အခန်း၂၁၈
Viewers 43k

အခန်း (၂၁၈) – ကောင်းချီး


“အတော်လေး ကောင်းပါတယ်။ ကလေးမလေးက အရမ်းကြိုးစားတယ်။” လင်းချင်းဟယ်က ချိုင်ရှောင်ချာ့ကို အမှန်ပင် သိသည်။


“သူမက သိပ်မငယ်ပါဘူး။ လောင်တက အရွယ်ရောက်တာ မြန်တယ်။ နှစ်အနည်းငယ်လောက်ကြာရင် သူ ဇနီးတစ်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မယ်။” အမျိုးသမီးချိုင်က စနောက်ကျီစယ်ကာ ပြောသည်။


အဓိပ္ပါယ်က အလွန်သိသာသည်။


“သူက ၁၁နှစ်ပဲ ရှိသေးတာဆိုတော့ ကလေးပဲ ရှိသေးတယ်။ ဇနီးတစ်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မယ်လို့ ပြောဖို့က အရမ်းစောသေးတယ်။” ဒါကိုကြားတော့ လင်းချင်းဟယ်က သူမစိတ်ကို နားလည်သွားသည်။ သူမက ခပ်ယဲ့ယဲ့သာ ပြုံးလိုက်မိသည်။


အမျိုးသမီးချိုင်သည် လင်းချင်းဟယ်က ဒါကို သဘောတူတာလား မတူဘူးလား ဆိုတာကို မပြောနိုင်သဖြင့် ဆက်ပြောခဲ့သည်၊ “လောင်တအမေ၊ နင် ငါ့ရှောင်ချာ့လေးကို ဘယ်လိုထင်လဲ။”


“ရှောင်ချာ့က ကောင်းပါတယ်။ ဒါပေမယ့်၊ အန်တီ ဒါကို အလျင်စလို မလုပ်ပါနဲ့။ ကလေးတွေနဲ့ မြေးတွေမှာ သူတို့ ကိုယ်ပိုင်အခွင့်အလမ်း ရှိတာမို့ ဒါကို စိတ်မပူပါနဲ့။” လင်းချင်းဟယ်က ပြုံးပြုံးရွှင်ရွှင် ပြန်ဖြေသည်။


“ဒါ‌တော့ မဖြစ်နိုင်ဘူး။ မိဘတွေက သူတို့ကောင်းကောင်းနေနိုင်ဖို့ သူတို့ကို ရွေးချယ်ပေးတာလေ။” အမျိုးသမီးချိုင်က ပြောသည်။


“အိမ်ထောင်ပြုရင် သူတို့က ကျွန်မတို့မိဘတွေနဲ့ နေရတာ မဟုတ်ဘူး။ သူတို့အချင်းချင်းပဲ အတူနေရမှာ။ ဒါ့ကြောင့် ကလေးတွေကို သူတို့ဘာသာ ဆုံးဖြတ်ခိုင်းတာ ပိုကောင်းလိမ့်မယ်။ ဟိုးအရင်ကလို ကျွန်မ သူတို့ကို မိဘတွေ စီစဥ်ပေးလို့ လက်ထပ်ရတဲ့ အိမ်ထောင်ရေးမျိုး လုပ်ပေးမှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြောသည်။


အမျိုးသမီးချိုင်သည် လင်းချင်းဟယ်က လောင်တကို သူ့ဇနီးသည်အား သူ့ဘာသာ ရှာခွင့်ပေးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ လင်းချင်းဟယ်က ထိုအကြောင်းကို မပြောချင်မှန်းကို သူမ ခံစားမိတာကြောင့် ထိုစကားခေါင်းစဥ်အား ရပ်တန့်လိုက်သည်။


“ကျွန်မ မနေ့တုန်းက ‌ရှောင်မင်လေးကို သွားကြည့်ခဲ့သေးတယ်၊ သူက အရမ်းချစ်ဖို့ကောင်းတာပဲ။” လင်းချင်းဟယ်က စကားခေါင်းစဥ် ပြောင်းလဲလိုက်သည်။


ရှောင်မင်ဆိုတာ နာမည်ပြောင်ဖြစ်ပြီး နာမည်အရင်းကတော့ ကျိုးမင် ဖြစ်သည်။ သူက ချိုင်ပါ့မိန်နှင့် ကျိုးတုန်းတို့၏ သားလေး ဖြစ်သည်။ သူလေးက တကယ်ကြည့်ကောင်းသည်။


“ပြီးခဲ့တဲ့အကြိမ်က နင် ပေးခဲ့တဲ့ ဝက်ခြေထောက်ကြီးအတွက် ငါ နင့်ကို ကျေးဇူးတင်ရမယ်။ အဲ့တာက အရမ်းကောင်းတယ်။” အမျိုးသမီးချိုင်က ပြုံးရယ်ကာ ပြောသည်။

 

“ကျိုးတုန်းနဲ့ ကျိုးရှီတို့ မောင်နှမ ကြီးပြင်းလာတာကို ကျွန်မ စောင့်ကြည့်ခဲ့ရတာလေ။ သူတို့တွေက လောင်တတို့ညီအစ်ကိုတွေရဲ့ အစ်ကိုကြီး၊ အစ်မကြီးတွေလိုပါပဲ။ ထုံးစံအတိုင်း၊ ကျွန်မကလည်း သူနဲ့ ပါ့မိန်ရဲ့ကလေးကိုပါ ဂရုစိုက်ပေးရမှာပေါ့။” လင်းချင်းဟယ်က ပြန်ဖြေသည်။


အမျိုးသမီးချိုင်က ပြုံးရယ်နေခဲ့သည်။ ခဏလောက် စကားစမြည်ပြောဆိုပြီးနောက် ပြန်သွားသည်။


လင်းချင်းဟယ်သည် သူမခေါင်းကို အလွန်ကူကယ်ရာမဲ့စွာ ခါယမ်းမိသည်။


အမျိုးသမီးချိုင် ဒါကို ပြောတာ ပထမဆုံးအကြိမ်တော့ မဟုတ်ဘူး။ သူမ ဒါကို နောက်တစ်ကြိမ် ထပ်ပြောခဲ့တာ ဖြစ်သည်။ သူမသည် လောင်တတို့ ညီအစ်ကိုတွေရဲ့ အိမ်ထောင်ရေးကို အမှန်တကယ် စွက်ဖက်လိုခြင်း မရှိပေ။ သူ့ဘာသာသူ စိတ်ကြိုက် ရွေးလို့ရတယ်။ သူကြိုက်နှစ်သက်တဲ့သူကို ရှာနိုင်တယ်။ ဘာပဲဖြစ်ဖြစ် သူမ ဝင်ပါမှာ မဟုတ်ဘူး။


အရေးအကြီးဆုံးကတော့ ချိုင်ရှောင်ချာ့က အရမ်းရိုးသားလွန်းသည်။ သူမက လောင်တရဲ့ စိတ်နေစိတ်ထားကို ချိုးနှိမ်နိုင်မှာ မဟုတ်ဘူး။ လောင်တက အရမ်းသွက်သည်။ သူက ချိုင်ရှောင်ချာ့လိုပုံစံမျိုးနဲ့ မဖြစ်နိုင်လောက်ဘူး။

 

ဒါ့အပြင် အရင်က သူမ ပြောခဲ့သလိုပဲ၊ ကလေးတွေ အိမ်ထောင်ကျပြီးချိန်မှာ သူမဟာ ချွေးမဖြစ်သူတွေနဲ့ အတူနေထိုင်မှာ မဟုတ်ဘူး။ လောင်တို့ညီအစ်ကိုတွေကသာ သူတို့နဲ့ တစ်သက်လုံး ပေါင်းဖက်သွားရမယ့်သူတွေဖြစ်လို့ သဘာဝကျစွာပင် သူတို့အကြိုက်က ပိုအရေးကြီးသည်။


လင်းချင်းဟယ်သည် ဒါကို ဟိုးယခင်ကတည်းက တွေးထားခဲ့တာ ဖြစ်သည်။ သူမသည် ‌နောင်တွင် ချွေးမဖြစ်သူတွေနဲ့ ဘယ်တော့မှ အတူနေမည် မဟုတ်ပေ။ မီးနေချိန်ကာလနှင့် ပတ်သက်၍ သူမ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ သူမကို ကူညီဖို့ ကလေးထိန်းတစ်ယောက် ငှားရမ်းနိုင်သည်။


ဒီညီအစ်ကိုတွေကို ပြုစုပျိုးထောင်ရတာကပင် လုံ‌လောက်နေပြီ၊ ချွေးမဖြစ်သူတွေကိုပါ အလုပ်အကြွေးမပြုချင်တော့ဘူး။ ဟုတ်တယ်၊ သူမက ဒီလို တကိုယ်ကောင်းဆန်တဲ့ မိန်းမမျိုးပဲ။


နောင်လာမည့်ရက်တွေအတွက် သူမမှာ အစီအစဥ်ရှိသည်။ သူမသည် သူမ မိသားစုဝင် ချင်းပိုင်နှင့်အတူ လှည့်ပတ်ခရီးထွက်ချင်သည်။


ဒါပေါ့၊ ဒီအတွက် သားတွေနဲ့ ချွေးမတွေဆီက ပိုက်ဆံတောင်းဖို့ ရည်ရွယ်ချက် မရှိဘူး။ သူတို့မှာ လိုအပ်နေရင် သူမကတောင် ပြန်ထောက်ပံ့ပေးနိုင်ပါသေးသည်။


ဒါတွေအားလုံးကို သူမ လုပ်နိုင်သည်။


The rest can be left for her and her Qing Bai to enjoy.


ဒါပေမယ့် အခုလောလောဆယ်မှာတော့ ဒါတွေဟာ အဝေးကြီး လိုပါသေးသည်။


ထိုနေ့ညနေခင်းတွင် လင်းချင်းဟယ်က ကျိုးချင်းပိုင်အား ထိုအကြောင်းကို ပြောပြသည်၊ “အခုဆို ကျွန်မတို့သားကြီးက အရမ်းရေပန်းစားနေတယ်။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရှင့်ကိုရော တစ်ယောက်ယောက် လာမေးသေးလား။”


“ကျိုးကန်းထျဲတို့မိသားစုနဲ့ ဝမ်ရှန်းကောတို့မိသားစုကတော့ မေးနေသေးတယ်။” ကျိုးချင်းပိုင်က ဖြေသည်။


လင်းချင်းဟယ်က တခစ်ခစ်ရယ်မောရင်း “အဲ့တော့ ရှင် ဘာပြောခဲ့လဲ။” ဟု မေးသည်။


“လောင်က နောင်မှာ သူ့အတွက် သူ့ဘာသာသူ ရှာလိမ့်မယ်လို့ ပြောလိုက်တယ်။” ကျိုးချင်းပိုင်က ပြောသည်။


လင်းချင်းဟယ်က ပြုံးရယ်ရင်း “အဖြေကောင်းပဲ” လို့ ဆိုသည်။


ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို နူးညံ့သောအကြည့်တွေဖြင့် ကြည့်နေခဲ့သည်။ သူ့ရဲ့ အကြီးမားဆုံးဆန္ဒမှာ ကလေးတွေ မြန်မြန်ကြီးပြင်းလာပြီးနောက် သူတို့လမ်း သူတို့လျှောက်မည့်အချိန်ကိုပင် ဖြစ်သည်။ သူ့ဇနီးသည်က သူနှင့် အတူရှိလိမ့်မည်။


ကျိုးချင်းပိုင်သည် သူ့ဇနီးသည်ကလည်း သူနှင့် အလားတူ အစီအစဥ်ရှိမှန်းကို မသိပေ။ ဒါ့အပြင်၊ လင်းချင်းဟယ်က သူ့ထက် အစီအစဥ်ပိုဆွဲထားခဲ့သည်။


နွေရာသီအားလပ်ရက်အချိန်အခါရောက်ပြီ။ လင်းချင်းဟယ်သည် အားလပ်ချိန်အချို့ယူပြီး ကလေးတွေကို ရုပ်ရှင်ကြည့်ပြီး လျှောက်လည်ရန် မြို့ပေါ်သို့‌ ခေါ်ဆောင်သွားခဲ့သည်။


သေချာပေါက် စုချန်လေးနှင့် စုရွှင်းတို့လည်း ပါလာခဲ့သည်။


လောင်စန်းနှင့် စုချန်လေးတို့ကို လင်းချင်းဟယ်က တင်နင်းလာခဲ့ပြီး စုရွှင်းလေးနဲ့ လောင်အာ့ကို လောင်တက တင်နင်းလာခဲ့သည်။


နေ့ခင်းဘက်တွင် သူတို့ဟာ ပါဝင်ပစ္စည်းတွေ ဝယ်ယူပြီး စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့အိမ်ကို အလည်ပတ်ရောက်ရှိလာကြသည်။


သူတို့ ဇနီးမောင်နှံသည် သူတို့သားနှစ်ယောက်ကို သူတို့အဒေါ်၊ အစ်ကိုဝမ်းကွဲတွေနဲ့အတူ ရောက်ရှိလာတာကို မြင်လိုက်ရတော့ အရမ်းဝမ်းသာသွားသည်။


“အစ်မ... အစ်မ ပါဝင်... ပါဝင်ပစ္စည်းတွေ ဝယ်လာဖို့ မလိုပါဘူး။ အဲ့တာတွေကို သေချာပေါက် ကျွန်တော်... ကျွန်တော်က ဝယ်ပေးရမှာပေါ့။” စုတာ့လင်းသည် သူ့သားနှစ်ယောက်ကို ကောက်ချီပြီး လင်းချင်းဟယ်ကို ပြောသည်။


“လမ်းကြုံနေလို့ပါ။ လမ်းကြုံနေတာနဲ့ တစ်ခါတည်း ဝယ်လာခဲ့လိုက်တာပါ။” လင်းချင်းဟယ်က ပြုံးရယ်ရင်း ပြောသည်။


ထို့နောက် သူတို့ဟာ အိမ်ထဲ ဝင်သွားကြသည်။ ပြောရရင် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ဟာ ကောင်းချီးပေးခံရသည်ဟု ဆိုရပေမည်။ ယခုခေတ်အခါတွင် စတုရန်းမီတာ ၄၀ကျော်ရှိတဲ့ နေရာတစ်ခုရှိဖို့ဆိုတာ တကယ်မလွယ်ပါဘူး။ 


စုတာ့လင်းသည် သူ့သားတွေကို ခဏလောက် ပွေ့ချီပြီးနောက် ထမင်းချက်ရန် သွားခဲ့သည်။


လင်းချင်းဟယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဗိုက်ကြီးနေတဲ့ ကျိုး‌ရှောင်မိန်ကို ကျီစယ်အပြုံးလေး ပေးလိုက်သည်။ ကျိုးရှောင်မိန်က သူမနှင့် စကားပြောဖို့ အခန်းထဲ ခေါ်သွားသည်။


“နင်က တကယ်ကောင်းချီးပေးခံရတာပဲ။” လင်းချင်းဟယ်က အခန်းထဲဝင်လာပြီး မှတ်ချက်ချသည်။


စကားထစ်သည့် ပြဿနာအပြင် စုတာ့လင်းမှာ အပြစ်ဆိုစရာ မရှိသလောက်ပင် ဖြစ်သည်။ ကမ္ဘာပေါ်တွင် ပြီးပြည်စုံသောလူ မည်သို့ တည်ရှိနိုင်ပါ့မည်နည်း။ ဒါကပင် အရမ်းကောင်းနေပြီ။ အဆုံး၌ ကျိုးရှောင်မိန်ဟာ ပြိုင်ဖက်ကင်းတဲ့ အလှလေး မဟုတ်ပါဘူး။


ကျိုးရှောင်မိန်က ရှက်ရွံ့စွာပြုံးပြီး ပြောသည်၊ “စတုတ္ထယောင်းမ၊ ငါ့ကို ပြောမနေနဲ့။ ငါ့စတုတ္ထအစ်ကိုလည်း နင့်ကို သူ့ရဲ့ မျက်ရှုလေးလို ဆက်ဆံတာပါနော်။”


လင်းချင်းဟယ်က သူမဗိုက်ကို ကြည့်ပြီး မေးသည်၊ “အခြေအနေ ဘယ်လိုလဲ။ ရက်တွေ တွက်ကြည့်ရင်၊ နောက်လထဲ မွေးလိမ့်မယ် မဟုတ်လား။”


“အင်း...” ကျိုးရှောင်မိန်က ခေါင်းညိတ်ပြီး “ဒီတစ်ယောက်မွေးပြီးရင် နောက်ကလေး ထပ်မမွေးတော့ဘူးလို့ ငါ ကျိန်ဆိုတယ်။ ငါ ကလေးမွေးရတာ ပင်ပန်းနေပြီ။”


“ဒါမွေးပြီးရင်တော့ သေချာပေါက် သိပ်မနည်းတော့ပါဘူး။” လင်းချင်းဟယ်က ‌ခေါင်းညိတ်သည်။


တကယ်လို့ သူမ ထပ်မမွေးချင်ဘူးဆိုရင် ထပ်မမွေးလို့ရတယ်။ ဒါက ကိစ္စကြီးကြီးမားမား မဟုတ်ဘူး။


“ဒီမျောက်လောင်း‌လေးနှစ်ကောင်နဲ့ နောင်မွေးလာမယ့်တစ်ယောက်အတွက် ငါ စတုတ္ထယောင်းမကို ဒုက္ခပေးရဦးမယ်။” ကျိုးရှောင်မိန်က ရှက်သလို ခံစားရသည်။


လင်းချင်းဟယ်က သူတို့သားနှစ်ယောက်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးသည်။ သူမတင်မကပဲ စုတာ့လင်းကပါ သူမရဲ့ စတုတ္ထယောင်းမကို တကယ်ကျေးဇူးတင်နေတာ ဖြစ်သည်။


“ဘာကို ဒုက္ခလဲ။ အမေက ပိုဂရုစိုက်ပေးတာပါ။ ငါက ရံဖန်ရံခါလောက်ပဲ ကူညီဖြစ်တာပါ။” လင်းချင်းဟယ်က ပြန်ဖြေသည်။


သူမသည် သူတို့ ကြီးပြင်းလာသောအခါတွင်သာ သူတို့အတွက် အစားအသောက်ကောင်းတွေကို ပြုလုပ်ပေးခဲ့တာ ဖြစ်သည်။ သူတို့ ငယ်ငယ်တုန်းကတော့ သူမ သူတို့ကို ဘယ်လို ဂရုစိုက်ပေးရမှန်း တကယ့်ကို မသိတာ ဖြ်သည်။ အမေကျိုးကသာ အားလုံး ကိုင်တွယ်ဖြေရှင်းသွားခဲ့တာ ဖြစ်သည်။


သူတို့ မပြန်ခင် သမီးယောင်းမနှစ်ယောက်သား အချိန်အတော်ကြာ ဟိုဟိုဒီဒီ စကားစမြည် ပြောဖြစ်ခဲ့ကြသည်။

 

စုတာ့လင်းက ကလေးတွေအတွက် မြေပဲဆားလှော် တစ်ပန်းကန် ကြော်ပေးထားပြီး အခြားဟင်းပွဲတွေကို ချက်ပြုတ်ပြင်ဆင်နေခဲ့သည်။


“နင်တို့တစ်ယောင်းချင်းစီက ဘယ်လို စားရမလဲ ဆိုတာကို သိကြပေမယ့် နင်တို့ နည်းနည်းတော့ သင်ယူရမယ်။ နင်တို့ဦးလေးလို ပိုက်ဆံရှာနိုင်ရမယ်၊ သူ့ဇနီးသည်ကို ချစ်မြတ်နိုးပြီး ချက်တတ်ပြုတ်တတ်တဲ့ အမျိုးသားက ဇနီးတစ်ယောက်ရဖို့ ပိုလွယ်တယ်။” လင်းချင်းဟယ်က မှတ်ချက်ချသည်။


“အမေ၊ အစ်ကိုအကြီးဆုံးက ရှာရ အရမ်းလွယ်တယ် မဟုတ်ဘူးလား။ မကြာသေးခင်က လူတချို့က ကျွန်တော်တို့ကို အစ်ကိုကြီး စားဖို့အတွက် ကြက်ဥတွေ လူကြုံထည့်ပေးတယ်လေ။” လောင်အာ့ မြေပဲဆားလှော်ကို အခွံခွာပြီး ရယ်ကာမောကာ ပြောလိုက်သည်။

 

“နောင်အနာဂတ်မှာ သား ကြီးပြင်းလာတဲ့အခါ ဇနီးသည်တစ်ယောက် လက်ထပ်ယူဖို့ကို စိတ်ပူစရာ မလိုပါဘူး။” လောင်စန်းကလည်း ကြော်ငြာခဲ့သည်။


ကျိုးရှောင်မိန်က ရယ်မြူးပျော်ရွှင်နေခဲ့သည်၊ “နင်က ဒီအရွယ်လေးပဲ ရှိသေးတယ်၊ ဇနီးသည်တစ်ယောက် လက်ထပ်ယူဖို့ တွေးနေပြီလား။”


“သားလည်း လက်ထပ်ချင်တယ်။” စုချန်လေးက လျင်မြန်စွာ ပါဝင်လာခဲ့သည်။


“စောင့်ပါဦး။ နင် အခုထိ ပြေးတောင် မပြေးနိုင်သေးဘူးလေ။” ဟု လင်းချင်းဟယ်က ရယ်ကာမောကာဖြင့် ပြောသည်။