖြစ်ပေသည်။ သူတို့မှာ ဘာလို့ ဒီလိုကောင်းချီး မရှိရတာလဲ။
အဖေကျိုးတွင် အလုပ်မှတ် ၆မှတ်သာ ကျန်တော့ကြောင်း သူတို့သိ၏။ သို့သော်လည်း သူတို့တွင်မူ ယခုတိုင် အလုပ်မှတ် ၁၀မှတ် ရယူနေရဆဲ ဖြစ်သည်။ ကူကယ်ရာမဲ့ပေသည်။ သူတို့သည် လုပ်နိုင်သရွေ့ ပိုလုပ်ရန် လိုသည် မဟုတ်ပါလား။
မဟုတ်ပါက သူတို့သည် အနာဂတ်တွင် ပြောဆိုခံရပေလိမ့်မည်။
မတ်ပဲစွပ်ပြုတ်ကို သောက်ပြီးနောက် အဖေကျိုးနှင့် အမေကျိုးသည် စုရွှမ်လေးကို ခေါ်ပြီး ကျိုးအိမ်ဟောင်းသို့ အနားယူပြီး ရေချိုးရန် ပြန်သွားကြသည်။
ရေချိုးပြီးနောက် ညခုနှစ်နာရီ ရှိသွား၏။ အဖေကျိုးနှင့် အမေကျိုးက မအိပ်သေးပေ။ သူတို့က ခြံဝန်းအတွင်း ချခင်းထားသော ဖျာပေါ်တွင် ထိုင်ရင်း စုရွှမ်လေးကို ကစားခိုင်းထားလိုက်သည်။
“အဖေ အဖေ့ခန္ဓာကိုယ်တစ်ခုခု ဖြစ်နေတာလား” အစ်ကိုကြီးက ရေချိုးပြီးနောက် စစ်ဆေးဖို့ ရောက်ရှိလာ၏။
“ဘာကို အဆင်မပြေဖြစ်ရမှာလဲ” အဖေကျိုးက ပြန်မေးလိုက်သည်။
“မင်း ဒါကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ။ မင်းအဖေက အကောင်းကြီးပဲ ဘာမှမဖြစ်ဘူး” အမေကျိုးက မကျေမနပ် ပြောလိုက်သည်။
“မဟုတ်ဘူး ဒီနေ့ ရမှတ်ထိန်းသိမ်းသူဆီကနေ အဖေက ရမှတ်၆မှတ်ပဲ စုဆောင်းမယ်လို့ ကြားခဲ့တယ်”
အစ်ကိုကြီးက ပြန်ပြောလာ၏။
ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုက မသိသေးပေ။ သူတို့နှစ်ယောက်လုံးက ခြံဝန်းထဲတွင် ရှိနေပြီး အစ်ကိုကြီး ယူလာသော သတင်းကို ကြားပြီးနောက် အံ့အားသင့်သွားကြ၏။ သူတို့က အဖေကျိုးအား လှည့်ကြည့်လိုက်ပြီး တစ်ပြိုင်တည်း ပြောလိုက်သည်။ “အဖေ နေမကောင်းရင် မဖုံးကွယ်ထားပါနဲ့”
“အားလုံးကို လက်လွှတ်နိုင်ပြီ၊ မင်းတို့အဖေကို အနားမပေးချင်ဘူးလား။ သူ့တစ်ဘဝလုံး အလုပ်လုပ်လာရတာ မင်းတို့လည်း ကြီးနေပြီ ငါတို့က အပြည့်အဝ တာဝန်ကျေပြီးပြီ” အမေကျိုးက ပြောလိုက်သည်။
အစတွင် သူတို့ နားမလည်နိုင်ပေ။ သူတို့ ယင်းကို ကြားပြီးနောက် လက်ခံသွားကြ၏။
“ဘာလဲ... မင်းတို့ ကန့်ကွက်ချင်လို့လား” အဖေကျိုးက အနည်းငယ် ကြည့်ပြီး ပြောလိုက်သည်။
“မကန့်ကွက်ပါဘူး မကန့်ကွက်ပါဘူး” ညီအစ်ကိုအားလုံးက ညီညီညာညာ ခေါင်းညိတ်လိုက်ကြသည်။
ဒုတိယအစ်ကိုသည် နားလည်သွားပြီးနောက် တီးတိုးမေးလာသည်။ “အဖေ ရမှတ်၆မှတ်ပဲ ယူမှာကို စတုတ္ထလေးတို့ မိသားစုရော သိလား”
“သူတို့သိတယ်” အဖေကျိုးက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
အမေကျိုးက စိတ်ပူပန်ခဲ့သည်။ သူမနှင့် သူမခင်ပွန်းသည် အသက်၆၅နှစ် ရှိပြီဖြစ်၏။
သူတို့သည် လောင်တနှင့် သူ့ညီများ ဇနီးတစ်ဦး လက်ထပ်နိုင်ရန် ပူပန်ခဲ့ပြီး အလုပ်ကြိုးစားခဲ့သည်။ စိတ်မချရသော မိဘများကြောင့်သာ သူတို့သည် အလုပ်နည်းနည်း ပိုကြိုးစားချင်ခဲ့တာ ဖြစ်သည်။
ထို့ကြောင့်သာ သူတို့က အလုပ်ဆက်လုပ်ခဲ့ခြင်း ဖြစ်၏။
သူတို့ အလုပ်ဆက်လုပ်ရင်းဖြင့် စတုတ္ထလေးတို့မိသားစု အခြေအနေသည် နေ့တိုင်း တိုးတက်လာသည်ကို သိခဲ့ရသည်။
စတုတ္ထလေး၏ဇနီးသည် အလယ်တန်းကျောင်းဆရာမတစ်ဦး ဖြစ်လာပြီး ရွက်သစ်ပမာ ပြောင်းလဲသွားသည်။ လောင်တနှင့် သူ့ညီများကို လိုချင်သူ ပေါများနေသည်။ သူတို့က အလုပ်ကို ခက်ခက်ခဲခဲလုပ်ရန် မလိုတော့ချေ။
ထို့ကြောင့် သူတို့သည် ခက်ခဲသော အလုပ်များ မလုပ်ချင်ကြတော့ချေ။
သို့သော် ထိုဆုံးဖြတ်ချက် မချသေးခင် အမေကျိုးက အငယ်ဆုံးသော ကျိုးချင်းပိုင်ကို အရင် မေးခဲ့သည်။
ကျိုးချင်းပိုင်က ယင်းကို လက်ခံခဲ့သည့်တိုင် သူ့ဇနီးကို ညအချိန်တွင် အသိပေးခဲ့မည် ဖြစ်သည်။ အံ့ဩဖို့ကောင်းသည်မှာ သူ့ဇနီးက မကန့်ကွက်ခဲ့ပေ။
လင်းချင်းဟယ်သည် နောက်နေ့တွင် အဖေကျိုးအား လာတွေ့ပြီး ပြောခဲ့သည်။
အဖေကျိုး၏စိတ်က အပြည့်အဝ အေးချမ်းသွားတော့သည်။
အစ်ကိုကြီး၊ ဒုတိယအစ်ကို၊ တတိယအစ်ကိုတို့ မှင်တက်သွားကြသည်။ သူတို့သည် ယင်းအား လက်ခံကြမည်ဟု မထင်ထားကြပေ။
“စတုတ္ထလေးရဲ့ဇနီးက အခုဆို ပြောင်းလဲသွားပြီပဲ” အစ်ကိုကြီးက အကြီးဆုံးမရီးကို ညပိုင်းတွင် အသိပေးလိုက်သည်။
အကြီးဆုံးမရီးက မှတ်ချက်မချပေ။ သားသမီးဝတ်ကျေပွန်တာချင်း ယှဉ်လျှင် သူတို့သည် စတုတ္ထလေး၏ဇနီးထက် နိမ့်ကျပေသည်။ သို့သော်လည်း သူတို့မိသားစုအခြေအနေအရ စတုတ္ထလေးတို့ မိသားစုနှင့် နှိုင်းယှဉ်ရန် မလိုအပ်ပေ။
“အခုဆို လောင်တနဲ့ သူ့ညီတွေက အလားအလာ သိပ်ကောင်းတယ်။ အဖေ့အလုပ်တွေကို လျှော့လိုက်တာ ကောင်းတာပေါ့။ တကယ်လို့ သူသာ ကောလိပ်ကို ရောက်သွားရင် သူက ပိုပျော်လိမ့်မယ်” အစ်ကိုကြီးက ရယ်မောလိုက်သည်။
“သူသာ စာမေးပွဲ အောင်ခဲ့ရင် ငါတို့အားလုံး ဝမ်းသာကြလိမ့်မယ်” အကြီးဆုံးမရီးက စကားဖြတ်ပြောလိုက်သည်။
သူမသည် လောင်တ စာမေးပွဲအောင်ရန် မျှော်လင့်ထားပေသည်။ စာမေးပွဲ အောင်သွားပါက သူသည် အနာဂတ်တွင် သူ့ညီဝမ်းကွဲများကို ကူညီနိုင်မည် မဟုတ်ပါလော။
ဒုတိယမရီးနှင့် တတိယမရီးတို့သည်လည်း တူညီစွာ တွေးထားပြီး ဖြစ်၏။
ဝမ်လင်နှင့် ဝေးကွာပြီးနောက် ဒုတိယမရီးသည် များစွာ ပြောင်းလဲသွားသော်လည်း သူမသည် အနည်းငယ် အမြင်ကျဉ်းသေးဆဲ ဖြစ်၏။
တကယ်တော့ ယင်းမှာ အမှန်တရားသာ။
လင်းချင်းဟယ်သာ သူမထက် အနည်းငယ်မျှသာ ပိုကောင်းပါက သူမသည် မကျေမနပ်နှင့် မနာလိုပေလိမ့်မည်။
သို့သော် သူမသည် လင်းချင်းဟယ်၏ ထူးချွန်မှုကို လိုက်မမီပါက ကြည့်နေရုံသာ ရှိတော့ပေမည်။ သူမထံတွင် တခြား အပိုအတွေးများများစားစား မရှိပေ။
သူမသည် သူမနှင့် လင်းချင်းဟယ်အကြား ကိစ္စတစ်ခုက သတ်သတ် ဖြစ်ကြောင်း ရှင်းလင်းစွာ သိပေသည်။ ကလေးများသည် ကျိုးမိသားစုမှ ဖြစ်ပေသည်။
လောင်တသာ ကောလိပ်ဝင်ခွင့် ရပါက သူသည် သူ့ညီအစ်ကိုများကို ဘယ်လို မကူညီဘဲ နေမည်နည်း။
တတိယမရီးသည်လည်း ထိုအတွေး ရှိပေ၏။
အချုပ်တွင်မူ လောင်တသည် ကျိုးမိသားစုတွင် တက္ကသိုလ်တက်ရမည့် ကိစ္စဖြင့် အလွန်အမင်း ကျော်ကြားနေလေသည်။
ညတွင် လင်းချင်းဟယ်က လောင်တအား စကားပြောလိုက်သည်။
“သား ဘယ်လို ခံစားရလဲ” လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်၏။
“တကယ်လို့ မင်းက သရဖူကို ဝတ်မယ်ဆိုရင် ဝိတ်ကိုတော့ ခံနိုင်ရမယ်” လောင်တက တည်ကြည်လေးနက်စွာဖြင့် ထိုစကားကို ပြောလာသည်။
လင်းချင်းဟယ်က ကူကယ်ရာမဲ့စွာ ချောင်းဟန့်လိုက်ပြီးနောက်။ “ဖိအားတွေ များနေလား”
“တကယ်တမ်းကျတော့ အဲဒါက အဆင်ပြေပါတယ် သူတို့က ပစ္စည်းတွေ ကျွန်တော့်ကို ပေးချင်တာကိုတော့ လက်မခံနိုင်ဘူး” လောင်တက ခေါင်းယမ်းပြီး ပြောလိုက်သည်။
အခြားကိစ္စများတွင်မူ သူ့ပန်းတိုင်ကို ဆုပ်ကိုင်ထား၍ မည်သို့မျှ မဖြစ်ပေ။ သူသည် အထက်တန်းကျောင်း ပြီးပါက အလုပ်သမား၊ လယ်သမားနှင့် စစ်သားတက္ကသိုလ်သို့ သွားပေလိမ့်မည်။
ကောလိပ်ဝင်ခွင့် စာမေးပွဲကို မသိသေးသော လောင်တ၏ အကြီးမားဆုံး ပန်းတိုင်မှာ အလုပ်သမား၊ လယ်သမားနှင့် စစ်သား တက္ကသိုလ်သာ ဖြစ်လေသည်။
လင်းချင်းဟယ်က အာရုံမထားပေ။ သူသည် တစ်ညနေလုံး အလုပ်လုပ်ခဲ့၍ အနားယူခိုင်းလိုက်သည်။
ပြီးနောက် သူမသည် ကျိုးချင်းပိုင်နှင့်အတူ အခန်းထဲသို့ ဝင်သွားတော့၏။ သူမက ကျိုးချင်းပိုင်ကို လှဲခိုင်းလိုက်ပြီးနောက် သူ့နောက်ကျောကို နှိပ်ပေးလိုက်သည်။
ဤလူသည် အသားအရေကြမ်းတမ်းပေသည်။ ၁၀၀ရာခိုင်နှုန်း ကြမ်းတမ်းသောလူ ဖြစ်သည်။
“ချင်းပိုင် ကျွန်မတို့သားက ကြီးပြင်းဖို့ ပြဿနာတွေ့နေပြီ” လင်းချင်းဟယ်က ရွှင်ပြစွာ ပြောလိုက်သည်။
မူရင်းစာအုပ်ထဲတွင် ဖော်ပြထားပြီး သူမက ဗီလိန်ဟု ခေါ်ခဲ့သော ဗီလိန်သုံးဦးမှာ ထိုသို့ ဖြစ်လာလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
သို့ရာတွင် ဗီလိန်များမှာ ဗီလိန်တွေ မဟုတ်တော့ပေ။ သူတို့က ဘယ်တော့မှ ဖြစ်လာတော့မည် မဟုတ်ချေ။
ဇာတ်ကွက်သည် သူမကြောင့် ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။ ညီအစ်ကိုသုံးဦးမှာ ကိုယ်ကျင့်တရား ခိုင်မာသွားချေပြီ။ သူတို့သည် အလွန်စဉ်းစားတတ်ပြီး ပြဿနာများ ဖြစ်တော့မည် မဟုတ်ချေ။