အခန်း၂၂၄
Viewers 43k

အခန်း (၂၂၄) - ယုန်အသိုက်ကို တွေ့ရှိခြင်း


“နင့်လစာက တော်တော်များတယ်။ တကယ်လို့ နင် အငြိမ်းစားယူလိုက်ရင် နင် လစဥ်ဝင်ငွေ ယွမ် ၂၀ လျော့နည်းသွားလိမ့်မယ်။ မတ်လေးရဲ့ လစာ ယွမ် ၄၀က မနည်းပေမယ့် နောင်အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူ သိမှာလဲ။” လင်းချင်းဟယ်က သူမရဲ့ အမြင်ကို ရိုးသားစွာ ပြောပြခဲ့သည်။


ဒီခေတ်အချိန်အခါမှာ အလုပ်လိုချင်သူတွေ ပေါများကြပေမယ့် အလုပ်ရဖို့က ကောင်းကင်ဘုံသို့ ရောက်ရှိရန်ထက်ပင် ခက်ခဲလေသည်။


၁၉၇၅ ခုနှစ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကန့်သတ်ချုပ်ချယ်မှုတွေ ပြေလျော့သွားချိန်ရောက်ရှိဖို့ ၂နှစ် ၃နှစ်လောက် လိုသေးသည်။ ထိုအချိန်သို့‌ရောက်ရှိဖို့ အချိန်အတော်ကြာမြင့်နေဦးမည်။


ကျိုးရှောင်မိန်၏ လစဥ်လစာ ယွမ် ၂၀ ကို လျှော့မတွက်ပါနဲ့။ တကယ်လို့ စုတာ့လင်းတစ်ယောက် အလုပ်ဆက်မလုပ်နိုင်ဘူးဆိုရင်တောင် ဒီလစာနဲ့ အိမ်စားစရိတ်ကို စိတ်ပူဖို့ မလိုဘူး။


သာမန်မိသားစုတစ်စုသည် တစ်လလျှင် ယွမ် ၂၀ဖြင့် စားသောက်နေထိုင်နိုင်သည်။


အနာဂတ်မျိုးဆက်များ၏ ရှုထောင့်မှကြည့်လျှင် မိသားစုတစ်ခုတွင် ဝင်ငွေအရင်းအမြစ် သုံးခု သို့မဟုတ် ထို့ထက်မကရှိခြင်းက ပိုကောင်းသည်။


ဤနည်းအားဖြင့် စိုးရိမ်ပူပန်မှုဆိုတာ ရှိလာလိမ့်မည် မဟုတ်ပါ။ ယခုအချိန်တွင် ကျိုးရှောင်မိန်တို့မိသားစုမှာ ဝင်ငွေအရင်းအမြစ် နှစ်ခု ရှိပြီး အလွန်ကောင်းမွန်သည်ဟု ဆိုနိုင်ပေသည်။


အနည်းဆုံးတော့ သူတို့ဟာ ဝင်ငွေအရင်းအမြစ် တစ်ခုတည်းကိုသာ လုံးလုံးလျားလျား မှီခိုခဲ့ကြတာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ဟာ စိုးရိမ်ပူပန်မှုနည်းပါးပြီး ပျော်ရွှင်မှုတွေ တိုးပွားလာခဲ့ပြီး မိသားစုတွင် ပဋိပက္ခတွေလည်း သဘာဝအတိုင်း နည်းပါးလာလိမ့်မည် ဖြစ်သည်။


ထို့ကြောင့် လင်းချင်းဟယ်သည် အလုပ်မှ နှုတ်ထွက်သည့် အစီအစဥ်ကို မထောက်ခံပေ။ 


“ငါလည်း မနှုတ်ထွက်ချင်ဘူး။” ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သည်။ ဒါပေမယ့် သူမ၏ အိပ်ပျော်နေသော သမီးလေးကို ကြည့်ပြီး သက်ပြင်းအသာအယာချလိုက်မိသည်။ “ဒါပေမယ့် တာ့လင်းက ဒီသမီးလေးကို သူ့ဘဝရဲ့ အသက်သွေးကြောတစ်ခုလို ရတနာတစ်ပါးအဖြစ် မှတ်ယူထားတယ်။ သူက သမီးလေးကို ကန့်သတ်ချက်မရှိ ချစ်မြတ်နိုးသလို သူ့အစ်ကိုနှစ်ယောက်လို အိမ်ဟောင်းမှာ ထားရစ်ခဲ့ပြီး ပြုစုပျိုးထောင်ဖို့ကို ဝန်လေးနေတယ်။”

 

“သူ့အဒေါ်လည်း မငယ်တော့ဘူး။ သူ့အဒေါ်က ပင်စင်ယူဖို့ မစဥ်းစားသေးဘူးလား။” လင်းချင်းဟယ်က ခဏလောက် စဥ်းစားပြီး မေးလိုက်သည်။


စုတာ့လင်း၏ ဦးလေးတို့လင်မယားဟာ နှစ်ယောက်စလုံး အလုပ်ရှိသည်။


“သူက စဥ်းစားထားတယ်။ သူမအငယ်ဆုံးသမီးလေးကို ရာထူးပေးဖို့ စီစဥ်နေပေမယ့် မဆုံးဖြတ်ရသေးဘူး။” ကျိုးရှောင်မိန်က ပြန်ဖြေသည်။


“သူတို့ဖက်ကတော့ ဒီနေရာနဲ့ သိပ်မဝေးဘူး။ သူမ ပင်စင်ယူဖို့ဆန္ဒရှိတယ်ဆိုရင် သွားမေးကြည့်လိုက်။ အမေ့ကို ပေးရတဲ့ငွေကို သူ့ဆီကို ပြောင်းပေးလိုက်ပေါ့။” လင်းချင်းဟယ်က ပြောသည်။


ကျိုးရှောင်မိန်က “အမေက လက်ခံသဘောတူပါ့မလား။” ဟု ပြောသည်။


“ဘာသဘောမတူစရာ ရှိလို့လဲ။ ချန်ချန်နဲ့ ရွှင်းရွှင်းတို့က အခုဆို ကြီးပြင်းလာကြပြီဖြစ်လို့ အမေက ကြည့်ပေးစရာ မလိုပဲ သူတို့ကိုယ်တိုင် ပြေးလွှားဆော့ကစားနိုင်နေကြပြီ။ တူမလေးကို အမေက ပြုစုပျိုးထောင်ဖို့ မလိုအပ်တော့တဲ့အတွက် အခကြေးငွေ မရတာကို လက်သင့်မခံစရာ မရှိပါဘူး။” လင်းချင်းဟယ်က ရှင်းပြသည်။


ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သော်လည်း ဒီကိစ္စကို စုတာ့လင်းနှင့် ဆွေးနွေးဖို့ ကျန်နေသေးသည်။


လင်းချင်းဟယ်သည် လောင်တကို ‌ကျောင်းသုံးပစ္စည်းတွေဝယ်ပေးရန် ထွက်လာခဲ့ပြီး မုန့်ဖိုးငွေ တစ်ယွမ် ပေးခဲ့သည်။


ပြောရမှာက လင်းချင်းဟယ်လို မိခင်မျိုးသာ အိတ်ကပ်ထဲမှ ပိုက်ဆံ တစ်ယွမ်ကို ထုတ်ယူဖို့ ဆန္ဒရှိတာပဲ ဖြစ်သည်။


‘သားယောကျာ်းလေးတွေကို ခြိုးခြံချွေတာစွာ ပြုစုပျိုးထောင်ပြီး သမီးမိန်းကလေးတွေကို ဇိမ်ကျကျ ပြုစုပျိုးထောင်ပါ’ ဟူသော စကားစုလို သားဖြစ်သူ၏ အသုံးစရိတ်ကို တင်းကြပ်လိမ့်မည်ဟု မဆိုလိုပေ။ ဒါပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှုနှင့် ခံနိုင်ရည်ကို ကောင်းမွန်အောင် လေ့ကျင့်သင်ကြားပေးခဲ့သည်။


မုန့်ဖိုးလည်း ပေးခဲ့သေးသည်။


“လကုန်ရင် အိမ်ပြန်လာပြီး ဆောင်းဦးရိတ်သိမ်းချိန်မှာ ကူညီလုပ်ကိုင်ပေးပါဦး။ အဲ့အချိန်ကျရင် အားလပ်ရက် ရတယ် မဟုတ်လား။” လင်းချင်းဟယ်က မေးသည်။


“ဟုတ်၊ ကျောင်း ၇ ရက် ပိတ်တယ်။” လောင်တက ‌ခေါင်းညိတ်သည်။


လင်းချင်းဟယ်က သူ့သားအကြီးဆုံးကို နှုတ်ဆက်ပြီး ပြန်မလာခင်မှာ သူမ စုဆောင်းထားတဲ့ ဝက်သားတွေကို ရောင်းချဖို့ မှောင်ခိုစျေးကွက်သို့ ရောက်ရှိလာသည်။ အကုန်ရောင်းချပြီးနောက် သူမ အိမ်ပြန်လာခဲ့သည်။


လောင်တကတော့ ဒီ တစ်ယွမ်ကို စုဆောင်းထားခဲ့သည်။ သူက ဘတ်စကတ်ဘော တစ်လုံး ဝယ်ချင်သော်လည်း အလွန်စျေးကြီးနေသဖြင့် ပိုက်ဆံစုချင်ခဲ့သည်။


အိမ်မှာ ရှိနေတဲ့ ဖိအားတွေကို သူ သိသည်။ သူတို့တော်တော်များများကို ပြုစုပျိုးထောင်ပေးရပြီး မြို့ကို ရောက်နေရင်တောင်မှ တစ်နေ့ကို နို့နှစ်ပုလင်း ရနေတုန်းပဲ၊ အကုန်လုံးကို သူ့အမေလစာနဲ့ ဝယ်တာ ဖြစ်သည်။


လင်းချင်းဟယ်သည် လောင်တတစ်ယောက် ဘတ်စကတ်ဘောလုံး လိုချင်နေကြောင်း အမှန်တကယ် မသိခဲပါ။ သူမ အိမ်ပြန်ရောက်တော့ အဖေကျိုးနဲ့ အမေကျိုးတို့ကို ‌လောင်တ မြို့ထဲမှာ ကောင်းကောင်းနေထိုင်ရကြောင်း ပြောပြခဲ့သည်။


လင်းချင်းဟယ်သည် အမေကျိုးအား ကျိုး‌ရှောင်မိန်တို့၏ ကလေးပြုစုပျိုးထောင်မည့် ကိစ္စရပ်ကို ပြောကြားခဲ့သည်။ ဖြစ်နိုင်တာက နောင်အနာဂတ်တွင် တူမလေးကို သူမ၏ အဖွားတစ်ဝမ်းကွဲမှ ပြုစုပျိုးထောင်ဖို့ ဖြစ်နိုင်လိမ့်မည်။ ထိုအချိန်တွင် ပြုစုပျိုးထောင်စရိတ်ကို သူမ၏ အဖွားတစ်ဝမ်းကွဲကို ပေးရလိမ့်မည် ဖြစ်သည်။


“ဒါဆိုရင်လည်း အဲ့လိုပဲ လုပ်ခိုင်းလိုက်ပါ။ ချန်ချန်တို့ညီအစ်ကိုလည်း အခုဆို တော်တော်ကြီးပြင်းလာပြီ။ သူတို့ရဲ့ နေစရိတ်စားစရိတ်တွေကိုသာ ယူလာဖို့ မမေ့နဲ့။” အမေကျိုးသည် ထိုကိစ္စရပ်ကို စိတ်ထဲ မထားပေ။


အရင်တုန်းကတော့ သမီးဖြစ်သူထံမှ ပိုက်ဆံယူရတဲ့ အကြောင်းရင်းက သူမမြေးတွေရဲ့ အိမ်ထောင်ရေးအတွက် ပိုက်ဆံစုထားချင်လို့ပါပဲ။


အခု မြေးအကြီးဆုံးက အလားအလာ အရမ်းကောင်းနေတော့ အငယ်ဆုံးသမီးလေးဆီက ပိုက်ဆံမရတာလည်း အဆင်ပြေပါတယ်။ သို့ပေမယ့် မြေးတွေရဲ့ စားစရိတ်နေစရိတ်ကိုတော့ ယူရမှာပဲ ဖြစ်သည်။


သူတို့သည် ဆွေမျိုးများဖြစ်သည့်အပြင် ကလေးတွေက ငယ်ရွယ်သေးသော်လည်း ငွေရေးကြေးရေးကို ရှင်းရှင်းလင်းလင်း လုပ်ဆောင်ထားသင့်သည်။ ဒါမှသာ သူတို့သည် ပြဿနာမရှိသည့် ဆွေမျိုးသားချင်းများအဖြစ် နေထိုင်နိုင်မှာ ဖြစ်သည်။


ဒီအတွက် စိုးရိမ်စရာ မရှိပါဘူး၊ စုတာ့လင်းနဲ့ ကျိုးရှောင်မိန်တို့ နှစ်ယောက်စလုံးက ဘာလုပ်မှန်းကို သိရှိကြသည်။


လင်းချင်းဟယ်က အခုဆိုရင် သူ့ယောင်းမရဲ့ ခန္ဓာကိုယ်က ဘယ်လောက်တောင် ကျန်းမာဝဖြိုးနေလဲ ဆိုတာကို အမေကျိုးအား စကားစမြည် ပြောကြားခဲ့သည်။ အမေကျိုးက ရယ်မောပြီး ဆူပူကြိမ်းမောင်းလိုဟန်ပြောခဲ့သည်၊ “ဒီကောင်မလေးကတော့လေ ပိုက်ဆံကို ဘယ်လို ခြွေတာစုဆောင်းရမှန်းကို မသိဘူးပဲ။ အဲ့ဒီလို ပုံပန်းသဏ္ဍာန်အထိဖြစ်ဖို့ စားသောက်ရအောင် သူမရဲ့ လစာက ဘယ်လောက် ရလို့လဲ။”


ထိုသို့ သူမ ပြောလိုက်သော်လည်း အမေကျိုးသည် အလွန်စိတ်ကျေနပ်နေခဲ့သည်။


ဒီခေတ်အချိန်အခါမှာ ကျန်းမာဝဖြိုးခြင်းဟာ အလှတရားပင် ဖြစ်သည်။ သူမ၏ အငယ်ဆုံးသမီးလေး ဒီလို ကျန်းမာဝဖြိုးတာ သူ့သားမက်က ကောင်းကောင်းမွန်မွန် ကျွေးမွေးလို့ ဖြစ်တာကြောင့် ကောင်းချီးပေးခံရသလိုပင်။


ရွာမှ မိန်းကလေး ဘယ်နှယောက်ကများ မြို့ထဲက လူနဲ့ လက်ထပ်နိုင်လို့လဲ။


အရေးကြီးဆုံးက ရွာကလူက မြို့ထဲကလူနဲ့ အိမ်ထောင်ပြုရရင် အိမ်ထောင်ပြုပြီး လူနေမှုအဆင့်အတန်း မြင့်မားလာတယ်လို့ ယူဆကြပြီး ယောက္ခမတွေရဲ့ နှိမ်ချပြောဆိုခြင်းကိုလည်း ခံရသည်။ ထို့အပြင် သူတို့သည် အိမ်မှုဝေယျာဝစ္စအားလုံးကို လုပ်ဆောင်ရမည်ဖြစ်ပြီး နွေရာသီနှင့် ဆောင်းဦးရိတ်သိမ်းချိန်မှာ ရရှိသည့် ရိက္ခာတွေကိုလည်း ထောက်ပံ့ပေးရန် လိုအပ်သည်။


သူ့သမီးလေးလို စံနှုန်းကောင်းမွန်တဲ့ အိမ်ထောင်ဖက်ကို ရှာတွေ့တဲ့သူ တော်‌တော်ရှားတယ်။


လင်းချင်းဟယ်သည် သူမယောက္ခမ၏ အတွေးအခေါ်သည် သူမ၏ ခန္ဓာကိုယ်ဘာသာစကားနှင့် ကွဲပြားပြီး စကားများစွာ မပြောနိုင်မှန်းကို သိလိုက်သည်။


ဆောင်းဦးရာသီ ရိတ်သိမ်းချိန်သည် စက်တင်ဘာလကုန်တွင် စတင်ခဲ့သည်။ တာ့လင်း၏ အဒေါ်သည် အငြိမ်းစားယူဖို့ ဆန္ဒရှိပြီး လက်ထပ်တော့မည့် သူမ၏ သမီးငယ်လေးအား အလုပ်တွေကို လွှဲပြောင်းဖို့ ဆန္ဒရှ်နေလေသည်။


မြို့ကလူတွေက ‌တော်ရုံတန်ရုံ အလုပ်ရှိမှ လူတင့်တယ်သည်၊ အလုပ်လက်မဲ့ဆိုပါက သင့်တော်တဲ့ အိမ်ထောင်ဖက်ကောင်းကို ရှာမတွေ့နိုင်ပေ။


ဒါ့ကြောင့် အိမ်‌ထောင်ပြုဖို့ အချိန်နီးကပ်လာတဲ့အခါ သူတို့အတွက် အလုပ်တစ်ခု စီစဥ်ပေးတာက ပိုမိုလွယ်ကူချောမွေ့သွားပါလိမ့်မည်။


စုတာ့လင်းက ကလေးတွေကို ပြုစုစောင့်ရှောက်ပေးဖို့ သူ့အဒေါ်အား သွားပြောခဲ့သည်။


စုတာ့လင်းသည် သူမကို သူ့မိသားစုလို သဘောထားသည်။ သူသည်လည်း သူ့ဦလေးတို့လင်မယားလက်ပေါ် ကြီးပြင်းလာခဲ့ရသည်။


သူမက သဘောတူလိုက်သည်။ အဆုံး၌ စုတာ့လင်းတို့လင်မယားအလုပ်သွားချိန်မှာပဲ သူမက ကလေးတွေကို ကြည့်ရှုပေးရမှာ ဖြစ်သည်။ သူတို့အလုပ်ဆင်းတဲ့အခါ ပြန်ခေါ်သွားမှာပဲ ဖြစ်သည်။ သိပ်တော့ မခက်ခဲပါဘူး။


စုတာ့လင်းက ပိုက်ဆံပေးချင်ပေမယ့် သူမက လက်မခံဖို့ ဆုံးဖြတ်ချက်ချထားသည်။


ထို့ကြောင့် စုတာလင်းသည် ရံဖန်ရံခါဆိုသလို အသားတစ်ပိုင်း သယ်သွားပေးတတ်သည်။ သူက လူမှုဆက်ဆံရေးအကြောင်း ကောင်းကောင်းသိသည့် လူမျိုး ဖြစ်သည်။


လောင်တက သူ့အားလပ်ရက် အိမ်ပြန်ရောက်ချိန်မှာ ဒီအကြောင်းကို ပြောခဲ့ပေမယ့် ဆောင်းဦးရာသီ ရိတ်သိမ်းချိန် စတင်နေပြီး အလုပ်ရှုပ်နေတာကြောင့် အဲဒါကို မေ့ပစ်လိုက်ပါ။


ကောက်နှံတွေအားလုံး တစ်သုတ်ပြီးတစ်သုတ် ရင့်မှည့်ရန် လိုအပ်ပြီး သူတို့အားလုံးကို စပါးကျီထဲသို့ အမြန်စုဆောင်းသိုလှောင်ရမည် ဖြစ်သည်။


ပထမဆုံး ၇ ရက်လောက်က အလုပ်အများဆုံး ဖြစ်တာကြောင့် ခရိုင် အထက်တန်းကျောင်းတွေက သူတို့ကို ကျောင်းပိတ်ရက် ပေးခဲ့သည်။ ခရိုင်အတွင်းရှိ ကျောင်းသားအများစုသည် ကျေးလက်ဒေသမှ ဖြစ်သောကြောင့် ဒီအစီအစဥ်ကို ပြုလုပ်ပေးခဲ့တာဖြစ်သည်။ သို့သော် ကျောင်းပိတ်ရက် ၇ ရက်သာ ပေးခဲ့သည်။


ကျောင်းပိတ်ရက် ၇ ရက်ပြီးတာနဲ့ ‌ကျောင်းပြန်တက်ရသည်။


လောင်တသည် ၇ ရက်ကြာ ကူညီလုပ်ကိုင်ပေးခဲ့သည်။ သူ မြို့ပေါ်သို့ ပြန်သွားသောအခါ ယုန်တစ်ကောင်ကိုပါ ယူဆောင်သွားခဲ့သည်။


သူ့အဖေက ဖမ်းမိခဲ့တာ ဖြစ်သည်။ နွေရာသီရိတ်သိမ်းချိန်တုန်းက မဖမ်းမိခဲ့ပေမယ့် ကျိုးချင်းပိုင်သည် ဒီနှစ် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်၏ ပထမဆုံးနေ့မှာပင် တစ်ကောင် ဖမ်းမိခဲ့သည်။


လောင်တ ပြန်ရောက်သည့်နေ့တွင် ကျိုးချင်းပိုင်က ယုန်နှစ်ကောင်တိတိ ဖမ်းမိခဲ့သည်။


ဒီယုန်တွေက တကယ့်ကို ဆူဖြိူးထွားကြိုင်းပြီး ကောက်နှံတွေကို ဘယ်လောက်များများ ခိုးစားခဲ့လဲ ဆိုတာကို ဘယ်သူ သိပါမလဲ။ လောင်တသည် ယုန်ကို ပြန်သယ်လာပြီး စုတာ့လင်း စိတ်ကြိုက် ပြုလုပ်ဖို့ ပေးလိုက်သည်။ စုတာ့လင်းသည် ယုန်ကောင်တစ်ဝက်ကို သူ့ဦးလေးတို့အိမ်အား ပေးလိုက်ပြီး ကျန်တဲ့တစ်ဝက်အား ရိုးရိုးရှင်းရှင်း ယုန်သားဟင်းလျာပဲ ချက်ပြုတ်လိုက်သည်။


ဆောင်းဦးရိတ်သိမ်းချိန်အလယ်တွင် ကျိုးချင်းပိုင်သည် ယုန်တစ်သိုက်အား ရှာဖွေတွေ့ရှိခဲ့သည်။


အရွယ်ရောက်ပြီး ယုန်အချို့က ထွက်ပြေးသွားပြီး ယုန်ငယ်လေးအချို့သာ ကျန်ရှိခဲ့သည်။


ဒီခေတ်အချိန်ခါက လူတွေ၏ မျက်လုံးထဲတွင် ယုန်တွေဟာ ကောက်နှံတွေကို ပျက်စီးစေတဲ့ ကြောက်စရာကောင်းသော သတ္တဝါတွေသာ ဖြစ်ကြသည်။ ကောက်နှံတွေကို ခိုးယူစားသောက်ရုံမက မြေကိုလည်း တူးပြီး ဖျက်ဆီးကြသည်။ သူတို့သည် လယ်ကြွက်တွေနှင့် တူညီသောအဆင့်တွင် ရပ်တည်နေခဲ့သည်။


သို့ရာတွင် ယုန်အချို့ကို ဖမ်းမိခဲ့ပြီး အိမ်မှာ မွေးမြူဖို့ ယူလာခဲ့သည်။ လောင်စန်း၊ စုချန်းနဲ့ စုရွှင်းတို့ဟာ ဝမ်းသာအားရ ဖြစ်ခဲ့ကြသည်။


အဆုံး၌ ယုန်လေးတွေဟာ သေးငယ်လွန်းတာကြောင့် အရမ်းချစ်ဖို့ကောင်းသည်။


သူတို့သည် ယုန်များသာဖြစ်ပြီး အနည်းငယ်သာ ရှိသောကြောင့် သူတို့ကို ပြုစုပျိုးထောင်ရန် ပြဿနာမရှိပေ။ သူတို့သည် ပိုင်ဆိုင်မှုပြပစ္စည်းတွေ မဟုတ်တာကြောင့် သူတို့ကို မွေးမြူထားဖို့ ဘာစည်းမျဥ်းမှ မလိုအပ်ပေ။