အခန်း (၂၂၁) – ဇနီးသည်စကားကို နားထောင်ပါ
အရောင်းအဝယ် ပြီးသွားသောအခါ လင်းချင်းဟယ်သည် ရွှေဆွဲကြိုးကို ယူပြီး ထွက်ခွာသွားခဲ့သည်။
ထို့နောက် သူမသည် ထိုအကြောင်းအား တွေးစပြုလာခဲ့သည်။ ဒီအဝါရောင်နှင့် အဖြူရောင်ပစ္စည်းတွေက အရမ်းအဖိုးတန်တယ်လို့ တွေးနေမိသည့်တိုင် သူတို့ကို ထုတ်ရောင်းဝံ့တဲ့သူတွေ ရှိနေသေးတာလား။
လင်းချင်းဟယ်သည် ရွှေစုဆောင်းသည့်လုပ်ငန်းကိုပင် လုပ်ကိုင်ချင်ခဲ့သည်။
အနာဂတ်မှာ စျေးတက်တဲ့အခါ အချိန်တန်ရင် ငွေကြေးချမ်းသာကြွယ်ဝအောင် လုပ်နိုင်တာပဲ မဟုတ်ပါလား။
ထို့ကြောင့် လင်းချင်းဟယ်သည် မှောင်ခိုစျေးထဲသို့ သူမမျက်နှာပေါ်တွင် အဝတ်တစ်စအုပ်ပြီး ရောက်ရှိလာခဲ့သည်။ လျှို့ဝှက်ကုဒ်ကို ပြောပြီးနောက် ရွှေအကြောင်း မေးမြန်းရန် ဝင်လာခဲ့သည်။
“အခု ဘယ်သူမှ မထုတ်ရဲကြပေမယ့် စျေးမနည်းသေးဘူး။” လူငယ်က ပြောသည်။
လင်းချင်းဟယ်သည် သူမမျက်နှာကို အဝတ်ဖြင့် နဖူးထိလုံအောင် ဖုံးအုပ်ထားသော်လည်း သူမသည် ပုံမှန်ဖောက်သည်တစ်ဦးဖြစ်ပြီး အရောင်းအဝယ်ဖြစ်နိုင်ကြောင်း သူ သိနေသေးသည်။
လင်းချင်းဟယ်က “ဘယ်လိုပုံစံမျိုးလဲ” ဟု မေးသည်။
“ငါ့မှာ လက်ကောက်နှစ်ကွင်း ရှိတယ်။ မင်း လိုချင်ရင်၊ ငါ မင်းကို ပေးလို့ရတယ်။” လူငယ်က ပြောသည်။ သူက အထဲသို့ဝင်၍ တစ်စုံတစ်ယောက်ထံမှ ရွှေဆွဲကြိုးနှစ်ကွင်းကို ယူကာ ထွက်လာခဲ့သည်။
“ဘယ်လောက်လဲ။” လင်းချင်းဟယ်က တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“အဲ့ဒီတစ်ခုက ယွမ် ၁၀၀၊ ဒီတစ်ခုက ယွမ် ၁၅၀၊ မင်းလိုချင်ရင် ယွမ် ၂၀၀နဲ့ ငါ ပေးလိုက်မယ်။” လူငယ်က သူမကိုကြည့်ကာ ပြောလိုက်သည်။
“နင် အပြင်ထွက်ပြီး လုယက်သင့်တယ်။” လင်းချင်းဟယ်က မျက်လုံးပြူးသွားသည်။
“ဒါက ရွှေပဲ၊ ဒါကို နင်လိုချင်တယ်ဆိုတော့ နောင်မှာ ဒါက တန်ဖိုးရှိမယ်ဆိုတာ နင်လည်း သိမယ်လို့ ထင်ပါတယ်။” လူငယ်က ပြန်ပြောသည်။
“ယွမ် ၅၀၊ အဲ့စျေးကို နင် လက်ခံရင် ငါ ယူလိုက်မယ်။ မဟုတ်ရင်၊ ဒါကို မေ့လိုက်ပါ။” လင်းချင်းဟယ်က တိုက်ရိုက်ပြောခဲ့သည်။
“ကောင်းပြီ၊ ယွမ် ၅၀ ဆိုရင်လည်း ယွမ် ၅၀ပဲပေါ့။” လူငယ်က ချက်ချင်း ပြောသည်။
လင်းချင်းဟယ်သည် လက်ရှိစျေးကွက်ကို သူမ နားမလည်သေးဘူးဟု ခံစားလိုက်ရသည်။ ဒါက စျေးပိုတင်ထားတာ ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။
“ငါပြောမယ်၊ အစ်မ၊ နင် လှည့်စားခံလိုက်ရသလိုမျိုး မလုပ်ပါနဲ့။ နင်က ဒီကို မကြာခဏ လာလေ့ရှိတဲ့ ဖောက်သည်ဖြစ်လို့ ငါ နင့်ကို ယွမ် ၅၀နဲ့ပေးလိုက်တာ။ မဟုတ်ရင်၊ ငါ နင့်ကို ဒီလိုမျိုး ရောင်းပေးမယ် ထင်လား။” ဟု လူငယ်က ဒေါသတကြီး ပြောလိုက်သည်။
ထိုအချိန်တွင် လင်းချင်းဟယ်က ဘာမှ ပြန်မပြောပေ။ သူမက ရွှေဆွဲကြိုးတွေကို ယူလိုက်ပြီး “နောက်ထပ် ရှိသေးလား။” လို့ တီးတိုးမေးလိုက်သည်။
“အစ်မ၊ တကယ်လို့ နင်လိုချင်ရင်၊ ငါတို့က ထုံးစံအတိုင်း ရအောင် ရှာပေးထားလို့ရတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို ရောင်းချရတာ အရမ်းအန္တရာယ်များတယ်။ တကယ်လို့ နင်လိုချင်ရင် နောက်တစ်ခါကျ စျေးပေါမှာ မဟုတ်ဘူး။” လူငယ်က ပြောသည်။
“ငါ့အတွက် နည်းနည်းလောက် စုဆောင်းပေးထားပါ။ နောက်တစ်ခါ ငါ ထပ်လာကြည့်မယ်။” လင်းချင်းဟယ်က ပြောသည်။
“ကောင်းပြီ၊ ဒါပေမယ့် ငါ အများကြီး မစုဆောင်းနိုင်ဘူး။ နင်လိုချင်ရင် ငါတို့ အရောင်းအဝယ်ကို ဆက်လုပ်လို့ရတယ်။” လူငယ်က ပြန်ဖြေသည်။
လင်းချင်းဟယ်က ထွက်ခွာသွားပြီးနောက် လူငယ်က အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ အခန်းထဲတွင် ဘီယာဗိုက်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရှိသည်။ ဒီခေတ်အချိန်ခါမျိုးမှာ ဒီလိုလူမျိုးရှိဖို့ ဆိုတာ တကယ့်ကို ရှားပါးသည်။
“အကြီးဆုံးဦးလေး၊ အဲ့ဒီအမျိုးသမီးက ထပ်လိုချင်သေးတယ်လို့ပြောတယ်။ ငါတို့ ထပ်စုဆောင်းသင့်လား။” လူငယ်က မေးသည်။
“ဒါက စိတ်ဝင်စားစရာပဲ။ ဒီအချိန်မှာ ဒါတွေကို စုဆောင်းချင်စိတ်ရှိနေတုန်းပဲလား။ သူမ တစ်ခုခု ကြားသိထားလို့လား။” ဘီယာဗိုက်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောလိုက်သည်။
“ဒီလိုအခြေအနေမျိုးမှာ ဘယ်လို အခြေအနေကောင်းမျိုး ရှိနိုင်ပါ့မလဲ။” လူငယ်က ပြန်တုံ့ပြန်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အပြင်ဘက်မှ လက်ပတ်နီဝတ် စစ်သားတွေ ရောက်ရှိလာသောအခါက မှောင်ခိုစျေးကွက်ကို ခဏတာ ပိတ်သွားခဲ့သည်။ အရိပ်တစ်ခုမျှပင် မမြင်ရပဲ လုပ်ငန်းတွေ ခေတ္တ ရပ်တန့်သွားခဲ့သည်။
“ဒီလူတွေကို လျှော့မတွက်နဲ့။” လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။ ထို့နောက် သူက ဆက်ပြောသည်၊ “သူမအတွက် နည်းနည်းလောက် ရအောင် သွားရှာပေးလိုက်။ နောက်တစ်ခါ သူမ လာရင် သူမကို မေးကြည့်လိုက်။ မင်း သူမကို ဆုနည်းနည်းလောက် ပေးနိုင်တယ်။”
“ကောင်းပြီ” လူငယ်က သဘောတူလိုက်သည်။
လင်းချင်းဟယ်သည် လမ်းကြားလေးတစ်ခုကို ရှာဖွေခဲ့ပြီး သူမ အပြင်သို့ မထွက်မီ သူမကိုယ်သူမ ဆေးကြောသန့်စင်ရန် နေရာလွတ်ထဲမှ တစ်သျှူးအစိုတစ်ခုကို ထုတ်ယူလိုက်သည်။
သူမ စိတ်အခြေအနေ ကောင်းမွန်နေသည်။ အခုအချိန်မှာတော့ သူမဟာ နေရာလွတ်ထဲမှာ ရွှေတွေ အများကြီး စုဆောင်းထားခဲ့သည်။ သူမသည် နောင်အနာဂတ်တွင် ထိုအရာတွေကို ရောင်းချသုံးစွဲနိုင်မည် ဖြစ်သည်။
ဒါပေယ့် အခုအချိန်မှာတော့ ဒီအရာတွေကို သိုလှောင်ပြီး နောင်အသုံးပြုဖို့အတွက် သိမ်းဆည်းထားရန် လိုအပ်ပါသေးသည်။
လင်းချင်းဟယ်သည် အိမ်မပြန်မီ ပစ္စည်းအချို့ ဝယ်ယူသွားခဲ့သည်။
သူမ အိမ်ပြန်ရောက်သောအခါတွင် ကျိုးချင်းပိုင်တစ်ယောက် အိမ်မှာ ရှိနေတာကို မြင်လိုက်ရသည်။ သူက ဒီနေ့ အလုပ်သွားစရာ မလိုပဲ ပိုးသတ်ဆေးဝယ်ဖို့ သွားရသည်။ သူက အိမ်ကို စောစောပြန်ရောက်လာခဲ့သည်။
“ရှင် ပြန်ရောက်တာ စောသားပဲ။” လင်းချင်းဟယ်က အပြုံးလေးဖြင့် စကားဆိုသည်။
“မင်း မြို့ကို သွားခဲ့တာလား။” ကျိုးချင်းပိုင်က မေးသည်။
“အင်း၊ ခဏတဖြုတ် သွားလိုက်တာ။” လင်းချင်းဟယ်က ခေါင်းညိတ်ပြလိုက်သည်။ သူမ ရွှေစုဆောင်းဖို့ ကြံစည်နေကြောင်း သူ့ကို မပြောလိုက်ပေ။ နောင်အနာဂတ်တွင် သူ သူမနောက်သို့လိုက်ပါပြီး ဘဝ၏ အကောင်းဆုံးအချိန်တွေကို ခံစားစေရမည်။
ထို့ကြောင့် တခါတရံမှာ အလွန်ထက်မြက်ပြီး သူ့ကို အလွန်ချစ်မြတ်နိုးပေးသည့် ဇနီးသည်တစ်ယောက်ကို လက်ထပ်ခွင့်ရတာဟာ ကောင်းချီးတစ်ခုလို့ ဆိုရပါမည်။
ကျိုးချင်းပိုင်မှာ ဒီလိုကောင်းချီးမျိုး ပိုင်ဆိုင်ထားတယ် ဆိုတာ သိသာထင်ရှားပါသည်။
“ရှင် ဒီညစာ ဘာစားချင်လဲ။” လင်းချင်းဟယ်က မေးသည်။
“အစပ်ခေါက်ဆွဲအေးဟင်းလျာ...” ကျိုးချင်းပိုင်က သူမဖက်သို့ လှည့်ကြည့်လိုက်သည်။ သူက ထိုဟင်းပွဲကို အရမ်းကြိုက်သည်။
“ကောင်းပြီ” လင်းချင်းဟယ်က ဝမ်းသာအားရ သဘောတူလိုက်သည်။ ဒါက အစပ်ခေါက်ဆွဲအေးဟင်းလျာပဲ မဟုတ်ပါလား။ ကိစ္စမရှိဘူး။
ကျိုးချင်းပိုင်က ဘာမှ လုပ်စရာ မရှိတာကြောင့် သူမကို ကူညီလုပ်ကိုင်ပေးဖို့ ဝင်လာခဲ့သည်။ လင်မယားနှစ်ယောက်သား မီးဖိုချောင်ထဲမှာ ပျော်ပျော်ပါးပါး အတူချက်ပြုတ်ခဲ့ကြသည်။
တကယ်တော့ ချက်ရပြုတ်ရတာ သိပ်မခက်ခဲပေမယ့် နည်းနည်းတော့ လက်ဝင်ပါသည်။ ကျိုးချင်းပိုင်တစ်ယောက် ဒါကို ပြုလုပ်ပုံနဲ့ ရင်းနှီးလာပြီးနောက် သူမသည် ဒါကို သူ့လက်ထဲ အပ်ထားလိုက်သည်။ လင်းချင်းဟယ်သည် အိမ်နောက်ဖေးခြံဝင်းထဲမှ ခရမ်းချဥ်သီးနှစ်လုံးကို စားရန် သွားခူးလာခဲ့သည်။ တစ်လုံးက သူမအတွက်ဖြစ်ကာ နောက်တစ်လုံးက ကျိုးချင်းပိုင်အတွက် ဖြစ်သည်။
ကလေးတွေက အိမ်မှာ မရှိဘူး။ စုချန်လေးနဲ့ စုရွှင်းလေးတို့က ကျိုးအိမ်ဟောင်းတွင် သူတို့အဖွားနှင့်အတူ ရှိနေကြသည်။ ထို့ကြောင့် အိမ်မှာ သူတို့ကို နှောင့်ယှက်မယ့်သူ ဘယ်သူမှ မရှိတာကြောင့် အတော်လေး သာယာပါသည်။
ကျိုးချင်းပိုင်က ခရမ်းချဥ်သီးကို စားနေရင်း အစပ်ခေါက်ဆွဲအေးဟင်းပွဲကို ပြုလုပ်နေသည်။ လင်းချင်းဟယ်က စကားအစပျိုးခဲ့သည်၊ “အနာဂတ်မှာ ကျွန်မတို့မိသားစု ပြောင်းရွှေ့ဖြစ်လိမ့်မယ်။ ကျွန်မတို့အခြေကျတဲ့အခါကျရင် ကျွန်မတို့ အဖေနဲ့ အမေ့ကိုပါ ခေါ်ထားကြမယ်။”
လင်းချင်းဟယ်လို အမျိုးသမီးတစ်ဦးအတွက် ထိုသို့သော အကြံဥာဏ်မျိုးကို အဆိုပြုဖို့ အစပျိုးရန် ခက်ခဲသည်။ အဖေကျိုးနဲ့ အမေကျိုးတို့ကို နားချဖို့က မခက်ခဲပေမယ့် သော့ချက်က သူမခေါ်ဆောင်ချင်တဲ့ သူမခင်ပွန်းသည်ကြောင့် ဖြစ်လေသည်။
ကျိုးချင်းပိုင်ကလည်း သူမ ဒီလိုပြောလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ သူက “ဒါက စောပါသေးတယ်” လို့ မပြောမီ တစ်စက္ကန့်မျှ အေးခဲသွားမိသေးသည်။
လင်းချင်းဟယ်က ပြုံးပြီး ပြောသည်၊ “အဖေနဲ့ အမေတို့ကို ကျွန်မတို့နဲ့အတူ ခေါ်သွားချင်တာဆိုတော့ အသုံးစရိတ်က များလိမ့်မယ်။ ဒီတော့ ချင်းပိုင်၊ ကျွန်မတို့နိုင်ငံ ပြုပြင်ပြောင်းလဲပြီး ပွင့်လင်းလာတဲ့အခါကျရင် စျေးဆိုင်တစ်ခုလောက် ထူထောင်ချင်လား။”
“ဆိုင်ဖွင့်တာက အမြတ်ရဖို့ ခက်လိမ့်မယ် မဟုတ်လား။” ကျိုးချင်းပိုင်က လေးနက်စွာ ပြောသည်။
“ရှင် မျက်နှာပျက်မှာ မစိုးရိမ်ဘူးလား။” လင်းချင်းဟယ်က သူ အာရုံစိုက်နေတာကို မြင်လိုက်ရတဲ့အခါ ပြုံးပြုံးလေး မေးလိုက်သည်။
“တိုင်းပြည်က ခွင့်ပြုပေးသရွေ့ ကိုယ် မျက်နှာပျက်မှာ မဟုတ်ဘူး။” ကျိုးချင်းပိုင်က သူမကို ကြည့်ကာ ပြောလိုက်သည်။
ဤသည်မှာ ဒီအမျိုးသား၏ အောက်ခြေစည်း ဖြစ်သည်။ တိုင်းပြည်က ခွင့်ပြုပေးသရွေ့ သူ့တွင် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုး ရှိလိမ့်မည် မဟုတ်ပေ။ လင်းချင်းဟယ် အခု လုပ်ဆောင်နေသည့် အရာနှင့် ပတ်သက်၍ အမှန်တကယ် သဘောမတူချင်သော်လည်း သူ့ဇနီးသည်ကို သူ မလွန်ဆန်နိုင်ဘူး။
ထိုညက သူ အသားစားချင်သော်လည်း သူ့ဇနီးသည်ရဲ့ လှုပ်ရှားမှုကြောင့် သူ ကျရှုံးသွားသည်။ ထို့နောက် သူ့မှာ ကန့်ကွက်ရန် နေရာပင် မရှိပေ။
လင်းချင်းဟယ်က ပြုံးပြီး ပြောသည်၊ “နောင်အနာဂတ်မှာ လမ်းဘေးစျေးဆိုင် ထူထောင်တာက အရမ်းအကျိုးရှိလိမ့်မယ်။”
ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှု အစောပိုင်းကာလများတွင် လမ်းဘေးစျေးဆိုင် တည်ထောင်ခြင်းဟူသည် အဘယ်နည်း။ လမ်းဘေးစျေးဆိုင် တည်ထောင်ပြီးနောက် လမ်းကြောင်း မည်သို့ရှိမည်နည်း။ ၎င်းသည် ကိုယ်ပိုင်လုပ်ငန်း ဖြစ်လေသည်။
ကိုယ်ပိုင်လုပ်ငန်းထူထောင်ပြီးနောက် ပင်လယ်ရေလမ်းကြောင်း ဖွင့်လှစ်လာပြီး စတော့ရှယ်ယာများနှင့် အိမ်ခြံမြေစျေးကွက်များ ထွန်းကားလာလိမ့်မည်။
ခေတ်ရေစီးကြောင်းတစ်ခု၏ ကနဦးအဆင့်တွင်၊ ငွေရှာဖွေခြင်းသည် အလွန် အမြတ်အစွန်းများသောကြောင့် လမ်းဘေးဆိုင်ကို ဦးစွာတည်ထောင်ရန်နှင့် အရင်းအနှီး အပြည့်အဝ ရရှိပြီးနောက် ဆိုင်ဖွင့်ရန် စဥ်းစားခြင်းသည် မကောင်းသော အရာ မဟုတ်ပေ။
အဆုံး၌ သူမ ဘွဲ့ရပြီးသည့်အချိန်လောက်တွင် အားလုံး အခြေချနေနိုင်ပြီဖြစ်လို့ ဒါတွေကို တွေးကြည့်လို့ရသည်။
ကျိုးချင်းပိုင်က ခေါင်းညိတ်သဘောတူလို်ကသည်။ သူ့ဇနီသည်ပြောတာ မမှားနိုင်ဘူး။ သူမ ပြောတာကို သူက အကောင်အထည်ဖော်လိုက်ရုံပါပဲ။
လင်းချင်းဟယ်သည် သူမ၏ အမျိုးသားကို တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။
ကျိုးချင်းပိုင်က ထင်းလက်တစ်ပွေ့စာ ထည့်လိုက်ပြီး သူ့ဇနီးသည်၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများကို တွေ့လိုက်ရသဖြင့် နှစ်ယောက်သား မီးဖိုချောင်ထဲမှာ နမ်းရှိုက်လိုက်မိကြသည်။
အမေကျိုးသည် စုရွှင်းလေးကို ခေါ်ပြီး ရောက်လာခဲ့သည်။ တံခါးကို မပိတ်ထားသောကြောင့် သူမဟာ ဒီမြင်ကွင်းကို တွေ့လိုက်ရသည်။ အမေကျိုးသည် သူ့မြေးလေးကို ချီရင်း ချက်ချင်း ထွက်သွားခဲ့သည်။
တကယ်ဆို... နေ့လည်ခင်းအချိန်အခါကြီး၊ သူတို့နှစ်ဦးသား မီးဖိုချောင်ထဲမှာ ပွေ့ဖက်ထားပြီး နှုတ်ခမ်းချင်း အနမ်းဖလှယ်သင့်ပါသလား။