အခန်း၂၁၅
Viewers 51k

အခန်း (၂၁၅) - လွတ်မြောက်ခြင်း


အပြောခံရပြီးနောက် တတိယမောင်လေးလင်းက စကားပြောတော့ပေ။ 


လင်းချင်းဟယ်က သူ့ကို ထပ်မကြည့်တော့ပေ။ သူမမောင်လေးက ကြင်နာပြီး ရိုးသားသည်။ ဤမကောင်းသော ဝါးမိသားစုက ကောင်းမွန်သည့် အညွှန့်တစ်ခုကိုသာ မွေးထုတ်ထားခဲ့၏။ မဟုတ်ပါက သူမက သူနှင့် အဆက်အဆံ လုပ်မည် မဟုတ်ပေ။ 


ဒုတိယအစ်ကိုလင်းက တတိယမောင်လေးလင်းကို ဘာမှကောင်းတာ မလုပ်ပေးဖူးဘူး။ နောက်ဆုံးအကြိမ် တတိယမောင်လေးလင်း ရွေ့ပြောင်းလိုတော့ ဒုတိယအစ်ကိုလင်းက သူ့ကို မိသားစုကနေ ခွဲထုတ်ဖို့ မကြာခဏ ပြောလေ့ ရှိသည်။ 


ယင်းက တတိယယောက်မက သူမကို သီးသန့် ပြောပြခဲ့တာ ဖြစ်၏။ 


သို့သော်ငြား ယခုတွင်မူ ဒုတိယအစ်ကိုလင်းတွင် တစ်ခုခု ဖြစ်ပွားခဲ့ပြီး တတိယမောင်လေးလင်းက သူ့ကို ကူညီပေးဖို့ ပျော်ရွှင်စွာ ပါဝင်နေသေးသည်။ 


အဖေလင်းနှင့် အမေလင်းက သူတို့သမီး ဤကိစ္စကို ဝင်ပါဖို့ စိတ်မဝင်စားတာကို ပြောနိုင်သည်။ အမေလင်းက ပြကွက်လုပ်တာကို ရပ်လိုက်၏။ သူမ မျက်လုံးများက လင်းချင်းဟယ်ကို ဝါးစားတော့မလို ကြည့်နေသည်။ 


“နင်က ဒုတိယအစ်ကိုကို မကူညီရင် ဒီအဘွားကြီး ဒီမှာပဲ သေလိုက်တော့မယ်” အမေလင်းက ထရပ်ပြီးတော့ ပြင်းပြင်းထန်ထန် ဟစ်ကြွေးလိုက်သည်။ 


“ပြီးရင် ကျွန်မက ငွေနည်းနည်းနဲ့ ရှင့်အတွက် အသုဘကို လှလှပပ မြှုပ်နှံပေးလိုက်မယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။ 


သူမကို ခြိမ်းခြောက်တာလား။ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ သူတို့က တစ်ကြိမ်ခြိမ်းခြောက်ပြီးရင် နှစ်ကြိမ် ဖြစ်နိုင်တယ်။ ယခုက ဒုတိယအစ်ကိုလင်းရဲ့ကိစ္စမှာ နောက်တစ်ကြိမ်ဆိုတာ မရှိစေရဘူး။ 


ထို့ကြောင့် သူမက ဤကိစ္စကို ခွင့်ပြုမည် မဟုတ်ပေ။ 


“ကောင်းတယ် သိပ်ကောင်းတယ်။ နင့်ကို ငါသေတာ မြင်စေရမယ်” အမေလင်းက ကြေညာပြီးနောက် ချက်ချင်း နံရံဆီသို့ တစ်ဟုန်ထိုး ပြေးသွားလိုက်သည်။ 


လင်းချင်းဟယ်က မျက်တောင်တစ်ချက်မျှ မခတ်ပေ။ တတိယမောင်လေးလင်းသာလျှင် သူမကို လျင်မြန်စွာ တားဆီးလိုက်၏။ “အမေ.. စကားနဲ့ပြောပါ။ သေဖို့ မလုပ်ပါနဲ့”


“နင် နှလုံးသားမဲ့တဲ့လူ။ ငါ နင့်ကို မွေးပြီးတော့ စောင့်ရှောက်ခဲ့ရတာ။ နင်က အခု ဒီလိုနည်းနဲ့ ပြန်ပေးဆပ်လိုက်တာပေါ့။ နင် ကြည့်ထား။ နင့်အမေက နင့်ရှေ့မှာပဲ သေပြမယ်” အမေလင်းက သူ့သားကို လျစ်လျူရှုပြီး လင်းချင်းဟယ်ကို တိုက်ရိုက်စိုက်ကြည့်လိုက်သည်။ 


သူမက နံရံကို ဝင်တိုက်ပြီး သေတော့မလို ဖြစ်သည့်တိုင် သူမက ဂရုမစိုက်သေးပေ။ သူမက စကားတစ်ခွန်းမျှပင် မဆိုခဲ့။ ထိုအပြုအမူမှာ သူမက သူမအမေ မဟုတ်သည့်အတိုင်းပင်။ 


“အဘွားကြီး... ရှင့်သမီးက သေသွားပြီ။ သူမက သူမမိသားစုဆီကို ငွေရေးကြေးရေး အကူအညီပေးဖို့ လာမေးတုန်းက ဘာမှမရခဲ့ကတည်းက သေပြီးသွားပြီ။ ရှင်က ကျွန်မကို ပြဿနာတွေ လုပ်နေရင်တောင် ကျွန်မက ရှင့်ကို ဂရုစိုက်မှာ မဟုတ်ဘူး” လင်းချင်းဟယ်က စိတ်မပါလက်မပါ ပြောလိုက်သည်။ 


“တော်လောက်ပြီ။ ငါမင်းကို ပြောမယ်။ မင်းက အလေးမထားရင်တောင် ငါက မင်းအမေ ဖြစ်နေတုန်းပဲ” အမေလင်းက အံကြိတ်ပြီး ပြောသည်။ 


“ဘာကိစ္စမှ မရတော့ရင် မြန်မြန်ပြန်တော့... မကြာခင် ကျွန်မယောက္ခမက ပြန်လာတော့မှာ။ ဒါကို ဒီအတိုင်း လွယ်လွယ်နဲ့ ချထားလိုက်မှာ မဟုတ်ဘူး။ အရင်နေ့တွေတုန်းက ကျွန်မယောက္ခမက ရွာထဲက မိန်းမတွေကို စုပြီးတော့ ဒုတိယအစ်မကို ကူညီဖို့ ဒုတိယအစ်မရဲ့ ယောက္ခမနဲ့ မရီးကို သွားရိုက်ခဲ့တာ။ ဘယ်သူမှ ဘာမှမပြောရဲကြဘူး” လင်းချင်းဟယ်က ပြောလိုက်သည်။ 


အမေလင်းသည် အားနည်းသူကို ဖိနှိပ်တတ်ပြီး အားကြီးသူကို ကြောက်တတ်သူ ဖြစ်ကာ ၎င်းကို ကြားပြီးနောက် သူမ၏ အမူအရာက ပြောင်းလဲသွား၏။ 


ဤအကြောင်းကို သူမ ကြားပေသည်။ တကယ်တမ်းတွင် ကျိုးကျားရွာသည် လင်းအိမ်ဟောင်းနှင့် သိပ်မဝေးပေ။ မည်သို့ပင် ဖြစ်စေ ဤကိစ္စကို သတိပြုမိ၏။ လူတွေကို စုပြီးတော့ တခြားသူကို သွားရိုက်ခဲ့သည်။ ယင်းသတင်းက ပျံ့နှံ့ပြီး ဖြစ်လေသည်။ 


“ချင်းပိုင်က မင်းရဲ့ဒုတိယအစ်ကိုကို ကူညီပေးရင် ငါတို့ မင်းကို နောင်မှာ လာမရှာတော့ဘူး။ လင်းမိသားစုနဲ့ ဆက်ဆံရေးကို ဖျက်ချင်ရင်လည်း ပြဿနာမရှိဘူး” အဖေလင်းက အံကြိတ်ပြီး ပြောလိုက်သည်။ 


“ဒါက ဘာပြဿနာမရှိ မရှိဘူး။ ကျွန်မဘက်ကနေပဲ ဖြတ်တောက်လိုက်မယ်။ ရှင်တို့ဘက်ကို ထိန်းသိမ်းတာက ရှင်တို့ကိစ္စပဲ။ ကျွန်မနဲ့ ဘာမှလုပ်ဖို့ မရှိဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မဆီကနေ တစ်ပြားတောင် ရဖို့ မစဉ်းစားနဲ့။ ဒါပေမဲ့ ရှင်တို့ မရှိတော့ရင်တော့ ကျွန်မက ကုတို့ခနည်းနည်း ပေးမှာပါ” လင်းချင်းဟယ်က နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။ 


“ဒါဆို ငါ့ကိုပြော ဒီကိစ္စကို ကူညီဖို့ ဘာလိုတာလဲ” အဖေလင်းက သူမကို စိုက်ကြည့်လိုက်သည်။ 


“ဒုတိယအစ်ကိုလင်းရဲ့ ကိစ္စကို စစ်ဆေးဖို့ ကိုယ်မြို့ကို သွားလိုက်မယ်” ကျိုးချင်းပိုင်က အပြင်မှ ဝင်လာပြီးနောက် ပြောသည်။ 


လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ကို ကြည့်ကာ ပြောလိုက်သည်။ 


“ရှင် အလုပ်မသွားဘူးလား။ ဘာလို့ ပြန်လာတာလဲ။ ပြီးတော့ ရှင် ဒုတိယအစ်ကိုလင်းကိစ္စကို ကူညီဖို့ မလိုဘူး”


“ကိုယ် စစ်ကြည့်လိုက်မယ်” ကျိုးချင်းပိုင်က သူမကို ယုံကြည်စိတ်ချရသော အကြည့်ဖြင့် ကြည့်လိုက်သည်။ 


လင်းချင်းဟယ်က အဖေလင်းနှင့် အမေလင်းကို ပြောလိုက်သည်။ 


“ကောင်းကောင်းနားထောင်၊ ကျွန်မတို့ ချင်းပိုင်က စစ်ဆေးကြည့်ဖို့ပဲ သဘောတူတာ။ ဒုတိယအစ်ကိုလင်းက ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာ။ သူက အပြစ်ပေးခံရမှာပဲ။ လွတ်မှာလား၊ ဒါမှမဟုတ် လွတ်ပြီးရင် ဘာဖြစ်မှာလဲ ဆိုတာကတော့ ရှင်တို့ဖာသာ ဖြေရှင်းရမှာပဲ။ နောင်မှာ ကျွန်မမိသားစုကို လာတိုက်ခိုက်ရဲရင်... ကျွန်မက လူတွေကို ခွေးနဲ့ကိုက်ခိုင်းလိုက်မယ်” 


အဖေလင်းနှင့် အမေလင်းက သူမ၏အကြင်နာမဲ့မှုကို သိနားလည်သည်။ သူတို့က ကျိုးချင်းပိုင်ဘက် လှည့်လိုက်၏။ ကျိုးချင်းပိုင်က သူ့ကို လျစ်လျူရှုထားလိုက်သည်။ “ကျွန်တော့်ဇနီးက မိသားစုမှာ နောက်ဆုံးဆုံးဖြတ်ခွင့် ရှိသူပဲ”


လူအိုစုံတွဲက သွေးအန်လုမတတ် ဖြစ်သွားတော့သည်။ 


ကျိုးချင်းပိုင်က စုံစမ်းမေးမြန်းရန် သွားရမည်။ သူက စက်ဘီးကို စီး၍ မြို့သို့ သွားလိုက်သည်။ 


ဒုတိယအစ်ကိုလင်းက မနေ့ညက အဖမ်းခံရခြင်းဖြစ်သည်။ ကျိုးချင်းပိုင် သူ့ကို မြင်သောအခါ ဒုတိယအစ်ကိုလင်းမှာ ဖရိုဖရဲဖြစ်အောင် ရိုက်နှက်ခံထားရ၏။ 


“ချင်းပိုင်၊ ခဲအို... မြန်မြန်... မြန်မြန် ငါ့ကို ကယ်ပေးပါ။ ငါ့ကို ဒီကနေ ထုတ်ပေးပါ” ဒုတိယအစ်ကိုလင်းက အော်ဟစ်ပြီး ခခယယ ပြောသည်။ 


သို့သော် သူ့ ထိုနေရာသို့ မရောက်မီတွင် လက်ပတ်နီစစ်သား၏ ကန်ချက်ကို ခံလိုက်ရသည်။ 


ဒုတိယအစ်ကိုလင်းက လေပင် မလည်ရဲတော့ချေ။ သူက ကျိုးချင်းပိုင်ကို သနားစရာမျက်လုံးများဖြင့်သာ ကြည့်နေတော့သည်။ 


ကျိုးချင်းပိုင်က သူ့ကို လျစ်လျူရှုထားလိုက်ပြီး သူ၏သွေးသောက်ရဲဘော်ကို ရှာရန် ထွက်လာခဲ့လိုက်သည်။ 


“သူ့ကိစ္စက သိပ်မကြီးဘူး။ မုဆိုးမက သူနဲ့ ဘာမှမလုပ်ခဲ့ဘူးလို့ ပြောတယ်။ သူက ရည်ရွယ်ချက် ရှိခဲ့ရုံပဲ။ ဒါကြောင့် သူက အရိုက်ခံထားရတာ။ မင်း သူ့ကို ပြန်ခေါ်သွားလို့ ရတယ်” သူ့သွေးသောက်ရဲဘော်က ဖိုင်တစ်ခုကို ထုတ်ယူပြီးနောက် ပြောသည်။ 


မုဆိုးမက အံကြိတ်၍ သူတို့ အဆက်အသွယ်မရှိကြောင်း ဆိုခဲ့သည့် အကြောင်းမှာ ယင်းသို့ဖြစ်ခဲ့ပါက သူမလည်း မလွတ်မြောက်နိုင်ပေ။ 


ဒုတိယအစ်ကိုကလည်း သူ့ကို မှားယွင်းစွပ်စွဲသည်ဟု ဆိုခဲ့သည်။ လူနှစ်ဦး၏ ထွက်ဆိုချက်မှ တူညီနေ၏။ သူတို့က အခင်းဖြစ်ရာမှာ ဖမ်းမိပြီး ငြင်းဆန်မရနိုင်သော ဝမ်လင်နှင့် ကျိုးဟယ်တို့နှင့် မတူညီချေ။ 


ထို့ကြောင့် လောလောဆယ် နှိပ်စက်သောအဆင့်၌သာ ရှိသည်။ စီရင်ချက် မချရသေးချေ။ 


သို့သော် ကျိုးချင်းပိုင်သာ မလာခဲ့ပါက ထိုကိစ္စက ဆက်သွားမည် ဖြစ်သည်။ ကျိုးချင်းပိုင်လာခဲ့၍ သူက လွတ်မြောက်နိုင်ခြင်း ဖြစ်၏။ 


ကျိုးချင်းပိုင်က မုဆိုးမနှင့် ဒုတိယအစ်ကိုလင်းကို ဦးဆောင်၍ ခေါ်ထုတ်လာသည်။ 


သူက ဒုတိယအစ်ကိုလင်း လမ်းမလျှောက်နိုင်တော့သည့်အချက်ကို ဂရုမစိုက်ပေ။ သူက သူ့ဇနီး၏ ညွှန်ကြားချက်ကို အမြဲ နားထောင်သည်။ သူသာ မထုတ်နိုင်လျှင် သူက ဝင်စွက်ဖက်မည် မဟုတ်ပေ။ အကယ်၍ သူလုပ်နိုင်ပါက သူ ထုတ်ပေးပြီးနောက် သူ(ဒုတိယအစ်ကိုလင်း) သေသေရှင်ရှင် ဂရုစိုက်မည် မဟုတ်ချေ။ 


ကျိုးချင်းပိုင်သည်လည်း ဒုတိယအစ်ကိုလင်းကို မနှစ်သက်၊ ထို့ကြောင့် သူက ထုတ်ပေးပြီးနောက် ပြီးသွားပြီဖြစ်သည်။ သူ့ဇနီး၏ ညွှန်ကြားချက် မရှိလျှင်ပင် သူက ဤနေရာတွင်ပင် လမ်းခွဲရန် စီမံထားပြီး ဖြစ်ပေသည်။ 


ဒုတိယအစ်ကိုလင်းနှင့် မုဆိုးမနှစ်ယောက်လုံး ရွာသို့ ပြန်လာကြသည်။ သူတို့က ဆိုးဆိုးရွားရွား အရိုက်ခံထားရပြီး ဒဏ်ရာများ ရရှိထားသော်ငြား နောက်ဆုံးတွင် သူတို့ လွတ်မြောက်လာကြသည်။ 


ထိုမျှမက သူတို့က တရားသေလွတ်လာခြင်း ဖြစ်၏။ 


ဒုတိယအစ်ကိုလင်းက ရွာထဲရှိ စွပ်စွဲသူများကို ဆူဆဲတော့သည်။ မုဆိုးမသည်လည်း ပါဝင်ကာ သူတို့၏ ၁၈ပါးသော ဘိုးဘေးများကိုပင် ဆဲဆိုတော့သည်။ 


အကြောင်းမှာ သူတို့နှစ်ယောက်လုံးသည် အခင်းဖြစ်ရာ၌ မည်သူမျှ မဖမ်းမိသောကြောင့် မှန်ကန်သူများ ဖြစ်နေပြီး ယင်းက အတင်းအဖျင်းများ ဖြစ်သွားတော့သည်။ ထို့ကြောင့် သူတို့နှစ်ယောက် ပတ်သတ်ခြင်း ရှိမရှိကို မည်သူမျှ မသိကြချေ။ 


အဆုံးတွင် နှစ်ယောက်သားက သေခြင်းတရား၏စုတ်ချက်ဖြင့် နီးကပ်သွားဖူးပေသည်။ 


မြို့ပြင်မှ လက်ပတ်နီစစ်သားအုပ်စုသည် ခရိုင်မြို့တစ်ခုလုံး ခရိုင်မြို့တော်တစ်ခွင်လုံးရှိ ကျေးလက်နေလူထုကို အထိတ်တလန့် ဖြစ်စေခဲ့သည်။ 


ယင်းက ဇွန်လလယ်အထိ ဖြစ်သည်။ ထိုလူများ ပြန်ထွက်သွားသောအခါ ခရိုင်အတွင်းရှိ လူတိုင်း စိတ်သက်သာရာ ရသွားကြသည်။ 


ထိုသူများ ဤနေရာတွင် ရှိစဉ်က ခရိုင်မြို့၏လမ်းပေါ်တွင် မည်သူမျှ စကားသံကျယ်ကျယ် မပြောဝံ့ကြချေ။ 


ဇွန်လလယ်တွင် မိုးရွာသွန်းခဲ့ပြီး လူတိုင်းက ထိုအရာများကို စိတ်ထဲ မရှိကြတော့ပေ။ နွေရာသီရိတ်သိမ်းချိန် နီးလာပြီး မိုးက သည်းထန်စွာ ရွာနေခဲ့သည်။ လူတိုင်းက အစွန်အဖျားတွင် ရှိနေကြသည်။ 


ဒီလိုသာ ဆက်ဖြစ်နေရင် ဘယ်လို ရိတ်သိမ်းကြမလဲ။ 


အခြားသူများ မဆိုထားနှင့် ကျိုးချင်းပိုင်ပင် မျက်မှောင် အနည်းငယ် ကြုတ်မိနေသည်။ ဤမိုးကား ရက်နည်းနည်းဖြင့် ရပ်မည့်ပုံမပေါ်ပေ။ 


အမှန်တကယ်ပင် မိုးက ဇွန်လကုန်အထိ ရွာသွန်းခဲ့သည်။ လူတိုင်း၏ နှလုံးသားထဲတွင် ထိတ်လန့်လာချိန်၌ မိုးက စဲသွားခဲ့သည်။ 


နွေရာသီရိတ်သိမ်းမှု နိုးဆော်ချက်က မိုးရပ်ပြီး ပထမနေ့၌ပင် စတင်ခဲ့သည်။ လူတိုင်းက စတင် လှုပ်ရှားကြတော့သည်။