အခန်း (၂၂၃) – စိတ်ပြောင်းသွားကြတာလား
ကျိုးချင်းပိုင်သည် ကျောင်းပြန်မဖွင့်မီ စက်တင်ဘာလတွင် မြူနီစီပယ်မြို့သို့ သွားမည် ဖြစ်သည်။
ဒီတစ်ခါမှာတော့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေကို ပြန်ဝယ်လာခဲ့သည်။ ဒါတစ်ခါ အသုံးပြုဖို့ ဝယ်ပြီးရင် ဒီနှစ်အတွက် နောက်တစ်ခါ ထပ်သွားဝယ်ဖို့ မလိုတော့ဘူး။
ထိုနေ့ မနက်စောစောတွင် လင်းချင်းဟယ်သည် ကျိုးချင်းနောက်မှ လိုက်ပါသွားခဲ့သည်။
ကျိုးချင်းပိုင်သည် အလွန်ကူကယ်ရာမဲ့သလို ခံစားရသည်။ သူ့ဇနီးသည်ထံမှာ တခြားအစီအစဥ်တွေရှိမယ်မှန်း သူ သိပေမယ့် သူမကတော့ သူ့ကို မပြောပြခဲ့ပါဘူး။ သူမ သူ့နောက်သို့ လိုက်လာတယ် ဆိုကတည်းက သူမ သူ့နောက်မှာပဲ ကပ်ပါနေရမည်။ သူ သူမကို တစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမှာ မဟုတ်ဘူး။
မြူနီစီပယ်မြို့သည် ခရိုင်မြို့နှင့် မယှဥ်နိုင်ပေ။ မကြာသေးမီက အဓိကရုဏ်းအချို့ ဖြစ်ပွားခဲ့သည်။
ဤသည်မှာ ဒီခေတ်အချိန်ခါ၏ ဝသေသလက္ခဏာများ ဖြစ်ပြီး ရံဖန်ရံခါဆိုသလို လှိုင်းတံပိုးများ ရှိလိမ့်မည်။
“ရှင့်ကိစ္စကို ရှင် သွားလုပ်ပါ။ ကျွန်မတို့ နေ့လည်ရထား ပြန်စီးဖို့ ဒီမှာ တွေ့ကြမယ်လေ။” သေချာပေါက် သူ့ဇနီးသည်က ဘူတာရုံကို ရောက်တာနဲ့ လမ်းခွဲသွားဖို့ စီစဥ်ခဲ့သည်။
“ကိုယ့်နောက်က လိုက်ခဲ့။” ကျိုးချင်းပိုင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။
နှစ်ပေါင်းများစွာ အိပ်ရာတစ်ခုထဲကို အတူတူမျှဝေသုံးစွဲပြီးတဲ့နောက်မှာ သူက သူ့ဇနီးသည်၏ ဒေါသကို သိရှိခဲ့သည်။ မြို့ထဲရောက်တာနဲ့ နာခံမှုရှိစွာဖြင့် သူ့နောက်သို့လိုက်ပါပြီး သူ့ပြောစကားကို နားထောင်ဖို့ဆိုတာ ဘယ်လို ဖြစ်နိုင်ပါ့မလဲ။
ဟုတ်ပါတယ်၊ လင်းချင်းဟယ်က နာခံဖို့ ရည်ရွယ်ချက် မရှိပါဘူး။ သူမ ဒီကို လာတာ အချည်းနှီးဖြစ်သွားလိမ့်မယ်လို့ ဆိုလိုတာပဲ မဟုတ်ပါလား။ ရထားစီးရတဲ့ အနံ့အသက်က လုံးဝ မကောင်းပါဘူး။
မကြာခင် ကျောင်းဖွင့်တော့မယ်။ ကျောင်းပြန်ဖွင့်ရင် ဒီကို လာဖို့ အချိန်ရှိတော့မှာ မဟုတ်ဘူး။
ဒီအချိန်က တစ်ခုနှစ်ခုလောက် အသာစီးရယူဖို့အချိန် မဟုတ်ဘူးလား။
“ဒီမှာပဲ တွေ့ကြမယ်လေ။ ချင်းပိုင်၊ မစိုးရိမ်ပါနဲ့၊ ကျွန်မ ပြဿနာမရှာပါဘူး။” လင်းချင်းဟယ်က အလေးအနက်ပြောသည်။
ကျိုးချင်းပိုင်က သဘောမတူပဲ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဝယ်ရန် သူနဲ့အတူ ခေါ်ဆောင်သွားခဲ့သည်။ လိုအပ်တာတွေအကုန်ဝယ်ယူပြီး အချိန်က တစ်နာရီကျော်ကျော် ကျန်ရှိသေးသည်။ သူ အချက်ပြတဲ့အတိုင်း သူမက သူ့နောက်သို့ လိုက်ပါလာခဲ့ပြီးဖြစ်သည့်အတွက် သူက သူမနောက်ကနေ လိုက်ပါဖို့ရန်သာ ရှိတော့သည်။
လင်းချင်းဟယ်က သူမစိတ်ထဲတွင် ရှင် ကျွန်မကို အပြစ်သားတစ်ယောက်လို ဆက်ဆံနေတာလားလို့ ဆိုနေမိသည်။
ထို့အပြင် သူ့ရဲ့ ဖြောင့်မတ်တည်ကြည်သော အသွင်အပြင်ကို တစ်ချက်ကြည့်လိုက်တာနဲ့ သူက တပ်မတော်မှ အနားယူသွားသည့် စစ်မှုထမ်းဟောင်းတစ်ယောက် ဆိုတာ မည်သူမဆို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်လေသည်။ အရောင်းအဝယ်လုပ်ချင်သူတွေက သူ့ရှေ့ကို ဘယ်လိုလုပ်ပြီး ထွက်လာဝံ့မှာလဲ။
သူတို့အကုန်လုံး ကြောက်လန့်သွားကြလိမ့်မည်။
“မင်း ဘာကို ဖလှယ်ချင်တာလဲ။” ကျိုးချင်းပိုင်က အသံတိုးတိုးဖြင့် မေးသည်။
“ကျွန်မ ဖလှယ်ဖို့ မစဥ်းစားထားဘူး။ ကျွန်မတစ်ဦးတည်း ဟိုဟိုဒီဒီ လမ်းလျှောက်ချင်ရုံလေးပါ။” လင်းချင်းဟယ်က ပြောသည်။
ရွှေလဲလှယ်တဲ့ကိစ္စကို သူ့ကို သိခွင့်မပြုနိုင်ဘူး။ ဒီလူက ရှေးရိုးဆန်လွန်းသည်။ သူက သူ့မိတ်ဆွေဟောင်းဆီမှတစ်ဆင့် အနည်းငယ် ယူဆောင်လာရန် ဆန္ဒရှိခဲ့သည်ကပင် သူ့ရဲ့ နောက်ဆုံးစည်းသို့ ရောက်ရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော် ဒါက ကန့်သတ်ချက်ဖြစ်ပြီး အခြား မည်သည့်အရာကိုမျှ လုပ်လိမ့်မည် မဟုတ်ပေ။
ကျိုးချင်းပိုင်က ဘာမှပြန်မပြောပဲ သူမကို မြို့ထဲရှိ ကုန်တိုက်သို့ ခေါ်သွားကာ သူမအား ပိုကောင်းတဲ့ အဝတ်အစားနှစ်စုံလောက် ဝယ်ပေးချင်ခဲ့သည်။
သို့ပေမယ့် ဒီခေတ်အချိန်အခါမျိုးမှာ ဘယ်လိုလုပ်ပြီး ကြည့်ကောင်းတဲ့ အဝတ်အစားမျိုးတွေ ရှိနိုင်ပါ့မလဲ။ အဝတ်အစားတွေ အကုန်လုံးက အတူတူတွေချည်းပါပဲ။ လင်းချင်းဟယ်၏ အလှအပဆိုင်ရာ ခံစားချက်အပေါ် အခက်တွေ့နေစေခဲ့ပြီ ဖြစ်သည်။
အဲ့ဒီအစား လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အတွက် နောက်ထပ် အင်္ကျီတစ်ထည် ထပ်ဝယ်ခဲ့ပြီး “ကျွန်မ ဘာမှ မလိုပါဘူး။ အိမ်မှာ ကျွန်မ ဝတ်စရာ အင်္ကျီအပိုတွေ ရှိသေးတယ်။” လို့ ဆိုခဲ့သည်။
ကျိုးချင်းပိုင်သည် လင်းချင်းဟယ်တစ်ယောက် တကယ် မဝယ်ချင်တာကို တွေ့လိုက်ရတော့ ထပ်မံ မတိုက်တွန်းတော့ပေ။ သူသည် အချို့သော ပစ္စည်းပစ္စယများကို ဝယ်ယူရန် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းသို့ လင်းချင်းဟယ်အား ခေါ်ဆောင်သွားခဲ့သည်။
လင်းချင်းဟယ်သည် ဒီခရီးစဥ်က တကယ့်ကို အလဟသ ဖြစ်ခဲ့သည်ကို တွေးရင်း ရင်ထဲမှာ ဝမ်းနည်းနေမိသည်။ သူမချင်းပိုင်က သူမနားမှာ အမြဲ ကပ်လိုက်နေခဲ့သည်။ သူမ တကယ်ပဲ ကူကယ်ရာမဲ့သလို ခံစားနေရသည်။
ဓာတ်မြေသြဇာများနှင့် ပိုးသတ်ဆေးတွေကို ခရိုင်မြို့သို့ ရထားဖြင့် ပြန်တင်ပေးပြီး ပြန်လာသည့်နောက်တွင် ကျိုးချင်းပိုင်သည် ဝယ်ယူထားသော ပစ္စည်းများနှင့်အတူ သူမအား စက်ဘီးနောက်ခုံပေါ်တင်၍ ရွာသို့ ပြန်လာခဲ့ကြသည်။
လင်းချင်းဟယ်သည် နေရာလွတ်ထဲမှ ပစ္စည်းများကို ထုတ်ယူပြီး အိမ်သို့ ပြန်သယ်ဆောင်သွားခဲ့သည်။ သူမသည် ကျိုးချင်းပိုင်အား ပြဿနာရှာဖို့ ခွန်အားမရှိတော့ဘူး။
သူက တကယ်ပဲ သူမကို ချမ်းသာလာစေမည့် ကိစ္စအား တားဆီးခဲ့သည်။
မေ့လိုက်ပါ။ ကံကြမ္မာက သူမကို အဝေးကြီး မသွားရောက်ဖို့ ပြောနေတာကြောင့် ရပ်လိုက်သင့်ပြီ။ ဘာပဲဖြစ်ဖြစ်၊ သူမမှာ အများကြီး စုဆောင်းထားခဲ့ပြီးပြီ။
မကြာခင်မှာ စာသင်နှစ်အသစ် စတင်တော့မည်။ လောင်တသည် အထက်တန်း ပထမနှစ်အတွက် ပညာသင်ကြားရန် မြို့သို့ တိုက်ရိုက်သွားခဲ့ပြီး သူ့အဒေါ်အိမ်မှာ နေထိုင်သည်။ လင်းချင်းဟယ်က သူ့ကို ရိက္ခာကူပွန်တွေနှင့် သူ့အကြိုက်စားစရာတွေကို ထည့်ပေးခဲ့သည်။
လောင်တသည် အထက်တန်း ပထမနှစ် တက်ရောက်သောအခါတွင် မိသားစုနှင့် ခွဲနေခဲ့ရသည်။
မိသားစုတွေ ထမင်းစားသောက်ချိန်တိုင်း အတူစားသောက်လေ့ရှိသည့် အဖေကျိုးနှင့် အမေကျိုးတို့လို လူကြီးတွေကိုပင် မပြောနဲ့ဦး၊ လောင်အာ့၊ လောင်စန်းနှင့် စုချန်လေးတို့လို အငယ်လေးတွေကပင် သူ့ကို အရမ်းလွမ်းဆွတ်နေခဲ့ကြသည်။
လင်းချင်းဟယ်တစ်ယောက် ထိုည အိပ်ရာဝင်ချိန်မှာ ကျိုးချင်းပိုင်အား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း “လောင်တ သူ့ဒေါ်လေးအိမ်မှာ အဆင်ပြေရော ပြေပါ့မလား မသိဘူး။” ဟု ပြောလာခဲ့သည်။
“ဘာမှ မဖြစ်လောက်ပါဘူး။” ကျိုးချင်းပိုင်ကတော့ သိပ်ဂရုမစိုက်ပါဘူး။
လောင်တက ထွားကြိုင်းပြီး အရပ်ရှည်သည်။ ကျေးလက်ဒေသတွင် သူက အရွယ်ရောက်ပြီး လူငယ်တစ်ယောက်လို ဆက်ဆံခံရသည်။ စာလေ့လာရုံအပြင် ဘာမှ လုပ်စရာ မရှိတာမို့ ကျိုးချင်းပိုင်က စိတ်မပူပါဘူး။
အရေးကြီးဆုံးအချက်မှာ လောင်တသည် သူ့ထံမှ အတိုက်အခိုက်အတတ်ပညာကို လေ့လာသင်ယူခဲ့သည်။ သူက လောင်တကို သေသေချာချာ ဂရုစိုက်ပြီး သင်ကြားပေးခဲ့တာမို့ တစ်ယောက် နှစ်ယောက်လောက်နဲ့ ရန်ဖြစ်တာက ပြဿနာမရှိပါဘူး။
လင်းချင်းဟယ်သည် အမေအိုကြီးတစ်ဦး၏ ခံစားချက် အနည်းငယ် ရှိနေခဲ့သည်၊ “ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါ သူတို့မှာ ကိုယ်ပိုင်ဘဝတွေ ရှိလာကြလိမ့်မယ်။ အနာဂတ်မှာ ကျွန်မတို့နှစ်ယောက်ပဲ ကျန်နေကြလိမ့်မယ်။”
ကျိုးချင်းပိုင်က သူမနောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ လင်းချင်းဟယ်က “ဒီတစ်ပတ် အားလပ်ရက်ကျရင် ကျွန်မ သူ့ကို သွားတွေ့လိုက်မယ်။” ဟု ဆက်ပြောခဲ့သည်။
“အင်း” ကျိုးချင်းပိုင်က ပြန်ဖြေသည်။
သူ့ဇနီးသည်က ကလေးတွေကို တကယ်ချစ်တာကို တွေ့တော့ လွှတ်ထားလိုက်သည်။
ယခုခေတ်အချိန်အခါတွင် နောင်အနာဂတ်မှာလို ကျောင်းပိတ်ရက်ကို တစ်ပတ်လျှင် နှစ်ရက် ပိတ်ရက် ပေးသည့် စည်းကမ်းချက်မျိုး မရှိသေးပေ။ တစ်လခွဲကြာမှ တစ်ခါသာ ပိတ်ရက် ရကြသည်။ ထိုနေ့ရက်တွင် ကျောင်းသားတွေက ရိက္ခာတွေ ပြန်သယ်ဖို့ အိမ်ပြန်ကြတာ များသည်။
ယေဘုယျအားဖြင့် မနက်ဆို အိမ်ပြန်ပြီး နေ့လည်ဆို ကျောင်းပြန်တက်ရသည်။ အခြေခံအားဖြင့် ခရီးစရိတ် ကုန်ကျတာပဲ အဖတ်တင်သည်။
လင်းချင်းဟယ်က အချိန်ကို ရေတွက်ပြီး သူမ၏ အကောင်းဆုံးလက်ရာ ဟင်းတွေဖြစ်သည့် ဝက်သားဟင်းလျာနှင့် ငါးရှဥ့်ဟင်းလျာတွေကို ချက်ပြုတ်ပြင်ဆင်ခဲ့သည်။
သူမ ရောက်သွားသည့် အချိန်က လောင်တ၏ ကျောင်းပိတ်ရက်ဖြစ်လို့ လောင်တကလည်း အိမ်ကို ပြန်လာဖို့ ကြံစည်နေတာ ဖြစ်ပေမယ့် သူ့အမေ ရောက်လာတာကို မြင်တော့ သူလည်း ရယ်လိုက်မိသည်။
“အမေ၊ ကျွန်တော် ဒေါ်လေးဆီက စက်ဘီးငှားပြီး ပြန်လာဖို့ လုပ်နေတာ။” လောင်တက သူမကို ပြုံးရွှင်စွာ ပြောသည်။
ကျိုးရှောင်မိန်သည် ယခုအချိန်အထိ မီးနေသည်ကာလအတွင်းမှာပင် ရှိနေသေးသည်။ သူမသည် ကလေးမီးဖွားပြီးနောက် မီးနေသည်ဘဝမှ မလွတ်မြောက်သေးပါ။ ကျိုးရှောင်မိန်သည် နောက်ပိုင်းတွင် စက်ဘီးတစ်စီး ထပ်ဝယ်ခဲ့သည်။ လင်မယားနှစ်ယောက်စလုံး တစ်ယောက်ချင်းစီမှာ စက်ဘီးတစ်စီး ရှိကြသဖြင့် ထိုမြို့၌ အလွန်အထင်ကရဖြစ်သည်။
“ဒီနေ့၊ ငါ နင့်ဒေါ်လေးဆီ လာလည်ရင်း နင့်အတွက် စားစရာတွေနဲ့ ရိက္ခာကူပွန်တွေပါ ယူလာပေးတာ ဆိုတော့ နင် ပြန်လာဖို့ မလိုတော့ဘူး။” လင်းချင်းဟယ်က ရှင်းပြသည်။
သူမသည် လောင်တကို တစ်လခွဲခန့် မမြင်ခဲ့ရပေ။ လင်းချင်းဟယ်သည် လောင်တတစ်ယောက် စိတ်ဓာတ်ကျမနေတာကို မြင်လိုက်ရတော့ စိတ်သက်သာရာရသွားခဲ့သည်။
သူမ၏ နားထောင်မကောင်းသော စကားတွေကို ကြည့်ပြီး မဆုံးဖြတ်ကြပါနဲ့။ သူက သူမရဲ့သားပင်။ သူမသည် မည်သို့ပင်ဆိုစေကာမူ ခွဲခွာနေဖို့ ဝန်လေးနေမိသေးသည်။ သူက အရပ်မပုပေမယ့် အဆုံးမှာတော့ သူသာ ၁၁ နှစ်သားလေးသာ ရှိသေးသည်။
ထို့နောက် လင်းချင်းဟယ်သည် သူမ ယူလာခဲ့သော ခြင်းတောင်းကို ထုတ်ယူလိုက်သည်။ ဝက်သားဟင်းနှင့် ငါးရှဥ့်ဟင်းလျာတို့ဟာ လောင်တ၏ အကြိုက်ဆုံးဟင်းလျာတွေပဲ ဖြစ်သည်။
သားအမိနှစ်ယောက်သား အပေါ်ထပ်သို့ အတူတကွ တက်သွားခဲ့သောအခါ ကျိုးရှောင်မိန်၏ ခန္ဓာကိုယ်နှင့် အရိုးတွေဟာ ပြန်လည်ကောင်းမွန်လာခဲ့ပြီမှန်း သိလိုက်ရသော်လည်း လင်းချင်းဟယ်တစ်ယောက် ကျိုးရှောင်မိန်ကို မြင်သောအခါတွင် အံ့အားသင့်သွားခဲ့ရသည်။
ဒါ... ဒါက အရမ်း ဝနေတယ်၊ မဟုတ်ပါလား။ ကျိုးရှောင်မိန်၏ ယခုလက်ရှိ ခန္ဓာကိုယ်အလေးချိန်ကို ကျင်း ၁၄၀ ကျော်ရှိမည်ဟု ခန့်မှန်းခဲ့ရသည်။
“စတုတ္ထယောင်းမ၊ နင် ဘာဖြစ်လို့ ငါ့ကို ဒီလိုအကြည့်တွေနဲ့ ကြည့်နေတာလဲ။” ကျိုးရှောင်မိန်က ရှက်ရွံ့စွာ ပြောသည်။
ကျိုးရှောင်မိန်သည်လည်း သူမ ကိုယ်အလေးချိန် အများကြီး တက်လာပုံရသည်ကို သူမကိုယ်တိုင်လည်း သိထားသည်။ သူမသည် နောက်ဆုံးအကြိမ် သမီးမိန်းကလေးတစ်ယောက် မွေးဖွားပြီးနောက် စိတ်သက်သာရာရသွားသလို ခံစားခဲ့ရပြီး သူမ၏ ခန္ဓာကိုယ်သည်လည်း ကျန်းမာဝဖြိုးလာခဲ့သည်။
ပြောရရင် သူမသည် သမီးလေးကို နို့ချိုတိုက်ကျွေးခဲ့ရပြီး သူမ၏ အစာစားချင်စိတ်လည်း ကြီးမားခဲ့သည်။ ထို့ကြောင့် သူမသည် သာမာန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် ကျန်းမာဝဖြိုးလာဖို့ အချိန်အကြာကြီး မယူခဲ့ရပေ။
ထိုဖြစ်ရပ်တွင် စုတာ့လင်းသည်လည်း မရှိမဖြစ် အခန်းကဏ္ဍမှ ပါဝင်ပေသည်။ သူက နေ့တိုင်း ဟင်းကောင်းများ ချက်ပြုတ်ကျွေးမွေးသည်။ ထိုထမင်းဝိုင်းတွင် လောင်တသည်လည်း ပါဝင်ခဲ့ပြီး ကောင်းချီးရရှိခဲ့သည်။
“ငါ နင့်ကို အရမ်းကျန်းမာဝဖြိုးနေတာ တွေ့လိုက်ရလို့။ ငါ ဝက်သားဟင်းနဲ့ ငါးရှဥ့်ဟင်းလျာ ယူလာခဲ့တယ်။ နေ့လည်စာအတွက် ငါတို့ ဟင်းပွဲတွေ တိုးလာတာပေါ့။” လင်းချင်းဟယ်က ပြုံးပျော်စွာ ပြောလိုက်သည်။
ကျိုးရှောင်မိန်ဟည် သူမ၏ စတုတ္ထယောင်း၏ ဟင်းချက်လက်ရာအား သိရှိသောကြောင့် ချက်ချင်းပင် သွားရည်ကျလာမိသည်။ လင်းချင်းဟယ်သည် တူမလေးကို တွေ့ရန် ဝင်လာခဲ့သည်။ ကျိုးရှောင်မိန်က သူမလေးကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားခဲ့သည်။
“စတုတ္ထယောင်းမ၊ တာ့လင်းက ငါ့ကို အလုပ်မလုပ်တော့ပဲ ကလေးတွေကို ပြုစုစောင့်ရှောက်ဖို့ အိမ်မှာပဲ နေစေချင်တယ်။” လင်းရှောင်မိန်က သူမကို ပြောသည်။
“အမေ့အိမ်ဆီ ပြန်ပို့ချင်တယ်လို့ နင် ပြောခဲ့တာ မဟုတ်ဘူးလား။” လင်းချင်းဟယ်က တအံ့တသြ မေးလိုက်မိသည်။ ဒါဆို သူတို့ စိတ်ပြောင်းသွားခဲ့တာလား။
“တာ့လင်းက သမီးလေးနဲ့ မခွဲနိုင်ဘူး။” ကျိုးရှောင်မိန်က သက်ပြင်းချသည်။