အခန်း၂၁၇
Viewers 38k

အခန်း (၂၁၇) – ခရိုင်အဆင့် နံပါတ် ၁


ကျိုးချင်းပိုင်က အိမ်ပြန်ရောက်တာ နောက်ကျပေမယ့် လင်းချင်းဟယ်သည် သူမယောကျာ်းအကြောင်းကို ကောင်းကောင်းသိသည်။


“ဘာမှ မဟုတ်ပါဘူး။” ကျိုးချင်းပိုင်က သူ့ဘောင်းဘီကို လဲဝတ်လိုက်ပြီး သူ့ဇနီးသည်နှင့် အတူအိပ်စက်ဖို့ ပြင်ဆင်သည်။


လင်းချင်းဟယ်က ကျန်းမာရေးကောင်းမွန်သည်။ ခဏလောက် အိပ်စက်ပြီးနောက် သူမသည် စွမ်းအင်ပြည့်ဝလာခဲ့သည်။ ဒါဆို သူမမှာ သူ့ကို ညစ်ပတ်တဲ့ တစ်ခုခုကို ပြုလုပ်စေချင်တဲ့ ဆန္ဒရှိနေတာလား။


ကျိုးချင်းပိုင်က တိုးတိုးလေးရယ်ပြီး သူမနှင့်အတူ တစ်ကြိမ်လောက် လူးလိမ့်ခဲ့သည်။ လင်းချင်းဟယ်သည် စိတ်ကျေနပ်သွားပြီး သူမ ခင်ပွန်းသည်ကို ပွေ့ဖက်ရင်း အိပ်ပျော်သွားခဲ့သည်။


နောက်တစ်နေ့တွင် မနေ့ညက ဖြစ်ပျက်ခဲ့တာကို သူမ ပြန်ကြားလိုက်ရသည်။


မနေ့ညက ရိက္ခာတွေကို အခြောက်လှန်းထားတဲ့ခြံဝင်းထဲက ရိက္ခာတွေကို လူတစ်ယောက်က ခိုးယူဖို့ ရဲရဲဝင့်ဝင့် ကြံစည်ခဲ့သည်။


နေ့တိုင်း ရိက္ခာတွေကို အ‌ခြောက်လှန်းထားတဲ့ခြံဝင်းကို စောင့်ရတဲ့ လူတစ်ယောက်က အမြဲရှိသည်။ မထင်မှတ်ထားပဲ၊ မနေ့တုန်းက တစ်စုံတစ်ယောက်ဟာ ရိက္ခာတွေကို ခိုးယူသွားကြောင်း တွေ့ရှိခဲ့ရသည်။


ကျိုးချင်းပိုင်သည် အစပိုင်းမှာ ရေကူးနေသော်လည်း ထိုသတင်းကို ကြားသောကြောင့် သူက ကူညီပေးခဲ့သည်။ ထို့အပြင်၊ သူခိုးဟာ အသိအကျွမ်းဟောင်းတစ်ဦး ဖြစ်သည်။


သူကတော့ တခြားသူ မဟုတ်ပါ၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းကြောင့် မိန်းမစိုးအဖြစ် ပြောင်းသွားခဲ့သော ကျိုးဟဲပင် ဖြစ်သည်။


တခြားသူတွေရဲ့ အသက်သွေးတွေကိုတောင် သူက နင်းချေနေခဲ့ပြီ ဖြစ်သည်။ အခု ဒီလူက အရာအားလုံးကို တကယ်လက်လျှော့လိုပြီ။ သူက ဘာအလုပ်မှ မလုပ်သလို မကောင်းမှုမှန်သမျှကိုပါ ကျူးလွန်ချင်နေခဲ့သည်။


ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။


ရိက္ခာတွေကို နေလှန်းထားတဲ့ခြံဝင်းက အစောင့်ရဲ့ ပြောပုံအရ နွေစပါးရိတ်သိမ်းချိန်မှစ၍ ညသန်းခေါင်တွင် လှုပ်ရှားမှုအချို့ မြင်မိပုံရသည်။ ဒါပေမယ့် သူက ခြံစောင့်ရင်းနဲ့ တစ်ရေးတစ်မော အိပ်တာကြောင့် ဒါက အမြင်မှားတာလို့ သူ ထင်ခဲ့သည်။


ထို့အတွက်ကြောင့် ကျိုးဟဲရဲ့ ရဲစွမ်းသတ္တိဟာ မြင့်မားလာခဲ့သည်။ ကောင်းပြီ၊ ဘယ်သူ သိမှာမို့လဲ၊ သူ ရိက္ခာတွေကို ဒီထက် ပိုလိုချင်တယ်။ ဒီလိုနဲ့ ဒီတစ်ခါ လှုပ်ရှားမှုက ပိုကျယ်ပြန့်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် ညဥ့်နက်သန်းခေါင်အချိန်တွင် သူ့ကိုယ်သူ စိတ်သက်သာရာရအောင် အားပေးပြီး ခိုးယူရန် ပြေးဝင်သွားခဲ့သည်။


ကျိုးဟဲက တံခါးမင်းတုံးကို ဖြုတ်ချလိုက်သည်။ ဒီတစ်ခါမှာတော့ သူက အတော်လေး ကံမကောင်းပေ။ သူက အဆိုင်းပြောင်းဖို့လာတဲ့ ခေါင်းဆောင်ရဲ့သားနှင့် ချိုင်အိမ်ဟောင်းမှ ဒုတိယမြောက်သားတို့နဲ့ ဆုံခဲ့သည်။


ဒါ့ကြောင့် သူ ဖမ်းမိသွားသည်။


အိမ်တွေနဲ့ဝေးတော့ ဘာအသံမှ မကြားရဘူး။


ကျိုးချင်းပိုင်သည် မြစ်ကမ်းဘေးမှ လှုပ်ရှားမှုအချို့ကို သတိပြုမိပြီး သွားရောက်စစ်ဆေးခဲ့သည်။ သူက ဒါကိုတွေ့တော့ ကျိုးဟဲရဲ့ ရိက္ခာခိုးယူခြင်းဖြစ်စဥ်ကို စစ်ဆေးမေးမြန်းနေမှုအား ကြည့်ရှုခဲ့သည်။


ဒါ့ကြောင့် သူအိမ်ပြန်လာတာ နောက်ကျသွားသည်။


ကျိုးဟဲသည် ယနေ့ မနက်အစာပိုင်းတွင် ထွက်ခွာသွားခဲ့ရသည်။


သူက ဘာကိုမှ ယူမသွားနိုင်ခဲ့ဘူး။ ဒီအချိန်မှာ မပြောအပ်၊ မလုပ်အပ်ဟု တားမြစ်အခံရဆုံးအရာက ရိက္ခာခိုးယူခြင်း မပြုလုပ်ဖို့ပါပဲ။ ကျိုးဟဲမှာ ယခင်က ပြစ်မှုကျူးလွန်ဖူးသည့် မှတ်တမ်းဟောင်း ရှိသည်။ အခု သူဟာ ပြစ်မှုကျူးလွန်ပြီးသူဖြစ်၍ ပြစ်မှုကိုတွေကို ဆက်လက်ကျူးလွန်ကာ ရိက္ခာတွေကိုပင် ခိုးယူလိုက်သေးသည်။ ထို့အပြင်၊ သူက ရိက္ခာတွေကို ကျင်း ရာနဲ့ချီ ခိုးယူခဲ့တာ ဖြစ်သည်။


အကယ်၍ သူသည် ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ပေးခြင်း မခံရပါက၊ ဒါမျိုးကို နောက်တစ်ကြိမ် ထပ်ကာထပ်ကာ ပြုလုပ်ပေလိမ့်မည်။ အနာဂတ်မှာ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်မလဲ။


ထို့ကြောင့် ကျိုးဟဲသည် သနားစရာကောင်းသော ကံတရားနှင့် တွေ့ကြုံခဲ့ရသည်။ ဒီတစ်ကြိမ် သူ့ကို ပြန်လည်ထူထောင်ဖို့ စေလွှတ်ခံခဲ့ရသည်။ သူ့ဘဝက ဒီထက် ပိုကောင်းမွန်လာမှာ မဟုတ်ဘူး။


ထိုအခြင်းအရာကြောင့် ရွာသူရွာသားတွေဟာ ကျိုးဟဲရဲ့ မိသားစုကို ဝေဖန်ခဲ့ကြသည်။ တစ်မိသားစုလုံး အရှက်တကွဲ အကျိုးနည်းဖြစ်ရသည်။


လင်းချင်းဟယ်က ဒီကိစ္စကို ကြားသိပြီးနောက် ဒီအတိုင်းပဲ ထားလိုက်သည်။ နေ့လည်ခင်းတွင် အစားအသောက်တွေကို လယ်ထဲ သွားပို့ပေးသည်။


ဒီနေ့ နေ့လည်စာက အစပ်ခေါက်ဆွဲအေးဟင်းလျာ မဟုတ်ဘူး။ သူမ ထိုဟင်းလျာကို ညနေကျမှ ချက်ပြုတ်မှာပဲ ဖြစ်သည်။ နေ့လည်စာအတွက် မန်ထို၊ ပဲပင်ပေါက်ဟင်းလျာတစ်ပန်းကန်နှင့် ငရုတ်သီးစိမ်းနဲ့ဝက်သားကြော်တို့ပဲ ဖြစ်သည်။ လူတစ်ဦးချင်းစီအတွက် ကြက်ဥပြုတ်တစ်လုံးလည်း ရှိပါသေးသည်။ အရံဟင်းဘူးထဲတွင် နံရိုးရေညှိစွပ်ပြုတ်လည်း ပါရှိခဲ့သည်။

 

ကျန်တာကတော့ မတ်ပဲစွပ်ပြုတ်တစ်အိုးပဲ ဖြစ်သည်။ ဒါကို စစ်တပ်သုံးရေဘူးထဲတွင် ထည့်ထားသောကြောင့် သူတို့ သောက်ချင်သည့်အချိန်မှာ ပန်းကန်လုံးထဲ လောင်းချပြီး သောက်သုံးနိုင်သည်။


နွေစပါးရိတ်သိမ်းချိန်သည် ဆောင်းဦးရိတ်သိမ်းချိန်လောက် မပင်ပန်းသော်လည်း အထူးသဖြင့် ယခုအချိန်တွင် နေအပူရှိန် အမှန်တကယ် ဆိုးရွားနေသောကြောင့် လျှော့မတွက်သင့်ပေ။


ပြောရမယ်ဆိုရင် နေအပူရှိန် ပိုမြင့်လေ လူတိုင်း ပိုပျော်လေပါပဲ။ အဘယ့်ကြောင့်ဆိုသော် ကောက်နှံများကို ရိတ်သိမ်းပြီးနောက် လျင်မြန်စွာ အခြောက်ခံနိုင်ပြီး အများပြည်သူပိုင် ကောက်နှံများကို အိတ်တွေထဲသို့ ဖြည့်တင်းရရှိတော့မှာကြောင့်ပဲ ဖြစ်သည်။


ပြည်သူ့ရိက္ခာဖြန့်ဖြူးရေးအဖွဲ့က ရိက္ခာတွေ ဝေငှပြီးရင် လူတိုင်းရဲ့ စိတ်နှလုံး အေးချမ်းတည်ငြိမ်သွားနိုင်ပြီ။ ဒီခေတ်ဒီအခါမှာ ပြည်သူ့ရိက္ခာဖြန့်ဖြူးရေးအဖွဲ့သို့ ရိက္ခာတွေ ပြန်မအပ်နိုင်ပဲ ထုတ်ယူစားသုံးတာက ရှက်စရာကောင်းသည်။ ဘယ်နေရာကိုသွားသွား မျက်နှာငယ်ရသည်။


ဒီနှစ် နွေရာသီမှာ ကျိုးချင်းပိုင်သည် ယုန်တွေကို ဖမ်းဆီးရန် စောင့်မျှော်နေသော်လည်း ကံမကောင်းစွာဖြင့် ယုန်တစ်ကောင်မျှ မတွေ့ရသောကြောင့် သူ မည်သည့်ယုန်ကိုမျှ မဖမ်းမိခဲ့ပါ။ တခြားသူတွေက မြင်တွေ့ခဲ့ရပေမယ့် ဘယ်သူမှ မဖမ်းမိခဲ့ကြပေ။


ဒါက ကလေးတွေကို စိတ်ပျက်စေခဲ့သည်။ သူတို့ဟာ ဒီအချိန်ရောက်တိုင်း ယုန်သား စားရလေ့ရှိသည်။ နွေစပါးရိတ်သိမ်းချိန်နှင့် ဆောင်းဦးရိတ်သိမ်းချိန်တိုင်း သူတို့ဟာ ယုန်သား စားရသည်။ ဒီနှစ်နွေစပါးရိတ်သိမ်းချိန်မှာတော့ မစားခဲ့ရဘူး။


လူကြီးတွေကတော့ ဒါကို စိတ်ထဲမထားပေ။ ရာသီဥတုကို ကြည့်ရတာ မကြာခင်မှာ မိုးရွာတော့မယ့်ပုံပေါ်သဖြင့် သူတို့ဟာ ကောက်နှံတွေကို မြန်မြန်ရိတ်သိမ်းနိုင်ဖို့ မျှော်လင့်နေခဲ့ကြသည်။


နွေစပါးရိတ်သိမ်းမှုဟာ တစ်လခွဲအတွင်း လျင်မြန်စွာ ပြီးစီးသွားခဲ့သည်။ ဒီနှစ်၏ ရိတ်သိမ်းရရှိမှုဟာ မနှစ်ကထက် နည်းတယ်။ ဒါတောင် အများကြီး မလျော့နည်းခဲ့ပါဘူး။ အနည်းဆုံး လူတိုင်း ဆာလောင်တော့မှာ မဟုတ်ပါဘူး။ ဆောင်းဦးရိတ်သိမ်းချိန်အထိ စားလို့ရနိုင်ပါသေးသည်။


ထို့နောက် ပိုမိုရင့်လာမည့် ကောက်နှံများ ရှိလာမည်ဖြစ်ပြီး အချိန်တန်ရင် သူတို့ ပိုမိုစုဆောင်းနိုင်လိမ့်မည်။


ကောက်နှံတွေ ရိတ်သိမ်းပြီး ရက်အနည်းငယ်အကြာတွင် လူတိုင်း ဆောင်းဦးရိတ်သိမ်းချိန်အတွက် မျိုးစေ့အသစ် တစ်သုတ်ကို ချက်ချင်း စိုက်ပျိုးခဲ့ကြသည်။


မိုးတွေက တအားတက်လာသည်။ မျိုးစေ့ကြဲပြီး သိပ်မကြာခင်မှာပင် မိုးသည်းထန်စွာ ရွာချလာခဲ့သည်။


ဤအရာက လူတိုင်းကို မျိုးစေ့ချပြီး ရေလောင်းရခြင်းမှ ကယ်တင်ခဲ့သည်။ လူတိုင်း အနားယူနိုင်သွားပြီ။


တစ်ချိန်တည်းမှာပင် လောင်တ၏ အထက်တန်း‌ကျောင်းဝင်ခွင့်စာမေးပွဲ ရလဒ်တွေကို ထုတ်ပြန်ခဲ့ပြီး လင်းချင်းဟယ်သည် သူ့ရလဒ်တွေက မဆိုးနိုင်ဘူးလို့ အစကတည်းကပင် ကြိုတင်တွက်ဆထားသည်။


သို့ရာတွင် သူမ သားလေးက ခရိုင်တွင် ပထမအဆင့် ဖြစ်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။


ထိုရလဒ်ထွက်လာသောအခါ မိဘတွေဖြစ်သည့် ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ဟာ အလွန်တည်ငြိမ်နေကြသော်လည်း အဖိုးအဖွားတွေဖြစ်သည့် အဖေကျိုးနှင့် အမေကျိုးတို့ကတော့ အလွန်ပျော်ရွှင်နေခဲ့ကြသည်။


ခရိုင်အဆင့် နံပါတ် ၁။ သူတို့ရဲ့ အကြီးဆုံးမြေးက ဒီတစ်ခါ အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကို ဖြေဆိုခဲ့ပြိး ခရိုင်မှာ ပထမ ရပါသည်။ ဒီခရိုင်မှာ အလယ်တန်းကျောင်းသားတွေ အများကြီး ရှိပေမယ့် သူတို့မြေးက အဆင့် ၁ ဖြစ်သည်။


အဲ့တာ သူတို့ကို ဘယ်လိုလုပ်ပြီး မပျော်ပဲ မနေနိုင်မှာတဲ့လဲ။


ခေါင်းဆောင်ကပင် သူ့ကို ချီးကျူးဂုဏ်ပြုဖို့ ရောက်လာခဲ့ပြီး ကျိုးမိသားစုက ကောလိပ်ကျောင်းသားတစ်ဦး မွေးထုတ်ပေးနိုင်တော့မည်ဟုပင် ဆိုလာခဲ့သည်။


ခရိုင်၏ အဆင့် ၁က ကောလိပ် မတက်နိုင်ဘူးဆိုရင် ဘယ်လိုအရည်အချင်းမျိုးနဲ့မှ ကောလိပ်တက်နိုင်မယ်လို့ ဆိုနိုင်မှာလဲ။


ပြီးတော့ လောင်တ၏ ထူးချွန်လွန်းတဲ့ အဆင့်တွေကြောင့် ခရိုင်အလယ်တန်းကျောင်းမှာ သွားလေ့လာမယ်ဆိုရင် ခရိုင်အလယ်တန်း‌‌ကျောင်းက အခမဲ့ ပေးလိမ့်မည်။


ပညာသင်ဆု မရရှိသော်လည်း အခမဲ့ အကျိုးခံစားခွင့်တွေ ပေးထားခဲ့သည်။


သို့တိုင်၊ ဒါက ဘာမှ မရတာထက်စာရင် ပိုကောင်းပါသည်။


လောင်တကို သူတို့ရဲ့ မျက်ရှုလေးအဖြစ် ဆက်ဆံခဲ့သော အဖေကျိုးနှင့် အမေကျိုးတို့နှင့် နှိုင်းယှဥ်ပါက သူ့မိဘတွေ ဖြစ်ကြသည့် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ပိုပြီးသာမာန်ပုံပေါက်သည်။


“နင် အရမ်းဂုဏ်ယူဝံ့ကြွားနေလို့ မဖြစ်ဘူး။ ဆက်ပြီး ကြိုးစားပါ။” လင်းချင်းဟယ်က ပြောသည်။

 

ကျိုးချင်းပိုင်သည် ယခုတစ်ကြိမ်တွင် သူ့သားအကြီးဆုံးကို အလွန်စိတ်ကျေနပ်နေခဲ့သည်။ ဒီအတိုင်းဆိုရင် အနာဂတ်မှာ သူ့အမေနဲ့အတူ ကောလိပ်တက်ရောက်နိုင်ဖို့ အခွင့်အလမ်းပိုများသည်။


လောင်တသည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း စိတ်လှုပ်ရှားပြီးနောက် သူဟာ ပုံမှန်ပြန်ဖြစ်သွားသည်။


ဒီတစ်ခါ အသာစီးရရတဲ့ အကြောင်းရင်းက သူ့အမေ့ကြောင့်ဆိုတာ သူ သိသည်။ သူ့အမေပေးတဲ့ ခန့်မှန်းမေးခွန်းတွေက စာမေးပွဲမှာ မေးသည့် မေးခွန်းတွေနှင့် အတိအကျ မတူသော်လည်း အတော်များများ တူညီသည်။

 

အထူးသဖြင့် သင်္ချာဘာဘာရပ်၏ နောက်ဆုံးအဓိကမေးခွန်းတွင် ဖြစ်သည်။ မလွယ်ကူပေမယ့် သူ ဖြေရှင်းနိုင်တုန်းပါပဲ။ ဤအချိန်တွင် သူ့ကို ထင်ရှားပေါ်လွင်စေသည့် အကြောင်းရင်းမှာ ထိုအဓိကပုစ္ဆာကြောင့် ဖြစ်နိုင်သည်ဟု သူ ခံစားမိသည်။


ရွာသူရွာသားတွေရဲ့ အတွေးအမြင်မှာလည်း အလွန်ထင်ရှားပါသည်။


ဥပမာအားဖြင့်၊ အမျိုးသမီးချိုင် အိမ်ကို လာလည်ခဲ့သည်။ လင်းချင်းဟယ်တစ်ယောက် နှမ်းနှစ်ကို အခြောက်လှမ်းနေစဥ်တွင် အမျိုးသမီးချိုင်က ပဲပုတ်စေ့တစ်တောင်း ယူလာခဲ့သည်။ လင်းချင်းဟယ် ပြုလုပ်သည့် နှမ်းနှစ်က သူတို့မိသားစုတွင် အလွန်ရေပန်းစားသည်။

 

“ဒီနှစ်ဆို လောင်တက ၁၁နှစ် ရှိပြီမလား။” အမျိုးသမီးချိုင်က မေးလာခဲ့သည်။


လင်းချင်ဟယ်က အစတုန်းက သိပ်မစဉ်းစားခဲ့မိဘူး။ သူမသည် အတ္တကြီးလွန်းတာ မဟုတ်ပေမယ့် သူမသားကို ပစ်မှတ်ထားပြီး အိမ်ကို အလည်လာတဲ့သူတွေကို သိပ်သဘောမကျပေ။ 


“ဟုတ်တယ်။ အခုဆို သူ့အစာစားချင်စိတ်က သူ့အဖေထက်တောင် ပိုကြီးလာပြီ။ သူ့နောက်မှာ နောက်နှစ်ယောက် ကျန်သေးတယ်၊ အငယ်နှစ်ယောက်ပါ ကြီးလာရင် သူတို့ကို မကျွေးမွေးနိုင်တော့မှာကိုတောင် စိုးရိမ်နေမိတယ်။”


“ဒီအရွယ်လေးတွေက သူတို့အဖေလောက် တကယ် စားနိုင်တယ်လား။” အမျိုးသမီးချိုင်က ဒါကို ကြားတော့ ပြုံးရယ်ရင်း မေးသည်။


လင်းချင်းဟယ်က ရယ်သည်။


အမျိုးသမီးချိုင်က ထပ်ပြောခဲ့ပြန်သည်၊ “ငါ့ရဲ့ တတိယမြေးမလေးက လောင်တနဲ့ အသက်အတူတူပဲ။ သူမက လုံ့လဝီရိယရှိပြီး ရိုးသားတယ်။ အကြီးတွေကိုလည်း အလွန်သိတတ်တယ်။”


ဒါကို ကြားတော့ လင်းချင်းဟယ်က နားလည်သဘောပေါက်သွားခဲ့သည်၊ “အဲ့တစ်ယောက်က ရှောင်ချာ့ကို ပြောတာမလား။”


“ဟုတ်တယ်။” အမျိုးသမီးချိုင်က ပြုံးရယ်ရင်း အမေးပြုသည်၊ “လောင်တအမေ၊ ရှောင်ချာ့ကို နင် ဘယ်လိုထင်လဲ။”