အခန်း၂၁၉
Viewers 38k

အခန်း (၂၁၉) – အသားကျင်းတစ်ရာ


စုတာ့လင်းနှင့် ကျိုးရှောင်မိန်တို့အိမ်မှာ နေ့လည်စာ စားပြီးနောက် လင်းချင်းဟယ်သည် ကလေးတွေကို ရုပ်ရှင်လိုက်ပြခဲ့သည်။


စုချန်နှင့် စုရွှင်းလေးတို့က အရမ်းပျော်ရွှင်နေပြီး တွန့်ဆုတ်ခြင်းမရှိပဲ ထွက်သွားတာကို မြင်တော့ စုတာ့လင်းက မှတ်ချက်ချသည်၊ “ကလေးတွေက သူတို့ရဲ့စတုတ္တဒေါ်လေးနဲ့ အရမ်းရင်းနှီးတာပဲ။”


“ဒါက ဖြစ်သင့်တယ်လေ၊ စတုတ္ထယောင်းမက သူတို့ကို ကောင်းကောင်းဆက်ဆံတာကိုး။” ကျိုးရှောင်မိန်က ပြန်ဖြေသည်။


စုတာ့လင်းက ပြုံးပြီး ပြောသည်၊ “စတုတ္ထမရီးက တကယ်ကောင်းတယ်။ သူက ကိုယ်တို့ကလေးတွေကို လောင်တတို့ညီအစ်ကိုတွေနဲ့ အတူတူပဲ ဆက်ဆံပေးတယ် ဆိုတာ ကိုယ် မြင်ပါတယ်။”


“ကျွန်မရဲ့ စတုတ္ထယောင်းမက အဲ့လိုလူမျိုးပဲ။ သူမသာ ကူညီစောင့်ကြည့်ပေးဖို့ မလုပ်နိုင်ရင် လက်ခံသဘောတူပြီး သူတို့ကို ပြုစုပေးမှာ မဟုတ်ဘူး။ သူမက ဦးစားပေး ဆက်ဆံတာမျိုး မလုပ်တတ်ဘူး။” ကျိုးရှောင်မိန်က ပြောသည်။


စုတာ့လင်းက ပြုံးရယ်ရင်း ဒါကို သူ့စိတ်ထဲမှာ မှတ်ထားသည်။ မဟုတ်ရင် သူ့တူလေး လောင်တကို သူတို့အိမ်မှာနေပြီး ကျောင်းလာတက်ဖို့ ဆန္ဒ ဘယ်ရှိပါ့မလဲ။


ထုံးစံအတိုင်း သူက နည်းနည်းလောက်ပဲဖြစ်ဖြစ် ပြန်ပေးဆပ်ချင်သည်။


ဆွေမျိုးများကြားတွင် ဒီလိုကိစ္စမျိုးကို မျက်စိစုံမှိတ် တောင်းဆိုခြင်း သို့မဟုတ် မျက်စိစုံမှိတ် ပေးတာမျိုးလို့ မခေါ်နိုင်ပေ။ ဒါက အမြဲတမ်း အပြန်အလှန် ရှိတာပဲ ဖြစ်သည်။


လင်းချင်းဟယ်က ဒါမျိုးကို ဂရုမစိုက်ဘူး။ သူမသည် ကလေးတွေကို တစ်နေကုန် ပျော်ရွှင်စွာ လျှောက်လည်ဖို့ လိုက်ပို့ပေးခဲ့သည်။ သူတို့က ရုပ်ရှင်ကြည့်တယ်၊ ထန်ဟူလုတွေ ဝယ်စားတယ်၊ ထို့နောက် အိမ်ကို ဖရဲသီးတစ်လုံးပါ ပြန်ဝယ်လာခဲ့သည်။


အမေကျိုးက ဒီနေ့ သူမသမီးငယ်လေးဆီ ကလေးတွေကို ခေါ်သွားတာကို သိတော့ “ရှောင်မိန် ဘယ်လိုနေလဲ” လို့ မေးမြန်းခဲ့သည်။


“အရမ်းကောင်းတယ်။ သူမကိုကြည့်ရတာ မတ်လေး အလိုလိုက်ထားတာကို ခံနေရပုံပဲ။ ဒီတစ်ခေါက် မွေးတာ နောက်ဆုံးပဲလို့ ရှောင်မိန်က ကျွန်မကို တိုးတိုးတိတ်တိတ် ပြောခဲ့တယ်။ နောက်ထပ် ထပ်မမွေးချင်တော့ဘူး။” လင်းချင်းဟယ်က ပြောသည်။


အမေကျိုးက ပြုံးရွှင်စွာ ဆူပူကြိမ်းမောင်းသလို ပြောသည်၊ “ဒီကောင်မစုတ်လေးကတော့လေ ဒီလိုအတွေးမျိုးကို ဘယ်ကနေ သင်ယူလိုက်မှန်းကို မသိဘူး၊ အသက်ငယ်တုန်း ကလေး နောက်ထပ် နည်းနည်း‌လောက် မွေးတာ ပိုကောင်းတယ်။ နောင်မှာ မွေးချင်ရင်တောင် မမွေးနိုင်တော့ဘူး။ ဒါ့အပြင်၊ သူမက မကျွေးမွေးနိုင်လို့လည်း မဟုတ်ဘူး။”


စုတာ့လင်းရဲ့ လစာသည် အခုဆို နည်းနည်းပင် တိုးလာခဲ့သည်။ ယခင် လစာ ယွမ် ၃၀မှ ယွမ် ၄၀နီးပါး တိုးလာခဲ့သည်။


ကျိုးရှောင်မိန်သည်လည်း လစာတိုးလာပြီး ယွမ် ၂၀နီးပါး ရရှိသည်။


အဆုံး၌ ကျိုးရှောင်မိန်သည် သာမန်အလုပ်သမပဲ ဖြစ်သဖြင့် စုတာ့လင်းလောက် လစာမကောင်းဘူး။


ဒါပေမယ့် လင်မယားနှစ်ယောက်ရဲ့ လစာကို ပေါင်းလိုက်ရင် ယွမ် ၆၀လောက်ရှိသည်။


ဒီခေတ်အချိန်ခါမှာ တစ်မိသားစုလုံးမှာ ဒီလောက်ဝင်ငွေ ရနိုင်တာက အတော်လေး ကောင်းမွန်တဲ့ အခြေအနေတစ်ခုလို့ ဆိုနိုင်ပေသည်။


ဒီလောက် ဝင်ငွေကောင်းတာမျိုးကို မပြောနဲ့ဦး၊ ဒီလောက်ငွေကြေးဟာ ကျေးလက်ဒေသမှာဆို ပြည့်စုံကုံလုံသူလို့ပင် ဆိုနိုင်သည်။


“ဒီကလေးမွေးပြီးရင် သုံးယောက် ရှိနေပြီပဲ။ ဒါက မနည်းပါဘူး။ တကယ်လို့ ရှောင်မိန်မှာ နောက်ထပ် ကလေးမွေးဖို့ အစီအစဥ် မရှိတော့ရင် အမေ သူမကို ဆူပူမနေနဲ့ဦး။” လင်းချင်းဟယ်က ပြောသည်။


“ကလေးသုံးယောက်က နည်းတယ် မဟုတ်ပေမယ့် များတာလည်း မဟုတ်ဘူးလေ။ တာ့လင်းက တစ်ကိုယ်ရေမိသားစုဆိုတော့ ကလေးများများ လိုချင်မှာပဲ။” အမေကျိုးက ပြန်ဖြေသည်။


“အခု သူတို့မှာ သားနှစ်ယောက်ရှိပြီ၊ အခုတစ်ယောက်က သမီးမိန်းကလေးဆို သူတို့မှာ သားရော သမီးရော ပြည့်စုံသွားပြီ။ တကယ်လို့ သားဆိုရင်လည်း သူတို့မှာ သားသုံးယောက် ရှိသွားတာပေါ့။ အမေ၊ သူတို့အကြောင်း သူတို့ကိုပဲ ထားလိုက်ပါ၊ သူတို့လင်မယားအချင်းချင်း ဆွေးနွေးကြပါစေ။” လို့ လင်းချင်းဟယ်က ပြောသည်။


“အင်း...” အမေကျိုးက ခေါင်းညိတ်သည်။ အမေကျိုးသည်လည်း ကြားဝင်စွက်ဖက်ရန် အစီအစဥ် မရှိပေ၊ “ငါ ငါးရှဥ့်အကုန်လုံးကို ကိုင်ထားတယ်။”


“ဒါဆိုရင် သမီး ငါးရှဥ့်တွေကို ဟင်းသီးဟင်းရွက်ချဥ်တွေနဲ့ စတူးဟင်း ချက်လိုက်မယ်။” လင်းချင်းဟယ်က ခေါင်းညိတ်သည်။


လင်းချင်းဟယ်က စတင်ချက်ပြုတ်သည်။ ငါးရှဥ့်တွေကို ဟင်းသီးဟင်းရွက်ချဥ်တွေနဲ့ ရောချက်ထားသည့် ဟင်းတစ်ခွက်၊ ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ် တစ်ပန်းကန်၊ ဂေါ်ဖီထုပ်ကြော် တစ်ပန်းကန်နှင့် ဝက်ဗိုက်သားကို ပဲသီးနှင့် ရောချက်ထားတာက တစ်ပန်းကန် ချက်ပြုတ်ပြင်ဆင်ခဲ့သည်။


ကျိုးချင်းပိုင်နှင့် တခြားသူတွေ အိမ်ပြန်ရောက်တဲ့အခါမှာ မိသားစုတွေအတူ ညစာ စားခဲ့ကြသည်။


နောက်တစ်နေ့မှာ လင်းချင်းဟယ်သည် အစ်မမိန်ကိုရှာရန် သွားခဲ့သည်။ အစ်မမိန်က သူမကို အိမ်ထဲခေါ်သွားပြီး တိုးတိုးတိတ်တိတ် မေးမြန်းသည်၊ “ညီမလေး၊ ဒီရက်ပိုင်း မြို့ထဲမှာ ဘယ်လို အခြေအနေရှိလဲ။”


“အခုရက်ပိုင်း အဆင်ပြေပါတယ်။ ဒီနှစ်အစောပိုင်းကတော့ ဆူဆူပူပူ ဖြစ်တာတွေ ရှိပေမယ့် အခုတလော တော်တော်လေးကို ငြိမ်သက်သွားပုံပေါ်တယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်၊ အစ်မမိန်က တိုးတိုးလေး မေးနေတာဆိုတော့ သူမရဲ့ အသံကိုလည်း တိုးကာ ပြန်မေးခဲ့သည်၊ “အစ်မမိန်၊ သားသတ်ရုံမှာ တစ်ခုခု ဖြစ်လို့လား။”


“အင်း၊ ညီမလေး... အခု နင် ဘယ်လောက်များများ ယူနိုင်မလဲ ငါ မသိဘူး။” အစ်မမိန်က တိုးတိုးလေး မေးသည်။


“ဘယ်လောက်ရှိလဲ။” လင်းချင်းဟယ်က သူမကို ကြည့်ပြီး မေးလိုက်သည်။


“ကျင်းလေးဆယ်လောက် ရှိမယ်။ အသားတွေအကုန်လုံး ပထမတန်းစားအသားနဲ့ ဒုတိယတန်းစားတွေချည်းပဲ။” အစ်မမိန်က သူမကိုကြည့်ပြီး ပြန်ဖြေသည်။


“ဒီလောက် များတာလား။” လင်းချင်းဟယ်က အံ့အားတသင့် မေးလိုက်မိသည်၊ “ဝက်တွေ ဒီအတိုင်း သေသွားလို့ ရလာတဲ့ အသားတွေလို့ ညီမကို မပြောနဲ့နော်။” ဝက်တွေ ဒီအတိုင်းသေသွားလို့ ရတဲ့ အသားဆိုပေမယ့် ဒီခေတ်အချိန်ခါမျိုးမှာ လုံးဝ အရေးပါဘူး။ လူတိုင်းက ဒီလို ဝက်သားမျိုးကိုဆိုရင်လည်း အလုအယက် ဝယ်ယူကြလိမ့်မည်။


သို့ရာတွင် လင်းချင်းဟယ်ကတော့ ဒါမျိုးကို လက်မခံနိုင်ဘူး။ ဒီလို ဆိုးဝါးတဲ့ စီးပွားရေးမျိုးကို လင်းချင်းဟယ်က မလုပ်ချင်ဘူး။ အနာဂတ်ကာလမှ ကူးပြောင်းလာသည့် လူတစ်ယောက်အနေဖြင့် ဤအရာသည် သူမ၏ အောက်ခြေမျဥ်း ဖြစ်သည်။


“မဟုတ်ဘူး၊ ဒီအသားတွေကို အရေအတွက် ပိုမွေးမြူထားတဲ့ ဝက်တွေဆီက ရတာပါ။” အစ်မမိန်က တီးတိုးပြောသည်။


ထို့နောက် သူမသည် သားသတ်ရုံနှင့် ပတ်သက်သည့် အရေးကိစ္စကို စာကြောင်းအနည်းငယ်ဖြင့် ရှင်းပြခဲ့သည်။


သားသတ်ရုံတွင် ဝက်တွေကို မွေးမြူထားသော်လည်း အရေအတွက် ကန့်သတ်ထားသော်လည်း နောက်ထပ် ဝက် ဘယ်နှကောင် ပိုပြီးမွေးမြူထားလဲ ဆိုတာကို မည်သူမျှ မသိနိုင်ပေ။


အဆုံး၌ သူတို့ အဲ့ဒီမှာ ရတာ တော်တော်နည်းတယ်။ ဒါ့အပြင်၊ သားသတ်ရုံမှာ အလုပ်လုပ်ပြီး အဲ့ဒီမှာ နေထိုင်သူတွေရော အပြင်မှာနေထိုင်သူတွေပါ တကျိတ်တည်း တဥာဏ်တည်းပင်။ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောကြဘူး။


ဒါပေါ့၊ သူတို့ ဒီလိုလုပ်ဖို့ ကြိုးစားခဲ့တာ ဒီနှစ်မှပဲ ဖြစ်သည်။ သူတို့ အရင်က ဒီလိုမျိုး မလုပ်ရဲခဲ့ကြဘူး။


ဒါပေမယ့် ဒီနှစ် ဒီလောက် တင်းကြပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ အချိန်အတော်ကြာတဲ့အထိ လူတိုင်း ထိတ်လန့်သွားခဲ့ရပေမယ့် ကံကောင်းထောက်မစွာဖြင့် သားသတ်ရုံကို မထိခိုက်ခဲ့ဘူး။


လင်းချင်းဟယ်သည် ဒီအကြောင်းကို ကြားသိပြီးနောက် သူမသည် အစ်မမိန်နှင့် အချိန်တစ်ခု သတ်မှတ်ပြီး ချိန်းဆိုခဲ့သည်။ နောက်တော့ ကျိုးချင်းပိုင်နှင့် မနက်တစ်နာရီလောက်မှာ ပြန်လာယူမယ်လို့ ပြောခဲ့သည်။


ယခုအချိန်တွင် ကျိုးချင်းပိုင်ကို သူမရဲ့ လျှို့ဝှက်ချက်အား ပြောပြခဲ့ခြင်း၏ အကျိုးကျေးဇူးကို ပြသခဲ့သည်။


မဟုတ်ရင်၊ သူမဟာ ဝက်သားအများကြီးကို လက်လွတ်သွားရလိမ့်မည်။ သူမမှာ နေရာလွတ်တစ်ခု ပိုင်ဆိုင်ထားတယ်ဆိုတော့ အစ်မမိန်ဆီက ဝက်သား အများကြီး တောင်းဆိုခဲ့သည်။


ဝက်သား ကျင်းတစ်ရာနီးပါး ရရှိခဲ့သည်။


ထိုပမာဏသည် လင်းချင်းဟယ်၏ ကန့်သတ်ချက်အတွင်း ရှိသည်။ အစ်မမိန်သည် သူမနှင့် နှစ်ပေါင်းများစွာ အလုပ်အတူတူ တွဲလုပ်လာခဲ့တာ ဖြစ်သောကြောင့် သူမကို ပေးရန် ဆုံးဖြတ်ခဲ့သည်။


အိမ်ပြန်ရောက်ပြီးနောက် လင်းချင်းဟယ်က ကျိုးချင်းပိုင်အား ထိုအကြောင်းကို ပြောပြခဲ့သည်။


ကျိုးချင်းပိုင်သည် ကူကယ်ရာမဲ့သော မျက်နှာအမူအရာ ဖြစ်သွားသော်လည်း ဘာမှ မပြောပေ။ အဲ့ဒီည တစ်နာရီလောက်မှာ သူတို့လင်မယားနှစ်ယောက်ဟာ သွားယူခဲ့သည်။


အသား ကျင်းတစ်ရာ ဆိုသည့် အရေအတွက်သည် အနည်းငယ်လေး မဟုတ်ပါ။ အစ်မမိန်သည် သူတို့ကို ထုပ်ပိုးဖို့ မြွေသားရေအိတ် နှစ်အိတ်ကို အသုံးပြုခဲ့ပြီး အသားအိတ် နှစ်အိတ်၏ အလေးချိန် အမျိုးမျိုးကို ပြောပြခဲ့သည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ဟာ ကုန်ပစ္စည်းတွေကို သယ်ယူပြီးပြီးချင်း ထွက်ခွာသွားခဲ့ကြသည်။


“ဂရုစိုက်ကြနော်။” အစ်မမိန်က တီးတိုးမှာကြားခဲ့သည်။


“မနက်ဖြန်မနက်ကျရင် ညီမ အစ်မမိန်အိမ်ကို လာခဲ့မယ်။” လင်းချင်းဟယ်သည် ထိုသို့ ပြန်ပြောခဲ့ပြီးနောက် ကျိုးချင်းပိုင်နဲ့အတူ ပြန်လာခဲ့သည်။ သူတို့ အနီးအနားတွင် ဘယ်သူမှ မရှိတာကို သတိပြုမိသောအခါတွင် ဝက်သားတွေကို နေရာလွတ်ထဲသို့ ချက်ချင်း ထည့်သိမ်းခဲ့သည်။


“ဒါက အသားကောင်းတယ်။ ကျွန်မ ဒီအသားတွေကို ဘယ်မှာမှ မရောင်းနိုင်တော့ဘူး။ ကျွန်မတို့ စားဖို့ပဲ သိမ်းထားရအောင်။” လင်းချင်းဟယ်က မြွေသားရေအိတ်တွေကို နေရာလွတ်ထဲမှာ သူ့စိတ်နဲ့ ဖွင့်ကြည့် စစ်ဆေးပြီးနောက် ပြောလိုက်သည်။


အသားတွေက အဆီများအသား၊ ဝက်ဗိုက်သား၊ ဝက်ခါးလိုင်းနဲ့ ပြီးတော့ ဝက်နံရိုးတွေနဲ့ ဝက်ရိုးအကြီးကြီးတွေလည်း ပါသည်။


“ဒါဆိုရင်လည်း ကိုယ်တို့အတွက်ပဲ သိမ်းထားကြတာပေါ့။” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။


လင်းချင်းဟယ်က မနေနိုင်ပဲ ပြုံးရယ်လိုက်မိသည်။ သူမ ယူလာသမျှ အသားတွေကို စားပြီးပြီမို့ ဒီအသားတွေကို သူမတို့စားဖို့အတွက် နေရာလွတ်ထဲမှာ သိမ်းထားလိုက်တာ ပိုကောင်းသည်။


အသား ကျင်းတစ်ရာအတွက် အစ်မမိန်ထံမှ ဝယ်ယူရရှိသည့်စျေးနှုန်းမှာ ယွမ် တစ်ရာအောက်သာ ရှိသောကြောင့် သူမသည် သဘာဝအတိုင်း သိမ်းဆည်းထားဖို့ ဆန္ဒရှိသည်။


သူမ ရောင်းချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူမမှာ ယခင် ဝယ်ယူထားရာမှ ကျန်ရှိနေသေးတဲ့ ဝက်သားတွေကို ရောင်းချလို့ရသည်။ ဒါတွေက မှောင်ခိုစျေးကွက်မှာ လူကြိုက်များတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်သလို အမြတ်လည်း အရမ်းရသည်။


မနေ့က သူမတို့မိသားစု၏ စုဆောင်းငွေကို ရေတွက်ကြည့်ခဲ့သည်။ ယွမ် ၅၀၀၀ ကျော်ရှိလေသည်။ ဒီခေတ်အချိန်အခါမှာ ယွမ် ၅၀၀၀ ဝန်းကျင် ပိုင်ဆိုင်သည့် အိမ်ထောင်စုတွေက အတော်ရှားသည်။ ပြောရရင် လင်းချင်းဟယ်က အတော်လေး ဖြစ်ဖြစ်မြောက်မြောက်ရှိတယ်လို့ ပြောလို့ရသည်။


လင်မယားနှစ်ယောက်သား အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး ဘေးအခန်းမှ ကလေးတွေကို မနှောင့်ယှက်တော့ပဲ အိပ်စက်အနားယူလိုက်ကြသည်။


နောက်တစ်နေ့ မနက်စာစားပြီးနောက် လင်းချင်းဟယ်သည် အိမ်မမိန်၏ အိမ်သို့ ရောက်ရှိသွားပြီး အသားတန်ဖိုးငွေကို ပေးချေခဲ့သည်။ အသားတန်ဖိုးငွေက စုစုပေါင်း ယွမ် ၉၀နီးပါး ကုန်ကျတာမို့ သူမက ယွမ် ၉၀ ပေးချေခဲ့သည်။


အစ်မမိန်က ဝမ်းသာသွားပြီးနောက် “နောက်ထပ် ဖောက်သည်က ပြဿနာ မရှာဘူးမလား။” လို့ ထပ်မံအတည်ပြုသည်။


“ဘာမှ မဖြစ်ပါဘူး၊ စိတ်မပူပါနဲ့။” နောက်ထပ်ဖောက်သည် မရှိသော လင်းချင်းဟယ်က ခေါင်းသာ ညိတ်လိုက်သည်။


“အဲ့တာ ကောင်းတယ်။” အစ်မမိန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ခေါင်းညိတ်သည်။


လင်းချင်းဟယ်က အကြာကြီး မနေတော့ပဲ အစ်မမိန်ကို နှုတ်ဆက်ပြီး အိမ်ပြန်လာခဲ့သည်။ နေ့လည်စာအတွက် ခေါက်ဆွဲချက်ဖို့ ဝက်ရိုးစွပ်ပြုတ်ကို တည်ထားလိုက်သည်။