အခန်း ၂၂၀
Viewers 43k

အခန်း (၂၂၀) – ရွှေလက်ကောက် ထပ်ရပြန်ပြီ


အစ်မမိန်ထံမှ အသားတစ်သုတ် ရရှိသောကြောင့် အိမ်တွင် အစားအသောက်က အဆင့်တစ်ခု တက်လာခဲ့သည်။


ထို့အတွက်ကြောင့် အမေကျိုးက လင်းချင်းဟယ်ကို ဆယ်ယွမ် ပေးခဲ့လေသည်။ လင်းချင်းဟယ်သည် ဘာ့ကြောင့် ဒီငွေကိုပေးမှန်း နားမလည်ဘူး၊ “အမေ၊ ဘာဖြစ်လို့ ကျွန်မကို ပိုက်ဆံပေးနေတာလဲ။”


“အိမ်မှာ အသားတွေ အများကြီးဝယ်တာက ပိုက်ဆံအများကြီး ကုန်တယ်လေ။” အမေကျိုးက ပြန်ဖြေသည်။


သူမသားအငယ်ဆုံးလေးလင်မယားအိမ်မှာ ထမင်းအတူစားပြီးကတည်းက အမေကျိုးဟာ အနည်းငယ် အပြစ်ရှိတယ်လို့ ခံစားရသည်။ စတုတ္ထလေးရဲ့ ဇနီးသည်ဟာ အသုံးအဖြုန်းကြီးတယ်လို့ သူမ ထင်ခဲ့ပေမယ့် ထိုငွေကြေးတွေကို အခြေခံအားဖြင့် ချင်းပိုင်နှင့် ကလေးတွေအတွက် သုံးစွဲခဲ့တာဖြစ်မှန်း သူမ မသိခဲ့ပေ။


ချင်းပိုင်တွင် အဝတ်အထည်များစွာ ပိုင်ဆိုင်ထားပြီး ဆွယ်တာအင်္ကျီတွေပင် နှစ်ထည် ရှိလေသည်။ ထိုအရာအားလုံးကို သူ့ဇနီးသည်မှ ပြုလုပ်ပေးထားတာ ဖြစ်သည်။


ကလေးတွေလည်း အတူတူပါပဲ။ သူတို့အားလုံးကို ကောင်းမွန်စွာ ကျွေးမွေးပြုစုထားခဲ့သည်။


အကြီးဆုံးမြေး လောင်တသည် အရွယ်ရောက်စပြုလာသောကြောင့် သူမသည် လောင်တကို နေ့တိုင်း ကောင်းကောင်းကျွေးမွေးခဲ့သည်။ အမေကျိုးသည် သူမသာဆိုလျှင်ပင် အကြီးဆုံးမြေးကို ထိုသို့ ကျွေးမွေးလိုစိတ်မရှိနိုင်ဘူးဟု ခံစားမိသည်။

 

တစ်ဖက်တွင်မူ စတုတ္ထလေး၏ ဇနီးသည်ဟာ သူမကိုယ်တိုင်ကတော့ ညံ့ဖျင်းစွာ စားသောက်ခဲ့သည်။ များသောအားဖြင့် သခွားသီး သို့မဟုတ် ခရမ်းချဥ်သီးတွေကိုသာ စားသောက်လေသည်။ အများဆုံးမှ အသားတစ်ဖတ် နှစ်ဖတ်လောက်သာ စားသုံးခဲ့သည်။ တစ်ရက်လျှင် ကြက်ဥတစ်လုံး စားသောက်ပေမယ့် အဲ့တာက အဲ့တာပါပဲ။


နှစ်များတစ်လျှောက် လင်းချင်းဟယ်၏ စွမ်းဆောင်နိုင်မှုကြောင့် အမေကျိုးသည် သူမ အရင်တုန်းက ကလေးတွေအပေါ် မည်ကဲ့သို့ စောင့်ရှောက်ခဲ့သည် ဆိုတာကို မေ့ပစ်ရန် ရွေးချယ်ခဲ့သည်။


အဆုံး၌ လူတွေဟာ ရှေ့သို့ ချီတက်ရမည်။ အဲ့ဒီအတိတ်က အသေးအမွှားကိစ္စရပ်တွေကို ဒီအတိုင်း ထားလိုက်မည်။ ဘာဖြစ်လို့ အဲ့တာတွေကို ဂရုစိုက်နေရမှာလဲ။


အစားအသောက်တွေက အရမ်းကောင်းတာကြောင့် ပိုက်ဆံအများကြီး ကုန်ကျတယ်ဆိုတာ သဘာဝပါပဲ။ အဲ့တာကြောင့် အမေကျိုးဟာ ထောက်ပံ့ကြေး နည်းနည်း ပေးလိုက်သည်။


ဒါကိုကြားတော့ လင်းချင်းဟယ်က တခစ်ခစ် ရယ်မောလိုက်သည်၊ “အမေ၊ အဲ့တာကို သိမ်းထားလိုက်ပါ။ အသားဝယ်စားတာက ဘာမှ မပြောပလောက်ပါဘူး။ အိမ်မှာ ပိုက်ဆံ နည်းနည်း ကျန်ပါသေးတယ်။ အိမ်မှာ ပိုက်ဆံမရှိရင် ကျွန်မ အမေ့ဆီက ယူပါ့မယ်။”


သူမရဲ့ ယောက္ခမဆီက ပိုက်ဆံကို ဘယ်လိုလုပ်ပြီး ယူနိုင်မလဲ။


“ယူထားလိုက်၊ နင့်အဖေကလည်း ငါ့ကို ပေးခိုင်းထားတယ်။” အမေကျိုးက ပြောသည်။


လင်းချင်းဟယ်က ဒါကို လက်မခံချင်ပေမယ့် အမေကျိုးက တကယ်ပေးချင်နေတာကို မြင်တော့ လက်ခံလိုက်သည်၊ “ကောင်းပြီ၊ ဒါဆို ကျွန်မ အမေ့ကို မယဥ်ကျေးတော့ဘူး။ အမေ့မှာ ပိုက်ဆံလိုရင် ကျွန်မကို ပြောနော်။”


အမေကျိုးက ပြုံးရယ်ရင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် လောင်တအကြောင်း တီးတိုးဆိုသည်၊ “နင့်အဒေါ်ချိုင်က ငါ့ကို ထပ်လာမေးတယ်၊ သူမရဲ့ ရှောင်ချာ့လေးကို လောင်တနဲ့ စေ့စပ်ထားချင်နေတယ်။”


“ဒါက စောလွန်းတယ်။” လင်းချင်းဟယ်က ပြန်ဖြေသည်။


“အမေလည်း နင့်လိုပဲ ပြောလိုက်ပါတယ်။ ဒါ့အပြင်၊ ငါတို့လောင်တက နောင်အနာဂတ်မှာ ပညာတတ်တစ်ယောက်နဲ့ လက်ထပ်နိုင်လိမ့်မယ်။” အမေကျိုးမှာလည်း သူ့အစီအစဥ်နဲ့သူ ရှိခဲ့သည်။


အမေကျိုးသည် သူမ၏ အကြီးဆုံးမြေး စာတော်ရခြင်း၏ အကြောင်းရင်းမှာ သူ့မိခင်၏ အရည်အချင်းကို အမွေဆက်ခံရရှိတာ ဖြစ်နိုင်တယ်လို့ ယုံကြည်ထားသည်။ ဒီလိုမှ မဟုတ်ရင်၊ ကျိုးအိမ်တော်၏ အရည်အချင်းကို အားကိုးပြီး ဒီလို ထက်မြက်တဲ့ မြေးလေးကို ဘယ်လို မွေးထုတ်နိုင်ပါ့မလဲ။


ဒါက မဖြစ်နိုင်ဘူး။


ဒါကိုကြည့်လျှင် လက်တွဲဖော်ကောင်းရှာတွေ့ဖို့က အရေးကြီးကြောင်း ပြသပါသည်။


နောက်ဆုံး ဤအဆင့်အထိ လေ့လာသင်ယူပြီးနောက် အနာဂတ်တွင် အဆင့်ရှိသူတစ်ဦးကို ရှာဖွေနိုင်လိမ့်မည် ဖြစ်သည်။ ရွာမှ ကောင်မလေးတွေကို ရှာစရာ အကြောင်း မရှိဘူး။ အထူးသဖြင့် ဒီကောင်မလေး ရှောင်ချာ့ကိုပေါ့။ သူမသည် မိန်းမကောင်းလေးတစ်ဦး ဖြစ်သော်လည်း အရမ်းရိုးသားလွန်းသည်။ အတိအကျပြောရရင် ရှောင်ချာ့သည် သူမမြေးလေးကို မကိုင်တွယ်နိုင်လောက်ဘူး။


အမေကျိုး၏ အတွေးများဟာ လင်းချင်းဟယ်နဲ့ ဆင်တူတယ်လို့ ဆိုရမည်။


အမေကျိုးသည် စတုတ္ထလေး၏ ဇနီးသည်လို မိန်းမမျိုးကို ရှာဖွေတာက ပိုကောင်းလိမ့်မည်ဟု ခံစားခဲ့ရသည်။ သူမသည် စတုတ္ထလေးကို ကိုင်တွယ်နိုင်သည်။ စတုတ္ထလေးက လူကောင်းတစ်ယောက် ဖြစ်ပေမယ့် သူ့အတွက် သူနဲ့ တူတဲ့သူကို မရှာတွေ့သင့်ဘူး။


ဒုတိယမြောက်သားဖြစ်သူကို ကြည့်ပါလား။ ဒုတိယသားဆို သူ့ဇနီးသည်၏ ထိန်းချုပ်မှုအောက်မှာ လုံးလုံးလျားလျား ကျရောက်နေခဲ့ပြီး အလားအလာ လုံးဝ မရှိပေ။


အကြီးဆုံးသားနှင့် တတိယမြောက်သားသည်လည်း ထိုနည်းလည်းကောင်းပင်၊ စတုတ္ထသားလောက် မကောင်းပေ။


ဒါ့ကြောင့် အမေကျိုးသည် နောင်တွင် မြေးအကြီးဆုံးအတွက် အိမ်ထောင်ဖက်ကို ရှာဖွေလျှင် မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး သေသေချာချာ ဂရုတစိုက် စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ အဘယ်ကြောင့် အလျင်စလိုလုပ်ဖို့ လိုမှာလဲ။


အခု ချိုင်အိမ်ဟောင်းက စောစောစီးစီး အခွင့်ကောင်းယူချင်နေတာ သိသာထင်ရှားတယ် မဟုတ်ပါလား။ ဒီအကြောင်းကို စဥ်းတောင် မစဥ်းစားပါနဲ့။


လင်းချင်းဟယ်က ရယ်မောနေပြီး ဘာမှ ပြန်မပြောခဲ့ဘူး။ သူမ စိတ်ထဲမှတော့ လောင်တက ၁၁ နှစ်သာ ရှိသေးပြီး နွားနို့တိုက်ကျွေးနေတာကို လုံးဝ မရပ်တန့်ခဲ့ဘူး။ ဒါ့ကြောင့် ဘာဖြစ်လို့ သူ့အတွက် ဇနီးသည်တစ်ယောက် ရှာဖွေပေးသင့်တာလဲ။ အသက် ၁၃ နှစ်လောက်မှ တစ်ယောက်လောက် ရှာဖွေတာက သိပ်မလွန်ကဲဘူး။


ဒါပေမယ့် အသက် ၁၁ နှစ်ခွဲအရွယ်မှာပင် လောင်တရဲ့ အရပ်က အလွန်ရှည်လာပြီး ၅ပေ ၄လက်မပင် ရှိလာခဲ့သည်။


အခု လောင်တဟာ စာကျက်ဖို့ အာရုံစိုက်ရန် မလိုအပ်တော့ပဲ အထက်တန်းကျောင်းတက်ရောက်ရန် စက်တင်ဘာလ ၁ရက်နေ့အထိ စောင့်ဆိုင်းရဦးမှာ ဖြစ်သဖြင့် အလုပ်မှတ်များရရှိရန် နေ့တိုင်း သူ့အဖေနှင့်အတူ အလုပ်သွားလုပ်သည်။ ဒါပေါ့၊ လင်းချင်းဟယ်က သူ့ကို အစမ်းကြည့်ဖို့ အထက်တန်းကျောင်းစာအုပ်တွေကို ကြိုတင်ယူလာခဲ့သည်။


လောင်အာ့နှင့် လောင်စန်းတို့၏ လေ့လာမှုအတွက် လင်းချင်းဟယ်၏ တောင်းဆိုမှုက နည်းပါးခဲ့သည်။ သာမာန် အရှိန်အဟုန်အတိုင်း လေ့လာနိုင်ရင် ဖြစ်သည်။ အစပိုင်းမှာတော့ လောင်တကို စာပေသင်ယူဖို့ အချိန်ယူစေချင်ပေမယ့် ပြန်လည်ဖြေဆိုခွင့်ရရှိမည့် ကောလိပ်ဝင်ခွင့်စာမေးပွဲ၏ ပထမအကြိမ်ကို အမှီလိုက်မိဖို့အတွက် သူ့သားအကြီးဆုံးကို စာကြိုးစားဖို့ တွန်းအားပေးခဲ့ရသည်။


ကံကောင်းထောက်မစွာဖြင့် အရာအားလုံးဟာ လမ်းကြောင်းမှန်ပေါ် ရောက်ရှိခဲ့သည်။


နှစ်နှစ်အကြာတွင် လောင်တတစ်ယောက် အထက်တန်း ဒုတိယနှစ် ပြီးဆုံးနောက် ကောလိပ်ဝင်ခွင့် စာမေးပွဲသည် ထိုအချိန်၌ပင် ဖြစ်သည်။


လင်းချင်းဟယ်တွင် စာသင်ကြားဖို့ အတန်းမရှိပေ။ နွေရာသီ အားလပ်ရက်အချိန်ဖြစ်လို့ သူမမှာ ဘာမှ လုပ်စရာမရှိသဖြင့် ဟိုဟိုဒီဒီ လျှောက်သွားပြီး စိုက်ပျိုးရေးထွက်ကုန်တွေကို မြို့ပေါ် တက်ရောင်းချခဲ့သည်။


ဥပမာအားဖြင့်၊ မြေပဲ၊ နှမ်းနှင့် ပဲပိစပ်တို့ ဖြစ်ကြသည်။ ထိုစိုက်ပျိုးရေးထွက်ကုန်တွေက ကျေးလက်ဒေသမှာ ငွေအများကြီး မထိုက်တန်ပေမယ့် မြို့ထဲ ယူသွားရင်တော့ အကုန် ရောင်းချလို့ရသည်။


“ကောင်မလေး၊ နင့်မှာ ဒီလိုမြေပဲတွေ ရှိသေးလား။ ငါ့လက်ထဲမှာ တစ်ခုခု ရှိတယ်။ နင် အဲ့တာနဲ့ လဲလှယ်ပေးနိုင်မလား မပေးနိုင်ဘူးလား မသိဘူး။” အဖွားအိုလေးတစ်ယောက်က လင်းချင်းဟယ်ကို ကြည့်ပြီး တီးတိုးပြောသည်။


လင်းချင်းဟယ်သည် သူမနှင့် သိပ်မရင်းနှီးသဖြင့် “မဒမ်၊ ကျွန်မ ဒါတွေကို အခက်အခဲတွေ အများကြီးကြောင့် လဲလှယ်ပေးဖို့ လုပ်ရတာပါ။ ကျွန်မမိသားစုက ပိုက်ဆံအရမ်းလိုနေတယ်။ မဟုတ်ရင်၊ ကျွန်မ ဒီလိုမျိုး ရောင်းချမှာ မဟုတ်ဘူး။”


ဒါက လင်းချင်းဟယ်တစ်ယောက် သူမနှင့် မရင်းနှီးတဲ့သူတွေကို ဆက်ဆံတဲ့ ပုံစံပင်။ သူမကို လာမေးလိုက်တာနဲ့ သူမ ချက်ချင်း သဘောမတူနိုင်ဘူး။ သူတို့တွေက လျှို့ဝှက်အထောက်တော်တစ်ယောက် ဟုတ်လား မဟုတ်ဘူးလား ဆိုတာကို ဘယ်သူ သိနိုင်မှာလဲ။


“ငါ့ကို မဖုံးကွယ်ထားပါနဲ့။ ငါ နင့်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ဝါရင့်သဘာရင့်တစ်ယောက်မှန်း သိတယ်။ ငါ့သားနှစ်ယောက်စလုံးက အလုပ်ရှိတယ်။ ဒါပေမယ့် ရိက္ခာကူပွန် မရှိတာကြောင့် ငါ့မြေးလေးတွေ ငတ်ပြတ်နေကြတယ်။ ငါ ဒီကို စုံစမ်းစစ်ဆေးဖို့ ရောက်လာတာ မဟုတ်ပါဘူး။” အဖွားအိုလေးက တီးတိုးပြောသည်။


ဒါကိုမြင်‌တော့ လင်းချင်းဟယ်က ပြုံးလိုက်ပြီး “မဒမ်က ဒါတွေကို ပိုက်ဆံ လဲလှယ်ချင်လား ဒါမှမဟုတ် ဘာနဲ့လဲ။”


“ငါနဲ့ လိုက်ခဲ့ပေးပါ။” အဖွားအိုလေးက ပြောသည်။


လင်းချင်းဟယ်လည်း နောက်က လိုက်သွားသည်။ ဒီခေတ်အချိန်ခါတွင် လူတွေက အော်သံကြားလျှင်ပင် ကြောက်စိတ်မွှန်ကြသော အချိန်ခါဖြစ်၍ လူကုန်ကူးတဲ့ အရေးကိစ္စလိုမျိုးကို မလုပ်ရဲကြဘူး။ ပြီးတော့ သူမသည် လမ်းကျဥ်းတွေထဲကို ဝင်လိုက်မှာ မဟုတ်ဘူး။ အများဆုံး လမ်းမကြီးတွေရဲ့ အဝင်ဝမှာပင် စောင့်ဆိုင်းပေးမှာပဲ ဖြစ်သည်။

 

အဖွားအိုလေးက သူမကို ခေါ်သွားဖို့ အစီအစဥ် မရှိပါဘူး။ အဖွားအိုလေးက လင်းချင်းဟယ်ကို အပြင်မှာ စောင့်ဆိုင်းပြီး သူမကိုယ်တိုင် ဝင်သွားခဲ့သည်။


ထို့နောက် သူမ ပြန်ထွက်လာတော့ သူမကို လူသူကင်းမဲ့သော လမ်းကြားတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။


“ကောင်မလေး၊ ဒါကို တစ်ချက်ကြည့်ပေးပါ။” အဖွားအိုလေးက အနီးနားမှာ ဘယ်သူမှ မရှိတာကို သေချာအောင် စစ်ဆေးကြည့်ပြီးနောက် ရွှေလက်ကောက်၏ ထောင့်တစ်ခုကို ပြသလိုက်သည်။


လင်းချင်းဟယ်က တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းခါလိုက်သည်၊ “မဒမ်၊ မဒမ်က ဟာသ လုပ်နေတာပဲ။ ဒီလို လူ့အသိုင်းအဝိုင်းဟောင်းမှာ အသုံးဝင်ခဲ့တဲ့ ပစ္စည်းတွေက အခု ဘန်းမုန့်နဲ့တောင် လဲလှယ်လို့ မရဘူး။ ဒါက ကျွန်မအတွက် ဘယ်လို အကျိုးရှိပါ့မလဲ။”


“အခု အသုံးမဝင်ပေမယ့် အနာဂတ်မှာ သေချာပေါက် အသုံးဝင်ပါလိမ့်မယ်။ အခု အိမ်မှာ ငါတို့ ချက်ပြုတ်မစားသောက်နိုင်တော့ဘူး။ မဟုတ်ရင် ငါ ဒီပစ္စည်းမျိုးကို အပြင်ကို မထုတ်ချင်ပါဘူး။” အဖွားအိုလေးသည် အမှန်တကယ်ပင် သူမမျက်လုံးများထဲတွင် မလိုလားအပ်သော အရိပ်အယောင်တွေ ရှိပေသည်။


လင်းချင်းဟယ်က ဒီအဖွားအိုကို စျေးနှိမ်လိုက်ရင် နည်းနည်း အနိုင်ကျင့်ရာရောက်သွားမယ်လို့ ခံစားရတဲ့အတွက် သူမက “ဒါဆိုရင် မဒမ်၊ မဒမ်က ဒါကို ဘာနဲ့ လဲလှယ်ဖို့ စိတ်ကူးထားလဲ။” လို့ မေးလိုက်သည်။


“ကျင်းငါးဆယ်တန် ရိက္ခာကူပွန်ရရင် ဒီရွှေလက်ကောက်ကို နင့်ကို ပေးလိုက်မယ်။” အဖွားအိုလေးက သူမကို စိုက်ကြည့်ရင်း ပြောလိုက်သည်။


“အဲ့တာက အပြင်ထုတ်ပြီး ကျွန်မကို တစ်ချက်ပြကြည့်ပါလား။” လင်းချင်းဟယ်က သူမကို ကြည့်လိုက်သည်။


အဖွားအိုလေးက ရွှေလက်ကောက်ကို သူမအား ပြသခဲ့သည်။ လင်းချင်းဟယ်က ရွှေလက်ကောက်၏ အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။ ရွှေလက်ကောက်၏ အလေးချိန်က အတော်လေး ပေါ့ပါးနေသည့်အတွက် “ကျင်းလေးဆယ်ပဲ ပေးနိုင်တယ်။” လို့ ပြောလိုက်သည်။


“လေးဆယ့်ငါးကျင်း။”


“ကောင်းပြီ...”


လင်းချင်းဟယ်သည် သူမအိတ်ကပ်ထဲမှ ရိက္ခာကူပွန်ကို ထုတ်ယူလိုက်သည်။ ဒီရိက္ခာကူပွန်တွေကို သူမ၏ ရိက္ခာလဲလှယ်မှုမှ ရရှိခဲ့တာ ဖြစ်သည်။ သူမ၏ နေရာလွတ်ထဲတွင် ကျိုးချင်းပိုင် ပြန်ပါလာခဲ့သော အမျိုးသားစစ်စားနပ်ရိက္ခာကူပွန်များစွာ ရှိသည်။ ဒါတွေ အလွန်အဖိုးတန်ပြီး နောက်ပိုင်းတွင် အသုံးပြုရန်အတွက် သိမ်းဆည်းထားရမည် ဖြစ်သည်။


အဖွားအိုလေးက သူမ ချက်ချင်း ရရှိမယ်လို့ မမျှော်လင့်ထားခဲ့ပေ။ သို့တိုင်၊ သူမက ဘာမှ မပြောခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူမဟာ ဒီလက်ကောက်ကို ကောက်ရခဲ့တာ ဖြစ်သည်။ ဒါက သူမအပိုင်မှ မဟုတ်ပဲ။


သူမသည် ဒါကို ရနိုင်သလောက် လဲလှယ်နိုင်တာကပင် ကောင်းနေခဲ့ပြီ။